News @ M-Media

Blog

  • ယခုနှစ်ဟဂျ်ရာသီတွင် ကိုဗစ်မဖြစ်ခင်ကအတိုင်း လူသန်းချီ ဘုရားဖူးခွင့် ပြန်ရမည်

    ယခုနှစ်ဟဂျ်ရာသီတွင် ကိုဗစ်မဖြစ်ခင်ကအတိုင်း လူသန်းချီ ဘုရားဖူးခွင့် ပြန်ရမည်

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media 


    – အခုနှစ် ဟဂျ်ဘုရားဖူးရာသီမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေကို ကန့်သတ်ချက်မရှိဘဲ လာရောက်ဘုရားဖူးခွင့်ပြုမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ 

    ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်က ဟဂျ်ပြုသူ ၂.၄ သန်းရှိခဲ့တာပါ။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီအာရေဗျမှာ နေထိုင်တဲ့ လူ တစ်ထောင်ကိုသာ အာဏာပိုင်တွေက ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်မှာ နိုင်ငံအတွင်းနေထိုင်တဲ့ လူ ၆ သောင်းကို ခွင့်ပြုပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာတစ်၀ှမ်းက အသက် ၆၅ နှစ်အောက် ကိုဗစ် Negative ရလဒ်ပြနိုင်တဲ့သူတွေကို ဘုရားဖူးခွင့်ပြုခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် ဟဂျ်ကာလမှာ ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၉ သိန်းလောက် လာရောက်ခဲ့ကြပါတယ်။ 

    အခုနှစ်မှာတော့ ကန့်သတ်ချက်တွေအားလုံးကို ဆော်ဒီအာဏာပိုင်တွေက ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ 

    “ဒီအစည်းအ၀ေးမှာ သတင်းကောင်းနှစ်ခု ပြောချင်ပါတယ်။ တစ်ခုက အခုနှစ်ဟဂျ်ရာသီမှာ အသက်ကန့်သတ်ချက် မထားတော့ဘဲ ကိုဗစ်မဖြစ်ခင်က အရေအတွက်အတိုင်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာရေးရာ၀န်ကြီး သောင်ဖီက် ဘင် ဖောင်ဇန် အလ်-ရာဘီယာက မနေ့က အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    နောက်ထပ်သတင်းတစ်ခုက ဟဂျ်ခရီးစဥ်အတွက် ကမ္ဘာတစ်၀ှမ်းက လိုင်စင်ရကုမ္ပဏီတွေကိုသာ လုပ်ကိုင်ခွင့်ပေးမယ်လို့ သူက ဆိုပါတယ်။ 

    ၂၀၂၃ ခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ ဇွန်လနှောင်းပိုင်းမှာ ကျရောက်မှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုကို ဆော်ဒီအာဏာပိုင်တွေက လုပ်ဆောင်မလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: Aljazeera

  • တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို NUG နှင့် CRPH တို့ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ

    တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို NUG နှင့် CRPH တို့ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media


    -စစ်တပ်အာဏာသိမ်း၂နှစ်ပြည့်ခါနီးတွင်အဖွဲ့အစည်းအသီးသီးသည်တော်လှန်ရေးအင်အားစုများ၏ ရပ်တည်ချက်များနှင့်ထိရောက်မှုများကိုပြန်လည်သုံးသပ်လျက်ရှိသည်။

    ထိုသုံးသပ်ချက်များစွာထဲမှ အဓိကကျသည့် ဘုံသုံးသပ်ချက်တစ်ခုမှာ NLD, CHRP နှင့် NUG ၏ဦးဆောင်မှုနှင့် ဆိုင်သည့် အကြောင်းအရာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

    ထို အဖွဲ့အစည်း ၃ ခုသည် သုံးပွင့်တစ်ဆူကဲ့သို့ ဖြစ်နေပြီး NLD ဗဟိုပြုနိုင်ငံရေးနှင့် လူများစုဒီမိုကရေစီနိုင်ငံရေး(Majoritarian Democracy)အခြေခံကိုသာ ဆုတ်ကိုင်ထားကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တခုတည်းကိုကြည့်ပြီး NLD, CRPH နှင့် NUG သာလျှင် နိုင်ငံရေး အခွင့်အာဏာ legitimacy ရှိ သည်ဟု ယူဆထားကြောင်း၊ တော်လှန်ရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်များသည်လည်း သူတို့အပေါ်တွင်သာ မူတည်သည်ဟု ကိုင်စွဲထားသဖြင့် တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက် အခဲကြီးများရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်သာမက လူထုအခြေပြု အဖွဲ့အစည်းများ၊ အခြားတော် လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NUCC နှင့်လည်းကောင်း၊ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့နှင့်လည်းကောင်း နားလည်မှုကွဲလွဲမှု၊ အငြင်းပွားမှုများရှိနေသည်။ 

