News @ M-Media

Blog

  • ဘောလုံးပွဲတွင် နှစ်ဖက်ပရိတ်သတ်များ တိုက်ခိုက်ပွဲ ဖန်တီးပေးရန် ရုရှားအမတ်တစ်ဦး အဆိုပြု

    ဘောလုံးပွဲတွင် နှစ်ဖက်ပရိတ်သတ်များ တိုက်ခိုက်ပွဲ ဖန်တီးပေးရန် ရုရှားအမတ်တစ်ဦး အဆိုပြု

    မတ် ၇၊ ၂၀၁၇
    M-Media

    ယူရို ၂၀၁၆ ပြိုင်ပွဲမှ ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှု ပုံရိပ်တစ်ခု

    – ဘောလုံးပြိုင်ပွဲများတွင် ရုရှားပရိတ်သတ်များ၏ ဆိုးသွမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက် နှစ်ဖက်ပရိတ်သတ်များအားအုပ်စုဖွဲ့၍ ကွင်းအတွင်း ထိုးနှက်စေသည့် နည်းလမ်းကို အသုံးပြုရန် ရုရှား အမတ်တစ်ဦးက အဆိုပြုခဲ့သည်ဟု သိရသည်။

    ရုရှား ပရိတ်သတ်များမှာ ကွင်းအတွင်း တစ်ဖက်ပရိတ်သတ်များကို တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲတွင် ကိုယ်ခံပညာ တတ်ထားသူအများစုပါဝင်သည့် ရုရှား ဘောလုံးပရိတ်သတ်အုပ်စုမှာ မာဆေးလ်မြို့တွင် အင်္ဂလိပ်ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုက နည်ကျော်သော အဖြစ်အပျက်ဖြစ်ခဲ့သည်။

    ရုရှား အမတ်တစ်ဦးဖြစ်သူ အီဂေါရ် လီဘီဒက်ဗ်က ထိုပြဿနာကို ဖြေရှင်းရန်အတွက် တစ်ဖက် လူ ၂၀ ပါသည့် နှစ်ဖက်ပရိတ်သတ် အုပ်စုနှစ်ခုကို ကွင်းအတွင်း လက်နက်မဲ့ တိုက်ခိုက်ပွဲ ဖန်တီးပေးရေး ဥပဒေများ ရေးဆွဲရန် အဆိုပြုခဲ့သည်။ အဆိုပါ တိုက်ခိုက်ပွဲကို ‘draka’ ဟု ခေါ်ဆိုပြီး ‘တိုက်ခိုက်မှု’ ဟု အဓိပ္ပါယ်ရသည်။

    ၎င်း၏ပါတီ LDPR ၏ ၀ဘ်ဆိုက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ လွှင့်တင်ထားသော ကြေငြာချက်၌ လီဘီဒက်ဗ်က ယခုကဲ့သို့ တိုက်ခိုက်ပွဲများ ဖန်တီးပေးခြင်းဖြင့် ပရိတ်သတ်များ၏ ရန်လိုမှုကို ငြိမ်းချမ်းသည့်ဘက်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း၊ မယဉ်ကျေးသော၊ မတိုက်ခိုက်တတ်သော အင်္ဂလိပ်ပရိတ်သတ်များအတွက် နမူနာယူစရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    “ရုရှားဟာ အားကစားနည်းသစ်တစ်ခုမှာ ရှေ့ဆောင်လမ်းပြနိုင်ငံတစ်ခု ဖြစ်လာမှာပါ။ ဥပမာအားဖြင့် အင်္ဂလိပ်ပရိတ်သတ်တွေ ရောက်လာမယ်၊ စပြီး ချကြမယ်။ ဒါဆိုရင် သူတို့ရဲ့ စိန်ခေါ်မှုကို လက်ခံတယ်ဆိုတဲ့အဖြေ ရမှာပါ။ ပွဲကိုတော့ ကွင်းထဲ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ လုပ်မှာပါ” ဟု လီဘီဒက်ဗ်က ဆိုပြီး ထိုသို့ ဆောင်ရွက်ခြင်းက လူထောင်နှင့်ချီကို စွဲဆာင်နိုင်မည်ဟုလည်း ဆိုသည်။

    လက်ရှိတွင် ရဲတပ်ဖွဲ့ အလှမ်းမမီသော ရုရှား၏ ကျေးလက်ဒေသများ၌ ရုရှားဘောလုံးပရိသတ်များမှာ နှစ်ဖက် ထိုကဲ့သို့တိုက်ခိုက်မှုများကို တရားမ၀င် ပြုလုပ်နေကြသည်။

