News @ M-Media

Blog

  • ယူကေမှခွဲထွက်ရေး စကော့တလန် ပြင်ဆင်

    ယူကေမှခွဲထွက်ရေး စကော့တလန် ပြင်ဆင်

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – ဗြိတိန်မှာ မိမိတို့ဆန္ဒမပါဘဲ မိမိတို့နိုင်ငံကို အီးယူမှထွက်ရန် ဆောင်ရွက်နေသောကြောင့် ယူကေမှ ခွဲထွက်ရေး ပြည်သူဆန္ဒခံယူမှု ပြုလုပ်နိုင်ရန် လုပ်ပိုင်ခွင့် ရယူသွားမည်ဟု စတော့တလန် ပထမ ၀န်ကြီးချုပ် နီကိုလာ စတာဂျီယွန်က ပြောကြားလိုက်သည်။

    ဗြိတိန် ဥရောပမှထွက်ခွာရေးကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်သွားချိန် ၂၀၁၈ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ပြုလုပ်ရန် စတာဂျီယွန်က တောင်းဆိုထားသည်။

    “Brexit နဲ့ ပတ်သက်တာတွေ သိသွားတဲ့အခါ စကော့တလန်က စစ်မှန်တဲ့ အခွင့်အရေးကို ရမယ်ဆိုရင်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ဖို့ သိပ်နောက်မကျသေးဘူးဆိုရင် နောက်နှစ် ၂၀၁၈ ဆောင်းဦးရာသီနဲ့ ၂၀၁၉ ခုနှစ် နွေဦးရာသီကြားထဲမှာ ရွေးချယ်ခွင့် ပေးရပါလိမ့်မယ်”

    ပြီးခဲ့သည့်နှစ် ဇွန်လက ပြုလုပ်ခဲ့သည့် ဗြိတိန်၏ ဥရောပမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို စတော့တလန် ပြည်သူ အများစုက ကန့်ကွက်ခဲ့သည်။ လက်ရှိတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေမှာ ခွဲထွက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။

    ၂၀၁၄ ခုနှစ် စက်တင်ဘာလကလည်း စကော့တလန်မှာ ခွဲထွက်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုကို ကျင်းပခဲ့ပြီး ၅၅-၄၅ ဖြင့် မခွဲထွက်ရေးဘက်က အသာရခဲ့သည်။

    ယခုကဲ့သို့ ဆာဂျီယွန်၏ တောင်းဆိုမှု ပေါ်ထွက်လာပြီးနောက် ယူကေအစိုးရက မိမိတို့မှာ အီးယူမှ ခွဲထွက်ပြီးသော်လည်း ယူကေတစ်ခုလုံးအတွက် မိတ်ဖက်ဆက်ဆံရေး ဖြစ်လာရန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ စကော့တလန်ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဗြိတိန်အစိုးရက ခွင့်ပြုမည်လားဆိုသည်ကို မပြောသေးပေ။

    Ref: Aljazzeera

  • အာဆင်နယ်နှင့်အနာဂတ်ကို မစဉ်းစားသေးဟု ၀ီလ်ရှိုင်းယားပြော

    အာဆင်နယ်နှင့်အနာဂတ်ကို မစဉ်းစားသေးဟု ၀ီလ်ရှိုင်းယားပြော

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – အာဆင်နယ်နှင့် အနာဂတ်အတွက် မိမိအနေဖြင့် အလျင်စလို အပြီးသတ်သွားမည်မဟုတ်ဘဲ လက်ရှိအချိန်တွင် ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ရေးသာ အာရုံစိုက်နေသည်ဟု ဂျက် ၀ီလ်ရှိုင်းယားက ပြောကြားလိုက်သည်။

    ကာလရှည်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြခွင့်မရခဲ့သည့် ၀ီလ်ရှိုင်းယားမှာ လက်ရှိတွင် ဘုန်းမောက်အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ရောက်ရှိနေသည်။

    ၎င်း၏ အာဆင်နယ်အသင်းနှင့် စာချုပ်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မိမိအနေဖြင့် စာချုပ်အသစ်ချုပ်ဆိုရန် အဆင်သင့်မဖြစ်သေးဟု ၀ီလ်ရှိုင်းယားက ဆိုသည်။

