News @ M-Media
Blog
  • ထိုင်းနိုင်ငံမှ အငြင်းပွားဘုန်းကြီးကို လူဝတ်လဲရေး အစိုးရ ကြိုးပမ်းမည်
    ထိုင်းနိုင်ငံမှ အငြင်းပွားဘုန်းကြီးကို လူဝတ်လဲရေး အစိုးရ ကြိုးပမ်းမည်
    မတ် ၁၀၊ ၂၀၁၇
    M-Media
    ဆရာတော် Phra Dhammajayo
    – ငွေကြေးမသမာမှုတွင် ပါဝင်နေသည်ဟု စွပ်စွဲကာ အစိုးရက ဖမ်းဆီးရန် ကြိုးစားနေသည့် ထိုင်းနိုင်ငံမှ နာမည်ကြီး ဆရာတော် Phra Dhammajayo မှာ ရဟန်းဝိနည်းများကို ချိုးဖောက်မှု ရှိ၊ မရှိနှင့် လူဝတ်လဲသင့်၊ မလဲသင့်ကို စဉ်းစားဆုံးဖြတ်ရန်အတွက် သံဃာ့ကောင်စီ (SSC) ကို အမျိုးသား ဗုဒ္ဓဘာသာအသင်း (NOB) က
    ယနေ့တွင် တောင်းဆိုသွားမည်ဟု သိရသည်။
    အဆိုပါ ဘုန်းတော်ကြီးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားပြီး ၎င်းသီတင်းသုံးရာ Wat Phra Dhammakaya ကျောင်းတိုက်ကို ပိတ်ဆို့ထားသည်မှာ ၃ ပတ်ကျော် ကြာမြင့်နေကာ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
    NOB ဒါရိုက်တာက အဆိုပါ ဘုန်းတော်ကြီးအား လူဝတ်လဲရန် လွယ်ကူမည်မဟုတ်ဟု ၀န်ခံခဲ့ပြီး အချိန်အတော်ကြာမည်ဟုလည်း ဆိုသည်။
    NOB ၏ အကြီးအကဲသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး ပွန်ပေါင် ပရမ်ဆာနီဟ်က ယနေ့တွင်ပြုလုပ်မည့် SSC ၏ အစည်းအဝေးတွင် Phra Dhammajayo နှင့်ပတ်သက်သည့် ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
    SSC မှာ ထိုဘုန်းကြီးအပေါ် ရှိနေသည့် ရာဖ၀တ်မှုဆိုင်ရာ စွဲချက်များမှာ ၀ိနည်း ချိုးဖောက်မှု ရှိ၊ မရှိကို စဉ်းစားသုံးသပ်သွားမည် ဖြစ်သည်။
    ဘုန်းတော်ကြီး Phra Dhammajayo မှာ ငွေကြေးခ၀ါချမှု၊ Klongchan Credit Union Cooperative (KCUC) တွင် ဖြစ်ပွားခဲ့သည့် ဘတ် ဘီလီယံပေါင်းများစွာ အလွဲသုံးစားပြုမှုနှင့် ဆက်နွယ်၍ ခိုးရာပါပစ္စည်းများ လက်ခံထားရှိမှု၊ ပြည်နယ်အများအပြားတွင် ခွင့်ပြုချက်မရှိဘဲ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ခြင်းအားဖြင့် သစ်တောများတွင် ပိုင်နက်ကျူးလွန်မှု စသည့် ပြစ်ချက်များဖြင့် စွဲချက်တင်ကာ ၀ရမ်းထုတ်ခံထားရခြင်း ဖြစ်သည်။
    ထိုစွပ်စွဲမှုများအတွက် Phra Dhammajayo မှာ တစ်နှစ်ကျော်ကြာ လာရောက်ဖြေကြားခြင်းမပြုဘဲ တိမ်းရှောင်နေခြင်းကြောင့် ရဲတပ်ဖွဲ့ အင်အားသုံးဖမ်းဆီးရန် ပြင်ဆင်လာခြင်းဖြစ်သည်။
    Ref: Bangkokpost
  • တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်
    တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်
    မတ် ၁၀၊ ၂၀၁၇
    M-Media
    – တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးကို ဒီဇင်ဘာလက ပါလီမန်မှ ယာယီအနားပေးထားမှုကို အခြေခံဥပဒေခုံရုံးက အတည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သောကြောင့် သူမ၏ သမ္မတတာဝန်မှာ တရားဝင် အဆုံးသတ်သွားပြီ ဖြစ်သည်။
