News @ M-Media

Blog

  • အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    မတ် ၄၊ ၂၀၁၇
    M-Media

    – ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးလိုက်ရသော်လည်း မိမိအနေဖြင့် ပြာယာခတ်မနေဘဲ အကြပ်အတည်းဆိုသည့် စကားလုံးလည်း မိမိတွင်မရှိဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အိမ်ကွင်းတွင် ရီးယဲလ်မှာ လက်စ် ပါးလ်မက်စ်အသင်းအား ခက်ခက်ခဲခဲကစားကာ ၃ ဂိုးစီ သရေကျခဲ့ပြီး ဘာစီလိုနာထက် တစ်ပွဲလျော့ တစ်မှတ်အကွာဖြင့် ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးခဲ့ရသည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထိုကဲ့သို့ နောက်မှ လိုက်ကစားရသည့် အခြေအနေမျိုး ရှိခဲ့သောကြောင့် အသင်းတွင် အကြပ်အတည်းပေါ်ပေါက်နေလားဆိုသည့် မေးခွန်များ ထွက်ပေါ်လာသည်။ ဇီဒိန်းကမူ ထိုပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး ဖလားရမည့် ယုံကြည်ချက်မျိုး ရှိနေသည်ဟု ဆိုသည်။

    “(အကြပ်အတည်းဆိုတဲ့စကားလုံး) ကျွန်တော့်မှာ မရှိပါဘူး။ ဘောလုံးလောကမှာလည်း မရှိပါဘူး။ ၃ ရက်တိုင်းမှာ အခြေအနေတွေပြန်ကောင်းအောင် လုပ်နိုင်ခြေ ရှိနေပါတယ်။ ကျွန်တော်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၃၊ ၄ ပွဲဟာ ဒီရာသီမှာ အကောင်းဆုံးအချိန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တုန်လှုပ်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လာလီဂါရဖို့ဆိုရင် ပွဲအများကြီး ရှုံးလို့မရလို့ပါ။ ကျွန်တော်တို့ဟာ အမြဲတမ်း ဆင်ခြေဆင်လတ်တွေ ပေးမနေပါဘူး။ တိုက်ပွဲဝင်ခြင်းအားဖြင့်၊
    လေ့ကျင့်ကွင်းမှာ၊ ပွဲတွေမှာ ကြိုးစားခြင်းအားဖြင့် ဘာရမလဲဆိုတဲ့ အသိမှာပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မှီခိုတာပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ယခုတစ်ပတ်တွင် အိုက်ဘာအသင်းနှင့် ကစားရမည်ဖြစ်ပြီး အားထားရသည့် တိုက်စစ်မှူး ဘေးလ်နှင့် ရော်နယ်ဒိုတို့မှာ အနီကဒ်ပြစ်ဒဏ်၊ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

    Ref: Goal

  • အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    မေ ၄၊ ၂၀၁၇
    M-Media

    – နှစ်ဖက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို အမေရိကန်က မလိုက်နာသည့်အတွက် အမေရိကန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးထားမှုကို ရုပ်သိမ်းရန် ဥရောပပါလီမန်က ယမန်နေ့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်မှာ ဥရောပအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်၊ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့်ပေးရန် သဘောမတူဟု ပြောကြားခဲ့ပြီးနောက် ဥရောပ ပါလီမန်၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    နိုင်ငံသားများ လွတ်လပ်ခွင့်ဆိုင်ရာ ကော်မတီက တင်သွင်ပြီး ပါလီမန်တွင် ယမန်နေ့က အတည်ပြုခဲ့သည့် အဆိုပါ ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းမှုကို နှစ်လအတွင်း ဥရောပပါလီမန် အမတ်များက ပယ်ဖျက်နိုင်မည်ဖြစ်သည်။ ထို ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ ကောင်စီက အတည်ပြုခဲ့ပါက အမေရိကန်နိုင်ငံသားများမှာ ဥရောပတွင် ၁၂ လတာ နေထိုင်ခွင့်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှာ ယခင်က ဗီဇာကင်းလွတ်ခွင့်အတွက် သဘောတူထားသောကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်သည်။ အဖွဲ့ဝင် ၅ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့် မပေးခြင်းမှာ နှစ်ဖက်သဘောတူညီချက်ကို ဖောက်ဖျက်ရာကြသည်ဟု ဥရောပသမဂ္ဂက သတိပေးထားသော်လည်း အမေရိကန်က လိုက်နာခဲ့ခြင်းမရှိပေ။

    အမေရိကန်မှာ ထိုသဘောတူညီချက်အား လိုက်နာမှုမရှိသည်ကို ဥရောပကော်မရှင်က လွန်ခဲ့သည့် ၃ နှစ်ကတည်းက တွေ့ရှိခဲ့သော်လည်း ယခုအချိန်မှ အရေးယူခြင်းဖြစ်သည်။