    Ref: NY Post

  • Air India က လေကြောင်းကဏ္ဍတွင် သမိုင်းသစ်တစ်ခု ရေးထိုး

    Air India က လေကြောင်းကဏ္ဍတွင် သမိုင်းသစ်တစ်ခု ရေးထိုး

    မတ် ၇၊ ၂၀၁၇
    M-Media

    – အိန္ဒိယ လေကြောင်းလိုင်း Air India က မိမိတို့အနေဖြင့် လေယာဉ်တစ်စီးလုံး အမျိုးသမီး အမှုထမ်းများကို အသုံးပြုကာ ကမ္ဘာတစ်ပတ် ပျံသန်းသည့် ပထမဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့ပြီဟု ကြေငြာလိုက်သည်။

    “ကမ္ဘာတစ်ဝှမ်းကို အမျိုးသမီးသီးသန့် အမှုထမ်းနဲ့ ပျံသန်းတဲ့ လေကြောင်းလိုင်းအဖြစ် Air India က သမိုင်းရေးထိုးလိုက်ပါပြီ” ဟု လေယာဉ်အမှတ် Flight AI 174 မှာ နယူးဒေလီသို့ သောကြာနေ့က ပြန်လည် ရောက်ရှိလာပြီးနောက် Air India က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Boeing 777 လေယာဉ်မှာ နယူးဒေလီမှ ဆန်ဖရန်စ္စကိုသို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ ပြီးခဲ့သည့် တနင်္လာနေ့က ပျံသန်းခဲ့ပြီး ပြန်လာသည့်လမ်းကြောင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှ ဖြတ်ပျံခဲ့သောကြောင့် ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အဆိုပါခရီးစဉ်အတွင်း လေယာဉ်မှူးများ၊ လေယာဉ်အတွင်းအမှုထမ်းများ check-in နှင့် မြေပြင်ကိစ္စများကို ကိုင်တွယ်သည့် အမှုထမ်းများ အားလုံးမှာ အမျိုးသမီးများသာဖြစ်သည်။ ထို့ပြင် အင်ဂျင်နီယာများ၊ မြေပြင်ထိန်းချုပ်ရေး ၀န်ထမ်းများမှာလည်း အမျိုးသမီးများဖြစ်သည်ဟု Air India က ပြောကြားခဲ့သည်။

    လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူကမူ မိမိတို့အနေဖြင့် ယခုပျံသန်းမှုကို ဂင်းနစ်စာအုပ်မှတ်တမ်းဝင်ရန် လျှောက်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

    Ref: CNN

  • အိန္ဒိယမွတ်စလင်လုပ်ငန်းရှင်တစ်ဦး အမိမြေတွင် ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေး ကြိုးပမ်း

    အိန္ဒိယမွတ်စလင်လုပ်ငန်းရှင်တစ်ဦး အမိမြေတွင် ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေး ကြိုးပမ်း

    မတ် ၇၊ ၂၀၁၇
    M-Media

    အိန္ဒိယ-အမေရိကန် မွတ်စလင် စီးပွားရေးနှင့် ပရဟိတသမား ဖရန့် အစ္စလာမ်

    – အိန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အိန္ဒိယ-အမေရိကန် မွတ်စလင် စီးပွားရေးနှင့် ပရဟိတသမား ဖရန့် အစ္စလာမ်မှာ အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျမည့် စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    The Frank and Debbie Islam Management Complex ဟု အမည်ပေးထားသည့် အဆိုပါ ကျောင်းကို ‘အလီဂါဟ် မွတ်စလင် တက္ကသိုလ် (AMU)’ တွင် ဖွင့်လှစ်ထားသည်။

    “ဒီကျောင်းကနေပြီး အိန္ဒိယနဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ပြုလုပ်ပေးမယ့် ခေါင်းဆောင်းတွေ ထွက်လာမှာပါ။ ဒါ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပါ။ သတင်းအချက်အလက်မျှဝေရာ၊ အသိပညာ ဖလှယ်ရာ၊ ဖွံ့ဖြိုးတိုးတက်စေတဲ့ နေရာတစ်ခုအဖြစ်လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ တီထွင်ဆန်းသစ်တဲ့ စီမံကိန်းတွေကို ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နေရာ ဖြစ်လာမှာဖြစ်ပြီး၊ ပညာရေးဆိုင်ရာ စွမ်းအားမြှင့်တင်ရေးဇုန်လည်း ဖြစ်ပါလိမ့်မ
    ယ်” ဟု ဖရန့်အစ္စလာမ်က ၎င်း၏ စီမံကိန်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အိန္ဒိယတို့အကြား ပြည်သူအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အစ္စလာမ်က လူနည်းစုများနှင့် ဇာတ်နိမ့်များ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရေး အာရုံပိုစိုက်နိုင်ရန်အတွက် အားကောင်းသော အသိပညာပေးမှု ပြုလုပ်ရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။