    ယမန်နေ့ ကြားနာမှုအတွင်း တရားသူကြီး ၈ ဦးက ပက်၏ ခြစားမှုပြဿနာနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားရန် အမိန့်ချလိုက်ခြင်းဖြစ်ပြီး သူမ၏ လုပ်ရပ်မှာ “ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးကို ယုတ်လျော့စေသောကြောင့် သမ္မတ ပတ်ဂျုံဟေးကို ဖြုတ်ချလိုက်ကြောင်း” တရားသူကြီး လီ ဂျန် မီက ပြောကြားခဲ့သည်။
    ထို့ကြောင့် ပတ်ဂျုံဟေးမှာ ၁၉၈၀ ပြည့်နှစ်များတွင် အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီးနောက် တောင်ကိုရီးယားတွင် ရာထူးတာဝန် ပြီးဆုံးအောင် မထမ်းဆောင်ရဘဲ ဖြုတ်ချခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။
    သမ္မအကြံပေးဟောင်းဖြစ်ပြီး ပက်၏ သူငယ်ချင်းလည်းဖြစ်သူ ချို ဆွန် ဆီလ်မှာ ၎င်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်းနှစ်ခုတွင် ငွေကြေးများထောက်ပံ့ရန်အတွက် စီးပွားရေးလုပ်ငန်းကြီးများကို ဖိအားပေးပြီး အသက် ၆၅ နှစ်အရွယ် ပက်ကလည်း ထိုကိစ္စတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group မှ လာဘ်ငွေ တောင်းသည်ဟုလည်း စွပ်စွဲခံထားရသည်။
    ပက်ကမူ ထိုစွပ်စွဲမှုများအားလုံးကို ငြင်းဆိုခဲ့ပြီး သူမ၏ သူငယ်ချင်းအပေါ် ယုံကြည်ခဲ့မှုအတွကလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
    ယခုကဲ့သို့ သမ္မတကို ဖြုတ်ချခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ထိုအတွက် ဥပဒေတစ်ခု လိုအပ်နေသည်။
    Ref: Aljazeera
  • မဒ်ရာဆာများတွင် လောကီပညာရပ် သင်နိုင်ရေး စင်ကာပူအစိုးက ထောက်ပံ့မည်
    မဒ်ရာဆာများတွင် လောကီပညာရပ် သင်နိုင်ရေး စင်ကာပူအစိုးက ထောက်ပံ့မည်
    မတ် ၁၀၊ ၂၀၁၇
    M-Media
    စင်ကာပူအစ္စလာမ်ရေးရာဝန်ကြီး ယာကွဘ် အီဗရာဟင်
    – မဒ်ရာဆာ ဘာသာရေးကျောင်းများတွင် သင်္ချာနှင့် သိပ္ပံကဲ့သို့ လောကီဘာသာရပ်များ သင်ကြားရေး ထောက်ပံ့ရန်အတွက် ယခုနှစ်ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ် စင်ကာပူဒေါ်လာ ၁.၅ သန်းကို အစိုးရက သီးသန့် ပေးအပ်သွားမည်ဟု စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဘရာဟင်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ ငွေကြေးများကို မဒ်ရာဆာများတွင် စာသင်ကြားနေသော ဆရာများအတွက် ဘဏ္ဍာရေး အထောက်အပံ့အဖြစ် သုံးစွဲရမည်ဖြစ်ပြီး လောကီဘာသာရပ်များကို သင်ကြားပေးနေသည့် ဆရာ ၁၂၇ ဦးမှာ ၎င်းတို့၏ အရည်အချင်းအပေါ်မူတည်၍ တစ်နှစ်လျှင် ငွေသား စင်ကာပူဒေါ်လာ ၄၂၀၀ မှ ၈၇၀၀ နှင့် လူမှုဖူလှုံရေးရန်ပုံငွေဖြစ်သော Central Provident Fund အတွက် စုငွေ ရရှိမည်ဖြစ်သည်။
    စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ (Muis) လက်အောက်ခံ အဆိုပါ မဒ်ရာဆာကျောင်းများတွင် ဘာသာရေးစာ သင်ကြားသော ကျောင်းဆရာများ၊ သင်တန်းဆရာများမှာ ၁၁၂ ဦးရှိနေပြီး ၎င်းတို့အတွက် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁.၁ သန်း သတ်မှတ်ထားသည်။
    ဆရာတစ်ဦးအတွက် လေ့ကျင့်သင်ကြားပေးမှု ကုန်ကျစားရိတ် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀ ကိုလည်း အစိုးရက အာမခံပေးထားပြီး Muis နှင့် မဒ်ရာဆာများက အရည်အချင်းပြည့်မီသော ဆရာများအတွက် လေ့ကျင့်သင်ကြားပေးမှု လိုအပ်ချက်များနှင့် ဦးစားပေးကိစ္စများကို ဆုံးဖြတ်ရမည်ဖြစ်သည်။
    မဒ်ရာဆာများတွင် ထူးချွန်ကျောင်းသားများအတွက် ဆုများချီးမြှင့်ရန် အစိုးရနှင့် Muis တို့က ဒေါ်လာ ၁ သိန်း သတ်မှတ်ထားပြီး၊ အစိုးရမှပေးအပ်သော ငွေများမှာ လောကီဘာသာရပ်များအတွက်ဖြစ်ကာ တစ်နှစ်လျှင် ဆုပေါင်း ၃၅၀ ချီးမြှင့်သွားမည်ဖြစ်သည်။
    ဘာသာရေး ဘာသာရပ်များအတွက် ဆုများကိုလည်း ၃၅၀ သတ်မှတ်ထားပြီး Muis က ထောက်ပံ့သွားမည်ဖြစ်သည်။
    Ref: Today Online
  • ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်သစ်ကို ထပ်မံပယ်ဖျက်ရေး ပြည်နယ်များ ကြိုးပမ်း
    ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်သစ်ကို ထပ်မံပယ်ဖျက်ရေး ပြည်နယ်များ ကြိုးပမ်း
    မတ် ၁၀၊ ၂၀၁၇
    M-Media
    – မွတ်စလင် ၆ နိုင်ငံက နိုင်ငံသားတွေ ဒုက္ခသည်တွေကို ပြည်ဝင်ခွင့်ပိတ်တဲ့ သမ္မတထရမ့်ရဲ့ အမိန့်အသစ်ကို ဥပဒေကြောင်းအရ ပိတ်ပင်ဖို့ ကြိုးစားမှုတွေဟာ ၀ါရှန်၊ အိုရီဂွန်၊ မက်ဆာချူးဆက်နဲ့ ဟာဝိုဝင်ယီအပါအ၀င် အမေရိကန်တစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။
    ကမ္ဘာတစ်ဝှမ်း ကမောက်ကမတွေဖြစ်ခဲ့တဲ့ ထရမ့်ရဲ့ ပထမတစ်ကြိမ် ဒီလိုပိတ်ပင်မှုကို တရားစွဲခဲ့တဲ့ ၀ါရှင်တန်ပြည်နယ်က ရှေ့နေချုပ် ဘော့ ဖာဂူဆန်က သူတို့ရဲ့ ဥပဒေကြောင်းအရ တိုက်ပွဲမှာ ပါဝင်ဖို့ နယူးယောက်ပြည်နယ်ကို တိုက်တွန်းထားပါတယ်။
    ထရမ့်ရဲ့ နောက်ထပ် ပိတ်ပင်မှုဟာလည်း အစ္စလာမ်သာသနာကို နှိပ်ကွပ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ၀ါရှင်တန်ပြည်နယ်က ကြာသာပတေးနေ့မှာ ကြေငြာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
    ဖာဂူဆန်ကတော့ အရင် ပြည်ဝင်ခွင့်ပိတ်တဲ့ ထရမ့်ရဲ့ ပထမအမိန့်ကို ပယ်ဖျက်ဖို့ ဇန်န၀ါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အခု အမိန့်အသစ်အတွက် ထပ်မံသက်ရောက်မှုရှိအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။
