News @ M-Media

Blog

  • အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို

    အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို

    မတ် ၆၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလအတွင်း ၎င်း၏ ဖုန်းပြောဆိုမှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြားဖြတ်နားထောင်ခဲ့သည်ဟု လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲပြောကြားမှုကို စုံစမ်းရန် အိမ်ဖြူတော်က အောက်လွှတ်တော်အား ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

    ထရမ့်မှာ သောကြာနေ့က ထိုစွပ်စွဲချက်ကို ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိုဘားမားမှာ အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆိုသည်။ လက်ယာစွန်း သတင်းဌာနတစ်ခုဖြစ်သော Breitbart News ၏ ရင်းမြစ်မခိုင်မာဘဲ ဖော်ပြသည့် အချက်အလက်ကို အခြေခံ၍ ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက အောက်လွှတ်တော်အနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးပေးရန် အလိုရှိနေသည်ဟု ဆိုသည်။ ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်ဒါးစ်ကလည်း ထိုကိစ္စ အမှန်တကယ် ဖြစ်ပွားပါက အုပ်ချုပ်ရေးပိုင်းတွင် အကြီးကျယ်ဆုံး အာဏာအလွဲသုံးစားပြုမှုနှင့် အကောက်ကြံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အိုဘားမားက ထရမ့်၏ စွပ်စွဲချက်များမှာ လုံးဝ မှားယွင်းမှုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားခဲ့သည်။

    အမေရိကန်ဥပဒေအရ သမ္မတအနေဖြင့် ထိုကဲ့သို့ ဖုန်းများကို ကြားဖြတ်နားထောင်ရန် အမိန့်ပေး၍မရဘဲ သံသယဖြစ်စရာ အကျိုးအကြောင်း ခိုင်ခိုင်မာမာ ပြနိုင်မှသာလျှင် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သော ကိစ္စဖြစ်သည်။

    ထရမ့်၏ ထိုစွပ်စွဲချက်မှာ မှားယွင်းသည်ဟု ယူဆထားသည့် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမေးက တရားရေးဌာနအနေဖြင့် ထိုစွပ်စွဲချက်ကို လူသိရှင်ကြား ငြင်းဆိုရန် တောင်းဆိုခဲ့သည်ဟု အကြီးတန်း တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား၍ နယူးယောက်တိုင်းမ်စ် သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း တရားရေးဌာနမှာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း မရှိချေ။

    Ref : CNA

  • မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ

    မတ် ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ ယနေ့မနက် အစောပိုင်းက ဒုံးကျည်း ၄ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၃ စင်းမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့ လက်ရှိပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင်မှုကို ဆန့်ကျင်သည့်အနေဖြင့် ထိုကဲ့သို့ ပစ်လွှတ်ခြင်းဖြစ်နိုင်ပြီး မြောက်ကိုရီးယားက ထိုစစ်ရေးလေ့ကျင့်မှုများမှာ ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မှတ်ယူထားသည်။

    တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ကီဂျွန်းက ဒုံးကျည်များမှာ ကီလိုမီတာ ၁၀၀၀ (မိုင်ပေါင်း ၆၂၀ အထိ) ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံမြောက်ပိုင်း တွန်ချန်ရီပြည်နယ်မှ ပစ်လွှတ်ခြင်းဖြစ်ပြီး၊ တောင်ကိုရီးယား ယာယီသမ္မတက အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ချက်ခြင်းခေါ်ယူရန် ရှိနေသည်။

    မြောက်ကိုရီးယားမှာ ပစ်လွှတ်လိုက်သည့် အဆိုပါ ဒုံးကျည်လေးစင်းမှာ ဂျပန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့ပြီး ထိုအထဲမှ ၃ ခုမှာ ဂျပန် အထူးစီးပွားရေးဇုန်အတွင်းသို့ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနကမူ ထိုပစ်လွှတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • ဂျူး-မွတ်စလင် ပထမဆုံး အမျိုးသမီးညီလာခံ လန်ဒန်တွင် လုပ်မည်

    ဂျူး-မွတ်စလင် ပထမဆုံး အမျိုးသမီးညီလာခံ လန်ဒန်တွင် လုပ်မည်

    မတ် ၆၊ ၂၀၁၇
    M-Media

    Nisa-Nashim အဖွဲ့ကို့ ပူးတွဲတည်ထောင်ခဲ့သူ ဂျူ လီ ဆစ်ဒီကီနှင့် လော်ရာမာ့ခ်

    – ဂျူးနှင့် မွတ်စလင်အမျိုးသမီးများအကြား ပထမဆုံးညီလာခံကို လန်ဒန်မြို့ရှိ ၀က်စ်မင်စတာ တက္ကသိုလ်တွင် မတ်လ ၅ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယူကေရှိ လူနည်းစု လူ့အဖွဲ့အစည်းနှစ်ခု၏ ဖောက်ထွက်မှု တစ်ခုလည်းဖြစ်သည်။