    “စွန့်ဦးလုပ်ငန်းရှင်တွေ တိုးတက်ဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့အတွက်၊ အမေရိကန်စီးပွားရေးတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးအသစ်စလုပ်ဖို့ စိတ်ဝင်စားသူတွေအကြား ဆက်သွယ်ပေးဖို့အတွက် ကျွန်တော်ရဲ့ အချိန်နဲ့ ရည်ရွယ်ချက်ကိုလည်း အာရုံစိုက်သွားမှာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

    အစ္စလာမ်မှာ လက်ရှိတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FI Investment Group ကို ဦးဆောင်နေသည်။ ၎င်းမှာ ၁၉၉၄ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော QSS Group ကို တည်ထောင်ခဲ့ပြီး အလုပ်သမားတစ်ဦးတည်းမှ ၂၀၀၀ ကျော် များပြားလာသည်အထိ အောင်မြင်ခဲ့သည်။ အမြတ်အစွန်း ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရခဲ့သည့် အဆိုပါ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် ရောင်းချခဲ့သည်။

    Ref: Two Cricles

  • မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မတ် ၇၊ ၂၀၁၇
    M-Media

    မလေးရှားလေဆိပ်တွင် လုပ်ကြံခံရသည့် ကင်ဂျုံနမ်

    – ကွာလာလမ်ပူတွင် ကင်ဂျုံနမ် လုပ်ကြံခံရမှုကြောင့် မြောက်ကိုရီးယားနှင့် မလေးရှားတို့၏ တင်းမာမှု မြင့်တက်နေစဉ် မြောက်ကိုရီးယားက ၎င်းတို့နိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို ပိတ်ပင်လိုက်ပြီး ဓားစာခံများအဖြစ် ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး မလေးရှားတွင် ဖြစ်ပွားနေသည့်ပြဿနာ ကျေကျေလည်လည် ဖြေရှင်းပြီးသည်အထိ ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား ၁၁ ဦး ရှိနေပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ သံရုံးဝန်ထမ်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ထိုလုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် မြောက်ကိုရီးယား သံရုံးမှ ၀န်ထမ်းအားလုံးနှင့် သံတမန်များကို မလေးရှားက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် ဇာဟ်စ် ဟာမီဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ် အသတ်ခံရမှုမှာ မြောက်ကိုရီးယား အစိုးရလက်ချက်ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲထားသည်။ မြောက်ကိုရီးယားက ကင်ဂျုံနမ်၏ အလောင်းကို ပြန်လိုချင်သော်လည်း မလေးရှားက ပြန်မပေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြောက်ကိုရီးယားနိုင်ငံသားများကိုလည်း သံသယရှိသူများအဖြစ် ကြေငြာခဲ့သောကြောင့် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က မလေးရှားမှာ မြောက်ကိုရီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပြီး သောကြာနေ့နှောင်းပိုင်းကလည်း မြောက်ကိုရီးယားက မလေးရှားသံအမတ်ကို နှင်ထုတ်ခဲ့သည်။

    Ref: CNA

  • ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    မတ် ၇၊ ၂၀၁၇
    M-Media

    – တနင်္လာနေ့က ဂျပန်ဘက်သို့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုမှာ ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ပစ်မှတ်ထားသော လေ့ကျင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည် ၄ လုံး ပစ်ခတ်ရာတွင် ၃ လုံးမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က အဆိုပါ ပစ်လွှတ်မှုမှာ ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် တာဝန်ပေးခံထားရသည့် ကြည်းတပ်အဖွဲ့တစ်ခုက ပစ်လွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “လေ့ကျင့်မှုမှာ ပါဝင်တာက KPA မဟာဗျူဟာတပ်ဖွဲ့ရဲ့ Hwasong လက်နက်ကြီးတပ်ဖြစ်ပြီး ဂျပန်က အမေရိကန် နယ်ချဲ့ကျူးကျော်သူရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်နိုင်ချေအတွက် စမ်းသပ်တာဖြစ်ပါတယ်။ လက်နက်ကြီး တပ်သားတွေရဲ့ နှလုံးသားထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ စစ်လိုလားသူတွေကို အညှာတာမဲ့ လက်စားချေချင်တဲ့ ဆန္ဒတွေ ပြင်းပြနေပါတယ်” ဟု KCNA က ကြေငြာခဲ့သည်။

    အဆိုပါ ပစ်လွှတ်မှုမှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်ခြင်း ဖြစ်နိုင်ပြီး ထိုကဲ့သို့ စစ်ရေးလေ့ကျင်မှုမှာ ၎င်းတို့အား တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ယူဆထားသည်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာက ထိုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုမှာ မြောက်ကိုရီးယား၏ မပြောင်းလဲသော ရန်စမှုလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားတွင် အမေရိကန်၏ THAAD ဒုံးခွင်းစနစ်ကို ချသွားမည်ဟု ဆိုသည်။

    Ref: RT