News @ M-Media

Blog

  • ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – ရွေ့လျားပစ်မှတ်ကို ပစ်ခတ်နိုင်သည့် ပြည်တွင်းဖြစ် တိုက်ချင်းပစ် Hormuz-2 ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် (IRGC) လေကြောင်းဌာန တပ်မှူး ဗိုလ်မှူးချုပ် အမီရန် အလီ ဟာဂျီဇာဒဟ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ပြင်ပေါ်မှ ပစ်မှတ်များကို ဖျက်ဆီးနိုင်သည့် အဆိုပါ Hormuz-2 ကို ယခုသီတင်းပတ်အတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာအဝေးရှိ ရွှေ့လျားပစ်မှတ်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည်မှာ ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည်။

    ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟိုစိန် ဒေကန်က အီရန်၏ ကာကွယ်ရေး စွမ်းအားမှာ ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ကျူကျာ်မှုမျိုးကိုမဆို တားဆီးနိုင်သည်ဟု ပြောကြားခဲ့ပြီး ရုရှားမှ ၀ယ်ယူထားသည့် S-300 ဒုံးခွင်းစနစ်ကို စမ်းသပ်ပြီး နောက်တစ်ရက်တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    အီရန်မှာ လက်ရှိတွင် S-300 ကဲ့သို့ ပြင်တွင်းဖြစ် ဒုံးခွင်းစနစ် Bavar-373 ကို ဒီဇိုင်းဆွဲ တည်ဆောက်နေသည်ဟု ဗိုလ်မှူးချုပ် ဖာရ်ဇဒ် အက်စ်မိုင်လီက ပြောကြားခဲ့သည်။

    Ref: Press TV

  • အမျိုးသမီးကာသွီများ ပေါ်ပေါက်လာရေး အိန္ဒိယမွတ်စလင်အမျိုးသမီးအဖွဲ့ ကြိုးပမ်း

    အမျိုးသမီးကာသွီများ ပေါ်ပေါက်လာရေး အိန္ဒိယမွတ်စလင်အမျိုးသမီးအဖွဲ့ ကြိုးပမ်း

    မတ် ၁၀၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရာဂျာစသန် ဒေသ၌ ပထမဆုံး အမျိုးသမီး ကာသွီဖြစ်လာသော ဂျဟန်း အေရာ

    – အိန္ဒိယရှိ မွတ်စလင်အမျိုးသမီး တက်ကြွလှုပ်ရှားသူများအဖွဲ့မှာ မွတ်စလင်အမျိုးသမီးများကို ထုံးတမ်းစဉ်လာအရ ဆုံးဖြတ်ပေးသော တရားသူကြီး(ကာသွီ)များ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနေသည်ဟု သိရသည်။

    Bharatiya Muslim Mahila Andolan (BMMA) အဖွဲ့ဖြစ်ပြီး ပထမသုတ်အနေဖြင့် အမျိုးသမီး ၃၀ ကို ကုရ်အာန်ဥပဒေ၊ ဖွဲ့စည်းဖုံအခြေခံဥပဒေနှင့် အမျိုးသမီးအခွင့်အရေးများကို သင်ကြားပေးနေသည်။ ထို သင်ကြားမှုမှာ ဧပြီလတွင် ပြီးဆုံးမည်ဖြစ်သည်။

    BMMA ကို ပူးတွဲတည်ထောင်သူက တစ်နှစ်တာ ကြာမြင့်သည့် အဆိုပါ လေ့ကျင်သင်ကြားပေးမှုကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ၏ အကြီးဆုံး လူနည်းစုဖြစ်သော မွတ်စလင်များ၏ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနှင့် အမွေဆက်ခံခြင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ဘာသာရေးဥပဒေဖြင့် ဆုံးဖြတ်ခွင့် ပြုထားပြီး ထိုကိစ္စများကို ကာသွီများက ကိုင်တွယ်သည်။

    “ပုံမှန်အားဖြင့်တော့ ကာသွီတွေဟာ အမျိုးသားတွေပဲ ဖြစ်ကြတာများပါတယ်။ တော်တော်များများက အမျိုးသမီးတွေအတွက် မမျှတပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တာမျိုး မခံရပါဘူး။ ကျွန်မတို့ဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာပြောထားလဲဆိုတာ သေသေချာချာလေ့လာ
    တယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရား အကြောင်းတွေပါ” ဟု BMMA တွင် လေ့ကျင့်သင်ကြားပေးနေသူ အမျိုးသမီး ခါတွန် အာပါက ပြောကြားခဲ့သည်။

