News @ M-Media

Blog

  • ရှေ့နေဦးကိုနီအမှု ကွင်းဆက်တရားခံများ မမိမှာ NLD နာယက စိုးရိမ်

    ရှေ့နေဦးကိုနီအမှု ကွင်းဆက်တရားခံများ မမိမှာ NLD နာယက စိုးရိမ်

    လုပ်ကြံခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှုအတွက် ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က တောင်းဆိုလိုက်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံကြတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက် သွားမှာကို စိုးရိမ်မိတယ်လို့ NLD ပါတီနာယက ဦးတင်ဦးကလည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတဲ့ ဦးကိုနီအတွက် ဝမ်းနည်းဂုဏ်ပြုတဲ့ အခမ်းအနားတခုကို မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က ဖေဖော်ဝါရီ ၁၉ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ဆက်စပ်တရားခံ တွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တောင်းဆိုကြောင်း အဲဒီကွန်ယက်မှာ ဦးဆောင်ပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

    “ဦးကိုနီအမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူက ဘာကြောင့် သတ်ခိုင်းတာလဲ၊ ဘယ်သူက သိန်းထောင်ချီ ပိုက်ဆံတွေကို ထုတ်ပေးတာလဲ၊ နောက်တချက်က ဒီကိစ္စဟာ တပ်မတော်အဆင့်မြင့် အရာရှိကြီးဟောင်း တဦး ပါဝင်နေတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်မှာစိုးတဲ့အတွက် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သတင်းထုတ်ပြန်မှုလည်း အားနည်းနေသလို အရေးယူဆောင်ရွက်မှုအပိုင်းမှာလည်း နှေးကွေးတယ်လို့ ယူဆတဲ့အတွက် ဒါကို မြန်ဆန်စေချင်လို့ပါ။ နောက်ဒါက အကြမ်းဖက်မှုဖြစ်တယ်၊ ၂၀၁၄ က ပြဌာန်းထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်၊ အဲဒီအတိုင်းဖော်ထုတ်မယ်ဆိုရင် ငွေကြေးထောက်ပံ့တဲ့သူတွေပါ အကုန်လုံးကို တစမကျန်ဆွဲထုတ်ရမှာ။ ”

    ဒီကနေ့ အခမ်းအနားကို NLD ပါတီ ဥပဒေအကြံပြုအဖွဲ့ ဦးဆောင်သူလည်းဖြစ် NLD ပါတီနာယကလည်းဖြစ်တဲ့ ဦးတင်ဦး တက်ရောက်ခဲ့ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက်သွားမှာကို စိုးရိမ်မိတာကြောင့် ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ NLD ပါတီက လိုလားကြောင်း ဦးတင်ဦးက ပြောပါတယ်။

    “ဒီကိစ္စက ရှင်းပါတယ်၊ ဒါဟာနိုင်ငံတကာ လေဆိပ်ကြီးထဲမှာ လက်ရဖမ်းမိပြီး ဖြစ်သော်လည်း ၊ ထုတ်ဖော်ချက်တွေ ကျနော်တို့ ကွင်းဆက်ရတဲ့ဟာကို ထိထိရောက်ရောက်မရနိုင်တာတွေနဲ့ နောက်ပြီးတော့ ရတဲ့တယောက် ပြောတဲ့အချက်အလက်ပေါ်မူတည်ပြီးတော့ ပြောရင်း ကျန်တဲ့ပုဂ္ဂိုလ်တွေထဲက လွှတ်မြောက်သွားတာတွေ ၊ ဆက်လက်ရှာဖွေလို့မရသေးဘူးဆိုတာတွေ အဲဒီအပေါ်မှာ အမှုက ကြာသွားရင် ဒီလေးနက်မှုဟာ လျော့သွားမယ့်ဟာမျိုး ၊ အားနည်းချက်ဖြစ်သွားမှာ မဖြစ်ထိုက်ဘူးဆိုတာမျိုးအပေါ်မှာမှုတည်ပြီးတော့ ၀ိုင်းဝန်းပြီးတော့ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဖမ်းဆီးရမိအောင်ဆောင်ရွက်ရမယ့် ကိစ္စမှာ လေးလေးနက်နက်နဲ့ ဒါကို မြန်မြန်ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက်ကိုတော့ တိုက်တွန်းကြတယ်။”

