News @ M-Media

Blog

  • သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ (ဖေ ၂၅) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    ■ အရေးယူ ဆောင်ရွက်မှု

    – ကြည်လင်း (ခ) ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊ လဝကအက် ၁၃ (၁)။

    – အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊

    – ဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈။

    – အောင်ဝင်းခိုင်ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ မှုခင်းရဲတပ်ဖွဲ့ က တရားစွဲရန် စီစဉ်လျက်ရှိ။

    – ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ ဓာတ်ပုံနှင့် အချက်အလက်များအား ပြည်တွင်း ၌ ဖြန့်ဝေ စုံစမ်း ဖော်ထုတ်လျက် ရှိသည့် အပြင် နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံ ရဲတပ်ဖွဲ့ တို့သို့လည်း ပေးပို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိ

    ● အင်ဒိုနီးရှားခရီးစဉ်

    – ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဖွဲ့တွင် ဦးကိုနီအပါအ၀င် အဖွဲ့ဝင်(၂၄) ဦးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာနှင့် မာလူကူတို့တွင် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ ၂၂မှ ၂၉ရက်အထိ Senior Leadership Programme လေ့လာခရီးစဉ် သွားရောက်ခဲ့။

    – ဇန်န၀ါရီလ ၂၉ရက် ၁၆၃၀ချိန် Silk Air လေကြောင်းလမ်းဖြင့် စင်္ကာပူမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ။

    ● ကြည်လင်း (ခေါ်) ဖိုးထူးတည်းခိုသည့် ဘုန်းကြီးကျောင်းအား တွေ့ရှိ

    – ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့သည် သတင်းသက်သေများနှင့်အတူ ဇန် ၂၉ ရက်နှင့် ၁၈:၃၀ချိန်တွင် ကြည်လင်းတည်းခိုသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်မြေဗိမာန် ကျောင်းသို့သွားရောက်ရှာဖွေစစ်ဆေးခဲ့။

    – ရှာဖွေစစ်ဆေးရာတွင် ၂၀၁၆ စက်တင်ဘာလ ၁၄နှင့် ၁၅ရက်နေ့တို့တွင် မြ၀တီမှ ထိုင်းနိုင်ငံသို့သွားရောက် ခဲ့သည့် TBP ကဒ် (၂)ခု၊ Honda Wave-100 ဆိုင်ကယ်(၁) စီးနှင့် စာရွက်စာတမ်း အထောက်အထားအချို့ သိမ်းဆည်းရမိခဲ့။

    ● အောင်ဝင်းဇော်အား ဖမ်းဆီးရမိခြင်း

    – ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အောင်ဝင်းဇော်အား ဇန် ၃၀ရက် ၀၄:၂၀ချိန်တွင် သံလွင်တံတား(ဘာအံ)၌ ဖမ်းဆီးရမိပြီး ၄င်းအားရန်ကုန်သို့ ခေါ်ယူစစ်ဆေးခဲ့

    – အောင်ဝင်းဇော်သည် စတသ-၃၄သင်တန်းဆင်းဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ဗိုလ်အဆင့်ဖြင့် ခလရ(၂၂၂) ဟုမ္မလင်မှ တပ်မတော်အက်ဥပဒေပုဒ်မ ၄၃(ဃ)ဖြင့် ထောင်ဒဏ် (၂)နှစ်ကျခံခဲ့

    – ၂၀၀၂ခုနှစ်တွင် ကြည်လင်းနှင့်အတူ ဘုရားခိုးမှု (၃)မှုဖြင့် ထောင်ဒဏ် (၂၇)နှစ် ကျခံခဲ့ရပြီး ၂၀၁၄ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့

    ● ဇေယျာဖြိုးအား ဖမ်းဆီးခြင်း

    – အောင်ဝင်းဇော်အား စစ်ဆေးချက်အရ စီစဉ်ညွှန်ကြားသူမှာ ၄င်း၏ညီ အောင်ဝင်းခိုင်နှင့် စီးပွားရေးအတူ လုပ်ကိုင်သူ ဇေယျာဖြိုးတို့ဖြစ်ပြီး ဇေယျာဖြိုးအား ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းပရိယတ္တိစာသင်တိုက်၌ ရဟန်းဝတ်နေစဉ် ဖေဖော်ဝါရီ၃ရက်တွင် တပ်မတော်မှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွဲပြောင်း ပေးအပ်ခဲ့။

    – ပူးပေါင်းအဖွဲ့သည် ဇေယျာဖြိုး၏ တာမွေမြို့နေအိမ်သို့ဝင်ရောက်ရှာဖွေရာ HYT စကားပြောစက်(၁)လုံးနှင့် စက်စပ်ပစ္စည်းများ၊ Icon အမျိုးအစား စကားပြောစက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ၄င်း၏ ဓာတ်ပုံပါ နိုင်ငံသားစိစစ်ရေးကဒ် (၄)ကဒ် နှင့် ကွန်ပျူတာ အပါအ၀င်ဆက်စပ်ပစ္စည်း (၂၈)မျိုးအားသိမ်းဆည်းရမိခဲ့။

    – ၄င်းသည် စတသ(၃၈)ဆင်းဖြစ်ပြီး တပ်မတော်သတင်းစုဆောင်းရေး အတတ်သင်ကျောင်း၌ ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် ၁၅-၁၂-၂၀၁၄ ရက်တွင် အငြိမ်းစားပေးခြင်းခံခဲ့ရသူဖြစ်သည်။

    – ၄င်းသည် အငြိမ်းစားယူပြီးနောက် ZYP၊ AIS၊ 38- Group နှင့် ရောင်ဝါဖြိုးကုမ္ပဏီတို့အား တည်ထောင်/အ စုရှယ်ယာဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

    ■ စစ်ဆေးပေါ်ပေါက်ချက်

    ● အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ပတ်သက်မှု

    – အောင်ဝင်းဇော်၏ ညီတော်စပ်သူ အောင်ဝင်းခိုင်သည် ၂၀၁၅ခုနှစ်တွင် တစ်ခု ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် နှုတ်ထွက်အငြိမ်းစား ရရှိခဲ့ပြီးနောက် ရန်ကုန်၌ ဇေယျာဖြိုးနှင့် ပြန်လည်တွေ့ဆုံခဲ့။

    – ဇေယျာဖြိုး၏ ကမ်းလှမ်းချက်အရ ၂၀၁၆ခုနှစ်တွင် ရောင်ဝါဖြိုးကုမ္ပဏီအား ပူးပေါင်းတည်ထောင်ပြီး အောင်ဝင်းခိုင်မှ MD၊ ဇေယျာဖြိုး၏ ဇနီး မသီတာလွင်နှင့် ညီရဲဟိန်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့။