    ထရမ့်အမိန့်သစ်မှာ ဆီးရီးယား၊ အီရန်၊ ဆိုမာလီယာ၊ လစ်ဗျား၊ ဆူဒန်နဲ့ ယီမင်တို့က နိုင်ငံသားတွေကို ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ခဲ့ပြီး ဒုက္ခသည် ၀င်ရောက်မှုကို ရက်ပေါင်း ၁၂၀ ပိတ်ပင်ဖို့ ဖော်ပြထားကာ ဗီဇာရထားပြီးသားသူတွေကတော့ ဒီအမိန့်မှာ အကျုံးမ၀င်ပါဘူး။
    ဖာဂူဆန်က ဒီ အမိန့်အသစ်ဟာလည်း အမြင်ကျဉ်းမြောင်းပြီး ဖွဲ့အစည်းပုံအခြေခံဥပဒေ သတ်မှတ်ချက်တွေကို စိန်ခေါ်မှုရှိနေတုန်းပဲလို့ ဆိုပါတယ်။
    ဟာဝိုင်ယီရှေ့နေချုပ်က ယခင်အမိန့်ဟောင်းအတွက် တရားရုံးရဲ့ စောဒကတက်မှုတွေကို ဖြေရှင်းဖို့ ယခု အမိန့်အသစ်မှာ ပြောင်းလဲမှုတွေလုပ်ထားတယ်လို့ ဆိုပေမယ့် ထူးမခြားနား ဖြစ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး ဒီ အမိန့်အသစ်ကို နိုင်ငံတစ်ဝှမ်းမှာ မကျင့်သုံးဖို့ကိုလည်း ဟာဝိုင်ယီပြည်နယ်က ကြိုးစားနေပါတယ်။
    Ref: Aljazeera
  • စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိနေလဲ
    စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိနေလဲ
    မတ် ၉၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး မြန်မာပြည်သူများစွာမှာ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးရသည်အထိ ဖြစ်ခဲ့သည်။ တရုတ်နှင့် ထိစပ်နေသည့် ကိုးကန့်ဒေသနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်လာခဲ့သည်။ ဤဒေသတွင် လက်ရှိဖြစ်နေသော အခြေအနေကို နားလည်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပထမမျိုးဆက် ခေါင်းဆောင်များ၏ နိုင်ငံရေး သဘောထားများကို ပြန်ကြည့်ရမည်။
    ၁၈၈၅ ခုနှစ်တွင် ဗြိတိန်က ကုန်းဘောင်မင်းဆက်လက်မှ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီး ဗြိတိန်သျှပိုင် အိန္ဒိယ၏ အစိတ်အပိုင်းအဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်က ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး နောက်ပိုင်း မြနမာနိုင်ငံသို့ လွှဲပေးရန် ဗြိတိန်၏ ဖိအားပေးမှုကို ချင်မင်းဆက်က ခံခဲ့ရသည်။ ယနေ့အချိန်အထိ ထိုဒေသတွင် နေထိုင်သူများမှာ တရုတ်၏ အဓိကလူမျိုးဖြစ်သော ဟန်လူမျိုးများဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်တစ်ခုအဖြစ် ၎င်းတို့မှာ ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။
    တရုတ်နှင့် မြန်မာနိုင်ငံတို့ နယ်စပ်ကိစ္စဆွေးနွေးသည့် ၁၉၅၀ ပြည့်နှစ်များတွင်လည်း ကိုးကန့်ဒေသက အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်ခဲ့သည်။ ကိုကန့်ဒေသကို မြန်မာသို့ပေးကာ တရုတ်ဖက်က အလျှော့ပေးခဲ့သည်။ ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံနှင့် တရုတ်တို့ ချုပ်ဆိုသည့် နယ်နနမိတ် သဘောတူညီချ က်အရ ကိုးကန့်မှာ မြန်မာနိုင်ငံ၏အစိတ်အပိုင်း တရားဝင်ဖြစ်လာခဲ့သည်။