    အဆိုပါ ညီလာခံကို Nisa-Nashim ဂျူး-မွတ်စလင် အမျိုးသမီး ကွန်ယက်မှ စီစဉ်ခြင်းဖြစ်ပြီး ‘တစ်ဆင့်စကားများကို ပြောင်းလဲခြင်း’ ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။ နှစ်ဖက်အဖွဲ့အစည်းမှ အမျိုးသမီး ၁၅၀ ကျော်မှာ ထိုညီလာခံသို့ တက်ရောက်ရန် စာရင်းပေးထားကာ ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန် ရှိနေသည်။

    ညီလာခံတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပြည်သူအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်၊ အမျိုးသမီးများ ၀တ်ပြုမှုနှင့် အသံထုတ်မှု စသည်တို့အပါအ၀င် မတူညီသော အကြောင်းအရာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

    ထို့ပြင် ယူကေရှိ ထိပ်တန်း ဂျူးပညာရှင်များနှင့် မွတ်စလင်ပညာရှင်များ လာရောက်မိန့်ခွန်းပြောကြားရန်လည်း ရှိနေသည်။

    “ဂျူးနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ သိပ်မကျော်ကြားဘဲ၊ လူတွေလည်း သိပ်မသိကြပါဘူး။ ဒီလူတွေကို ပေါင်းစည်းစေခြင်းအားဖြင့် ကျွန်မတို့ဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်၊ လက်ရှိအချိန်မှာ ဖြစ်နေတဲ့ အဓိက ပြဿနာတွေအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှု၊ အနှုတ်လက္ခဏာဆောင်တဲ့ တစ်ဆင့်စကားတွေကို ပြောင်းလဲဖို့ သူတို့ရဲ့စွမ်းရည်၊ လုပ်နိုင်စွမ်းတွေကို ပြသမှာ ဖြစ်ပါတယ်” ဟု Nisa-Nashim ကွန်ယက်ကို ပူးတွဲတည်ထောင်သူ လော်ရာမာ့ခ်က ပြောကြားခဲ့သည်။

    အဖွဲ့အား ပူးတွဲတည်ထောက်သူ နောက်တစ်ဦးဖြစ်သည့် ဂျူလီ ဆစ်ဒီကီကလည်း ယခုကဲ့သို့ တွေ့ဆုံမှုက မိမိတို့ လူ့အဖွဲ့အစည်းတွင် ကိစ္စရပ်များကို ဆောင်ရွက်ရန် မတူညီသော နည်းသစ်၊ လမ်းသစ်များကို ရှာဖွေနိုင်မည်ဟု ဆိုသည်။

    “တစ်ယောက်ဆီကတစ်ယောက်က သင်ယူနိုင်မယ်။ လူ့အဖွဲ့အစည်းရဲ့ ဆိုးရွားတဲ့ စိန်ခေါ်မှုတွေကို အတူတကွ တိုက်ဖျက်ဖို့ စတင်နိုင်မှာပါ။ ဒီလိုလုပ်နိုင်ဖို့ ညီလာခံအတွင်းနဲ့ ညီလာခံနောက်ပိုင်းမှာလည်း ဆက်လက်ရှာဖွေဆောင်ရွက်သွားမှာပါ”

    Ref: The JC

  • အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    မတ် ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့အနီးတွင် လူဖြူတစ်ဦးက ဆစ်ခ်လူမျိုးတစ်ဦးကို တိုင်းပြည်မှ ထွက်သွားရန်ပြောကာ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဆီယက်တဲလ် တီဗီ KIRO 7 က အဆိုပါ ဆစ်ခ်လူမျိုးမှာ ကားအတွင်းရှိနေစဉ် လက်မောင်း၌ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “‘တိုင်းပြည်က ထွက်သွားစမ်း။ မင်းလာတဲ့နေရာကိုပြန်’ ဆိုတဲ့ စကားမျိုးတွေ ပြောပြီး အပစ်ခံလိုက်ရတာပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုးဖြစ်တာဟာ သိပ်ပြီး အံ့အားသင့်စရာကောင်းသလို အလွန်အမင်းလည်း စိတ်ပျက်စရာလည်း ကောင်းပါတယ်” ဟု ကန့်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ကန် သောမတ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Seattle Times က သေနတ်ဖြင့် ပစ်သွားသူမှာ အရပ် ၆ ပေခန့် ဂင်တိုတိုရှိသော လူဖြူအမျိုးသားဖြစ်ပြီး ၎င်း၏ မျက်နှာတစ်ဝက်ကို ဖုံးထားသော မျက်နှာဖုံး ၀တ်ဆင်ထားသည်ဟု ဒဏ်ရာရသူက ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။