    “အနာဂတ်အတွက် မစဉ်းစားသေးပါဘူး။ အာဆင်နယ်နဲ့ တစ်နှစ်ကျန်သေးပြီး ဒီရာသီကုန်မှ အေးအေးဆေးဆေး စဉ်းစားမှာပါ။ ဒါပေမယ့် အခုအချိန် အဓိက အာရုံစိုက်ရမှာက ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး ကြိုးစားဖို့ပါပဲ။ ဘာ့ကြောင်လည်းဆိုတော့ နောက်နှစ်က ဘာပဲဖြစ်ဖြစ် – ဒီမှာပဲရှိရှိ အာဆင်န
    ယ်မှာပဲ ရှိရှိ – ဘယ်သူမှ သူ့ရဲ့အမည်နောက်မှာ တန်းဆင်းဆိုတဲ့စကားလုံးကို လိုချင်ကြမှာ မဟုတ်လို့ပါပဲ” ဟု ၀ီလ်ရှိုင်းယားက ပြောကြားခဲ့သည်။

    ဘုန်းမောက်အသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားပေးထားသည့် ၀ီလ်ရှိုင်းယားမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားသည်။

    Ref: Goal

  • မော်ရင်ဟိုမှာ ဖာဂူဆန်နှင့်တူညီသည်ဟု မန်ယူနောက်ခံလူ နဗီးလ် ပြော

    မော်ရင်ဟိုမှာ ဖာဂူဆန်နှင့်တူညီသည်ဟု မန်ယူနောက်ခံလူ နဗီးလ် ပြော

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – မည်သည့်နည်းနှင့်မဆို အနိုင်ရရှိရမည်ဟု မော်ရင်ဟို၏ ဆုံးဖြတ်ထားမှုမှာ နည်းပြဟောင်း ဖာဂူဆန်နှင့် တူညီသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က ပြောကြားလိုက်သည်။

    ဖာဂူဆန်မှာ မန်ယူအသင်းအား ကိုင်တွယ်ခဲ့သည့် ၂၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၁၃ ကြိမ်နှင့် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၃၈ လုံးကို ရယူပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့သည်။

    နောက်ပိုင်းတွင် မိုယက်စ်၊ ဗန်ဟားလ်တို့က ဖာဂူဆန်နေရာကို ဆက်ခံခဲ့သော်လည်း မန်ယူအား အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ယခုရာသီတွင် မန်ယူမှာ မော်ရင်ဟိုလက်ထဲသို့ ရောက်လာခဲ့သည်။

    “နိုင်လိုမှု၊ အောင်မြင်မှု၊ ပြင်းပြတဲ့ ရည်ရွယ်ချက်တွေ၊ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်တာတွေဟာ မော်ရင်ဟိုနဲ့ ဖာဂူဆန်အကြား အကြီးကျယ်ဆုံး တူညီမှုပါပဲ” ဟု နဗီးလ်က Omnisport သို့ ပြောကြားခဲ့ပြီး အသင်းမှာ မော်ရင်ဟို၏ ထိန်းကြောင်းမှုအောက်တွင် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

    မော်ရင်ဟိုမှာ မန်ယူအား တစ်ဖြည်းဖြည်းဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်၌ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိထားသည်။ ဇယားတွင် ၂ ပွဲလျော့ဖြင့် စတုတ္ထနေရာမှာ လီဗာပူးလ်နှင့် ၆ မှတ် ကွာဟနေသည်။

    Ref: Goal

  • ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးများအတွက် အဆိုးဆုံးနှစ်ဖြစ်

    ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးများအတွက် အဆိုးဆုံးနှစ်ဖြစ်

