News @ M-Media

Blog

  • မြို့တည်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၅)

    မြို့တည်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၅)

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    မွတ်စလင်များ၏ မြို့တည်ထောင်မှု နည်းစနစ်များကို တွေ့နိုင်ဆဲဖြစ်သည့် စပိန်နိုင်ငံမှ ကော်ဒိုဘာမြို့

    – ဥရောပရဲ့ ရှေးဟောင်းမြို့လေးတွေမှာ ဈေး၊ ဘုရားကျောင်းတွေ၊ ပန်းခြံတွေပါဝင်သလို မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ မြို့တွေမှာလည်း ဒေသတွင်း ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ  စံနှုန်းလေးခုကို  အခြေခံပြီး ဖန်တီးပေးထားလေ့ ရှိပါတယ်။ အဲဒီစံနှုန်း လေးခုကတော့ ရာသီဥတုနဲ့ ပထ၀ီ အနေအထား၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက်တွေ၊ ရှရီအာ ဥပဒေနဲ့ တိုင်းရင်းသား လူမျိုးစုတွေကို စုစည်းထားရှိမှုတွေ ဖြစ်ပါတယ်။

    မွတ်စလင်တွေ တည်ထောင်တဲ့ မြို့တွေဟာ အလွန်အင်မတန် ပူပြင်းတဲ့ဒေသမှာ ရှိတာကြောင့် အရိပ်တော်တော်များများ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကျဉ်းမြောင်းတဲ့လမ်းတွေ၊ အိမ်တွင်းအရိပ်ရတေဲ့ နေရာလေးတွေ၊ ကုန်းပြင်မြင့်တွေ၊ ဥယျာဉ်တွေကို ထည့်သွင်းလေ့ရှိပါတယ်။

    ဘာသာတရားဟာ ယဉ်ကျေးမှုနယ်ပယ်မှာ အရေးပါတာကြောင့် ဗလီဝတ်ကျောင်းတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေလိုပဲ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဗလီဝတ်ကျောင်းတော်ရဲ့ ပတ်ဝန်းကျင်မှာတော့ ကျဉ်းမြောင်း၊ ကွေ့ကောက်ပြီး တိတ်ဆိတ်နေတဲ့လမ်းတွေက ကွန်ယက်လို ဖြန့်ကျက်နေပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကနေတစ်ဆင့် လူနေရပ်ကွက်တွေဆီ ဦးတည်နေပါတယ်။

    လူမှုရေးရာနဲ့ ဥပဒေရေးရာကိစ္စတွေကို ဘာသာရေးအာဏာပိုင်တွေက ကိုင်တွယ်ကြပြီး သူတို့ဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဓိက အသင်းအဖွဲ့မျိုးဖြစ်တဲ့ ဗလီဝတ်ကျောင်းတော်နဲ့ မလှမ်းမကမ်း အချက်အခြာကျတဲ့ နေရာတွေမှာ နေထိုင်ကြပါတယ်။

    ပြည်သူတွေ ဘယ်နေရာမှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာကိုတော့ လူမျိုးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သညာအပေါ်မှာ အခြေခံပါတယ်။ အဟ်ယာ (Ahyaa) လို့ခေါ်တဲ့ သီးခြားရပ်ကွက်တွေကို လူမျိုးစုအလိုက် ဖန်တီးထားရှိပေးပြီး မြောက်အာဖရိက မဂ်ရဘ်မြိုမှာဆိုရင် အာရပ် ရပ်ကွက်၊ ဂျူးရပ်ကွက်၊ ခရစ်ယာန်ရပ်ကွက်၊ မူးရ် ရပ်ကွက်၊ အခြားသော မျိုးနွယ်တွေဖြစ်တဲ့ အန်ဒါလူစီယာ၊ တာ့က်၊ ဘာဘာရ် ရပ်ကွက် စသဖြင့် ထည့်သွင်း တည်ထောင်ထားပေးထားပါတယ်။ မြောက်အာဖရိကက အချို့သော မြို့တွေမှာ မွတ်စလင်၊ ခရစ်ယာန်၊ နဲ့ ဂျူးတွေအတွက် သီးခြားရပ်ကွက်တွေ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ သီးသီးသန့်သန့် သတ်မှတ်ချက်တစ်ခုမျိုး မဟုတ်ဘဲ သူတို့ရဲ့ စိတ်သဘောဆန္ဒအတိုင်း ကြိုက်တဲ့နေရာမှာ နေထိုင်ခွင့် ရှိပါတယ်။ ဒီရပ်ကွက်တွေက ဆွေမျိုးတော်စပ်မှုမျိုး၊ လူမှုသဟဇာတဖြစ်မှုမျိုး၊ လုံခြုံမှုမျိုး ပိုရှိစေကာ ဘာသာတရားတွေကို စုပေါင်းကျင့်သုံးနိုင်တာမျိုးကိုလည်း ဖြစ်စေပါတယ်။