    တာထွက်ကတည်းက တိုင်းရင်းသားအင်အားစုများနှင့် ကတောက်ကဆ ဖြစ်ခဲ့သည့် NLD, CRPH, NUG အင်အားစုများ သည် NUCC နှင့်လည်း ပူးပေါင်းဆောင်ရွက် မှုများအားနည်းလာနေသည်။

    NUCC သည် စုပေါင်းဦးဆောင်မှုကို အခြေခံသည်။ CRPH ဦးဆောင်သူများနှင့် NUG အကြား သဘောထားမတူညီမှုများ၊ အခက်အခဲများရှိနေသော်လည်း သုံးပွင့်တဆူ NLD, CRPH, NUG သည် သူတို့သာ ဦးဆောင်ခြင်း၊ ဆုံးဖြတ်ခြင်းများလုပ်နိုင်သည်ဟု ကိုင်စွဲထားသဖြင့် တိုင်းရင်းသားအင်အားစုများနှင့် အဟ,များလာသည်မှာ ၂၀၂၂တွင် ပိုမိုထင်ရှားလာသည်။

    NLD, CRPH, NUG တို့၏ နိုင်ငံရေးအခွင့်အာဏာကိစ္စ လွဲမှားစွာ ဆွဲကိုင်ထားသည့်လမ်းစဥ်သည် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းမည့် လမ်းစဥ်မဟုတ်ကြောင်း ဥပဒေအထောက်အကူ ပြုကွန်ယက်နှင့် ဖက်ဒရယ်ဥပဒေ ကျောင်းတည်ထောင်သူ ရှေ့နေ ဦးအောင်ထူးက ၂၀၂၂ နှစ်လည်ကတည်းက သုံးသပ်ထားသည်။

    ရွေးကောက်ပွဲ လူများစုဆုံးဖြတ်သည့်စနစ်သည် လစ်ဘရယ်ဒီမိုကရေစီအခြေခံအရ ဟုတ်သလိုလိုရှိသော်လည်း မြန်မာ နိုင်ငံ၏ ပကတိအရှိတရားနှင့် လက်တွေ့မကျသည့်အတွက် တိုင်းရင်းသားအင်အားစုများ၏ ဆန္ဒနှင့် မကိုက်ညီကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

    ရွေးကောက်ပွဲရလဒ် တခုတည်းကိုကြည့်၍ NLD, CRPH, NUG သည်သာ အခွင့်အာဏာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟု ယူဆခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများ ယခင်ကတည်းက ၎င်းတို့ထိန်းချုပ်သည့်နယ်မြေများအပေါ် လုပ်ပိုင်ခွင့် အာဏာရှိနေသည့်အချက်ကို ပစ်ပယ်ခြင်းဖြစ်သည်။

    အာဏာသိမ်းပြီးနောက်ပိုင်းတွင် NLD, CRPH နှင့် NUG တွင် သီးသန့် ထိန်းချုပ်နယ်မြေနှင့် အုပ်ချုပ်ရေးမရှိသော်လည်း တိုင်းရင်းသားအဖွဲ့အစည်းများသည် နှစ်ပေါင်းများစွာ ထိန်း ချုပ်နယ်မြေကို စီမံအုပ်ချုပ်လျက်ရှိသည်။ အုပ်ချုပ်ရေး ယန္တရားများ၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

    အာဏာသိမ်းပြီးနောက်ပြီး NLD CRPH NUG နှင့် CDM များ၏ လုံခြုံရေးကိုပါ တိုင်းရင်းသားလက်နက်ကိုင်များက တာဝန်ယူပေး ရသည်ကို လူတိုင်းအသိဖြစ်သည်။ 