    ● ဦးကိုနီအား သတ်ဖြတ်ရန် ကြံစည်ခြင်း

    – ဇေယျာဖြိုးသည် ၂၀၁၆ဧပြီလဆန်းခန့်တွင် အောင်ဝင်းခိုင်၊ ဦးလင်းဇော်ထွန်းတို့နှင့် တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်၌တွေ့ဆုံစဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ပြောဆိုလုပ် ကိုင် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရ။

    – ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင် မော်ဒန်လက်ဖက်ရည်မှအပြန် ကားပေါ်တွင် အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှကောင်းမည်”၊ ဇေယျာဖြိုးမှ “အစ်ကိုဘာလုပ်ချင်တာလဲ” ဟုမေးရာ ၄င်းအစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်က တပည့်များကိုခိုင်းလျှင် အဆင်ပြေနိုင်မည်၊ အောင်ဝင်းဇော်နှင့် တိုင်ပင်မည်ဟု ပြောခဲ့။

    – တစ်ပတ်ခန့်အကြာတွင် မော်ဒန်လက်ဖက်ရည်ဆိုင်၌ ၄င်းတို့(၂)ဦး ထပ်မံတွေ့ဆုံကြစဉ် အောင်ဝင်းခိုင် မှ အောင်ဝင်းဇော်နှင့် တိုင်ပင်ပြီးဖြစ်ကြောင်း၊ သူကိုယ်တိုင်က ဆောင်ရွက်လိုသည့်ဆန္ဒရှိကြောင်း ငွေ ကြေးထောက်ပံ့ရန် ပြောဆိုခဲ့။

    – ဇေယျာဖြိုးနှင့် သက်သေထွက်ဆိုချက်များအရ အောင်ဝင်းခိုင်သည် ငွေသာရလျှင် ဘာမဆိုလုပ်မည် သဘောရှိသူဖြစ်ကြောင်း သိရှိရ။

    ● သတ်ဖြတ်ရန်ကြိုတင်ငွေထုတ်ပေးမှု

    – ၂၀၁၆ခုနှစ်ဧပြီလတွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်သို့ ကျပ်သိန်း (၄၀၀)ထုတ်ပေးခဲ့

    – အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်အား မိမိကိစ္စ မိမိအပြီးအပြတ်တာဝန်ယူရန်၊ သေသေချာချာလုပ်ရန်နှင့်
    ပြဿနာမပေါ်စေရန်မှာကြားခဲ့

    – သြဂုတ်လ ပထမပတ်တွင် တာမွေမြို့နယ်၊ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းခိုင်မှဇေယျာဖြိုးအား
    သတ်ဖြတ်ရာတွင်သုံးစွဲရန် ငွေလိုနေကြောင်း ပြောကြားခဲ့

    – သြဂုတ်လ ဒုတိယပတ်ခန့်တွင် ၄င်းမော်ဒန်လက်ဖက်ရည်ဆိုင်တွင်ပင် ဇေယျာဖြိုးမှ အောင်ဝင်းခိုင်အား
    ကျပ်သိန်း(၁၀၀၀)ပေးအပ်ခဲ့

    ● သတ်ဖြတ်မယ့်သူရှာဖွေခြင်း

    – အောင်ဝင်းဇော်သည် ၂၀၁၆ခုနှစ်၊ မေလခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) ပင်လောင်လမ်းနေ၊ နဂါး (ခေါ်) အောင်ကြည်လင်း (ခေါ်) အောင်နိုင်မြင့် (ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲဘက်စခန်းတွင် ရင်းနှီးခဲ့သူ) ထံ ဆက်သွယ်တွေ့ဆုံခဲ့။

    – တွေ့စုံစဉ် ဦးကိုနီအား ဓား (သို့) စကေဘာဖြင့် ထိုးသတ်ရန် ညှိနှိုင်းခဲ့ပြီး ကျပ် သိန်း(၂၀၀) နှင့် လိုင်စင်မဲ့ကား (၁) စီးဖြင့် နဂါးမှသတ်ပေးရန် သဘောတူခဲ့။

    – (၃/၄) ရက်ခန့်အကြာတွင် နဂါးထံဖုန်းဖြင့် ဆက်သွယ်ခေါ်ယူပြီး၊ ကျပ်သိန်း (၂၀၀)နှင့် Online မှ မှာယူရရှိသည့်
    ကျပ်(၆၄) သိန်းတန် Nissan X-Trail မိုးပြာရောင်(လိုင်စင်မဲ့) ကားအား ပေးအပ်စေခိုင်းခဲ့သော်လည်း
    အဆင်မပြေဘဲ နဂါးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့။

    – ၂၀၁၆ ခုနှစ်၊ ဇွန်လခန့်က အောင်ဝင်းဇော်သည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် ဂျပန်လမ်းနေ အောင်စိုး (မန္တလေး အိုးဘိုထောင်၌ ရင်းနှီးခဲ့သည့် လုယက်မှုဖြင့် ပြစ်ဒဏ် ကျခံခဲ့သူ) အား သွားရောက် တွေ့ဆုံ၍ သံတမန်တဦးအား အခကြေးငွေဖြင့် သတ်ဖြတ်ပေးရန် ကနဦး ညှိနှိုင်းခဲ့။

    – (၄) ရက်ခန့် အကြာတွင် အောင်စိုးမှ အောင်ဝင်းဇော်ထံ ဖုန်းဆက်လာရာ အောင်ဝင်းဇော်မှ သံတမန် ပြန်သွားပြီ ဖြစ်ကြောင်း ပြောဆိုကာ အဆက်အသွယ် ပြတ်သွားခဲ့။

    – ၂၀၁၆ ခုနှစ်၊ သြဂုတ်လခန့်တွင် အောင်ဝင်းဇော်သည် ယင်းမာပင်မြို့နယ်၊ စိုင်လျှား ကျေးရွာနေ ကြည်လင်း (ခ) ဖိုးထူး အား ဆက်သွယ်၍ ရန်ကုန်သို့ ခေါ်ယူပြီး ဦးကိုနီ၏ ဓာတ်ပုံအား ပြဿကာ သတ်ဖြတ်ပေးရန် ညှိနှိုင်းရာ ကျပ်သိန်း (၂၀၀) တန် ကားတစ်စီးဖြင့် သဘောတူခဲ့။

    – ၎င်းနောက်ပိုင်းတွင် အောင်ဝင်းဇော်မှ ကြည်လင်းသို့ ငွေကျပ် (၁၁) သိန်းကို (၂/၃) ကြိမ်ခန့် ခွဲ၍ လည်းကောင်း၊ သတ်ဖြတ်ထွက်ပြေးရာတွင် အသုံးပြုမည့် ဆိုင်ကယ်ဝယ်ရန် ငွေကျပ် (၁၃) သိန်းကို ၃-၁၂-၂၀၁၆ ရက်တွင် လည်းကောင်း ကြိုတင် ငွေ ပေးအပ်ခဲ့။-

