News @ M-Media

Blog

  • ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး

    ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး

    ဧပြီ ၁၇၊ ၂၀၁၇
    M-Media

    – ပါကစ္စတန် အမျိုးသမီး ဟော်ကီလက်ရွေစင်အသင်း ဂိုးသမား ရက်ရှ်နာခန်းမှာ နိုင်ငံရပ်ခြား ဟော်ကီလိဂ်နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဟော်ကီအားကစားသမား ဖြစ်လာခဲ့သည်ဟု သိရသည်။

    ရက်ရှ်နာခန်းကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် St George Randwick Hockey Club အသင်းက တစ်ရာသီ စာချုပ်ချုပ်ဆိုခဲ့သောကြောင့် ၆ လအတွင်း ပြိုင်ပွဲပေါင်းများစွာကို ကစားရမည်ဖြစ်သည်။

    သူမက ထိုကဲ့သို့ နိုင်ငံခြားလိဂ်တွင် ကစားရသည့်အတွက် စိတ်လှုပ်ရှားနေပြီး မိမိအတွက် ပညာရှာဖွေနိုင်မည့် ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် အိန္ဒိယအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပါကစ္စတန် အသင်းအတွက် ပထမဆုံးကိုယ်စားပြုခွင့် ရရှိခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်း ၆ ပွဲ ပါဝင်ကစားပေးထားသည်။ ရက်ရှ်နာခန်းမှာ ၂၀၁၅ ခုနှစ်က ပါကစ္စတန်လူငယ်ထူးချွန်ဆု Pakistan Youth Icon ဆုကို ရရှိခဲ့သည်။

    Ref: The Nation

  • သမ္မတက အာဏာပိုရမည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို တူရကီပြည်သူများ ထောက်ခံ

    သမ္မတက အာဏာပိုရမည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို တူရကီပြည်သူများ ထောက်ခံ

    ဧပြီ ၁၇၊ ၂၀၁၇
    M-Media

    အာဒိုဂန်အား ထောက်ခံသူများ အောင်ပွဲခံနေစဉ်

    – သမ္မတအား အာဏာပိုမိုပေးထားသည့် တူရကီဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ထောက်ခံသည့်ဘက်က အနိုင်ရရှိသွားခဲ့ပြီး သမ္မတအာဒိုဂန်ကလည်း ရလဒ်ကို ကြိုဆိုခဲ့သည်။

    “ကမ္ဘာပေါ်က အခြားနိုင်ငံတွေရဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ အနောက်နိုင်ငံတွေက ကျွန်တော်တို့ကို ဘယ်လိုတိုက်ခိုက်လဲဆိုတာလည်း ခင်ဗျားတို့ မြင်မှာပါ။ ကျွန်တော်တို့ကတော့ သွေးမကွဲပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်ရဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီး (စနစ်သစ်နဲ့အတူ) အရှိန်တင်တော့မှာပါ။
    ဒီတိုင်းပြည်မှာ လုပ်စရာတွေများကြီး ရှိနေပါတယ်” ဟု အာဒိုဂန်က ယမန်နေ့တွင် အစ္စတန်ဘူလ်၌ ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည်။

    အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုမှာ အာဒိုဂန်၏ AK ပါတီက ကျောထောက်နောက်ခံပြုထားပြီး MHP ပါတီက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ပြည်သူဆန္ဒခံယူရေးအတွက် လွှတ်တော်၏ ထောက်ခံမှုက အဓိကကျခဲ့သည်။

    အာဒိုဂန် မိန့်ခွန်းမပြောခင် တူရကီဝန်ကြီးချုပ် ဘီနာ ယီလ်ဒီရင်မ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအတွက် တူရကီပြည်သူများက ထောက်ခံမှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးမှု၏ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် ထောက်ခံသည့်ဘက်မှ ၅၁.၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဆန့်ကျင်သည့်မဲအရေအတွက်မှာ ၄၈.၇ ရာခိုင်နှုန်း ရှိခဲ့သည်။