    ဒီလို သီးခြားရပ်ကွက်တွေ ထားခြင်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ အစေးကပ်မှုကို အဟန့်အတား ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၄၉၊ ပါဒတော် ၁၃ က ‘အို- လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောင်္ကျားတစ်ယောက်၊ မိန်းမတစ်ယောက်မှ စတင် ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြာ သိမြင် မှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး၊ မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် အလ္လာဟ်အရှင်မြတ်အား အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကျဉ်ရှောင်သော သူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌ အမြင့်မြတ်ဆုံးသောသူ ဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း’ ကျမ်းချက်ရဲ့ ယေဘူယျ သဘောတရားကို သွားပြီး ရောင်ပြန်ဟပ်နေတာပါ။

    ဗလီဝတ်ကကျောင်းတော်အနီးမှာတော့ လူထုတွေ့ဆုံပွဲတွေ လုပ်နိုင်မယ့် အဓိကနေရာတစ်ခုကို ထားရှိပြီး၊  ဈေးတစ်ခုလည်း ပါရှိပါတယ်။ မွတ်စလင်တွေတည်တဲ့ မြို့တွေမှာ လူနေရပ်ကွက်ကို ကာထားတဲ့ မြို့တံတိုင်းရဲ့ အနီး ရဲတိုက်တစ်ခုကို ဆောက်လုပ်ထားရှိပါတယ်။

    ဈေးမှာလည်း ဟင်းခတ်အမွှေးအကြိုင်၊ ရွှေဆိုင်တန်း၊ ငါးတန်း၊ ရေမွှေးနဲ့ အခြား ကုန်စည်တွေအတွက် သီးသန့်နေရာတွေ သတ်မှတ်ပေးထားပြီး ဖယောင်းတိုင်နဲ့ အမွှေးနံသာတွေကိုတော့ ဗလီဝတ်ကျောင်းတော်အနီးမှာ ရောင်းချတာ ဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေ၊ စာအုပ်ချုပ် လုပ်ငန်းတွေကိုလည်း ဗလီအနီးမှာ ထားရှိပါတယ်။

    အနောက်တိုင်းမှာ ဆောက်လုပ်ထားတာလိုမျိုး ရဲတိုက်ဟာ အုပ်ချုပ်ရေးမှူး စံအိမ်ဖြစ်ပြီး ကိုယ်ပိုင် ခြံဝင်းနဲ့ ဖြစ်ပါတယ်။ ဒီနေရာလေးဟာ သီးသန့် ဒေသလေးတစ်ခုလိုဖြစ်နေပြီး ဗလီဝတ်ကျောင်းတော်တစ်လုံး၊ အစောင့်တွေ၊ ရုံးခန်းတွေနဲ့ ၀န်းထမ်းတွေ နေထိုင်ရာ အိမ်တွေလည်း ရှိပါတယ်။