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – ၆ နှစ်တာ ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်တွင် ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးငယ်များအတွက် အဆိုးရွားဆုံးနှစ် ဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    တစ်နှစ်လုံးတွင် အနည်းဆုံး ကလေးငယ် ၆၅၂ ဦး သေဆုံးခဲ့ပြီး ၂၅၅ ဦးမှာ ကျောင်းတက်နေသူများ၊ သို့မဟုတ် ကျောင်းတက်ရတော့မည့်သူများ ဖြစ်သည်။ ထိုအရေအတွက်မှာ ၂၀၁၅ ခုနှစ်က ကလေးငယ်များ သေဆုံးမှုနှင့် ယှဉ်လျှင် ၂၀ ရာခိုင်နှုန်း တက်လာခြင်းဖြစ်သည်။

    ယခုထုတ်ပြန်မှုမှာ တရားဝင် အတည်ပြုနိုင်ခဲ့သည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးမှုမှာ ယခုထက်ပို၍ မြင့်မားနိုင်သည်။

    ၂၀၁၆ ခုနှစ်အတွင်း တိုက်ခိုက်ရန်အတွက် လူသစ်စုဆောင်းခံရသူ ကလေးငယ် အရေအတွက်မှာ ၈၅၀ ကျော် ရှိမည်ဟု ယူနီဆက်ဖ်က ယုံကြည်နေသည်။ ထိုအရေအတွက်မှာလည်း ၂၀၁၅ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာခြင်းဖြစ်သည်။

    “ထိခိုက်ခံစားရမှု အနေအထားက မကြုံစဖူးပါပဲ။ ဆီးရီးယားက သန်းနဲ့ချီတဲ့ ကလေးတွေဟာ နေ့စဉ်လိုလို တိုက်ခိုက်ခံနေရပြီး သူတို့ရဲ့ ဘ၀တွေဟာ စကောထဲ ထည့်လှိမ့်ခံနေသလိုပါပဲ” ဟု ယူနီဆက်ဖ်၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကဆိုင်ရာ ဒါရိုက်တာ ဂါ့တ် ကာပီလေရီက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဆီးရီးယား၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ကလေးငယ်အရေအတွက်မှာ ၆ သန်းခန့် ရှိနေသည်။

    ၂.၃ သန်းခန့်မှာ တိုင်းပြည်မှ ထွက်သွားကြပြီး၊ အခြား ၂.၈ သန်းမှာ အကူအညီရောက်ပေါက်နိုင်ခြင်းမရှိသည့် ဒေသများတွင် ပိတ်မိနေကြကာ ထိုအထဲတွင် လက်နက်ကိုင်များ ၀န်းရံ ပိတ်ဆို့မှုကို ခံထားရသည့် ၂၈၀၀၀၀ လည်း ပါဝင်သည်။

    Ref: BBC

  • ပုပ်ရဟန်းမင်းကြီးက အဲလစ်ပိုပြည်သူများအတွက် ယူရို ၁ သိန်း လှူဒါန်း

    ပုပ်ရဟန်းမင်းကြီးက အဲလစ်ပိုပြည်သူများအတွက် ယူရို ၁ သိန်း လှူဒါန်း

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံမှ စစ်ဒဏ်ခံနေရသော အဲလစ်ပိုမြို့မှ အတိဒုက္ခရောက်နေသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူရို ၁ သိန်း ထောက်ပံ့လှူဒါန်းခဲ့သည်ဟု ဗာတီကန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    Curia ဟုခေါ်သည့် ဗာတီကန် အုပ်ချုပ်ရေးအဖွဲ့က ထိုလှူဒါန်းမှုကို ပြုလုပ်ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ပရဟိတရုံးမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။

    အဲလစ်ပိုမှာ လွန်ခဲ့သည့် ၆ နှစ် ပြည်တွင်းစစ် မဖြစ်ခင်အချိန်က ဆီးရီးယားတွင် လူနေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ စစ်ဖြစ်လာသော အထိနာဆုံး မြို့ဖြစ်ခဲ့သည်။ အဆောက်အဦးများ ထောင်နှင့်ချီ ပျက်ဆီးဆုံးရှုံးကာ၊ လူများလည်း သိန်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    မြို့ကို သူပုန်အဖွဲ့မှ အချိန်အတော်ကြာ သိမ်းပိုက်ထားခဲ့သော်လည်း ဒီဇင်ဘာတွင် အစိုးရတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    Ref: Reuters