    နှစ်ပေါင်းများ လုံခြုံရေးအဖွဲ့အစည်းများ၊ ကာကွယ်ရေးတပ်များနှင့် စီမံခန့်ခွဲရေးကိစ္စများဖြင့် နယ်မြေအုပ်ချုပ် လာသော တိုင်းရင်းသားအဖွဲ့အစည်းများအား လုပ်ပိုင်ခွင့်အာဏာ legitimacy မရှိဟု ယူဆခြင်းသည် NLD CRPH NUG ၏ ဗမာနိုင်ငံရေးလူလည်ကျခြင်းဖြစ်ကြောင်း ဗမာတက်ကြွလှုပ်ရှားသူ အသိုင်း အဝိုင်းကပင် နားလည်လာသည်။

    အမှန်မှာ NLD သည် ရွေးကောက်ပွဲကြောင့် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာရှိသကဲ့သို့ တိုင်းရင်းသားအဖွဲ့အစည်းများတွင်လည်း တရားဝင်နိုင်ငံရေးအခွင့်အာဏာရှိသည်။ ၎င်းတို့နယ်မြေအတွင်း ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး နှစ်ပေါင်းများစွာရှိလာပြီး ပြည်သူများကလည်း သူတို့၏ မိခင် အဖွဲ့အစည်းဟု အသိအမှတ်ပြုခြင်းကြောင့်ဖြစ်သည်။

    ထိုအခြေခံပေါ်တွင် အင်အားကောင်းသော မဟာမိတ်နှင့် ပူးပေါင်းဦးဆောင်ရေးကို ဖော်ဆောင်မှသာ တော်လှန်ရေးပိုမို အားကောင်းလာမည်ဟု သုံးသပ်ကြကြောင်း လေ့လာသိရှိရသည်။

  • အင်္ဂလိပ်ထိပ်တန်းကလပ်အသင်းကို ၀ယ်ယူရန် ပီအက်စ်ဂျီအသင်းပိုင်ရှင်ကြိုးစားနေ

    အင်္ဂလိပ်ထိပ်တန်းကလပ်အသင်းကို ၀ယ်ယူရန် ပီအက်စ်ဂျီအသင်းပိုင်ရှင်ကြိုးစားနေ

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media 


    -ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းပိုင်ရှင် နဆာရ် အလ်-ခါလီဖီဟာ အင်္ဂလန်ပရီးမီးယားလိပ်က ထိပ်တန်းကလပ်အသင်းတစ်ခုကို ၀ယ်ယူဖို့ ကြိုးစားနေပါတယ်။ 

    တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မန်ယူနဲ့ လီဗာပူးလ်တို့ကို ၀ယ်ဖို့လည်း အလ်-ခါလီဖီက စိတ်၀င်စားနေတယ်လို့ ဆိုပါတယ်။ 

    မန်ယူအသင်းပိုင်ရှင် ဂလေဇာနဲ့ လီဗာပူးလ်အသင်းကို ပိုင်ဆိုင်တဲ့ Fenway Sports Group တို့က အသင်းကို ရောင်းချလိုကြောင်း နို၀င်ဘာလမှာ ထုတ်ပြောထားတာ ဖြစ်ပါတယ်။ 

    အလ်-ခါလီဖီ ဦးဆောင်တဲ့ ကာတာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Qatar Sports Investments (QSI) ဟာ အင်္ဂလိပ် ထိပ်တန်းကလပ်အသင်းကို တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ၀ယ်ယူလိုနေတယ်လို့ CBS သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

    မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားတဲ့ ဒူဘိုင်းအခြေစိုက် City Football Group လုပ်ငန်းစုလို့ QSI ကလည်း ကမ္ဘာတစ်၀ှမ်း ဘောလုံးအသင်းတွေ အများအပြားပါ၀င်တဲ့ ရင်းနှီးမြှုပ်နှံမှု ရပ်၀န်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

    Ref: The Mirror

  • ဆော်ဒီတွင် ကျင်းပသည့် ကုလားအုတ်အလှပြိုင်ပွဲတွင် အီရတ်နိုင်ငံက ဗိုလ်စွဲ

    ဆော်ဒီတွင် ကျင်းပသည့် ကုလားအုတ်အလှပြိုင်ပွဲတွင် အီရတ်နိုင်ငံက ဗိုလ်စွဲ

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media


    -ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလားအုတ် အလှပြိုင်ပွဲမှာ အီရတ်နိုင်ငံ ကုလားအုတ်က အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