    ဗလီဝတ်ကျောင်းတော်အနားမှာ စုဝေးဖြစ်တည်ကြတဲ့ ရပ်ကွက်တွေဟာ ဗလီက ၀တ်ပြုဖို့နှိုးဆော်သူ (မုအ်ဇင်) ရဲ့ နှိုးဆော်သံကို ကြားနိုင်လောက်တဲ့ နေရာအထိပဲ အိမ်ခြေတွေ ရှိကြပါတယ်။ လူနေသိပ်သည်းကြတဲ့ ဒီရပ်ကွက်တွေမှာ ကိုယ်ပိုင်ဗလီ၊ စာသင်ကျောင်း၊ မုန့်ဖုတ်လုပ်ငန်းနဲ့ ဈေးဆိုင်တွေ ရှိကြပြီး ကိုယ်ပိုင် ၀င်ပေါက်ထွက်ပေါက်တွေကိုလည်း ထားရှိပါတယ်။ ဒီဝင်ပေါက်ထွက်ပေါက်တွေကို ညဖက်ကျရင် ပိတ်ပြီး အိပ်ကြပါတယ်။

    ဒီရပ်ကွက်တွေကိုခြုံပြီး ခိုင်ခန့်တဲ့ မြို့တံတိုင်းတစ်ခု ကာရံထားကာ တံတိုင်းအပြင်ဘက်မှာတော့ မွတ်စလင်၊ ခရစ်ယာန်နဲ့ ဂျူးတွေရဲ့ သုဿာန်တွေ တည်ရှိပါတယ်။ မြို့တံတိုင်းရဲ့ အဓိက၀င်ပေါက်နဲ့ အလွန်လေးမှာပဲ ပုဂ္ဂလိက ပန်းခြံတွေ၊ လယ်ကွင်းတွေ ထားရှိကြပြီး၊ တိရစ္ဆာန်အရောင်းဆိုင်တွေ ပါဝင်တဲ့ အပတ်စဉ်ဈေးကိုလည်း မြို့တံတိုင်းအပြင်ဘက်မှာ ပုံမှန် ဖွင့်လှစ်ကြပါတယ်။

    မွတ်စလင်တွေအုပ်စိုးတဲ့အချိန်တုန်းက အင်မတန် တိုးတက်ထွန်းကားတဲ့ မြို့တစ်မြို့ဟာ ‘၉ ရာစုရဲ့ နယူးယောက်’ လို့ တင်စားခြင်းခံရတဲ့ စပိန်နိုင်ငံက ကော်ဒိုဘာမြို့ဖြစ်ပါတယ်။ BBC က An Islamic History of Europe အစီအစဉ်ကို တင်ဆက်သူ သတင်းထောက် ရာဂျီဟ် အိုမာရ်က “(ကော်ဒိုဘာမြို့ရဲ့) ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ မွတ်စလင်တွေရဲ့ ထူးခြားပြီး တီထွင်ဖန်တီးမှုရှိတဲ့ သဘောသဘာဝကို ဖော်ပြနေပါတယ်။ မွတ်စလင်တွေဟာ အတိတ်ကအခြေအနေတွကို တိုးတက်အောင်လုပ်ကာ၊ မြို့ကို ခေတ်မီအောင် ဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်သူတွေအတွက်မဟုတ်ဘဲ လူတိုင်းအတွက် နေထိုင်ဖို့ ပိုကောင်းတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်။ စာကြည့်တိုက်တွေ၊ အခမဲ့ စာသင်ကျောင်းတွေ၊ ရေပေးဝေရေးစနစ်ကို ရရှိတဲ့ နေအိမ်တွေ၊ အခြားသောအရာတွေလည်း ရှိခဲ့ပါတယ်။ လမ်းတွေခင်းထားတာ၊ လမ်းမီးတွေ တပ်ဆင်ပေးထားတဲ့ စနစ်မျိုးဟာ နောက်ထပ် နှစ်ပေါင်း ၇၀၀ ကျော်လောက်အထိ လန်ဒန်နဲ့ ပဲရစ်မြို့မှာ မရှိခဲ့တဲ့ ၀န်ဆောင်မှုတွေဖြစ်ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