    ပစ်ခတ်ခံရသည့် ဆစ်ခ်လူမျိုးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်သည်။

    ဆစ်ခ်ညွှန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဂ်ျဒီပ် ဆင်းက အစိုးရခေါင်းဆောင်များအနေဖြင့် အမုန်းအခြေခံ ရာဇ၀တ်မှုကို ရပ်တန့်ရေး အဓိကထား ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ရှူရှမာ ဆွာရဂ်ျကလည်း သောကြာနေ့က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    ကြာသာပတေးနေ့က တောင်ကယ်ရိုလိုင်းနားတွင် အိန္ဒိယနွယ်ဖွား အမျိုးသား ဟာနစ်ရှ် ပက်တေးလ်မှာ ဆိုင်ပိတ်နေချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့ကမူ ထိုပစ်ခတ်မှုမှာ လူမျိုးရေးလှုံ့ဆော်မှုကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    လွန်ခဲ့သည် နှစ်ပတ်က ကန်းဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အိန္ဒိယ အင်ဂျင်နီယာတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အမေရိကန်တွင် ဆစ်ခ်လူမျိုးများမှာ ပစ်မှတ်ထား တိုက်ခိုက်မှုကို အများအပြား ခံခဲ့ရသည်။

    Ref: Aljazeera

  • အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    မေ ၅၊ ၂၀၁၇
    M-Media

    – အစိုးရဘက်ဂျက်ဖြင့် တည်ဆောက်ရန် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်ယူသွားမည်ဟု ရခိုင်ပြည်နယ်အစိုးအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားလိုက်သည်။

    လေဆိပ်ဆောက်လုပ်ရေး လုပ်ငန်းကို ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး ဗဟိုအစိုးရက တစ်နှစ်လျှင် ထိုစီမံကိန်းအတွက် ငွေကျပ် ၂ ဘီလီယံသာ ထောက်ပံ့သည့်အတွက် ထိုငွေပမာဏနှင့် စီမံကိန်းပြီးဆုံးရန်မှာ နောက်ထပ် ၁၀ နှစ်ကျော် ကြာမြင့်မည်ဟု ၎င်းက ဆိုသည်။

    “လေဆိပ်ဆောက်လုပ်ဖို့အတွက် တစ်နှစ်ကို ကျပ် ၂ ဘီလီယံလောက်ပဲ သုံးနိုင်တယ်။ ဒီစီမံကိန်းတစ်ခုလုံး အပြီးသတ်ဖို့အတွက် ငွေကျပ် ၂၆ ဘီလီယံလောက် လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းကို တာဝန်ယူလိုတဲ့ ကုမ္ပဏီတွေကို တင်ဒါပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ တင်ဒါအောင်တဲ့သူ ဆောင်ရွက်လို့ရှိရင် လေဆိပ်ဟာ ၃ နှစ်အတွင်း ပြီးဆုံးနိုင်ပါတယ်။ ဒါဟာ မြောက်ဦးဒေသက ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို အားကောင်းစေမှာ ဖြစ်ပါတယ်”

    လက်ရှိတွင် မြောက်ဦးကို ပြည်နယ်မြို့တော် စစ်တွေမှ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့်သာ သွားလာနိုင်သည်။

    မြောက်ဦးတွင် သမိုင်းဝင် စေတီပုထိုးပေါင်း ၁၅၀၀ ကျော်ရှိနေပြီး အချို့၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀၀ ကျော် ကြာမြင့်နေပြီဖြစ်သည်။ ထိုဒေသအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် ကြိုးပမ်းနေသည်။

    ထို့ပြင် အဆိုပါ ဒေသမှာ နိုင်ငံခြားသားများ စိတ်ဝင်စားရာ နေရာလည်းဖြစ်ပြီး တစ်နှစ်လျှင် မြောက်ဦးသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားအရေအတွက်မှာ ၄၀၀၀ ကျော် ရှိနေသည်။

    Ref: Bangkokpost