    ယခု ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုကြောင့် လွှတ်တော်ကိုအခြေခံသည့် အုပ်ချုပ်ရေးစနစ်မှ၊ သမ္မတရုံးက အာဏာပိုယူထားသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ကာ၊ ၂၀၁၉ ခုနှစ်တွင် ရွေးကောက်ခံရမည့် သမ္မတမှာ ဒုတိယသမ္မတများ၊ ၀န်ကြီးများ၊ အစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် အကြီးတန်းတရားသူကြီးများကို တိုက်ရိုက်ခန့်အပ်ခွင့် ရရှိမည်ဖြစ်သည်။

    ထို့ပြင် လွှတ်တော်အားဖျက်သိမ်းခွင့်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များကို ထုတ်ပြန်ခွင့်နှင့် အရေးပေါ်အခြေအနေ ကြေငြာခွင့်များကိုလည်း သမ္မတက ယူရထားသည်။

    Ref: Aljazeera

  • NSAက ကမ္ဘာ့ဘဏ်များကို လျှို့ဝှက်စောင့်ကြည့်မှုကို ဟက်ကာအဖွဲ့တစ်ခု ဖော်ထုတ်

    NSAက ကမ္ဘာ့ဘဏ်များကို လျှို့ဝှက်စောင့်ကြည့်မှုကို ဟက်ကာအဖွဲ့တစ်ခု ဖော်ထုတ်

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    အမေရိကန်ရှိ NSA ရုံး

    – အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော NSA မှာ စီးပွားဖြစ်ဆော့ဖ်ဝဲများ၏ အားနည်းချက်များကို အသုံးပြုကာ တစ်ကမ္ဘာလုံးရှိ ဘဏ်များ၏ ငွေလွှဲမှုများကို လျှို့ဝှက် ၀င်ရောက်ကြည့်ရှုခဲ့သည်ဟု ဟက်ကာအဖွဲ့ဖြစ်သော Shadow Brokers က ဖော်ထုတ်လိုက်သည်။

    အဆိုပါအဖွဲ့မှာ သောကြာနေ့က လျှို့ဝှက် စာရွက်စာတမ်းများနှင့် ဖိုင်များကို ထုတ်ပြန်လိုက်ပြီး အဆိုပါ အချက်အလက်များအရ NSA မှာ SWIFT ငွေကြေးလွှဲပြောင်းမှုစနစ်အတွင်းသို့ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကရှိ အင်တာနက်ကွန်ယက်များမှ ၀င်ရောက်ကြည့်ရှုခဲ့မှုကို ဖော်ပြနေသည်။

    ဆိုက်ဘာလုံခြုံရေး လုပ်ငန်းတစ်ခုဖြစ်သော Comae Technologies ကို တည်ထောင်သူ မတ် ဆူချီက screen shot များအရ SWIFT နှင် ဆက်နွယ်သည့်လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်တွင် ၀င်းဒိုးဆာဗာများကို အသုံးပြုခဲ့ပြီး ထိုအချိန်က အဆိုပါ ဆာဗာများမှာ အားနည်းချက်များရှိကာ NSA က ထိုအချက်ကို အသုံးချခဲ့ကြောင်း ၎င်း၏ ဘလော့စာမျက်နှာတွင် ရေးသားခဲ့သည်။

    NSA မှာ ယခင်ကလည်း ဆိုက်ဘာချိုးဖောက်မှုများ ပြုလုပ်ခြင်း၊ ဖုန်းကြားဖြတ်နားထောင်ခြင်း စသည်တို့ဖြင့် ကမ္ဘာ့ပြည်သူများ၊ အစိုးရများ၊ နိုင်ငံ့ခေါင်းဆောင်များကို လျှို့ဝှက်ထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ကြောင်း ၀ီကီလီခ်ကာ အကြိမ်ကြိမ်ဖော်ထုတ်ခဲ့သည်။

    လက်ရှိ Shadow Brokers က ထုတ်ဖော်လိုက်သည့် အချက်အလက်များနှင့်ပတ်သက်၍ Reuters သတင်းဌာနက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မိုခရိုဆော့ဖ်က ၎င်းတို့၏ ၀င်းဒိုးဆာဗာတွင် အားနည်းချက်များရှိပြီး ပြုပြင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • ပြင်သစ်တွင် Facebook က အကောင့်တု ၃ သောင်းကို ဖယ်ရှား

