News @ M-Media
Blog
  • မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်
    မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်
    ဧပြီ ၁၆၊ ၂၀၁၇
    M-Media
    – အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေသော်လည်း မြောက်ကိုရီးယားမှာ ယနေ့မနက် အစောပိုင်းတွင် ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ချက်ခြင်းဆိုသလို ပေါက်ကွဲခဲ့သည်ဟု သိရသည်။
    နိုင်ငံကို တည်ထောင်သူ ကင်အီဆွန်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြို့တော်ပြုံးယမ်တွင် ကြီးမားသည့် စစ်ရေးပြအခမ်းအနားတစ်ခု ပြုလုပ်ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ စမ်းသပ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
    တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများကမူ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုမှာ မအောင်မြင်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်ကလည်း တနင်္ဂနွေနေ့မနက်ပိုင်းက မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည်ကို မိမိတို့က သိရှိ ခြေရာခံမိခဲ့ကြောင်း၊ ပစ်လွှတ်ပြီး ချက်ခြင်းဆိုသလိုပင် ပေါက်ကွဲခဲ့ကြောင်း၊ ဒုံးကျည်အမျိုးအစားကို ဆန်းစစ်နေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရေတပ် တပ်မှူး ဒေ့ဗ် ဘန်ဟမ်က ပြောကြားခဲ့သည်။
    လတ်တလောတွင် မြောက်ကိုရီးယားဘက်မှ မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။
  • ဘာရိန်း တော်ဝင်မင်းသမီးတစ်ဦး နိုင်ငံ့သမိုင်းတွင် မှတ်တိုင်သစ်စိုက်ထူ
    ဘာရိန်း တော်ဝင်မင်းသမီးတစ်ဦး နိုင်ငံ့သမိုင်းတွင် မှတ်တိုင်သစ်စိုက်ထူ
    ဧပြီ ၁၆၊ ၂၀၁၇
    M-Media
    အဘိုးဖြစ်သူ ၀န်ကြီးချုပ် ခါလီဖာ ဘင် ဆလ်မန် အလ် ခါလီဖာနှင့်အတူ တွေ့ရသည့် အိုက်ရှာ (၀ဲ)
    – ဘာရိန်းဝန်ကြီးချုပ်၏ မြေးဖြစ်သူ ရှိခ်ခါ အိုက်ရှာ ဘင်သီ ရာရှစ် အလ် ခါလီဖာမှာ ဗြိတိန်ရှိ ဆင်းဟတ်တော်ဝင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဆုံး ဆင်းဟတ်တက္ကသိုလ်ဆင်း အမျိုးသမီးအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။
    ၎င်း၏ ကြေငြာချက်တွင် မင်းသားက ‘ရှိခ်ခါ အိုက်ရှာ၏ ကြိုးစားအားထုတ်မှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် လုံ့လ၀ီရိယရှိမှုတို့ကြောင့် ကမ္ဘာ့ ဂုဏ်သိက္ခာအရှိဆုံး စစ်တက္ကသိုလ်များထဲမှ တစ်ခုတွင် အဆင့်မြင့်မြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်’ ဟု ချီးကျူးခဲ့သည်။
    ထို့ပြင် အိုက်ရှာမှာ ယေဘူယျအားဖြင့် ပင်လယ်ကွေ့နှင့် အာရပ်အမျိုးသမီးများအကြားတွင် ဂုဏ်ယူဖွယ်ရာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ ရည်မှန်းချက်များအောင်မြင်အောင် ကြိုးစားနိုင်စွမ်း၊ ရည်ရွယ်ချက်များ ပြည့်ဝအောင် ဆောင်ရွက်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သည့် သူမမှာ အထူးသဖြင့် ဘာရိန်းအမျိုးသမီးများအတွက်လည်းအတုယူစရာ အမျိုးသမီးဖြစ်ကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    ရှိခ်ခါ အိုက်ရှာကမူ အဖိုးဖြစ်သူ၏ ကြီးကျယ်သော ထောက်ပံ့အားပေးမှုအတွက် အလွန်အမင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
