News @ M-Media

Blog

  • ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် မလေးရှားက အလိုရှိနေသည့် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က အနီရောင်နို့တစ်စာ ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် နီးစပ်လာပြီဖြစ်သည်။

    မလေးရှားရဲတပ်ဖွဲ့မှာ အဆိုပါ သံသယရှိသူများကို ဖမ်းဆီးရန်အတွက် ပြီးခဲ့သည့်လက အင်တာပိုသို့ အကူအညီတောင်းခဲ့သည်။

    “လုပ်ကြံမှုဖြစ်ပွားတဲ့နေ့က လေဆိပ်မှာရှိခဲ့ပြီး အဲဒီကတည်းက ပျောက်သွားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအတွက် အနီရောင်နို့တစ်စာကို ကျွန်တော်တို့ ရရှိခဲ့ပါပြီ။ အင်တာပိုကနေတစ်ဆင့် သူတို့ကို ကျွန်တော်တို့ ရမယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က ယနေ့တွင် ပြောကြားခဲ့သည်။

    အင်တာပို၏ အဆိုပါအနီရောင် နို့တစ်စာမှာ သံယရှိသူများကို ယာယီ ရှာဖွေဖမ်းဆီးထားရန် တောင်းဆိုခြင်းဖြစ်ပြီး လွှဲပြောင်းပေးအပ်ခြင်း မပါဝင်ပေ။

    ကင်ဂျုံနမ်မှာ VX ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရခြင်းဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကာ လူသတ်မှုနှင့် စွဲချက်တင်ထားသည်။

    ထို့ပြင် ထိုလုပ်ကြံမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံသား ၇ ဦးကို သံသယရှိသူအဖြစ် ကြေငြာထားပြီး ထိုအထဲမှ ၄ ဦးမှာ မြောက်ကိုရီးယားသို့ ပြန်သွားပြီဟု ယုံကြည်ရသည်။

    Ref: Aljazeera

  • ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော်မည်ဟု မြန်မာအစိုးရ သတင်းထုတ်ပြန်

    ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော်မည်ဟု မြန်မာအစိုးရ သတင်းထုတ်ပြန်

    မေ ၁၆၊ ၂၀၁၇
    M-Media

    သတင်းစာရှင်းလင်းပွဲတွင် ဗီဒီယိုမှ မိန့်ခွန်းပြောနေသည့် ကိုဖီအန်နန်

    – မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်စလင်ကို သူတို့ရဲ့ အရင်နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပေးတာမျိုး၊ ဒုက္ခသည်စခန်းတွေကို လုံးဝ ပိတ်ပစ်တာမျိုးကို အလျင်အမြန် ဆောင်ရွက်သင့်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးကော်မရှင်က ယနေ့မှာ ပြောကြားလိုက်ပြီး မြန်မာအစိုးရက အများစုကို အကောင်အထည်ဖော်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အရေး ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်မှုအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ သတင်းမီဒီယာတွေကို ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လွပ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူရေး စတာတွေကိုလည်း ကော်မရှင်က အကြံပြုခဲ့ပါတယ်။

    “ယာယီဒုက္ခသည်စခန်းတွေဟာ အမြဲတမ်းရှိနေရမယ့် အခြေအနေမျိုးလို့ ကျွန်တော်တို့မထင်ပါဘူး” လို့ ကော်မရှင်အဖွဲ့ဝင် ဂါဆန် ဆာလာမီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ရိုဟင်ဂျာမွတ်စလင်အများစုပါဝင်တဲ့ လူပေါင်း ၁၂၀,၀၀၀ လောက်ဟာ ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။ တစ်ချို့တွေကတော့ သူတို့တွေဟာ နေအိမ်ကနေ အတင်းမောင်းထုတ်ခံရတယ်လို့ ဆိုပါတယ်။