    ယနေ့အချိန်အထိ တရုတ်ပြည်သူအများစုက ကိုးကန့်အား မြန်မာနိုင်ငံသို့ ပေးလိုက်ခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ယုံကြည်နေကြသည်။ ရုရှားက ခရိုင်းမီးယားကို ပြန်သိမ်းသကဲ့သို့ ကိုးကန့်ကို တရုတ်က ပြန်သိမ်းရန် တိုက်တွန်းမှုများပင် ရှိနေလေ၏။
    ၎င်းတို့ကိုယ်ကို တရုတ်နွယ်ဖွားများဟု ပြောကြသည့် ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် အချို့ကလည်း ထိုသဘောထားများကို ပြောလာကြသည်။ မြန်မာစစ်တပ်ကို ချေမှုန်းရေး တရုတ်က စစ်ရေးအရ တိုက်ရိုက် ကူညီထောက်ပံ့ရန်လည်း ၎င်းတို့က တောင်းဆိုသည်။
    ထိုဒေသ၏ သမိုင်းဆိုင်ရာအခြေအနေကို နားလည်ထားမှသာလျှင် ကိုးကန့်အား မြန်မာနိုင်ငံသို့ လွှဲပေးရေး ဆုံးဖြတ်ချက်၏ အရေးပါမှုကို မိမိတို့အနေဖြင့် သဘောပေါက်နိုင်မည်ဖြစ်သည်။
    ၁၉၅၀ ပြည့်နှစ်များက တရုတ်နိုင်ငံမှာ အမေရိကန်၏ ပိတ်ဆို့မှုကို ခံထားရသည်။ ထိုအချိန်က မြန်မာအစိုးရမှာ အမေရိကန်နှင့် စစ်ရေးသဘောတူ စာချုပ်ချုပ်ထားပြီး အမေရိကန်ထံမှ စစ်ရေးအကူအညီများကို ရရှိနေသည်။ ကူမင်တန်အကြွင်းအကျန်တပ်များက မြန်မာနိုင်မြောက်ပိုင်းမှ တရုတ်အား ပြန်တိုက်ရန် ကြိုးစားသည့်အချိန်တွင် တရုတ်ကို ရင်ဆိုင်ရန် အိန္ဒိယကလည်း မြန်မာကို မပြတ်တမ်း လှုံ့ဆော်နေသည်။
    မြန်မာနှင့် တရုတ်အကြား နယ်စပ်ဒေသကိစ္စ ဖြေရှင်းမှုက ဒေသတွင်း တင်းမာမှုကို လျော့ကျစေပြီး ကူမင်တန်အကြွင်းအကျန်တပ်များကို ချေမှုန်းရန်၊ တရုတ်-အိန္ဒိယစစ်ပွဲတွင် တရုတ်နိုင်ငံအတွက် လိုအပ်နေသော အထောက်အပံ့ကို ရရှိစေရန်အတွက် အကူအညီဖြစ်စေခဲ့သည်။
    မြန်မာနှင့် နယ်စပ်ပြဿနာကို ဆွေးနွေးအဖြေရှာမှုမှတစ်ဆင့် ဖြေရှင်းခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် မိတ်ဆွေပီသမှုကို ပြသရန်၊ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် အနာဂတ်တွင် နယ်စပ်ပြဿနာများ ဖြေရှင်းရေး ရှေ့ပြေး နမူနာဖြစ်စေရန် တရုတ်က ရည်ရွယ်ခဲ့သည်။
    တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအန်လိုင်းက တရုတ်-မြန်မာ နယ်စပ်ပြဿနာကို ဖြေရှင်းမှုမှာ နိုင်ငံရပ်ခြားမှ တရုတ်အပေါ်ရှိနေသည့် ဖိအားများကို လျော့ကျစေရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု အောင်မြင်ရေး၊ တရုတ်အပေါ် နိုင်ငံရပ်ခြားမှ ကျူးကျော်မှု၊ ထိခိုက်စေမှု စစ်မျက်နှာကို ဖရိုဖရဲဖြစ်စေရေး အကူအညီဖြစ်နိုင်သည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။ သို့သော် ထိုရည်မှန်းချက်များက မပြည့်ဝဘဲ အဓိကအားဖြင့် ထိုစဉ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကြောင့် ဖြစ်သည်။ ထိုအချိန်က တရုတ်မှာ အရှေ့တောင်အာရှနှင့် တောင်အာရှတို့တွင် ကွန်မြူနစ်လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထောက်ပံ့နေပြီး ကိုးကန့်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ ပေါ်ထွက်လာမှုတွင် ထိုထောက်ပံ့မှုက တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