    – ကြည်လင်းသည် Honda Wave 100 ဆိုင်ကယ်ကို ငွေကျပ် (၁၂) သိန်းဖြင့် သန်လျင်မှ ဝယ်ယူပြီး အောင်မြေဗိမာန် ဘုန်းကြီးကျောင်း၌ သိမ်းဆည်းထားရှိခဲ့။

    ● လက်နက်ဝယ်ယူခြင်း

    – ၂၀၁၆ ခုနှစ်အောက်တိုဘာ ၁၆ ရက်ခန့်တွင် အောင်ဝင်းဇော်သည် ဘားအံမြို့သို့ သွားရောက်၍ ယခင် ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် လုပ်စဉ် ရင်းနှီးခဲ့သူများ မှတဆင့် ၉ မမ ပစ္စတို (၁) လက်နှင့် ကျည် (၁၁) တောင့်ကို ငွေကျပ် (၂၅) သိန်း ဖြင့် ဝယ်ယူခဲ့။

    – ၎င်းအပြင် (၅) လုံးပြူး သေနတ် (၁) လက် နှင့် ကျည် (၄) တောင့် ကိုလည်း (၃၀) ကျပ်သိန်းဖြင့် ဝယ်ယူခဲ့။

    – အောင်ဝင်းခိုင်ထံမှ စရံရရှိသည့် ကျပ်သိန်း (၁၀၀) ဖြင့် သေနတ်များ ဝယ်ယူခြင်း ဖြစ်။
    ပြစ်မှုကျူးလွန်ရန် ပြင်ဆင်ခြင်း

    – ဇန် ၂၈ ရက် ၁၁:၄၀ အချိန်တွင် အောင်ဝင်းဇော်ထံ အောင်ဝင်းခိုင်မှ ဖုန်းဆက်၍ မနက်ဖြန် ၁၆:၄၀ ချိန် ဦးကိုနီ နိုင်ငံခြားမှ ပြန်ရောက်မည်ဟု ပြောကြားခဲ့၊ အောင်ဝင်းဇော် မှ နေ့လည် ၁၃:၀၀ ချိန်တွင် နေအိမ်၌ သေနတ်နှင့် ကျည်ဆန် များ တိုက်ချွန်ပြီး ကားနောက်ခန်း အခင်းပြားအောက်၌ ဝှက်သိမ်းခဲ့။

    – ညနေ ၁၇:၃၀ ချိန်ခန့်တွင် အောင်ဝင်းခိုင်မှ ထပ်မံဆက်သွယ်လာသည့်အခါ အားလုံးအသင့် ဖြစ်ကြောင်း ကြည်လင်း (ခ) ဖိုးထူးနှင့်လည်း အဆက်အသွယ် ရပြီး ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့။

    – ည ၂၀:၀၈ ချိန်တွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်ထံ ဖုန်းဆက်သွယ်၍ “မနက်ဖြန် နေ့လည် ၁၄:၀၀ ချိန်မှ စပြီး လေဆိပ်၌ ရှိမည်” ဖြစ်ကြောင်း၊ ၂၀:၀၉ ချိန်တွင် “၄၂ အဆင်ပြေလား” ဟု မက်ဆေ့များပို့ခဲ့ အောင်ဝင်းဇော်မှ “OK” ဟု ပြန်ပို့ခဲ့ကြောင်း စိစစ်တွေ့ရှိ။

    ● အခင်းဖြစ်နေ့ လှုပ်ရှားဆောင်ရွက်မှုများ

    – ဇန် ၂၉ ရက် ၁၅:၁၅ ချိန်ခန့်တွင် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ လေဆိပ် ယာဉ်ရပ်နားရာ နေရာသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့။

    – ၁၅:၁၉ ချိန်တွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်ထံ “တယ်လီဖုန်းဖြင့် ဖုန်းမဆက်နဲ့တော့” ဟု မက်ဆေ့ပို့ခဲ့၊ ၁၅:၂၂ ချိန်တွင် အောင်ဝင်းဇော်မှ “လိုက်ပြနေပြီ” ဟု မက်ဆေ့ပြန်ပို့ခဲ့။

    – ၁၅:၂၈ ချိန်တွင် အောင်ဝင်းခိုင်မှ “CCTV သတိထား” ဟု ပို့ရာ အောင်ဝင်းဇော်မှ ၁၅:၃၀ ချိန်တွင် “OK ၊ Terminal အသစ် ၁၆:၄၀?” ဟု ပြန်ပို့ခဲ့။

    – ၁၆:၁၉ ချိန်တွင် အောင်ဝင်းဇော်မှ “မင်းကားတွေ့တယ် စကားပြောဖို့ အဆင်ပြေလျှင် ဖုန်းဆက်” ဟု မက်ဆေ့ပို့ရာ ၁၆:၃၀ ချိန်တွင် အောင်ဝင်းခိုင်မှ “OK” ဟု ပြန်ပို့ခဲ့။

    – အောင်ဝင်းဇော် မှ ၁၆:၃၀ ချိန်တွင် “ဘယ်အပေါက်က ထွက်မယ် ပြန်ပြောပေး၊ ငါ Arrival မှာ ရှိ” ဟု မက်ဆေ့ ပို့ရာ အောင်ဝင်းခိုင်မှ ၁၆:၄၀ ချိန်တွင် “No. 6 မှ ထွက်မယ်၊ အသင့်ပြင်ထားတော့” ဟု မက်ဆေ့ပြန်ပို့ခဲ့။

    – အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ အချိန်စောင့်ရင်း စကားပြောစဉ် အောင်ဝင်းဇော်မှ “လွယ်တော့ မလွယ်ဘူး ထွက်ပေါက် ပိတ်နေတယ်၊ မင်းမလုပ်ချင် မလုပ်နဲ့၊ ဒီမှာ မလုပ်ဘဲ နောက်က လိုက်သွားမယ်” ဟု ပြောခဲ့။

    ● အောင်ဝင်းခိုင် တိမ်းရှောင်ခြင်း

    – ဇန် ၂၉ ရက် ၂၁:၃၀ ချိန်တွင် ဇေယျာဖြိုးထံ အောင်ဝင်းခိုင်မှ ဖုန်းဆက်သွယ်၍ အိမ်သို့လာခေါ်ရန် ပြော၍ သွားရောက် ခေါ်ဆောင်ခဲ့၊ ရွှေဘုန်းပွင့် စေတီ သို့ ရောက်ရှိ၊ လမ်းတွင် ဇေယျာဖြိုးမှ ဦးကိုနီ သတင်း သိ/မသိ မေးရာ အောင်ဝင်းခိုင်မှ ငါခိုင်းတဲ့ လူဟု ဖြေခဲ့။