    ပြင်သစ်တွင် Facebook က အကောင့်တု ၃ သောင်းကို ဖယ်ရှား

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    – ပြင်သစ်နိုင်ငံ၌ အရေးပါသည့် သမ္မတရွေးကောက်ပွဲရှိနေသည့်အချိန်တွင် မိမိတို့မှာ အကောင့်တုပေါင်း သုံးသောင်းကို ဖယ်ရှားလိုက်ပြီး အဆိုပါအကောင့်များမှာ သတင်းမှားများ၊ ကြော်ငြာများ၊ အချက်အလက်အမှားများနှင့် အခြားသော လှည့်စားသည့် အရာများကို ဖြန့်ဝေသည့် အကောင့်များဖြစ်သည်ဟု Facebook က ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးအလုပ်က လက်တံရှည်ပြီး၊ လှုပ်ရှားမှုများတဲ့၊ လူတော်တော်များများဆီ ရောက်ရှိတဲ့ အကောင့်တွေကို ဖယ်ရှားဖို့ပါ” ဟု Facebook ၏ လုံခြုံရေးဆိုင်ရာ မန်နေဂျာ ရှဘ်နမ်း ရှိုခ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုသို့ဆောင်ရွက်ခြင်းကြောင့် Facebook ရှိ အကောင့်တုများအားလုံး ပျောက်ကွယ်သွားမည်မဟုတ် ဆိုသည်ကို သိရှိကြောင်း၊ သို့သော်လည်း အကောင်းဆုံးကို ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြင်သစ်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဧပြီလ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် အကောင့်တုများက သတင်းမှားများ ဖြန့်ဝေမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း မြင့်တက်နေသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ အမေရိကန်သမ္မ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် ရွေးကောက်ပွဲနိုင်ငံရေးတွင် သတင်းမှားများ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာခဲ့ပြီး Facebook ကလည်း ယခုကဲ့သို့ အကောင့်တုများကို ဖယ်ရှားရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။

    Ref: CNN

  • ချယ်ဆီးတွင် ကာလရှည်နေသွားရန် ကွန်တီ ဆန္ဒရှိနေ

    ချယ်ဆီးတွင် ကာလရှည်နေသွားရန် ကွန်တီ ဆန္ဒရှိနေ

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ်ဖလား ရရှိရန် အခြေအနေကောင်းနေသည့် ချယ်ဆီးအသင်း၏ နည်းပြ ကွန်တီက မိမိအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကာလရှည် နေထိုင်သွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားလိုက်သည်။

    ဧပြီလ ၁၂ ရက်နေ့က အသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့သည့် ကွန်တီမှာ ၎င်း၏ ပထမဆုံး ရာသီမှာပင် အသင်းအား ရလဒ်ကောင်းများ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီး လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းကို ၇ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်နေသည်။

    အီတလီဇာတိဖြစ်သည့် ကွန်တီကို Suning Group လုပ်ငန်းလက်အောက် ရည်မှန်းချက်ကြီးလာသည့် အင်တာမီလန်အသင်းက ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကွန်တီကမူ ချယ်ဆီးတွင် ဆက်ရှိနေမည်ဟု ဆိုသည်။

    “ဒီမှာ အချိန်အကြာကြီး ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ နည်းပြတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ပြီးတော့ ရလဒ်ပေါ်မှာလည်း အများကြီး မှီခိုနေပါတယ်” ဟု ကွန်တီက Sky Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် လုံးဝကွဲပြားခြားနားသည့် အခြေအနေတစ်ခု ဖြစ်သောကြောင့် ချယ်ဆီးသို့ စတင်ရောက်ရှိစဉ်အခါက စိုးရိမ်မိခဲ့ကြောင်း၊ မိမိ၏ အယူအဆနှင့် ကစားသမားများ အံဝင်ခွင့်ကျဖြစ်ရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရပြီး ကစားသမားများထံမှ စိတ်နှစ်မြှုပ်မှု၊ ကြိုးစားအားထုတ်မှုကို ရရှိခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Goal