    “ဒီတက္ကသိုလ်မှာ ဂုဏ်ယူလောက်ဖွယ် ရလဒ်တွေရဖို့ ကျွန်မကို တွန်းအားဖြစ်စေခဲ့တဲ့ အရေးပါတဲ့ အကြောင်းအရင်းတွေထဲမှာ ဒါကလည်း တစ်ချက် ပါဝင်ပါတယ်” ဟု သူမကဆိုပြီး သင်တန်းဆင်းပွဲတွင်း အဖိုးဖြစ်သူ လာရောက်ခြင်းမှာ သူမရရှိခဲ့သည့် အကြီးကျယ်ဆုံး ဂုဏ်ယူစရာဖြစ်သည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။
    အဆိုပါ သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေမှာ အဲလိဇဘက် ဘုရင်မကြီးကိုစား တက်ရောက်ခဲ့ပြီး သူမ၏ မိန့်ခွန်းတွင် ရှိခ်ခါ အိုက်ရှာကို ချီးကျူးခဲ့သည်။
    “ဒီနေ့တပ်ဖွဲ့မှာ ပထမဆုံး စစ်တက္ကသိုလ်ဘွဲ့ရတဲ့ ဘာရိန်းအမျိုးသမီး- ကျွန်မတို့နဲ့အတူရှိနေတဲ့ ဘာရိန်ဝန်ကြီးချုပ် ရှိခ်ခါလီဖာရဲ့ မြေးတော် ပါဝင်ပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ကဆိုပြီး တက္ကသိုလ်တွင် ကြံ့ကြံ့ခံကာ သတ္တိရှိရှိ ဖြတ်ကျော်ခဲ့သည့်အတွက် အိုက်ရှာနှင့် သူမ၏ မိသားစုမှာ ခြွင်းချက်မဲ့ ဂုဏ်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref : Gulfnews
  • စစ်တပ်တွင် မွတ်စလင်တပ်မဟာတစ်ခု ထည့်သွင်းရန် ဖိလစ်ပိုင် စီစဉ်
    စစ်တပ်တွင် မွတ်စလင်တပ်မဟာတစ်ခု ထည့်သွင်းရန် ဖိလစ်ပိုင် စီစဉ်
    ဧပြီ ၁၆၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိနေသည့် လူနည်းစုမွတ်စလင်များ၏ အချိုးအစားအတိုင်း စစ်တပ်တွင် မွတ်စလင်သီးသန့်တပ်ဖွဲ့များ ဖွဲ့စည်းပေးသွားမည်ဟု ဖိလစ်ပိုင်စစ်တပ်က ယမန်နေ့တွင် ကြေငြာလိုက်သည်။
    ထိုအမိန့်အသစ်အရ တပ်သားသစ်စုဆောင်းမှု၏ ၅ ရာခိုင်နှုန်းကို မွတ်စလင်များအတွက် ဖယ်ထားမည်ဖြစ်ပြီး၊ မွတ်စလင်တပ်မအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ကာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်းတွင် ချထားမည်ဖြစ်သည်။
    ဖိလစ်ပိုင်တောင်ပိုင်းမှာ မွတ်စလင်အစွန်းရောက်စစ်သွေးကြွများ ကြီးစိုးရာနေရာဖြစ်ပြီး အချို့မှာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသည်ဟု ပြောကြားထားသည်။
    ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူဟာ အရီဗာလိုက စစ်တပ်တွင် ထိုကဲ့သို့ မွတ်စလင်များအတွက် သီးသန့်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပေးရန် စီစဉ်ခြင်းမှာ နိုင်ငံ၏ ဘာသာရေးလူနည်းစု အချိုးအစားကို ရောင်ပြန်ဟပ်စေခြင်းဖြစ်ပြီး ဒေသခံပြည်သူများက စစ်တပ်အား သံသယရှိရာ ဒေသများတွင် စစ်ဆင်ရေးဆောင်ရွက်ရာ၌ အကူအညီ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအစ်ကိုမောင်နှမ အများစုက ခရစ်ယာန် ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်ရှိတဲ့ စစ်သားတွေ သူတို့ဒေသမှာ တပ်ဖြန့်ချထားတာကို သူတို့ဒေသကို ကျူးကျော်တယ်လို့ မှတ်ယူတာမျိုး၊ ဒါမှမဟုတ် ကျူးကျော်ရေးတပ်ဖွဲ့လို့ မှတ်ယူတာမျိုးတွေ ရှိပါတယ်”
    အဆိုပါ ကြေငြာချက်အသစ်တွင် လက်ရှိ စစ်တပ်၌ မွတ်စလင်စစ်သားအရေအတွက် မည်မျှရှိသည်ကို ဖော်ပြခြင်းမရှိပေ။