    ဒုက္ခသည်တွေထဲက လုံလုံခြုံခြုံနဲ့ အိမ်ပြန်လို့ရမယ့်သူတွေကို ‘ပထမဆုံးခြေလှမ်းအဖြစ်၊ စိုးရိမ်မှုလျော့ပါးစေတဲ့ လက္ခဏာအဖြစ် ‘ ချက်ချင်း အိမ်ပြန်ပို့ပေးသင့်တယ်လို့လည်း ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ခေါင်းဆောင် ကိုဖီအန်နန်က လာရောက်နိုင်ခြင်းမရှိဘဲ ဗီဒီယိုကနေသာ စကားအနည်းအကျဉ်း ပြောခဲ့ပါတယ်။

    နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးပြီး ရိုဟင်ဂျာတွေရော၊ ရခိုင်တိုင်းရင်းသားတွေကိုပါ သွားလာခွင့်ကန့်သတ်ထားမှုကို ဖယ်ရှားပေးဖို့ အာနန်ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

    ကော်မတီ၏ အကြံပေးချက်အများစုကို အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာမှ ထုတ်ပြန်သည့် ကြေငြာချက်

    ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေဟာ ပြည်နယ်ရဲ့ အစိတ်အပိုင်းတော်တော်များများမှာ စစ်ဆေးရေးဂိတ်တွေရှိနေတာ၊ တားဆီးစစ်ဆေးမှုတွင်း တာဝန်ရှိသူတွေက အကျပ်ကိုင်တာတွေ လုပ်ဆောင်တာကိုလည်း ကော်မရှင်အဖွဲ့ဝင်တွေကို ပြောပြခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ကျူးလွန်မှုတွေအတွက် ‘ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့’ စုံစမ်းစစ်ဆေးရေးတစ်ခု ပြုလုပ်ဖို့လည်း ကော်မရှင်က ဆော်သြခဲ့ကာ၊ ရိုဟင်ဂျာကလေးတွေအတွက် မွေးစာရင်းထုတ်ပေးမှု ၂၀၁၂ ခုနှစ်ကတည်းက ရပ်တန့်ထားတာကိုလည်း ပြန်လည်စတင်ဖို့ ပြောကြားခဲ့ပါတယ်။

    “မွေးလာတဲ့ကလေးတွေမှာ မွေးစာရင်းမရှိဘူးဆိုတာ ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကိစ္စမျိုးပါ” လို့ ဆာလာမီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးကတော့ အာနန်ကော်မရှင်ရဲ့ ဒီကြားဖြတ်အစီရင်ခံစာကို ကြိုဆိုကြောင်း၊ အစီရင်ခံစာမှာပါဝင်တဲ့ အကြံပြုချက်တွေကို မိမိတို့ သဘောတူပြီး အမျိုးသား ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာဖြစ်ကြောင်း၊ အကြံပြုချက်အများစုကိုလည်း အထိရောက်ဆုံးဖြစ်အောင် အမြန်ဆုံး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters

  • အာရပ်ကမ္ဘာမှာ လူသိများလာတဲ့ မလေးရှားက ကာရီ လူငယ်လေး

    အာရပ်ကမ္ဘာမှာ လူသိများလာတဲ့ မလေးရှားက ကာရီ လူငယ်လေး

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ကန်လန်တန်းက ယူစွဖ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ရာမှာ ထူးချွန်မှုကြောင့် ဆော်ဒီအာရေဗျနဲ့ အာရပ်ကမ္ဘာမှာ အခုရက်ပိုင်းအတွင်း ထင်ရှား လူသိများလာခဲ့ပါတယ်။

    ဖခင်ဖြစ်သူက ယူစွဖ်အသက် ၆ နှစ်အရွယ်မှာပဲ သူ့ရဲ့ ကုရ်အာန်ကျမ်းတော်မြတ် အလွတ်ကျက်မှတ်နိုင်မှုစွမ်းရည်၊ အသံသြဇာကောင်းမွန်မှုတို့ကို သတိထားမိကာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကရိုးဏ်ကျကျ ရွတ်ဖတ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သင်ပေးတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ သားဖြစ်သူကို အပ်နှံ
    သင်ယူစေခဲ့ပါတယ်။