    သြစတေးလျ၊ ဘရူးနိုင်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှာ ဥရောပနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုထဲမှ တစ်ချို့မှာ ဗီဇာကင်းလွတ်ခွင့် ပြန်ပေးခဲ့ပြီး တစ်ချို့မှာ မကြာမီ ပြန်လည်ခွင့်ပြုရန် ရှိနေသည်။

    Ref: Independent, Euro News

  • အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    မတ် ၄၊ ၂၀၁၇
    M-Media

    – မိမိအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိသင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယခုရာသီတွင် မန်ယူသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၆ ဂိုး သွင်းယူပေးထားပြီး EFL Cup ဖိုင်နယ်တွင်လည်း ၂ ဂိုးသွင်းယူက မန်ယူအသင်း ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

    မော်ရင်ဟိုကမူ အသက် ၃၅ နှစ်အရွယ် အီဗရာဟီမိုဗစ်၏ မယုံကြည်နိုင်လောက်စရာ ဂိုးသွင်းစွမ်းရည်ကြောင့် ဘောလုံးလောကတွင် တစ်ဦးချင်း အမြင့်ဆုံး ဆုတံဆိပ် Ballon d’Or ကို ရရှိသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    “သူလုပ်ခဲ့တာတွေက အံ့သြစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူသွင်းခဲ့တဲ့ဂိုးတွေ၊ ၀င်ဘလေမှာ ကစားတဲ့ နှစ်ပွဲ၊ ဆုဖလားတွေ၊ အသင်းမှာသူ့ရဲ့အရေးပါမှုတွေ – သူဟာ လုံးဝ ထူးခြားတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ်ပြောစရာ မရှိပါဘူး။ ဖီဖာရွှေဘောလုံးဆု စတဲ့ ဆုကြီးတွေမှာ တာဝန်ယူမှု ကြီးကြီးမားမား ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွီဒင်က မဂ္ဂဇင်းကြီးတစ်ခုကို ကျွန်တော် ဖြေကြားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့၊ လီယွန်နယ်မက်ဆီတို့အကြောင်းလည်း ကျွန်တော် သိပါတယ်။ သူတို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကြီးကြီးမာစတာတစ်ယောက် (အီဗရာဟီမိုဗစ်) ရဲ့ လုပ်ခဲ့တာတွေအတွက် ကျွန်တော် မယုံကြည်နိုင်ပါဘူး။ ပြီးတော့ ဒီဆုတွေကို လုံးဝ မရခဲ့တာကိုလည်း မယုံကြည်နိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ ဖေဖော်ဝါရီလအတွက် မန်ယူအသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး အသင်းသို့ ရောက်လာပြီးကတည်းက ၂ ကြိမ်မြောက် ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

    Ref : Goal

  • ဟိန္ဒူဘာသာဝင်မှသည် အစ္စလာမ့် ထိပ်တန်း ဓမ္မပညာရှင် ဖြစ်လာခဲ့သည့် ဒီယာ အွရ်-ရဟ်မန်

    ဟိန္ဒူဘာသာဝင်မှသည် အစ္စလာမ့် ထိပ်တန်း ဓမ္မပညာရှင် ဖြစ်လာခဲ့သည့် ဒီယာ အွရ်-ရဟ်မန်

    မတ် ၄၊ ၂၀၁၇
    M-Media

    ဖရော်ဖက်ဆာ ဒီယာ အွရ်-ရဟ်မန် အဇ်မီ (၀ဲ)

    – တစ်ခြားအယူဝါဒကနေ အစ္စလာမ်ဘာသာ လေ့လာလိုက်စားပြီ ပြောင်းလဲသက်ဝင်လာကြသူတွေထဲမှာ တစ်ချို့ဟာ အစ္စလာမ့် ဓမ္မရေးရာကဏ္ဍနဲ့ အစ္စလာမ်သာသနာ ဖြန့်ချီမှုကဏ္ဍတွေမှာ တော်တော်လေး ထူးထူးချွန်ချွန် ဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်းအရာတွေကို တော်တော်များများ ကြားဖူးကြမှာပါ။

    အဲဒီလို ထူးချွန်ပြောက်မြောက်ခဲ့ကြသူတွေထဲမှာ ဟိန္ဒူဘာသာကနေ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့ ဖရော်ဖက်ဆာ ဒီယာ အွရ်-ရဟ်မန် အဇ်မီလည်း ပါဝင်ပါတယ်။