    ဖိလစ်ပိုင်ရှိ မွတ်စလင်လူနည်းစုများ၏ ဇာတိဒေသဖြစ်သော နိုင်ငံတောင်ပိုင်း မင်ဒါနာအိုပြည်နယ်မှာ ၁၉၇၀ ပြည့်နှစ်များကတည်းက ခွဲထွက်ရေးသူပုန်များဖြင့် မတည်မငြိမ်ဖြစ်ခဲ့ပြီး လူပေါင်း ၁၂၀၀၀၀ ကျော် သေဆုံးခဲ့သည်။
    အဓိက လက်နက်ကိုင်အဖွဲ့များမှာ အစိုးရနှင့် အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ၎င်းတို့ထဲမှခွဲထွက်သည့် အဖွဲ့ငယ်များ၊ အခြားသော အဖွဲ့များကမူ ထို အပစ်ရပ်ရေးကို ဆန့်ကျင်ပြီး IS အပေါ် သစ္စာခံသည်ဟုပင် ကြေငြာခဲ့သည်။
    Ref: CNA
  • မလေးစက်ဘီးအားကစားသမား ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ ဆွတ်ခူး
    မလေးစက်ဘီးအားကစားသမား ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ ဆွတ်ခူး
    ဧပြီ ၁၆၊ ၂၀၁၇
    M-Media
    – မလေးရှားမှ စက်ဘီးစီးကစားသမား အဇီဇွလ် ဟက်စနီမှာ ကြာသာပတေးနေ့က ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်ဘီးစီးပြိုင်ပွဲ Track Cycling World Championships တွင် ချန်ပီယံဖြစ်ခဲ့သည်ဟု သိရသည်။
    အသက် ၂၉ နှစ်အရွယ် အဇီဇွလ်ဟက်စနီမှာ ကိုလံဘီယာမှ ဖာဘီယန် ဟာနန်ဒို ပူအာတာ ဇာပါတာနှင့် ချက်နိုင်ငံမှ ဘာဘက် သောမတ်စ်တို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်းဖြစ်သည်။
    ၎င်းမှာ ဘရာဇီးလ်အိုလံပစ် ကြေးတံဆိပ်ဆုရှင်ဖြစ်ပြီး ယခုပြိုင်ပွဲ၌ နောက်ဆုံး ၆ ဦးစာရင်းတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော အာရှသားဖြစ်သည်။ ယခုချန်ပီယံဘွဲ့မှာ ၎င်း၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ဖြစ်ပြီး မလေးရှား စက်ဘီးအားကစားလောကတွင် ပထမဆုံး ကမ္ဘာ့အဆင့် ဆုတံဆိပ်လည်းဖြစ်သည်။
    အဇီဇွလ်ဟက်စနီက မိမိမှာ ကမ္ဘာ့ချန်ပီယံဖြစ်ရန်အတွက် ၁၀ နှစ်လုံးလုံး ကြိုးစားခဲ့ရပြီး ၂၀၁၀ ခုနှစ်က ကိုပင်ဟေဂင်ပြိုင်ပွဲတွင် လက်တစ်ကမ်းအလိုမှ ကမ္ဘာ့ချန်ပီယံဘွဲ့ကို စွန့်လွှတ်ခဲ့ရသည့်အတွက် စိတ်ပျက်ခဲ့ရကြောင်း၊ သို့သော်လည်း ဆက်လက်ကြိုးစားခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါပြီ။ ကျွန်တော်ရဲ့အောင်မြင်မှုကို စောင့်ကြည့်ခဲ့တဲ့၊ ကျွန်တော့်အတွက် ဆုတောင်းပေးခဲ့ကြတဲ့ မလေးရှားပြည်သူအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်”
    အဇီဇွလ် ဟက်စနီမှာ မကြာခင်က ပြုလုပ်ခဲ့သည့် ဓနသဟာယအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်၊ ၂၀၀၉ ခုနှစ် ပိုလန် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်၊ ၂၀၁၀ ခုနှစ်တွင် ဒိန်းမတ် ကမ္ဘာ့ချန်ပီယံရှစ်တွင် ငွေတံဆိပ်၊ ၂၀၁၅ ခုနှစ် ပြင်သစ် ကမ္ဘာ့ချန်ပီယံရှစ်တွင် ကြေးတံဆိပ် အသီးသီး ဆွတ်ခူးရရှိထားသည်။
    Ref: The Star
  • စင်ကာပူတွင် ပထမဆုံးသမ္မတအမည်ဖြင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်
    စင်ကာပူတွင် ပထမဆုံးသမ္မတအမည်ဖြင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်
    ဧပြီ ၁၆၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံ၏ ပထမဆုံးသမ္မတ ယူစွဖ် အစ္စဟက်၏ အမည်ဖြင့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး ၀န်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