    ဒီလမ်းမီးတွေဟာ ဆီအသုံးပြုပြီး ထွန်းညှိတဲ့ မီးတုတ်တွေ၊ မီးအိမ်တွေဖြစ်ကြပြီး နေ၀င်တာနဲ့ ထွန်းပေးတာ ဖြစ်ပါတယ်။  ခရိုင်တစ်ခုချင်းစီမှာ ဒီမီးအိမ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် သီးသန့် ၀န်ထမ်းတွေကို ခန့်ထားပါတယ်။ သုံးပြီးသားမီးတုတ်တွေကို မြည်းနဲ့လာသိမ်းပြီး မြို့ပြင်က အထူး သတ်မှတ်ထားတဲ့ အမှိုက်ပုံမှာ သွားရောက် စွန့်ပစ်ကြပါတယ်။ မွတ်စလင်တွေ ဖန်တီးခဲ့တဲ့ မြို့တွေရဲ့ လမ်းတွေအောက်မှာ ရေနှုတ်မြောင်းစနစ်လည်း ပါဝင်ပြီး လမ်းတွေကိုလည်း နေ့စဉ် သန့်ရှင်းကြတာပါ။

    နေချင်စရာမြို့ကလေး

    လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်အရင်က မွတ်စလင်တွေ တည်ခဲ့တဲ့ မြို့ပုံစံမျိုးကို ကြည့်ချင်သူတွေအနေနဲ့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ စပိန်က မြို့တွေဖြစ်တဲ့ ကော်ဒိုဘာနဲ့ ဆီးဗီးလ်မြို့တွေဟာ အရင်က ရှိခဲ့တဲ့ မြို့ဟောင်း ပုံစံအတိုင်းပဲ မပျက်မယွင်း ရှိနေပြီး မွတ်စလင်တွေ အုပ်စိုးခဲ့စဉ်အချိန် လူသားတွေ ဘယ်လို ရှင်သန် နေထိုင်ကြလဲဆိုတာနဲ့ပတ်သက်လို့ တစ်စေ့တစ်စောင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဗလီဝတ်ကျောင်းတော်ကို ဗဟိုပြုကာ မြို့တည်ကြပြီး ဒီဗလီဝတ်ကျောင်းတော်ဟာ ဘာသာရေးနဲ့ လူမှုဘ၀မှာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဗလီရဲ့ အနီးမှာ ဈေးတစ်ခုရှိပြီး အစားအသောက်၊ ဟင်းခပ်အမွှေးအကြိုင်၊ ဖယောင်းတိုင်း၊ ရေမွှေး စတာတွေကို ကုန်သည်တွေက ရောင်းဝယ် ဖောက်ကားကြပါတယ်။ လူစည်ကားရာ နေရာတွေမှာ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေလည်း ရှိပါတယ်။