    – စေတီအား ပတ်၍ ဆုတောင်းပြီး အပြန်တွင် အောင်ဝင်းခိုင်က နေပြည်တော် သို့မဟုတ် မကွေးသို့ သွားမည်ပြော၍ ဇေယျာဖြိုးမှ ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာ တဦးဖြစ်သော ရဲထွဋ်လှိုင်ထံ ဖုန်းဆက်၍ နောက်တစ်ရက်တွင် အောင်ဝင်းခိုင်အား နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားရန် မှာကြားခဲ့။

    – ဇန် ၃၀ ရက် ၁၇:၃၀ ချိန်တွင် ရဲထွဋ်လှိုင်နှင့် အောင်ဝင်းခိုင်တို့ ဇဗ္မူသီရိမြို့နယ်၊ ပဒုမ္မာ (၂) လမ်းရှိ ရောင်ဝါဖြိုး ကုမ္ပဏီရုံးခွဲသို့ ရောက်ရှိ၊ အောင်ဝင်းခိုင်မှ ဖုန်း (၂) လုံးနှင့် စာရွက်စာတမ်း အချို့အား မီးရှို့ ဖျက်ဆီးခဲ့။

    – အောင်ဝင်းခိုင်အား မကွေးသို့ သွားရန် မြို့မ ဈေး ကားဂိတ်သို့ ပို့ဆောင်စဉ် ကားဆီထည့်၊ ဥပ္ပါတသန္တိ ဘုရားရှေ့ မောင်းစေ၍ ကားပေါ်မှ ဆုတောင်း၊ ပရဆေးဥယျာဉ် ရှေ့အရောက်တွင် ကားရပ်တန့်ခိုင်းပြီး လူတယောက်လာခေါ်မည်ဟု ပြော၍ အောင်ဝင်းခိုင် ဆင်းခဲ့။

    ● လူမှုကွန်ရက် စာမျက်နှာများ၌ ဖော်ပြမှု အခြေအနေများ

    – တရားခံ ကြည်လင်းအား အနီးကပ်ကြပ်မတ်သူ အောင်ဝင်းဇော်သည် စစ်တက္ကသိုလ် အမှတ်စဉ် (၃၄) ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ ထွက်ဆိုချက်အရ ၎င်းနှင့် အတူ ပူးပေါင်း ဆောင်ရွက်သည့် ညီဖြစ်သူ အောင်ဝင်းခိုင် မှာလည်း စစ်တက္ကသိုလ် အမှတ်စဉ် (၃၆) ကျောင်းဆင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့။

    – သတင်းထုတ်ပြန်ပြီးနောက် ၎င်းတို့၏ ဓာတ်ပုံများ၊ အပတ်စဉ်တူ အဖွဲ့များစု ရိုက်ထားသည့် ဓာတ်ပုံများ၊ ဟောင်ကောင်တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျာလင်းတို့နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများ၊ ယူဆချက် အမျိုးမျိုးဖြင့် လူမှုကွန်ရက်တွင် ဖော်ပြပျံ့နှံ့ခဲ့။

    – ၎င်း ဓာတ်ပုံပါသူများအား စိစစ် မေးမြန်းခဲ့ရာ လုပ်ငန်းတူ/အပတ်စဉ်တူများသည် ဂေါက်ရိုက် ပြိုင်ပွဲ၊ ညစာစားပွဲ၊ အလှူအတန်းနှင့် ဟောင်ကောင်သို့ အလည်အပတ် သွားစဉ် မိတ်ဆွေများ နှင့် အမှတ်တရ ရိုက်ထားသည့် ပုံများသာ ဖြစ်ပြီး ပါဝင်သူများသည် အမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်မှု မရှိကြောင်းတွေ့ရှိရ။

     

    BBC မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

  • ထောက်လှမ်းရေးဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဦးကိုနီ လုပ်ကြံခံရမှု လမ်းဆုံး

    ထောက်လှမ်းရေးဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဦးကိုနီ လုပ်ကြံခံရမှု လမ်းဆုံး

    ပြည်ထဲရေးဝန်ကြီး ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ငွေကြေးထောက်ပံ့သူဟု ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည့် ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို နောက်ဆုံး ဖမ်းဆီးလိုက်ခြင်းဖြင့် အမှုမှာ လတ်တလော အဆုံးသတ်သွားပြီ ဖြစ်သည်။

    ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာဖြစ်သည့် ယနေ့တွင် ရန်ကုန်မြို့၊ မူးယစ်ပြတိုက်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက်ဆုံးရ အခြေအနေများကို ရှင်းလင်းခဲ့သည်။

    အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးဖမ်းဆီးထားသည့် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်းဖြစ်ပြီး ယခင် ဗဟိုထောက်လှမ်းရေးတပ် (ဗထလ) ဟု ခေါ်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်းဟု နာမည်ပြောင်းခဲ့သည့် ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။

    ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာတွင် အငြိမ်းစားပေးခံခဲ့ရပြီး 38 Group ဟု နာမည်ရသည့် ကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်းလေးခု တည်ထောင်ထားသူဖြစ်သည်။

    ၎င်းသည် ဦးကိုနီကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်သူ၊ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မှ နုတ်ထွက်ထားသည့် အောင်ဝင်းခိုင်နှင့်အတူ ကုမ္ပဏီတခုကိုလည်း ၂၀၁၆ ခုနှစ်က ပူးပေါင်းတည်ထောင်ထားပြီး ဇေယျာဖြိုး၏ အမျိုးသမီးဖြစ်သူလည်း ပါဝင်ခဲ့သည်။

    ထို့နောက်သည် ရန်ကင်း၊ ကျောက်ကုန်းရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ရဟန်းဝတ်ဖြင့် တိမ်းရှောင်နေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယခုလ ၈ ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ တဦးတည်းနာမည်ဖြင့် မှတ်ပုံတင် လေးခု တွေ့ရှိရပြီး စကားပြောစက်နှင့်အတူ ဆက်စပ်ပစ္စည်းများလည်း တွေ့ရှိခဲ့ရသည်ဟု ပြည်ထဲရေးက ဆိုသည်။

    ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်များအရ လက်ရှိဖမ်းဆီးမိထားသည့် အောင်ဝင်းဇော်ကို စစ်ဆေး မေးမြန်းချက်များမှတဆင့် စတင်ခိုင်းစေသူ ဇေယျာဖြိုးကို သိရှိခဲ့ခြင်းဖြစ်ကာ ယခုလ ၃ ရက်နေ့က ရန်ကင်းတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    အစွန်းရောက် မျိုးချစ်စိတ်၊ လူငယ်သဘာဝနှင့် ပုဂ္ဂိုလ်ရေးအရ သတ်ခဲ့ခြင်းဟုဆို

    ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းသည် “အစွန်းရောက် မျိုးချစ်စိတ်ကြောင့်” ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

    ထို့ပြင် ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်သည် “လူမှုကွန်ရက်မှာ တွေ့ရသည့် ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ချက်များအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်” ဟု ပြောဆိုခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။

    ဦးကိုနီ၏ နောက်ကွယ်မှ အသိုင်းအဝိုင်းကို ပြည်ထဲရေးဝန်ကြီး ထည့်ပြော

    ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ဦးကိုနီ လုပ်ကြံခံရမှုနောက်ကွယ်တွင် “[ဦးကိုနီကိုယ်တိုင်]၏ နောက်ကွယ် အသိုင်းအဝိုင်းက” လုပ်ကြံခဲ့သလားဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ရွေးကောက်ပွဲမတိုင်ခင်က ဦးကိုနီဘာတွေ ပြောခဲ့သလဲ။ အဲဒီပြောခဲ့တဲ့အတိုင်း ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အင်န်အယ်ဒီဟာ အာဏာရသွားတယ်။ အဲ့အချိန်မှာ ဦးကိုနီဟာ သူလုပ်နိုင်မယ့်၊ ရမယ့် အတိုင်းအတာ လုပ်နိုင်လား၊ မလုပ်နိုင်တဲ့အတွက် သူ့ရဲ့ နောက်ကွယ်က အသိုင်းအဝိုင်းတွေက လုပ်ကြံလားဆိုတာလည်း အစ်ကိုတို့ စဉ်းစားရမယ်။ အမျိုးမျိုး… ချိန်ဆရမယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

    အောင်ဝင်းခိုင်၏ ထွက်ဆိုချက်ကို စောင့်ရန်သာရှိ

    ပြည်ထဲရေး၏ ပြောကြားချက်များကို အချုပ်ဆိုရပါက “အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင်” ထပ်မံတွေ့ရှိချက်များနှင့် အခြား ပူးပေါင်းပါဝင်သူများ ထပ်ရှိနိုင်သေးလားဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ “ဆက်လုပ်သွားမှာပေါ့” ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

    ယခုအခါ ကြည်လင်းကို ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)၊ လဝကဥပဒေ ၁၃ (၁) အရလည်းကောင်း၊ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)အရ လည်းကောင်း၊ ဇေယျာဖြိုးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နှင့် ၄၆၈ အရ လည်းကောင်း၊ အောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ အရလည်းကောင်း အရေးယူ အမှုဖွင့်ထားသည်။

    သတင်း-မြတ်ကျော်သူ
    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။
    http://frontiermyanmar.net/mm/news/4176

  • ဈေးအပေါဆုံးဖုန်း ထုတ်မည်ဟု ကြေငြာထားသူကို လိမ်လည်မှုဖြင့် အိန္ဒိယဖမ်းဆီး

    ဈေးအပေါဆုံးဖုန်း ထုတ်မည်ဟု ကြေငြာထားသူကို လိမ်လည်မှုဖြင့် အိန္ဒိယဖမ်းဆီး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ဈေးအပေါဆုံး စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချမည်ဟု ကြေငြာခဲ့သည့် အိန္ဒိယမှ Ringing Bells ကုမ္ပဏီ ဒါရိုက်တာကို လိမ်လည်မှုဖြင့် အိန္ဒိယက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    မိုဟစ် ဂိုအဲလ်ဖြစ်ပြီး လက်ကားဖြန့်ချီသူတစ်ဦးက ဖုန်းများအတွက် ငွေပေးထားသော်လည်း ပစ္စည်း လက်ဝယ်မရှိဟု တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    Freedom 251 ဟု အမည်ပေးထားသည့် အဆိုပါဖုန်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက ကနီဦးအဖြစ် တစ်လုံးလျှင် ၂၅၁ ရူပီး (၃.၇၀) ဒေါ်လာဖြင့်ရောင်းချခဲ့သည်။ ၀ယ်ယူသူ အများအပြား ထိုဖုန်းကို ရရှိခဲ့သော်လည်း Ringing Bells ကုမ္ပဏီမှာ အမှာစာများအားလုံးကို ပြည့်မီအောင် ပေးပို့နိုင်ခြင်းမရှိဟု စွပ်စွဲခံထားရသည်။

    လက်ကားဖြန့်ချီသည့် Ayam Enterprises ကုမ္ပဏီက မစ္စတာဂိုအဲလ်မှာ အဆိုပါဖုန်းများကို ဖြန့်ချီရန် စွဲဆောင်ခဲ့ပြီးနောက် မိမိအနေဖြင့် ရူပီး ၃ သန်းပေးထားသော်လည်းလည်း ၁.၄ သန်း တန်ဖိုးအတွက် ပစ္စည်းကိုသာ ပေးပို့ထားကြောင်း၊ ကျန်သည့်ငွေကြေးကို ခဏခဏတောင်းပါက အသတ်ခံရမည်ဟု ခြိမ်းခြောက်ခြင်းပင် ခံရကြောင်း ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဟူးလ် ဆရီဗက်စ်တာဗာက ဂိုအဲလ်အား ဖမ်းဆီးမှုကို အတည်ပြုခဲ့ပြီး နိုင်ငံ၏ အခြားဒေသများမှလည်း ထိုကဲ့သို့ တိုင်ကြားမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ဒီမသမာမှုတွေကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အပြစ်မဲ့သူတွေဟာ သူတို့ ခက်ခက်ခဲခဲရှာထားတဲ့ ငွေကြေးတွေကို ဆုံးရှုံးရတာကြောင့်ပါ” ဟု ရာဟူးလ်က ဆိုသည်။

    Ringing Bells မှာ ဖုန်းအတွက် ငွေများကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ယူထားခဲ့ပြီး ဖုန်းများကို ဇွန်လတွင် ပေးပို့မည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ဈေးအပေါဆုံးဖုန်းများကို မိမိတို့၏ ၀ဘ်ဆိုက်မှတစ်ဆင့်သာ ရောင်းချမည်ဟု ကုမ္ပဏီက ကြေငြာခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းမှ မှာယူမှု များပြားခြင်းကြောင့် ဆာဗာများပင် ကျသွားခဲ့သည်။

    ထိုအစီအစဉ်ကို ကြေငြာခဲ့စဉ် ဂိုအဲလ်က မိမိတို့မှာ ၀န်ကြီးချုပ်မိုဒီအစိုးရက တက်တက်ကြွကြွ အားပေးတိုက်တွန်းသည့် Make in India စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖုန်းများကို နိုင်ငံအတွင်း၌သာ ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်းတို့ကုမ္ပဏီ၏ စီးပွားရေးပုံစံ၊ ဈေးအလွန်နိမ့်သည့် ဖုန်းများ အမှန်တကယ် ထုတ်လုပ်နိုင်မည်လားဆိုသည့် အပေါ်တွင် ဝေဖန်မှုများလည်း ရှိခဲ့သည်။