    ဗလီဝတ်ကျောင်းတော်ကို မစ္စတာ ယူစွဖ် အစ္စဟက်၏ ဇနီးဖြစ်သူ နူရ် အိုက်ရှာက ဖွင့်လှစ်ပေးခဲ့ပြီး စင်ကာပူ အစ္စလာမ့်ရေးရာဝန်ကြီး ဒေါက်တာ ယာကွဘ် အီဘရာဟင်၊ လွှတ်တော်အမတ်များ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ သမ္မတဟောင်း၏ ဆွေမျိုးများ၊ မိတ်ဆွေများလည်း တက်ရောက်ခဲ့ကြသည်။
    ‘ယူစွဖ် အစ္စဟက်’ ဗလီဝတ်ကျောင်းတော်မှာ ၀ုဒ်လန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘာသရေး လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးရန်သာမက၊ သမ္မတဟောင်းက ခိုင်မြဲစွာရပ်တည်ခဲ့သည့် လူမျိုးစုံ၊ ဘာသာစုံတန်ဖိုးတစ်ခုကို ဆက်လက်မြှင့်တင်ပေးသွားရန် ရည်ရွယ်ခြင်းဖြစ်သည်။
    ဒေါက်တာ ယာကွဘ် အီဗရာဟင်ကမူ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ မွတ်စလင်မဟုတ်သူများနှင့် ပိုမိုနီးကပ်စေရေးအတွက် အစီအစဉ်များကို တတ်နိုင်သမျှ ဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့သည်။
    စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ (MUIS) က ဗလီဝတ်ကျောင်းတော်ကို သမ္မတဟောင်း၏အမည် မှည့်ခေါ်ရခြင်းမှာ ၎င်း၏ တိုင်းပြည်အပေါ် ကူညီပံ့ပိုးပေးမှုများကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဗလိဝတ်ကျောင်းတော် ဖွင့်လှစ်မှုကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ထားမှု
    ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၄၅၀၀ ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ၀ုဒ်လန်းနှင့် အဒ်မီရလ်တီ ဒေသတွင် တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်ဖြစ်သည့် အန်နူရ် ဗလီဝတ်ကျောင်းတော်တွင် လူကြပ်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
    ပုံမှန်ဗလီဝတ်ကျောင်းတော်များထက် ထူးခြားသည်မှာ အမိုးခုံးမပါရှိခြင်းဖြစ်ပြီး၊ မလေးလူမျိုးများ၏ ရိုးရာနေထိုင်မှုကို ထင်ဟပ်စေသည့် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည်။
    ဗလီဝတ်ကျောင်းတော် တည်ဆောက်မှုအတွက် စင်ကာပူဒေါ်လာ ၁၈ သန်း ကုန်ကျခဲ့ပြီး စင်ကာပူနိုင်ငံ၏ ၇၁ လုံးမြောက် ဗလီဝတ်ကျောင်းတော်ဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်အားလုံး ထည့်ဝင်လှူဒါန်းသည့် Mendaki Fund ရန်ပုံငွေအဖွဲ့၏ ငွေကြေးများဖြင့် ဆောက်လုပ်သော ၂၆ လုံးမြောက် ဗလီဝတ်ကျောင်းတော်ဖြစ်သည်။
    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်သည့် ပုံများကို ၎င်း၏ Facebook စာမျက်နှာ၌ လွှင့်တင်ခဲ့ပြီး၊ ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့၊ MUIS၊ အလှူရှင်များနှင့် မွတ်စလင်လူ့အဖွဲ့အစည်း အပါအ၀င် စီမံကိန်းအတွက် ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း၊ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်မှုမှာ Good Friday နှင့် တမီလ်လူမျိုးတို့၏ ပြက္ခဒိန် ပထမဆုံးနေ့ စသည်တို့နှင့် တိုက်ဆိုင်နေကြောင်း ရေးသားဖော်ပြခဲ့သည်။
    “ဒါ့ကြောင့် စင်ကာပူနိုင်ငံသားတွေရဲ့ အုပ်စု ၃ ခုဖြစ်တဲ့ ခရစ်ယာန်၊ မွတ်စလင်နဲ့ တမီလ်တွေဟာ မတူညီတဲ့ အထူးအခမ်းအနား ၃ ခုကို တစ်ရက်တည်းမှာ ကျင်းပပြုလုပ်ကြတာပါ” ဟု ၀န်ကြီးချုပ်က ထည့်သွင်း ဖော်ပြခဲ့သည်။
    Ref: CNA