    တကယ်တော့ စောစောပိုင်းဆေးရုံတွေဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ကုသမှုနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ပေးသလို၊ စိတ်ရောဂါခံစားနေရတဲ့သူတွေအတွက် ခိုလှုံရာနေရာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီဆေးရုံတွေကို သက်ကြီး စောင့်ရှောက်မှုဂေဟာ အထူးသဖြင့် ချို့တဲ့သူဂေဟာအဖြစ်လည်း အသုံးပြုပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဒီလိုဆေးရုံတွေ ပထမဆုံး ပေါ်ထွက်လာတာက ဒမတ်စကတ်နဲ့ ဘဂ္ဂဒတ်မြို့တွေမှာပါ။ နောက်ပိုင်းမှာတော့ ကိုင်ရိုမြို့မှာ အဟ်မဒ် အစ်ဗနေ့ တူလန် ဆေးရုံ (Ahmad ibn Tulun) ပေါ်ထွက်လာခဲ့ပြီး သက္ကရာဇ် ၈၇၂ နဲ့ ၈၇၄ ကြားမှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    ‘ဟမ်မန်းစ်’ (Hammams) လို့ခေါ်တဲ့ ရေချိုးခန်းတွေကလည်း မြို့တိုင်းမှာ မပါအဖြစ် နေရာတစ်ခုပါ။ တစ်ခါတစ်ရံမှာ ကြွေပြားတွေကပ် နံရံတွေ၊ ရေပန်းတွေ၊ လှပစွာ ချယ်သထားတဲ့ ရေကန်တွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးတွေအဖြစ်လည်း တွေ့ရတတ်ပါတယ်။ ရေနွေးငွေ့ခန်း၊ ရေပူကန်၊ ရေအေးရေကူကန်တို့ပါဝင်တဲ့ ဒီ ရေချိုးခန်းတွေကို သွားရောက်တာဟာ အဲဒီအချိန်တုန်းက မွတ်စလင်တွေရဲ့ နေ့စဉ် လုပ်ဆောင်တဲ့ ကိစ္စရပ်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအတွက် သီးသန့် အချိန်ခွဲထြားပြီး ဒီလို ရေချိုးခန်းတွေကို သွားရောက်တာဟာ အမြင်တွေ ဖယ်လှယ်တာ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေလို လူမှုရေး အတွေ့အကြုံ အခွင့်အလမ်းကို အပြည့်အ၀ ရရှိစေပါတယ်။

    ကြက်ပျံမကျစည်ကားတဲ့ မြို့လယ်ကောင်ကနေ လမ်းကျဉ်းကျဉ်းလေးအတိုင်း ထွက်လာမယ်ဆိုရင် လူနေရပ်ကွက်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ခြံတွင်းကွက်လပ်တွေ၊ ပန်းခြံတွေပါဝင်တဲ့ အဲဒီအိမ်တွေဟာ နံရံအမြင့်ကြီးတွေနဲ့ ကာရံထားပြီး လူတစ်ယောက် ကုလားအုပ်ပေါ်တက်ကာ ချောင်းကြည့်ဖို့တောင် မလွယ်ပါဘူး။ အဲဒီခေတ်အခါက ဥရောပမြို့တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မွတ်စလင်တွေရဲ့ ဒီမြို့တွေဟာ သေသေသပ်သပ်ခင်းထားတဲ့လမ်းတွေ၊ အမှိုက်သိမ်းစနစ်၊ ရေနှုန်မြောင်းတွေနဲ့ တိုးတက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

    ၁၀ ရာစုမှာ ကော်ဒိုဘာမြို့ဟာ ကမ္ဘာ့အတိုးတက်ဆုံး မြို့တွေထဲက တစ်မြို့ဖြစ်ခဲ့ပြီး ညမှောင်သွားရင် ရေနံဆီမီးအိမ်တွေနဲ့ လမ်းမီးထွန်းတဲ့ စနစ်တောင် ရှိနေပါပြီ။ အရှေ့ဘက်ကို ကြည့်မယ်ဆိုရင်လည်း မွတ်စလင်အုပ်စိုးတဲ့ အီဂျစ်မှာ အထပ်မြင့်အဆောက်အဦးတွေ၊ ခေါင်မိုးပေါ်မှာ ပြုလုပ်ထားတဲ့ ပန်းခြံတွေတောင် ရှိခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းမှာ ပန်းခြံတွေဟာ ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဖြစ်တယ်လို့ မှတ်ယူထားကြပတယ်။ တရားဘ၀နာစီးဖြန်းမှုကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၈ ရာစုနောက်ပိုင်းမှာ စပိန်ကနေ၊ အိန္ဒိယအထိ မွတ်စလင်ကမ္ဘာတစ်ဝှမ်းမှာ ပန်းခြံတွေ၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းလုပ်ငန်းတွေဟာ ပြန့်နှံ့ခဲ့ပါတယ်။ မီးဖိုဆောင်အတွက ဟင်းသီးဟင်းရွက်တွေကို ရရှိစေတဲ့ ဒီပန်းခြံတွေရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေဟာ ဒီနေ့ခတ် ဥယျာဉ်ခြံတွေအထိ လွှမ်းမိုးနေတုန်း ဖြစ်ပါတယ်။