    ဟိန္ဒူအမည် ဘန်ကီ လာလ်လို့ခေါ်တဲ့ ဒီယာ အွရ်-ရဟ်မန်ကို ၁၉၄၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံ အဇမ်ဂါရ်ဟ်ခရိုင်က ရွာငယ်လေးတစ်ခုမှာ ဘီလာရ်ယာ ဂန်းဂ်ျလို့ခေါ်တဲ့ ဟိန္ဒူမိသားစုကနေ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အစ္စလာမ်သာသနာက သွန်သင်တဲ့ တန်းတူညီမျှရေး၊ တရားမျှတရေး ၀ါဒတွေကို နှစ်သက် သဘောကျခဲ့ပြီးတဲ့နောက် အသက် ၁၈ နှစ်အရွယ်မှာ သူဟာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ အိန္ဒိယမှာ အခြားသော ဘာသာတရားတွေကနေ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ကြတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အစ္စလာမ်သာသနာရဲ့ သာတူညီမျှမှု၊ တရားမျှတမှု၊ အမှန်တရားအပေါ် တန်ဖိုးထားမှု၊ လူသားဆန်မှုတွေလည်း ပါဝင်ပါတယ်။

    ‘ဂါရ် ၀က်ပ်စီ’ လို အဖွဲ့တွေက ဟိန္ဒူမဟုတ်သူတွေကို ဟိန္ဒူအယူဝါဒ ပြောင်းလဲသက်ဝင်ဖို့ လှုပ်ရှားမှုတွေ တော်တော်များများ ပြုလုပ်နေပေမယ့် အိန္ဒိယက မွတ်စလင်လူ့အဖွဲ့အစည်းမှာတော့ ဒီလို ဘာသာပြောင်းဖို့ ကြိုးပမ်းတာတွေ၊ ဘာသာပြောင်းလာသူတွေကို ငွေကြေးထောက်ပံ့တာမျိုးတွေ ရှိမနေပါဘူး။

    ဒီယာ အွရ်-ရဟ်မန် အဇ်မီ ဆိုတဲ့ နာမည်တစ်လုံးဖြစ်လာကာ ‘မဒီနာ အစ္စလာမ့်တက္ကသိုလ်’ မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖို့အထိ ဘန်ကီ လာလ်ကို တွန်းပို့ပေးခဲ့သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အစ္စလာမ့်ဓမ္မပညာရှင်ကြီး ဟာကင် အယွဘ် ဖြစ်ပါတယ်။

    ပရော်ဖက်ဆာ အဇ်မီဟာ တက္ကသိုလ်ရဲ့ ဟဒီးဆ်ဌာန Dean of Faculty of Hadith မှာ အငြိမ်းစားယူတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ မဒီနာက ‘တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်’ ရဲ့ ဟဒီးဆ်သင်ကြားရေး ဆရာအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    ‘မဒီနာ အစ္စလာမ့်တက္ကသိုလ်’ က ဘွဲ့ရခဲ့တဲ့ အဇ်မီဟာ မက္ကာမြို့မှာရှိတဲ့ ‘ဘုရင် အဘ်ဒူလ် အဇစ် တက္ကသိုလ်’ ကနေ မဟာဘွဲ့ရခဲ့ပြီး၊ ပီအိတ်ခ်ျဒီဘွဲ့ကိုတော့ အီဂျစ်နိုင်ငံ အလ်-အဇ်ဟာရ် တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ သြ၀ါဒတော်တွေနဲ့ပတ်သက်ပြီး တစ်ဖက်ကမ်းခတ် တော်ခဲ့တာကြောင့် ‘မဒီနာ အစ္စလာမ့်တက္ကသိုလ်’ ရဲ့ Dean of Faculty of Hadith ဌာနမှာ ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    ‘ကမ္ဘာ့မွတ်စလင်လိဂ်’ အပါအ၀င် မွတ်စလင်အသင်းအဖွဲ့ တော်တော်များများမှာလည်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဇ်မီဟာ အစ္စလာမ့်ရေးရာ စာအုပ်စာပေ များစွာကို ရေးသားခဲ့ကာ အကျော်ကြားဆုံးကတော့ “Al-Jami’ al-Kamil fi al-Hadith al-Sahih al-Shamil” လို့ခေါ်တဲ့ ဟဒီးဆ်းကျမ်းတွဲကြီး ဖြစ်ပါတယ်။ အတွဲ ၂၀ ပါဝင်တဲ့ ဒီကျမ်းကြီးမှာ ဟဒီးဆ်ပေါင်း ၁၆၀၀၀ လောက် ပါဝင်ပြီး ဒီကျမ်းကြီးဟာ အစ္စလာမ်သာသနာသမိုင်းမှာ လူပုဂ္ဂိုလ်တစ်ဦးက ရေးသားခဲ့ပြီး အပြည့်စုံဆုံး
    ဟဒီးဆ်ကျမ်းတွေထဲက တစ်ကျမ်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