    လက်ရှိတွင် ကာသွီသင်တန်းကို တက်ရောက်နေသူများမှာ မဟာရက်ရှ်ထရာ၊ ရာဂျက်စ်တန်၊ မဒ်ယာ ပရာဒက်ရှ်၊ တမီလ်နန်ဒူးနှင့် ဘီဟာရ်မြို့မှ ပရဟိတလုပ်ဆောင်သူများ၊ တက်ကြွလှုပ်ရှားသူ အမျိုးသမီးများဖြစ်သည်။

    Ref: Times of India

  • ဘာစီလိုနာကို ရှုံးပြီးအပြန်တွင် ပီအက်စ်ဂျီအသင်း နှောက်ယှက်တိုက်ခိုက်ခံရ

    ဘာစီလိုနာကို ရှုံးပြီးအပြန်တွင် ပီအက်စ်ဂျီအသင်း နှောက်ယှက်တိုက်ခိုက်ခံရ

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအား အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ပြန်လာသည့် ပီအက်စ်ဂျီအသင်းမှာ ပြင်သစ်လေဆိပ်တွင် လူတစ်စု၏ နှောက်ယှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ရဲတပ်ဖွဲ့က ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ အိမ်ကွင်းတွင် ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီ အသင်းမှာ ယမန်နေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဘာစီလိုနာကို ၆ ဂိုး ၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ထို့နောက် ပြင်သစ်သို့ ပြန်လည်ရောက်ရှိချိန် Bourget လေဆိပ်တွင် လူအုပ်စုတစ်ခုက အသင်းသားများအား နှောက်ယှက်ကာ ကားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    “အဲဒီသူတွေက ကစာသမားတွေကို စော်ကားပြောဆိုပြီး နောက်ပိုင်းမှာ ကားတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ကားတော်တော်များများ ပျက်ဆီးခဲ့ပါတယ်။ ဒီ ဆိုးဆိုးဝါးဝါးရန်လိုတဲ့ အဖြစ်အပျက်ကြောင့် ကစားသမားတွေ၊ သူတို့ရဲ့မိသားစုတွေ၊ ကလပ်အသင်းအဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကင်းရေးအတွက် လုံခြုံရေး ပေးခဲ့ရပါတယ်” ဟု ပီအက်စ်ဂျီအသင်းက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို ရဲတပ်ဖွဲ့က စတင်လုပ်ဆောင်နေပြီး မိမိတို့အသင်းက ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ထိုအဖြစ်ပျက်ကိုလည်း မိမိတို့က ပြင်းပြင်းထန်ထန် ရှုတ်ချက်ကြောင်း ပီအက်စ်ဂျီက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ထိုင်းနိုင်ငံမှ အငြင်းပွားဘုန်းကြီးကို လူဝတ်လဲရေး အစိုးရ ကြိုးပမ်းမည်

    ထိုင်းနိုင်ငံမှ အငြင်းပွားဘုန်းကြီးကို လူဝတ်လဲရေး အစိုးရ ကြိုးပမ်းမည်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    ဆရာတော် Phra Dhammajayo

    – ငွေကြေးမသမာမှုတွင် ပါဝင်နေသည်ဟု စွပ်စွဲကာ အစိုးရက ဖမ်းဆီးရန် ကြိုးစားနေသည့် ထိုင်းနိုင်ငံမှ နာမည်ကြီး ဆရာတော် Phra Dhammajayo မှာ ရဟန်းဝိနည်းများကို ချိုးဖောက်မှု ရှိ၊ မရှိနှင့် လူဝတ်လဲသင့်၊ မလဲသင့်ကို စဉ်းစားဆုံးဖြတ်ရန်အတွက် သံဃာ့ကောင်စီ (SSC) ကို အမျိုးသား ဗုဒ္ဓဘာသာအသင်း (NOB) က
    ယနေ့တွင် တောင်းဆိုသွားမည်ဟု သိရသည်။

    အဆိုပါ ဘုန်းတော်ကြီးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားပြီး ၎င်းသီတင်းသုံးရာ Wat Phra Dhammakaya ကျောင်းတိုက်ကို ပိတ်ဆို့ထားသည်မှာ ၃ ပတ်ကျော် ကြာမြင့်နေကာ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

    NOB ဒါရိုက်တာက အဆိုပါ ဘုန်းတော်ကြီးအား လူဝတ်လဲရန် လွယ်ကူမည်မဟုတ်ဟု ၀န်ခံခဲ့ပြီး အချိန်အတော်ကြာမည်ဟုလည်း ဆိုသည်။