    ပန်းမွှေ့ရာတွေ၊ ရေတိမ်မြောင်းတွေ၊ ရေပန်းတွေဟာ ၉ ရာစု ဥယျာဉ်ခြံတွေမှာ ထည့်သွင်းခဲ့ကြတဲ့ အဆင်တန်ဆာ အသစ်တွေဖြစ်ပါတယ်။ ဒီလို ပန်းခြံတွေကို ဂရာနာဒါက အလ်ဟမ်ဘရာ (Alhambra) ဒေသ၊ အိန္ဒိယက တဂ်ျမဟာလ် (Taj Mahal) တို့မှာ တွေ့မြင်နိုင်ပြီး ဥရောပကတော့ ရာစုနှစ် တော်တော်ကြာပြီးတဲ့နောက်ပိုင်းမှာမှ ပန်းခြံတွေမှာ ဒီလိုအရာတွေ ထည့်သွင်းခဲ့တာပါ။

    ပန်းခြံမှာ ရေပန်းတွေ၊ ရေကန်တွေထားတာဟာ မွတ်စလင်ကမ္ဘာက ဗလီတွေနဲ့ နန်းတော်တွေမှာ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ မွတ်စလင်ကမ္ဘာက မြို့တော်တော်များများမှာ ရေရှားပါးပေမယ့် ၉ ရာစုလို အချိန်မျိုးမှာတောင် ဉာဏ်ကြီးရှင် အင်ဂျင်နီယာတွေက သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ရင်သပ်ရှုမောစရာ ရေပန်းတွေကို ဖန်တီးခဲ့ကြပါတယ်။ ဒီလိုရေပန်းတွေဟာ အပေါက်ငယ်လေးတွေကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပန်းထွက်ပြီး နောက်ပိုင်းမှာ အချိန်ကိုသိရှိနိုင်မယ့် စနစ်ကို ရေပန်းတွေမှာ ထည့်သွင်းပေးခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • စီးရီးအေမှ အေစီမီလန်အသင်းကို တရုတ်ကုမ္ပဏီတစ်ခု ၀ယ်ယူ

    စီးရီးအေမှ အေစီမီလန်အသင်းကို တရုတ်ကုမ္ပဏီတစ်ခု ၀ယ်ယူ

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    – စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းအား တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Rossoneri Sport Investment Lux က စတာလင်ပေါင် ၆၂၈ သန်း ဖြင့် အပြီးသတ် ၀ယ်ယူလိုက်သည်ဟု သိရသည်။

    အသင်းသမိုင်းတစ်လျှောက်တွင် စီးရီးအေဖလား ၈ လုံး၊ ချန်ပီယံလိဂ်ဖလား ၅ လုံးနှင့် စုစုပေါင်း စုဖလား ၂၉ လုံး ရရှိခဲ့သည့် အေစီမီလန်ကို အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီက ၁၉၈၆ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သည်။

    ဘာလူကိုနီမှာ အသင်းအား ရောင်းချမည်ဟု ၂၀၁၆ ခုနှစ် မေလကတည်းက ကြေငြာခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှုများကို ၂ နှစ်တာ ပြုလုပ်ခဲ့ရသည်။

    ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆုဖလားနှင့် ဝေးကွာနေသည့် အေစီမှာ ပြီးခဲ့သည့် ၃ နှစ်အတွင်း လိဂ်တွင် အဆင့် ၇၊ ၁၀ နှင့် ၈ တို့ဖြင့် ရာသီသိမ်းခဲ့ကာ သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲနှင့် အချိန်အကြာဆုံး ဝေးကွာမှုလည်း ဖြစ်သည်။ လက်ရှိတွင်လည်း ထိပ်ဆုံးမှ ဂျူဗင်တပ်စ်အသင်းနှင့် အမှတ် ၂၀ ကွာဟနေပြီး အဆင့် ၆ နေရာတွင် ရှိနေသည်။