    Ref: BBC

  • မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    မျက်စိရောဂါကုသနည်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၀)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်လောက်က မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေ အားလုံးနီးပါးမှာ မျက်စိရောဂါနဲ့ပတ်သက်ပြီး အကြောင်းအရာအချို့ကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ မျက်စိတွေအစား တိရစ္ဆာန်တွေရဲ့ မျက်စိတွေကိုသာ အသုံးပြုခဲ့တာကြောင့် လေ့လာမှုမှာတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ ဒါကလည်း လူသားရဲ့ ကိုယ်ခန္ဓာကိုယ်ကို ခွဲစိပ်ဖြတ်တောက်ခြင်းဟာ မလုပ်အပ်တဲ့အလုပ်လို့ သတ်မှတ်ထားကြလို့ပါ။ ဒါပေမယ့် ဒီအချက်က မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ပတ်သက်ပြီး  မွတ်စလင်ပညာရှင်တွေရဲ့ ရေးဆွဲဖော်ထုတ်မှုတွေကို အဟန့်အတား မဖြစ်စေခဲ့ဘဲ၊ မျက်လုံးတည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ရှေးအကျဆုံး ပုံတွေကို မွတ်စလင်တွေက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

    ၁၀ ရာစုကနေ ၁၃ ရာစုအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ မွတ်စလင်မျက်စိ ခွဲစိပ်ဆရာဝန်တွေ၊ မျက်စိအထူးကုတွေဟာ မျက်လုံးခွဲစိပ်မှု၊ ဖြတ်တောက်ဖယ်ရှားမှု၊ စူးစမ်းမှုတွေ ပြုလုပ်ခဲ့သလို သူတို့ရဲ့ တွေ့ရှိချက်တွေကို ကျမ်းကြီးတွေ၊ စာတမ်းတွေရေးပြီးလည်း ဖြန့်ချီခဲ့ပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ ဂျာမနီ ဆေးဘက်ဆိုင်ရာ ပါရဂူ ဂျူးလီယက်စ် ဟီရက်ရှ်ဘာ့ဂ် (Juius Hirschberg) ရဲ့ အဆိုအရ မွတ်စလင်ပညာရှင်ကြီးတွေ ရေးသားခဲ့တဲ့ မျက်စိကုထုံးဆိုင်ရာ ကျမ်းပေါင်း ၃၀ လောက် ရှိခဲ့ပြီး ယနေ့အချိန်မှာ ၁၄ အုပ် ရှိနေပါသတဲ့။

    “အမြင်အာရုံကွယ်မှုကို တားဆီးဖို့ ကြိုးစားအားထုတ်ရာမှာ မွတ်စလင် သမားတော်တွေဟာ သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှေ့ရောက်ခဲ့ပြီး အလ်-ရာဇီဟာ သူငယ်အိမ်ရဲ့ ကိုယ်ပိုင် အလိုအလျောက်တုန့်ပြန်မှု (reflex action) ကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ သမားတော်တစ်ဦး ဖြစ်ပါတယ်။ အဲဒီ တစ်ချိန်တည်းလောက်မှာပဲ အလ်-မော်စီလီဟာ အခေါင်းပေါက်ပါတဲ့ အပ်တွေကို အသုံးပြုပြီး စုပ်ထုတ်မှုနဲ့ မျက်လုံးတိမ်တွေကို ဖယ်ထုတ်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်”

    (၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ ‘မျက်စိပညာရှင်များအသင်း’ က ထုတ်ဝေသည့် Optometry Today စာအုပ်မှ)

    ယနေ့ခေတ် မျက်စိနဲ့ပတ်သက်လို့ မျက်မှေးလွှာ (conjunctiva)၊ မျက်ကြည်လွှာ (cornea)၊ မြင်လွှာ (retina) စတဲ့ အသုံးအနှုန်းတွေကို သုံးနေကြပြီး၊  မျက်ခမ်းစပ်ရောဂါ (Trachoma) လို ရောဂါမျိုးကို ခွဲစိပ်ကုသတာကလည်း ပုံမှန်လို ဖြစ်နေပါပြီ။ မျက်လုံးထဲမှာ မျက်ဝန်းလဲ့ရည် (intraocular pressure) တိုးလာပြီး ‘သူငယ်အိတ် ကိုက်ခဲခြင်း’ လို့ အမည်ပေးထားတဲ့ ရေတိမ် (glaucoma) ရောဂါကုသနည်းဟာလည်း လူသိများပါတယ်။ ဒါပေမယ့် မျက်စိကုထုံးနဲ့ ပတ်သက်လို့ မွတ်စလင်တွေ ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းတွေထဲမှာ အကြီးကျယ်ဆုံးကတော့ မျက်စိတိမ်စွဲရောဂါ ကုသနည်းပဲ ဖြစ်ပါတယ်။

    မျက်စိတိမ်စွဲမှုရောဂါရဲ့ အာရဘီအသုံးအနှုန်းဟာ အလ်-မာ အလ်-နာဇီလ် ဖီလာယန် (al-ma al-nazil fil’ayn) ဖြစ်ပြီး ‘မျက်စိထဲ ရေ၀င်ခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ရေတွေ မျက်လုံးက မှန်ဘီလူးထဲမှာ စုမိပြီး မျက်လုံး တိမ်ဖြစ်နေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ဒီလိုရေတိမ်ဖြစ်နေတဲ့မျက်လုံးတွေ အလင်းပြန်ရဖို့အတွက် ၁၀ ရာစု အီရတ်က မွတ်စလင်ပညာရှင် အလ်-မော်စီလီ (Al-Mawsili) ဟာ အခေါင်းပေါက်ပါတဲ့ အပ်တစ်ချောင်းကို ဖန်တီးခဲ့ပြီး မျက်ကြည်လွှာနဲ့ မျက်မှေးလွှာ ဆက်နေတဲ့ နယ်ခြား (limbus) ထဲအထိ စိုက်ကာ ရေစုပ်ထုတ်ခြင်း နည်းလမ်းနဲ့ တိမ်ကို ဖယ်ထုတ်ခဲ့ပါတယ်။ မွတ်စလင်တွေဖော်ထုတ်ခဲ့ အခြား မျက်စိကုသနည်းတွေနဲ့အတူ ဒီမျက်စိတိမ်စွဲရောဂါ ကုသနည်းကိုလည်း ယနေ့ခေတ်မှာ မခွဲစိတ်ခင် မှန်ဘီလူးကို အအေးပေးတာလို ခေတ်ပေါ် နည်းပညာတွေ ထပ်မံပေါင်းထည့်ပြီး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    အလ်-မော်စီလီဟာ သူ့ရဲ့ လေ့လာမှု၊ လက်တွေ့ ကျင့်သုံးမှုတွေနဲ့ပတ်သက်လို့ Book of Choices in the Treatment of Eye Diseases (မျက်စိရောဂါကုသမှုဆိုင်ရာ ရွေးချယ်စရာများကျမ်း) တစ်စောင်ကို ပြုစုခဲ့ပြီး ဒီစာအုပ်ထဲမှာ မျက်စိရောဂါပေါင်း ၄၈ မျိုးရဲ့အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီကျမ်းရဲ့ လက်ရေးမူကို စပိန်နိုင်ငံ မက်ဒရစ်မြို့က Escorial Library မှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