    NOB ၏ အကြီးအကဲသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး ပွန်ပေါင် ပရမ်ဆာနီဟ်က ယနေ့တွင်ပြုလုပ်မည့် SSC ၏ အစည်းအဝေးတွင် Phra Dhammajayo နှင့်ပတ်သက်သည့် ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။

    SSC မှာ ထိုဘုန်းကြီးအပေါ် ရှိနေသည့် ရာဖ၀တ်မှုဆိုင်ရာ စွဲချက်များမှာ ၀ိနည်း ချိုးဖောက်မှု ရှိ၊ မရှိကို စဉ်းစားသုံးသပ်သွားမည် ဖြစ်သည်။

    ဘုန်းတော်ကြီး Phra Dhammajayo မှာ ငွေကြေးခ၀ါချမှု၊ Klongchan Credit Union Cooperative (KCUC) တွင် ဖြစ်ပွားခဲ့သည့် ဘတ် ဘီလီယံပေါင်းများစွာ အလွဲသုံးစားပြုမှုနှင့် ဆက်နွယ်၍ ခိုးရာပါပစ္စည်းများ လက်ခံထားရှိမှု၊ ပြည်နယ်အများအပြားတွင် ခွင့်ပြုချက်မရှိဘဲ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ခြင်းအားဖြင့် သစ်တောများတွင် ပိုင်နက်ကျူးလွန်မှု စသည့် ပြစ်ချက်များဖြင့် စွဲချက်တင်ကာ ၀ရမ်းထုတ်ခံထားရခြင်း ဖြစ်သည်။

    ထိုစွပ်စွဲမှုများအတွက် Phra Dhammajayo မှာ တစ်နှစ်ကျော်ကြာ လာရောက်ဖြေကြားခြင်းမပြုဘဲ တိမ်းရှောင်နေခြင်းကြောင့် ရဲတပ်ဖွဲ့ အင်အားသုံးဖမ်းဆီးရန် ပြင်ဆင်လာခြင်းဖြစ်သည်။

    Ref: Bangkokpost

  • တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်

    တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးကို ဒီဇင်ဘာလက ပါလီမန်မှ ယာယီအနားပေးထားမှုကို အခြေခံဥပဒေခုံရုံးက အတည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သောကြောင့် သူမ၏ သမ္မတတာဝန်မှာ တရားဝင် အဆုံးသတ်သွားပြီ ဖြစ်သည်။

    ယမန်နေ့ ကြားနာမှုအတွင်း တရားသူကြီး ၈ ဦးက ပက်၏ ခြစားမှုပြဿနာနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားရန် အမိန့်ချလိုက်ခြင်းဖြစ်ပြီး သူမ၏ လုပ်ရပ်မှာ “ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးကို ယုတ်လျော့စေသောကြောင့် သမ္မတ ပတ်ဂျုံဟေးကို ဖြုတ်ချလိုက်ကြောင်း” တရားသူကြီး လီ ဂျန် မီက ပြောကြားခဲ့သည်။

    ထို့ကြောင့် ပတ်ဂျုံဟေးမှာ ၁၉၈၀ ပြည့်နှစ်များတွင် အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီးနောက် တောင်ကိုရီးယားတွင် ရာထူးတာဝန် ပြီးဆုံးအောင် မထမ်းဆောင်ရဘဲ ဖြုတ်ချခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

    သမ္မအကြံပေးဟောင်းဖြစ်ပြီး ပက်၏ သူငယ်ချင်းလည်းဖြစ်သူ ချို ဆွန် ဆီလ်မှာ ၎င်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်းနှစ်ခုတွင် ငွေကြေးများထောက်ပံ့ရန်အတွက် စီးပွားရေးလုပ်ငန်းကြီးများကို ဖိအားပေးပြီး အသက် ၆၅ နှစ်အရွယ် ပက်ကလည်း ထိုကိစ္စတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group မှ လာဘ်ငွေ တောင်းသည်ဟုလည်း စွပ်စွဲခံထားရသည်။

    ပက်ကမူ ထိုစွပ်စွဲမှုများအားလုံးကို ငြင်းဆိုခဲ့ပြီး သူမ၏ သူငယ်ချင်းအပေါ် ယုံကြည်ခဲ့မှုအတွကလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

    ယခုကဲ့သို့ သမ္မတကို ဖြုတ်ချခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ထိုအတွက် ဥပဒေတစ်ခု လိုအပ်နေသည်။

    Ref: Aljazeera