    Ref: BBC

  • ၄ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေး အားကစားပြိုင်ပွဲ ၃၄ နိုင်ငံတွင် ထုတ်လွှင့်မည်

    ၄ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေး အားကစားပြိုင်ပွဲ ၃၄ နိုင်ငံတွင် ထုတ်လွှင့်မည်

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    – ၄ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေး အားကစားပြိုင်ပွဲ (Baku 2017 Islamic Solidarity Games) ကို အဇာဘိုင်ဂျန်မြို့တော် ဘာကူတွင် မေလ ၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် ထုတ်လွှင့်ပြသမည်ဟု သိရသည်။

    အာရပ်ဒေသ ၂၂ နိုင်ငံတွင် အခမဲ့ရုပ်သံလိုင်းများ၌ ပြသရန် အာရပ်နိုင်ငံများ ရုပ်သံလွှင့်သမဂ္ဂ (ASBU) နှင့် စာချုပ်ချုပ်နိုင်ခဲ့ပြီး၊ TV Media Sport (TVMS) နှင့် သဘောတူညီမှု ရရှိခဲ့ခြင်းက အာဖရိက ၁၂ နိုင်ငံတွင် ပြိုင်ပွဲများကို ထုတ်လွှင့်နိုင်မည်ဖြစ်သည်။

    ထို့ပြင် တူရကီ၏ ထိပ်တန်း ရုပ်သံလွှင့်ကုမ္ပဏီ TRT နှင့်လည်း ထုတ်လွှင့်ခွင့် သဘောတူထားသည်။

    အဆိုပါ အစ္စလာမ့်ညီညွတ်ရေး အားကစားပြိုင်ပွဲတွင် အာကစားနည်းပေါင်း ၂၀ ပါဝင်မည်ဖြစ်ပြီး မြို့တော်ဘာကူရှိ အားကစားကွင်း ၁၇ ခုတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ထိုအာကစားပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင် ဆ်ာဒီအာရေဗျ၌ ပထမဆုံး ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၀၉ ခုနှစ် အီရန်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဖျက်သိမ်းခဲ့ရသည်။ တတိယ အကြိမ်ကိုမူ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည်။

    Ref: Baku 2017 Islamic Solidarity Games official website

  • သာသနာနှင့် အာရပ်ယဉ်ကျေးမှု ကွဲပြားရန် မလေးရှားခေါင်းဆောင်တစ်ဦး တိုက်တွန်း

    သာသနာနှင့် အာရပ်ယဉ်ကျေးမှု ကွဲပြားရန် မလေးရှားခေါင်းဆောင်တစ်ဦး တိုက်တွန်း

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    မလေးရှား ဗလီဝတ်ကျောင်းတော်တစ်ခုမှ မြင်ကွင်း

    – ထိုင်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအနေဖြင့် အစ္စလာမ်သာသနာအား လိုက်နာကျင့်သုံးခြင်းနှင့် အာရပ်ယဉ်ကျေးမှုကို မရောထွေးရန် မလေးရှားမှ Global Movement of Moderates Foundation အဖွဲ့၏ စီအီးအို ဒါတွတ် ဒေါက်တာ နာရှာရူဒင် မတ် အီဆာက ပြောကြားလိုက်သည်။

    ချူလာလောင်ကွန်တက္ကသိုလ်တွင် ဧပြီလ ၉ ရက်နေ့က ‘Moderation — Islamic Approach to Face the Global Transition on Asean-Thailand’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် နာရှာရူဒင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အာရပ်ဇာတ်အသွင်းခံရမှုမှာ မလေးရှားတွင်သာမကဘဲ ဒေသ
    တွင်း၌ ဖြစ်ပေါ်နေသည့် ကိစ္စဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ဟာ အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးမှု အသက်ဝင်အောင် လုပ်ရပ်မှာဖြစ်ပြီး အာရပ်ယဉ်ကျေးမှု မဟုတ်ပါဘူး” ဟု နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားအပြီး Bernama သတင်းဌာနနှင့် တွေ့ဆုံစဉ် ၎င်းက ဖွင့်ဟခဲ့သည်။

    အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ထိုင်းနိုင်ငံမှ ပညာရှင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးသံအမတ်ကြီး ဒါတွတ် နာဇီရဟ် ဟူစိန်နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တန်ဆရီ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်တို့လည်း တက်ရောက်ခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် GMM ၏ စီအီးအိုအဖြစ် ခန့်အပ်ခံခဲ့ရသည့် နာရှာရူဒင်က လူတော်တော်များများမှာ ‘အာရပ်သည် အစ္စလာမ်ဖြစ်သည်။ အစ္စလာမ်သည်လည်း အာရပ်ဖြစ်သည်’ ဆိုသည့် အတွေးဝင်ကာ အာရပ်များကဲ့သို့ ဖြစ်ချင်နေကြသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် မလေးလူမျိုးများမှာ ကြွယ်ဝသော ယဉ်ကျေးမှုရှိသည့် လူမျိုးဖြစ်ပြီး အစ္စလာမ်သာသနာနှင့် ဆန့်ကျင်ခြင်းလည်း မရှိဟု ဆိုသည်။

    “ရှာရက် (အစ္စလာမ့်သွန်သင်မှုတွေ) နဲ့ မဆန့်ကျင်သမျှကာလပတ်လုံး ကိုယ့်ရဲ့ယဉ်ကျေးမှု လိုက်နာကျင့်သုံးတာကို အစ္စလာမ့်မှာ မတားထားပါဘူး”

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရင် ပစ်ဆူဝမ်ကလည်း မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ လက်ရှိတွင် ၎င်းတို့၏ ယဉ်ကျေးမှု၌ အာရပ်ဇာတ်သွင်းခြင်းခံရသည့် ပြဿနာကို ရင်ဆိုင်နေရသသည်ဟု နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

    Ref: The Malay Mail

  • နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    ကိုရီးယားကျွန်းဆွယ်အနီး ရောက်ရှိနေသည့် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson မှ မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် တင်းမာမှုကို စစ်ရေးဖြင့် ဖြေရှင်း၍မရဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်ပြီး မိမိတို့၏ ကာကွယ်မှုကို ရယူလိုပါက နျူအစီအစဉ်ကို ရပ်တန့်ရန်လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။

    အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် တိုက်ရေယာဉ်အုပ်စုမှာ ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း အမေရိကန်ကို နျူ လက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    တောင်ကိုရီးယားကမူ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လက်ဦးမှု ရယူတိုက်ခိုက်မှု မပြုလုပ်ခင်အရင် မိမိတို့ဆီမှ အကြံအဉာဏ်ရယူမည်ဟု ယုံကြည်နေသည်။

    “စစ်တပ်အင်အားက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ စိန်ခေါ်မှုတွေကြားထဲမှာ အခွင့်အလမ်းဆိုတာ ရှိပါတယ်။ တင်းမာမှုတွေကြားထဲကပဲ ဆွေးနွေးပွဲတွေ ပြန်စဖို့ အခွင့်အလမ်းတစ်ခုလိုမျိုး ရှာတွေ့မှာပါ” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဘေဂျင်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဒေသတွင်းပြဿနာကို စတင်သူမှာ သမိုင်းနှင့်ချီ၍ တာဝန်ယူရမည်ဟုလည်း ၀န်ကြီးက ဆိုသည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times ၏ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် တရုတ်က ကြေငြာထားသည့် အကြံပြုချက်ကို လိုက်နာပြီး နျူလုပ်ငန်းစဉ်များကို ရပ်တန့်ပါက မိမိတို့မှာ နျူကင်းစင် မြောက်ကိုရီးယားနိုင်ငံနှင့် အစိုးရအတွက် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှုကို မကြာခင် လုပ်ဆောင်တော့မည်ဆိုသည့် သတင်းများကလည်း ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေသည်။

    Ref: Aljazeera