    ၂၀ ရာစုကို ရောက်တဲ့အချိန်အထိ အလ်-မော်စီလီရဲ့ ကျမ်းကို အာရဘီ ဘာသာစကား၊ ၁၃ ရာစုက ဟီဘရူးဘာသာပြန် စတဲ့ ပုံစံ ၂ မျိုးနဲ့သာ ရရှိခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဂျာမန် ဒေါက်တာ ဟီရက်ရှ်ဘာ့ဂ်က ဂျာမန်ဘာသာကို ပြန်ဆိုခဲ့ပြီး အလ်-မော်စီလီဟာ “အာရဘီ စာပေနယ်ပယ် တစ်ခုလုံးမှာ အပါးနပ်ဆုံး မျက်စိပါရဂူဖြစ်တယ်” လို့ အမွှမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။

    စပိန်နိုင်ငံ ကော်ဒိုဘာမြို့ရှိ အလီအစ်ဗနေ့အီဆာ၏ ကိုယ်တစ်ပိုင်း ရုပ်ထု

    အလ်-မော်စီလီနဲ့ ခေတ်ပြိုင်ဖြစ်ပြီး မွတ်စလင်မျက်စိသမားတော်တွေထဲမှာ အကျော်ကြားဆုံး ဖြစ်ခဲ့သူကတော့ ၁၀ ရာစု အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အလီ အစ်ဗနေ့ အီဆာ (Ali ibn Isa) ဖြစ်ပါတယ်။ သူဟာ Notebook of Oculist (မျက်စိပါရဂူမှတ်စု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ပြုစုခဲ့ပြီး မျက်လုံးရောဂါနဲ့ပတ်သက်လို့ အပြည့်စုံဆုံးကျမ်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၄၉၇ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာတော့ ပရော်ဖက်ဆာ ဟီရ်ဆက်ခ်ျဘာ့ဂ် (Hirschberg) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မျက်စိပါရဂူ ဂျေ လစ်ပါ့တ် (J. Lippert) တို့ဟာ ဂျာမနီဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာကိုတော့ ၁၉၃၆ ခုနှစ်မှာ အမေရိကန် မျက်စိ သမားတော်နဲ့ ပညာရှင် ကာဆေ ၀ုဒ် (Casey Wood) က ပြန်ဆိုခဲ့ပါတယ်။

    အစ်ဗနေ့ အီဆာရဲ့ Notbook of Oculist ဟာ စက္ကုဗေဒနဲ့ပတ်သက်လို့ ပြည့်စုံ၊ တိကျတဲ့ အချက်အလက်တွေပါဝင်တဲ့ ကျမ်းကြီးတစ်ကျမ်းဖြစ်ပြီး မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ မျက်စိနာရောဂါ (ophthalmia) တို့အပါအ၀င် မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါပေါင်း ၁၃၀ ကျော်ကို ဖော်ပြထားသလို ရာစုနှစ်များစွာ အသုံဝင်ခဲ့တဲ့ ကျမ်းကြီး ဖြစ်ပါတယ်။

    စက္ကုဗေဒနဲ့ပတ်သက်လို့ ဒီကျမ်းကြီးဟာ မွတ်စလင်တွေ ရေးထာသမျှ ကျမ်းတွေထဲမှာ မူရင်းပုံစံမပျက်ဘဲ အကြာဆုံး ရှင်သန်ခဲ့တဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၂၀ ရာစု ဗြိတိန် ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် ဒေါက်တာ ဆိုင်ရီလ် အလ်ဂွဒ် (Cyril Elgood) က “ပထမဆုံးပိုင်းဟာ မျက်လုံး တည်ဆောက်ပုံကို အသားပေးဖော်ပြပြီး၊ ဒုတိယပိုင်းကတော့ မျက်လုံးရဲ့ အပြင်ပိုင်းရောဂါတွေကို ဖော်ပြထားပါတယ်။ တတိယပိုင်းမှာ သာမန်စမ်းရုံနဲ့ မမြင်နိုင်တဲ့ အတွင်းပိုင်းရောဂါတွေကို ဖော်ပြပါတယ်။ မျက်စိမျာဖြစ်တဲ့ ရောဂါတွေဟာ အထွေထွေရောဂါတွေရဲ့ လက္ခဏာကို ဖော်ပြတာမျိုး ဖြစ်တယ်ဆိုတဲ့ ခေတ်သစ်ယူဆချက်နဲ့ အနီးစပ်ဆုံးဖြစ်စေတဲ့ အလီရဲ့ကောက်ချက်ချမှုကတော့ တိမ်စွဲရောဂါ အစပျိုးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့မှုဟာ အစာအိမ် ဒါမှမဟုတ် ဦးနှောက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို အာရုံစိုက်ဖို့ မျက်စိဆရာဝန်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    မျက်လုံးမှာဖြစ်တဲ့ ရောဂါတွေဟာ အခြားသော ရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာကို ပြောခဲ့သူက မျက်စိခွဲစိပ်ဆရာဝန်က အစ်ဗနေ့ အီဆာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ၁၀၈၈ ခုနှစ်လောက်က ပါရှားပြည်မှာ ပေါ်ထွက်ခဲ့ပြီး အလ်-ဂျာရ်ဂျာနီ (Al-Jurjan) လို့သိကြတဲ့ အဘူ ရူဟ် မိုဟာမက် အစ်ဗနေ့ မန်ဆူရ် အစ်ဗနေ့ အဘ်ဒူလာ (Abu Ruh Muhammad Ibn Mansur ibn Abdullah) ဟာ The Light of the Eye (မျက်လုံး၏ လင်းရောင်ခြည်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီထဲက အခန်းတစ်ခုမှာ ဖော်ထုတ်ရခက်တဲ့ ရောဂါတွေအကြောင်းကို ရေးသားဖော်ပြထားပါတယ်။ အဲဒီဂေါတွေဟာ မျက်လုံးရဲ့ တတိယ အာရုံကြောအားနည်းမှု (third nerve paralisis)၊ သွေးလှည့်မှု မှုမမှန်ခြင်း (blood disorders) နဲ့ အဆိပ်သင့်မှု (toxicity) လို ရောဂါမျိုးတွေဖြစ်ပြီး မျက်လုံးမှာ ဒါမှမဟုတ် အမြင်အာရုံမှာ ရောဂါလက္ခာဏာတွေကို ထင်ထင်ရှားရှား တွေ့ရတတ်ပေမယ့် ရောဂါကို အလွယ်တကူ ရှာမရတွေပါ။