    တနင်္ဂနွေနေ့က ဒီပြိုင်ပွဲကို King Abdulaziz Camel Festival လို့ အမည်ပေးထားပြီး ၇ ကြိမ်မြောက် ဖြစ်ပါတယ်။ အီရတ်၊ အီဂျစ်၊ ယီမင်၊ လစ်ဗျား၊ ဗြိတိန်နိုင်နဲ့ အိန္ဒိယနိုင်ငံတို့က လာရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ 

    ယှဥ်ပြိုင်သူ ၁၅ ဦးမှာ ကုလားအုတ် ၃၂ ကောင် ပါ၀င်ပြီး အီရတ်နိုင်ငံသား ၀သ်ဘန် ဂျာဘို အဘတ်စ် အလ်-ရာဖီရဲ့ ကုလားအုတ်က အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ 

    “ဒီပြိုင်ပွဲမှာ ပါ၀င်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံပေါင်းစုံက လာရောက်ယှဥ်ပြိုင်ခဲ့ကြအတွက် ကမ္ဘာ့အဆင့် ပြိုင်ပွဲတောင် ဖြစ်နေပါပြီ”

    လစ်ဗျားနိုင်ငံသား အဟ်မဒ် မိုဟာမက် အမ်မာ ကျူနီဒီရဲ့ ကုလားအုတ်က ဒုတိယ၊ အီဂျစ်နိုင်ငံသား အမာရ် မိုဟာမက် ရှဘဲလ် အလ် ဂျာရီယာရဲ့ ကုလားအုတ်က တတိယ အသီးသီး ရရှိခဲ့ကြပါတယ်။

    လစ်ဗျား ကုလားအုတ်အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ အဟ်မဒ် မိုဟာမက်က အာရပ်လူမျိုးတွေရဲ့ သမိုင်းအမွေအနှစ်နဲ့ အမှတ်သညာကို လူငယ်တွေ ဂုဏ်ယူလာစေချင်တဲ့အတွက် ၀င်ပြိုင်တာလို့ ပြောကြားခဲ့ပါတယ်။

    “ပြိုင်ပွဲကျင်းပပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲဟာ အခြားနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေနဲ့ မတူပါဘူး”

    Ref: Arab News 

  • ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန်က မွတ်စလင်မြို့တော်၀န်

    ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန်က မွတ်စလင်မြို့တော်၀န်

    ဇန်န၀ါရီ ၈၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် Prospect Park မြို့က မြို့တော်၀န် မိုဟာမက် ခိုင်ရူလာဟာ စနေနေ့က ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ 

    ဒါဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းမှာ သက်တမ်းအရှည်ဆုံး မြို့တော်၀န်အဖြစ် တာ၀န်ထမ်းဆောင်ရသူအဖြစ် မှတ်တမ်း၀င်တာလည်း ဖြစ်ပါတယ်။ ခိုင်ရူလာဟာ ဒီမိုကရက်တစ် ပါတီ၀င်တစ်ဦးပါ။ 

    ဒီလိုပြန်ရွေးခံရတာဟာ လူ့အဖွဲ့အစည်းက သူ့အပေါ် လက်ခံအားထားမှုကို ပြသနေတယ်လို့ ခိုင်ရူလာက ပြောပါတယ်။

    “ခွဲခြားမှုတွေ အရည်ပျော်သွားပြီဆိုတာ ဒါက ပြသနေပါတယ်။ လူတွေက ခင်ဗျားဘာလူမျိုးလဲဆိုတာထက် ဘယ်လိုလူလဲဆိုတာကိုပဲ ကြည့်တာပါ”

    ဆီးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ခိုင်ရူလာဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ၄ နှစ်အကြာ ၂၀၀၅ ခုနှစ်မှာ Prospect Park မြို့ရဲ့ မြို့တော်၀န်အဖြစ် ပထဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။ 

    ဒီကာလတွေအတွင်း တာ၀န်ထမ်းဆောင်ရတာ အဆင်ပြေ ချောမွေ့တယ်လို့လည်း ခိုင်ရူလာက ပြောပါတယ်။ 

    အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အရပ်ဖက်အဖွဲ့အစည်း Council on American-Islamic Relation ရဲ့ နယူးဂျာစီရုံးခွဲက နိုင်ငံတစ်၀ှမ်း မွတ်စလင်နိုင်ငံရေးသမားတွေ ရွေးကောက်တင်မြှောက်ခံရမှု အရေအတွက်ဟာ မြင့်တက်လာပြီး နယူးဂျာစီပြည်နယ်မှာတင် အယောက် ၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: NJ