    ၁၉၇၈ ခုနှစ် ပြုပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီးနောက် ကွန်မြူနစ်လှုပ်ရှားမှုများကို ထောက်ပံ့ရေးနှင့် ပဋိပက္ခ ငြိမ်းချမ်းစွာအဆုံးသတ်ရေးဆိုသည့် အရှေ့အနောက်မညီသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ခေါင်းဆောင်ဟောင်း ဇန် ရှောင်ပင်း အရှေ့တောင်အာရှသို့ သွားရောက်ပြီးကတည်းက ဒေသတွင်းမှ တရုတ်လူမျိုးများမှာ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကြီးအကျယ် ထောက်ပံ့မှု ပေးခဲ့သည်။
    ယခုအချိန်တွင်တော့ တရုတ်နိုင်ငံမှာ ကမ္ဘာ့ ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်နေပြီး ပတ်ဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်၊ အားလုံးအတွက် အကျိုးရှိမည့် စီးပွားရေးဇုန် တည်ထောင်ပေးရန် အခွင့်အလမ်းအသစ်များကိုလည်း ရင်ဆိုင်နေရသည်။ ယခုအချိန်မှာ ယခင် တရုတ်ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်သော အမြင်ကို နားလည်နိုင်သည့် အချိန်လည်းဖြစ်သည်။
    တရုတ်နိုင်ငံမှာ ရုရှားမဟုတ်သလို၊ ရုရှားကိုလည်း လိုက်တုမည်မဟုတ်။ ကိုးကန့်မှာ မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် ကိုးကန့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်း ရှိနေသည့်ကိစ္စဖြစ်သည်။ ထိုဒေသ ဆက်လက်ဖွံ့ဖြိုးနေသမျှ ကာလပတ်လုံး၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်နေသမျှ ကာလပတ်လုံး ထိုအခြေအနေက တရုတ်နှင့် မြန်မာအကြား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် မောင်းနှင်ပေးမည့် အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်သည်။
    ရုရှားက ခရိုင်းမီးယားအား ပြန်လည် သိမ်းပိုက်သကဲ့သို့ ကိုးကန့်ဒေသကို ပြန်ယူခြင်းမှာ ကိုးကန့်ရှိ ပဋိပက္ခကို လျှော့ချနိုင်မည်မဟုတ်ဘဲ အခြား အိမ်နီးချင်းနိုင်ငံများအထိပါ တင်းမာမှုက ပြန်နှံ့သွားမည်ဖြစ်သည်။
    တရုတ်နိုင်ငံက ကိုးကန့်ပြည်သူများ၏ ဘေးအန္တရာယ်ကင်းရေးကို လစ်လျူမရှု။ သို့သော်လည်း နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းများမှတစ်ဆင့် အခြေအနေတည်ငြိမ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်သည်။ ကိုးကန့်ဒေသသို့ တရုတ်နိုင်ငံကပေးနိုင်သည့် အထိရောက်ဆုံး ကူညီမှုမှာ ပြည်သူများ အခြေချနိုင်ရေး ကူညီရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ရန်ပင် ဖြစ်သည်။
    Ref: Globaltimes
    ( Globaltimes မှ Why ‘recover’ Kokang is not an option for China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)