    မွတ်စလင်ပညာရှင် အစ်ဗနေ့ အစ္စဟာ့က် ၉ ရာစုက ရေးသားခဲ့သည့် မျက်စိရောဂါဆိုင်ရာကျမ်းမှ လက်ရေးမူ

    အလယ်ခေတ် မွတ်စလင်ကမ္ဘာက နာမည်မသေတဲ့ နောက်ထပ် မျက်စိပါရဂူတစ်ဦးကတော့ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ပညာရှင်ကြီး မိုဟာမက် အစ်ဗနေ့ ကွာစမ် အစ်ဗနေ့ အတ်စလမ် အလ်-ဂါဖီကီ (Muhammad ibn Qassum ibn Aslam al-Ghafiqi) ဖြစ်ပါတယ်။  အလ်-ဂါဖီကီဟာ ကော်ဒိုဘာမှာ မွေးဖွားကြီးပြင်းကာ မျက်စိပါရဂူအဖြစ် ဆောင်ရွက်ခဲ့ပြီး The Right Guide on Ophthalmic Drug (စက္ကုဆိုင်ရာ ဆေးဝါးများ လမ်းညွှန်ကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ မျက်စိနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေသင်သာမကဘဲ ဦးခေါင်းနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေရဲ့ ဆေးဝါးတွေ အကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ပတ်သက်ပြီး အလ်-ဂါဖီကီရဲ့ ကုသနည်းကို ပထမကမ္ဘာစစ်အထိ အသုံးပြုခဲ့ရပါတယ်။ အလ်-ဂါဖီကီကွယ်လွန်မှု နှစ် ၈၀၀ ပြည့်တဲ့ ၁၉၆၅ ခုနှစ်မှာ သူ့ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုကို ကော်ဒိုဘာက မြူနီစီပယ် ဆေးရုံမှာ ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။

    ယနေ့ခေတ်မှာတော့ မျက်စိတိမ်စွဲရောဂါဟာ ပြောပလောက်စရာ ရောဂါမျိုး မဟုတ်တော့ဘဲ ၁၀ ရာစုက မွတ်စလင်ပညာရှင်ကြီး အလ်-မော်စီလီ ဖော်ထုတ်ပေးခဲ့တဲ့ ကုသနည်းက ယနေ့အချိန်အထိ လူသန်းပေါင်းများစွာကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

     

    “အလယ်ခေတ် ဥရောပမှာ အသိပညာ မှောင်အတိကျနေစဉ်အတွင်း သူတို့ (မွတ်စလင်တွေ) ဟာ (စပိန်က) ဂွါဒါလ်ကွီဗီမြစ်ကနေ (အီဂျစ်က) နိုင်းမြစ်၊ (ရုရှားက) အိုဇက်မြစ်အထိ ကျွန်တော်တို့ရဲ့ သိပ္ပံပညာ (စက္ကုဗေဒပညာ) အလင်းကို ထွန်ညှိပေးခဲ့ပြီး၊ မီးစာမပြတ်အောင် လုပ်ပေးခဲ့ပါတယ်။ အလယ်ခေတ်ဥရောပမှာ သူတို့တွေကသာ စက္ကုဗေဒမှာ ဆရာသဘာတွေ ဖြစ်ခဲ့ပါတယ်” (ပရော်ဖက်ဆာ ဂျူလီယက်စ် ဟီရ်ဆက်ခ်ျဘာ့ဂ်က ၁၉၀၅ ခုနှစ်တွင် အမေရိကန် ဆေးဘက်ဆိုင်ရာအသင်း၌ ပြောကြားသည့် မိန့်ခွန်းမှ)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ကုရ်အာန်မီးရှို့သူကို သာသနာညှိုးနွမ်းစေမှုဖြင့် ဒိန်းမတ်အစိုးရ တရားစွဲ

    ကုရ်အာန်မီးရှို့သူကို သာသနာညှိုးနွမ်းစေမှုဖြင့် ဒိန်းမတ်အစိုးရ တရားစွဲ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    – ဒိန်းမတ်နိုင်ငံတွင် ကုရ်အာန်ကျမ်းစာအား မီးရှို့ခဲ့သူ အမျိုးသားတစ်ဦးကို ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် အစိုးရက တရားစွဲဆိုလိုက်ပြီး နိုင်ငံ၏သမိုင်းတွင် နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး ထိုပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

    အသက် ၄၂ နှစ်အရွယ် အဆိုပါအမျိုးသားမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ၎င်း၏ အိမ်နောက်ဖေးခြံထဲတွင် ကုရ်အာန်ကျမ်းစာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်ဟု အစိုးရ ရှေ့နေချုပ် ဂျန် ရက်ကန်ဒေါ့ဖ်က ပြောကြားခဲ့သည်။

    ယခုကိစ္စမှာ ဘာသာသာသနာ ညှိုးနွမ်းစေမှု ဥပဒေကို ပြဌာန်းပြီးကတည်း ဒိန်းမတ်နိုင်ငံသမိုင်းတွင် စတုတ္ထမြောက် တရားစွဲဆိုမှုဖြစ်ပြီး နှစ် ၅၀ အတွင်း ပထမဆုံး တရားစွဲမှုလည်းဖြစ်သည်။

    အစိုးရရှေ့နေများကမူ ကုရ်အာန်နှင့် သမ္မာကျမ်းစာကဲ့သို့ စာအုပ်များကို မီးရှို့ခြင်းမှာ ဘာသာသနာကို စော်ကားခြင်း၊ ပြောင်လှောင်သရော်ခြင်းနှင့် ဆက်နွယ်သည့် ရာဇ၀တ်မှု ဥပဒေပုဒ်မကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၁၉၃၈ နှင့် ၁၉၄၆၁ နှစ်များတွင် ဒိန်းမတ်၏ သာညှိုးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရသူများမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရကာ ပြစ်ဒဏ်ခံခဲ့ရပြီး ၁၉၇၁ ခုနှစ် တရားစွဲဆိုမှုအတွင်း အပြစ်ရှိကြောင်း မတွေ့ခဲ့ရပေ။ ထိုပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၄ လဖြစ်ပြီး၊ ရက်ကန်ဖေါ့ဒ်ကမူ ယခုအမှုတွင် ဒဏ်ငွေသာ ဆောင်ရမည်ဟု ပြောကြားခဲ့သည်။

    Ref: CNN