    အသက် ၁၃ နှစ်အရွယ်မှာတော့ ‘မကာမတ်’ လို့ခေါ်တဲ့ အသံ အဆွဲအငင် အဖြတ်အတောက်တွေနဲ့ ကုရ်ကျမ်းတော်မြတ်ကို နားဝင်ပီယံရှိအောင် ပုံစံမျိုးစုံနဲ့ ရွတ်ဖတ်မှုဘာသာရပ်ကို ယူစွဖ်တစ်ယောက် သင်ကြားတတ်မြောက်ခဲ့ပါတယ်။

    ယူစွဖ်ကတော့ သူ့ကို့ တွန်းအားပေးခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    သူဟာ နာမည်ကျော် ကုရ်အာန် က၀ိပညာရှင်တွေဖြစ်တဲ့ ရှိခ် မွတ်စ်တာဖာ အစ္စမာအီလ်၊ ရှိခ် အလ်-ရှာဟတ် မိုဟာမက် အန်ဝါရ်၊ ရှိခ် အဟ်မဒ် နိုင်နာနဲ့ ရှိခ် ယာစီရန် အလ်-ရှာကွာဝီတို့ကို အားကျတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ယူစွဖ်ဟာ Sultan Ismail တက္ကသိုလ်မှာ အစ္စလာမ့်ရေးရာတွေကို သင်ယူနေပါတယ်။ မနှစ်က မလေးရှားတက္ကသိုလ်ပေါင်းစုံ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာလည်း သူ့ရဲ့ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှု ဗီဒီယိုတွေကို လွှင့်တင်လေ့ရှိပြီး ဒီဗီဒီယိုကြောင့်ပဲ ဆော်ဒီနဲ့ အာရပ်ကမ္ဘာမှာ ကျော်ကြားလာတာ ဖြစ်ပါတယ်။

    ကုရ်ကျမ်းတော်မြတ်ကို ဌာန်ကရိုးဏ်ကျကျ ရွတ်ဖတ်နိုင်တဲ့ ကာရီဖြစ်ချင်တဲ့ လူငယ်တွေအနေနဲ့ အရင်က ဆရာကြီးတွေရဲ့ နည်းလမ်းတွေကို အတုခိုးတာဟာ မှားယွင်းတဲ့အရာတစ်ခု မဟုတ်ပေမယ့် ကိုယ်တိုင်က စတိုင်အသစ်တွေကို ရှာဖွေဖော်ထုတ်ရမယ်လို့ ယူစွဖ်က ဆိုပါတယ်။

    လက်ရှိမှာ သူဟာ သူ့ရဲ့ ဖတ်ရွတ်မှု နည်းသစ်တစ်ခု ဖော်ထုတ်နိုင်အောင် ကြိုးစားနေပြီး ကမ္ဘာ့ထိပ်တန်း ကာရီတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိနေပါတယ်။

    Ref: Alarabiya

  • နယ်သာလန်ရွေးကောက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ့်

    နယ်သာလန်ရွေးကောက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ့်

    မတ် ၁၆၊ ၂၀၁၇
    M-Media

    ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် လက်ရှိဝန်ကြီးချုပ် မာခ့် ရူတီ

    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နယ်သာလန်အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် မာခ့် ရူတီမှာ လက်ယာစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေးသမား ဂါ့တ် ၀ိုင်းဒါးစ်ကို အလွယ်တကူ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    မဲအရေအတွက် ၉၃ ရာခိုင်နှုန်းကျော် ရေတွက်ပြီးသည့်အချိန်တွင် ရူတီ၏ VVD ပါတီမှာ နေရာ ၁၅၀ ရှိသည့် လွှတ်တော်တွင် ၃၃ နေရာနှင့် နေရာအများဆုံးရရှိသည့် ပါတီ ဖြစ်လာခဲ့သည်။ ၀ိုင်းဒါးစ်၏ PVV ပါတီမှာ နေရာ ၂၀ ဖြင့် ဒုတိယအများဆုံး ရရှိခဲ့သည်။