    အဇ်မီရဲ့ နောက်ထပ် ကျော်ကြားတဲ့ စာအုပ်တစ်အုပ်က ဟင်ဒီဘာသာစကားနဲ့ ရေးသားထားတဲ့ ကုရ်အာန်စွယ်စုံကျမ်း “Encyclopedia of the Glorious Qurn’an” ဖြစ်ပါတယ်။ ဒီကျမ်းကြီးမှာ ကဏ္ဍပေါင်း ၆၀၀ ကျေ်လောက်ပါဝင်ပြီး ဟင်ဒီဘာသာစကားနဲ့ ပထမဆုံးရေးသားနိုင်ခဲ့တဲ့ ကုရ်အာန်စွယ်စုံကျမ်းလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီစာအုပ်ဟာ ရောင်းအားကောင်းနေပြီး ၈ ကြိမ်တိုင်တိုင် ပြန်လည်ထုတ်ဝေခဲ့ရပါတယ်။

    “From Ganga to Zamzam” ဆိုတဲ့ စာအုပ်မှာတော့ ဒီယာ အွရ်-ရဟ်မန် အဇ်မီဟာ ဟိန္ဒူဘာသာကနေ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာတဲ့ သူ့ရဲ့အကြောင်းကို ဖော်ပြထားပြီး၊ “Comparative Study of Judaism, Christianity and Indian Religions” ဆိုတဲ့ စာအုပ်ကတော့ ဆော်ဒီတက္ကသိုလ်တွေမှာ သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်း ရတဲ့အဆင့်အထိ ရောက်ခဲ့ပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းနဲ့ ဆစ်ခ်ဘာသာတရားတွေကို လေ့လာမှုဆိုင်ရာ စာအုပ်တစ်အုပ်ကိုလည်း အဇ်မီက မကြာခင် ထုတ်ဝေဖို့ ရှိနေပါတယ်။

    လက်ရှိအချိန်မှာတော့ အဇ်မီဟာ ဆော်ဒီနိုင်ငံသားအဖြစ် ခံယူကာ ဆော်ဒီအာရေဗျမှာ အခြေချနေထိုင်နေပါတယ်။

    Ref : saudigazette

  • “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

    “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

    တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)

    ဆွေဝင်း/ Myanmar Now

    ရန်ကုန် (Myanmar Now)—ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မှုပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင် စစ်ဆေးတဲ့အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို Myanmar Now က သွားရောက်မေးမြန်းခဲ့ပါတယ်။ ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာ ယာယီဥက္ကဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

    မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇ၀တ်မှုနဲ့ အရေးယူတယ်။ ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။

    ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ဖွဲ့လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီ လူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကိုကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ စိတ်ဝမ်းကွဲပြား အောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေမှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့မ ဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကပ်ကြေးနဲ့ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ် သက်နေတဲ့ အကြမ်းဖက်မှုဖြစ်တယ်။ လေဆိပ်မှာဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကိုအဓိပ္ပါယ်ခေါ် သလဲဆိုတာ ပါလာတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ် ၀န်ဆောင်မှုကာလလို့ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင်စေတယ်။

    မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။

    ဖြေ။ ။ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတခု ခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီပဲ တနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြား သူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည် မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မ ဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။

    မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဦးကိုနီကိစ္စမကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကိုခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာသူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရဘယ်လိုမြင်လဲ။

    ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။

    မေး။ ။ ဒါပေမယ့် တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကိုသတ်ဖို့ကြံတယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့ အခုလိုလုပ်ကြံမှုဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။

    ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ် ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက်ပြုရာရောက်တယ်။

    မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့အရေးမယူဘဲ ရာဇ၀တ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။

    ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီးတော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့သာစွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေမလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူတွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။

    မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။

    ဖြေ။ ။ ဒါက ဥပဒေ၀န်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေ၀န်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့ကဘယ်လိုပဲတင်တင်၊ ဥပဒေ၀န်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကိုတည်ဆောက်လို့ ရတယ်။ ဥပဒေ၀န်ထမ်းက ဒီနေရာမှာ အချက်ပဲ။

    မေး။ ။ အခုရော အဲ့ဒီလိုတည်ဆောက်မယ်လို့ရော ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။

    ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကိုမစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင် တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန် ပဲလေ။ ဒီအစိုးရတာဝန်ပဲ။

    မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်တရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့်ကြပြီလို့ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။

    ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုကဖြစ်ပြီးသွားလို့ အရေးယူလို့မရတော့ဘူးဆိုတာမှမဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူ မှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။