    ရူတီမှာ ဥရောပလိုလားသူဖြစ်ပြီး ၀ိုင်းဒါးစ်မှာ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေးနှင့် ဥရောပဆန့်ကျင်ရေးသမား ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ယူကေ၏ ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲ၊ အမေရိကန်တွင် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုတို့ကြောင့် ဥရောပတွင် လူပြိန်းကြိုက်ဝါဒကို စမ်းသပ်ရန်အတွက် န
    ယ်သာလန်ရွေးကောက်ပွဲမှာ အထူးစောင့်ကြည့်ခြင်း ခံခဲ့ရသည်။

    “Brexit နဲ့ အမေရိကန်ရွေးကောက်ပြီးတဲ့နောက်ပိုင်း ဒီနေ့ညနေကတော့ မှားယွင်းတဲ့ လူပြိန်းကြိုက်ဝါဒ ‘ရပ်တန့်ပါ’ လို့ နယ်သာလန်က ပြောလိုက်တာပါ။ အခုတော့ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်းမှာ တိုင်းပြည်စည်းလုံးဖို့နဲ့ နောက်ထပ် ၄ နှစ်အတွက် တည်ငြိမ်တဲ့ အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ဖို့ အရေးကြီးနေပါပြီ” ဟု ရူတီက အနိုင်ရရှိပြီးနောက် ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည်။

    ဥရောပမှ ခွဲထွက်ရေးကို ကြောက်ရွံ့နေကြသည့် ဥရောပခေါင်းဆောင်များကလည်း ရူတီ၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ချီးကျူးခဲ့ကြသည်။

    Ref: Aljazeera

  • “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    မတ် ၁၆ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T) ရေးသည်။

    မြန်မာနိုင်ငံတွင် ပညာရေးကို အုပ်ချုပ်သူအစိုးရအဆက်ဆက်က မိမိတို့အလိုအတိုင်း စမ်းသပ်စစ် ဆေးအဖြေရှာလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ သာကြာလာခဲ့သည်။ စာရေးသူ တို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝက ဓာတုဗေဒ၊ရူပဗေဒ၊သင်္ချာဘာသာရပ်မေးခွန်းများ၏

    အဆင့်အတန်းသည် ယခုအာဆီယံအဖွဲ့နိုင်ငံများဖြစ်သော မလေးရှား၊အင်ဒိုနီးရှား၊ဘရူးနိုင်းနိုင်ငံ တို့ထက် သာလွန်ရုံသာမက ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တက္ကသိုလ်ဝင်တန်းသင်ရိုးများထက် လည်း များစွာသာကြောင်း ဆရာကြီးများကထောက်ပြ ပြောဆိုခဲ့ဖူးပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံမှရသော M.B.B.S ဆရာဝန်ဘွဲ့ကို အင်္ဂလန်နိုင်ငံက အသိအမှတ်ပြုသည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှရသော အင်ဂျင်နီယာ B.E ဘွဲ့ကို စင်္ကာပူနိုင်ငံက အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများ ရစေခဲ့သောဖြစ်ရပ်များသည် အမှန်တကယ်ရှိခဲ့ဖူးပါသည်။

    စာရေးသူတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စာဖြေသူကျောင်းသား၊ ကျောင်း သူများနှင့်မိဘများကို ညှို့ယူဖမ်းစားနိုင်သည်မှာ အကြောင်းရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ဖြေဆိုနေသူသည် ဘဝတိုက်ပွဲတစ်ခုကို ဆင်နွှဲနေသူနှင့် အလားတူပေသည်။ ထို့ကြောင့် ကာယ ကံရှင်မိဘများ၊ မိမိတို့ရင်သွေးငယ်များ ပညာရေးအတွက် ငွေတွေသုံးကြ စာမေးပွဲကာလအတွင်း အလုပ်အကိုင်များကိုပစ်ကာ စာစစ်ဌာနများသို့အကြို အပို့လုပ်ကြ ပြေးလွှားကြ လုပ်နေမှု့များသည် လက်တွေ့သာဓကများဖြစ်ပါသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကို ၂၀၁၅ခုမှစ၍ ပြည်တွင်း တစ်စုံ၊ပြည်ပတစ်စုံ စစ်မေးလာသည်မှာ ယခုနှစ်၂၀၁၇ခု မတ်လစာမေးပွဲထိဖြစ်ပါသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြည်တွင်းစာစစ်ဌာနပေါင်း ၁၅၇၇ ခုနှင့် ပြည်ပစာစစ်ဌာနပေါင်း (၁၇)ခု ရှိကြပါသည်။ စာမေးပွဲကြီးဖြေဆိုရန် တရားဝင်စာရင်းသွင်းထားသူပေါင်း ၈ သိန်းနီးပါးရှိသည်မှာ မနှစ်ကထက် သာလွန်ပေသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင်လူနာစာဖြေသူ ၁၄ ဦး၊ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ၈ ဦးဖြေဆိုလျက်ရှိသည်။ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် စာဖြေသူ ၂၈ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ၁၀ဦး၊ဘားအံအကျဉ်းထောင်တွင် ၁ ဦး၊ ပေါက် မြို့မ ရဲစခန်းအချုပ်တွင် ၂ ဦးနှင့် မကွေးမြို့သစ်ရဲစခန်းအချုပ်တွင် ၁ ဦး ဖြေဆိုလျက်ရှိသည်။ ပိုထူးဆန်းသည်မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြေဆိုသူ ၁၀၁ ဦး၊ ဆွံ့အ၊နားမကြားဖြေဆိုသူ ၂၄ ဦး ရှိပါသည်။ ယခုနှစ်တွင် မျက်မမြင်စာဖြေသူ လုံးဝ လုံးဝ မရှိခဲ့ခြင်းသည်လည်း ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။

    တစ်ပွဲထိုး ကံစမ်းသည့်အနေဖြင့် ပါလျှင်စံ၊ မပါလျှင်ခံ သဘောမျိုးဖြေဆိုသူများရှိကြောင်း အောက်ပါကိန်းဂဏန်းများက သက်သေပြလျက်ရှိပါသည်။ ဥပမာ- ၈.၃.၂၀၁၇ မြန်မာစာဖြေဆို သည့်နေ့တွင် စာဖြေသူပေါင်း ၇၁၆၂၁၆ဦးရှိခဲ့ပြီး၊ ၉.၃.၂၀၁၇ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင်       ၇၁၅၀၇၉ဦး၊ သင်္ချာဖြေဆိုသည့်နေ့တွင် ၇၁၄၅၂၁ ဦး၊ ဓာတုဗေဒဘာသာရပ်နေ့ဖြေဆိုသူ ၆၄၀၀၀၇ ဦး၊ ရူပဗေဒနေ့တွင်ဖြေဆိုသူဦးရေ ၆၃၉၇၂၅ ဦးသာရှိတော့သည်။

    ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့၌ စာဖြေသူအ များစု မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့သည်ကို သတိထားမိသည်။ လူမှုရေးကွန်ရက် Facebook တွင် အမှတ် ၂၀ကျော်ဖိုးမှားနေသည်ဟု အချို့က ထောက်ပြထားသည်။ အချို့သင်္ချာဆရာများက ၅မှတ် ဖိုးသာမှားကြောင်း ရှင်းပြထားသည်ကိုဖတ်ခဲ့ရသည်။ သင်္ချာဘာသာရပ်၌ စာသင်ကြားမှု့ အတွေ့ အကြုံရင့်ကျက်သော စာရေးသူ၏မိတ်ဆွေဆရာတစ်ဦးက “ မေးတဲ့သင်္ချာပုစ္ဆာအားလုံးက အဖြေ ထွက်ပါတယ်။ မေးခွန်းတွေက တိကျမှု အားနည်းနေတယ်။ အဖြေအမျိုးမျိုးထွက်နိုင်တယ်။ စာဖြေသူတွေ အတွက် ဝိရောဓိဖြစ်စေတယ်။ step by step ဖြေဆိုခဲ့တဲ့စာဖြေသူတွေကတော့ အမှတ်ပြည့်ရမှာ သေချာပါတယ်” ဟု စာရေးသူအားပြောဆိုခဲ့ပါသည်။

    သင်္ချာစာမေးပွဲမေးခွန်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အချိန်တန်၍ အောင်စာရင်းထွက် လျှင်အမှတ်ပြည့် (၁၀၀)ရရှိသူများဧကန်အမှန် ထွက်ပေါ်လာမည်ဟု စာရေးသူယုံကြည်ပါသည်။ လေ့ကျင့်မှု့များသော စနစ်တကျ အချိန်ယူသင်ကြားတတ်မြောက်ထားသော စာဖြေသူတိုင်း ထူးချွန် ကြမည်ဖြစ်ပါသည်။

    သို့သော် ထိုတက္ကသိုလ်ဝင်တန်းသခ်ျာမေးခွန်းပါ ပုစ္ဆာအချို့သည် အမှန်တကယ်လိုအပ် ချက်၊အားနည်းချက်များရှိခဲ့ပါက အာဆီယံနိုင်ငံ(၁၀)နိုင်ငံ၏ သင်္ချာပညာရှင်များအလယ် မြန်မာ့နိုင် ငံ၏ ပညာရေးပုံရိပ်ကျဆင်းနိုင်ပါသည်။

    မေးခွန်းထုတ်သူ စာစစ်မှူးချုပ်အနေဖြင့် မိမိစစ်မေးခဲ့သော လိုအပ်ချက်ရှိသည့်မေးခွန်းပုစ္ဆာ အတွက် တာဝန်ယူမှု၊တာဝန်ခံမှုတော့ရှိပါလိမ့်မည်။

    ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ၂၀၁၇ခု ဧပြီလ ၁ ရက်နေ့ တွင်စတင် မစစ်ဆေးခင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များမှဘာသာရပ်ဆိုင်ရာ စာစစ် မှူးချုပ်များကို ရန်ကုန်သို့ဖိတ်ခေါ်ထားပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တိကျခိုင်လုံသော အမှတ်ပေး စည်းမျဉ်းများ တပြေးညီပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။ တိုင်းနှင့်ပြည်နယ်ဘာ သာရပ်ဆိုင်ရာ ပါမောက္ခကြီးများ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ မိမိတို့ဖြတ်သန်းလာခဲ့သော စာစစ် အတွေ့အကြုံများကို အခြေပြုကာ စာဖြေသူအပေါင်းအတွက် အကောင်းဆုံးအဖြေတစ်ခုကို ထုတ် ပေးကြမည်ဖြစ်ပါသည်။

    လူသားဟူသည် အမှားနှင့်ကင်းသည်ဟူ၍မရှိပြီ။ တက္ကသိုလ်ဝင်တန်းသင်္ချာစာစစ်မှူးချုပ် ကြီးသည်လည်း လူသားတစ်ဦးပင်တည်း။သူ့ထဲတွင် တိကျရေရာသေချာသော “တာဝန်ယူမှု၊ တာဝန်ခံမှု” အဖြေတစ်ခုတော့ ဧကန်မုချ ရှိကိုရှိမည်ဟု စာရေးသူယုံကြည်မိပါသည်။