    ဒီအမှုကို အင်းစိန်ထောင်တွင်းမှာ အထူးခုံရုံးဖွဲ့ စစ်ဆေးဖို့လိုတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

    “ဒီအမှုကို စစ်ဆေးမယ်ဆိုရင်တော့ ဂဠုန်ဦးစော အမှုကို စစ်ဆေးသလို၊ လမ်းမှာ ဖြတ်ပြီးတော့ လုတာမျိုးမဖြစ်ရအောင် ၊ ပေါက်ထွက်တာမျိုးတွေမဖြစ်ရအောင် အင်းစိန်ထောင်ထဲမှာရှိတဲ့ အဆောင်တခုခုမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က တရားသူကြီးတွေ ပါတဲ့ ခုံအဖွဲ့ထိုင်ပြီးတော့ အမြန်ဆုံးစစ်ဆေးပေးဖို့ ကျနော်တို့ လိုလားတာဖြစ်ပါတယ်။”

    ဒီနေ့ အခမ်းအနားကို ရှေ့နေအသင်းအဖွဲ့တွေက ရှေ့နေတွေရော ဦးကိုနီရဲ့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • ‘သားကို လာခေါ်ပါအုံးဖေဖေ။ လာခေါ်ပါ’ (Video)

    ‘သားကို လာခေါ်ပါအုံးဖေဖေ။ လာခေါ်ပါ’ (Video)

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    – ၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ပွဲကြောင့် တစ်နိုင်ငံလုံး ဖွတ်ဖွတ်ကြေခဲ့ရသလို သေဆုံးသူ ဒဏ်ရာရသူတွေကလည်း သိန်းနဲ့ချီ ရှိနေပါပြီ။

    စစ်ရဲ့အနိဌာရုံတွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း တူရကီကနေ ဂရိကို လာရောက်ခိုလှုံဖို့ကြိုးစားရင် စက်လှေနစ်ကာ ရေနစ်သေဆုံးပြီး ကမ်းစပ်တစ်ခုပေါ်မှာ သွားတင်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် အလန် ကာဒီလေးရဲ့ ပုံရိပ်၊ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း အဲလစ်ပိုမြို့မှာ အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရကာ သွေးအလိမ်းလိမ်းနဲ့ ငူငူကြီးထိုင်နေတဲ့ အိုမရန် ဒက်နီးရှ်လေးရဲ့ ပုံရိပ်တွေဟာ ကမ္ဘာကျော်ခဲ့ပြီး ကြေကွဲစရာ၊ ဂရုဏာသက်စရာ အကောင်းဆုံး ပုံရိပ်တွေ ဖြစ်ခဲ့ပါတယ်။

    အခုလည်း နောက်ထပ် သွေးပျက်ဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    ဒါက အစ်ဒလစ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆီးရီးယားအစိုးရတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ခြေထောက် ၂ ဖက်စလုံး ဆုံးရှုံးခဲ့ရတဲ့ သနားစရာ ကလေးငယ်တစ်ဦးဟာ ဖခင်ဖြစ်သူကို အကူအညီတောင်းတဲ့ ဗီဒီယိုပါ။

    ကလေးငယ်ရဲ့ နာမည်ကတော့ အဘ်ဒူလ်ဘာဆစ် တန် အလ်-ဆာတွဖ်လို့ ခေါ်ပြီး တိုက်ခိုက်မှုအတွင်းမှာ အဘ်ဒူလ်ဘာဆစ်လေးရဲ့ အမေနဲ့ မောင်နှမ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အဘ်ဒူလ်ဘာဆစ်

    ဗီဒီယိုမှာ တိုက်ခိုက်မှုကြောင့် မီခိုးတစ်လူလူထွက်နေတဲ့ အဆောက်အဦးအနီး မြေပြင်ပေါ်မှာ ထိုင်နေရတဲ့ ဒီကလေးငယ်ဟာ ‘သားကို လာခေါ်ပါအုံး ဖေဖေ။ လာခေါ်ပါ’ လို့ အကူအညီတောင်းနေသံကို ပီပီသသ ကြားခဲ့ရပါတယ်။ ဒီကလေးငယ်ဟာ ဟာမာမြို့အနီး အလာတမ်နီဟ်က ဒုက္ခသည်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူကာ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိတယ်လို့ ဆိုပါတယ်။

    https://www.youtube.com/watch?v=IywVaNm6f6E

    Ref: Alarabiya, The Sun

  • စင်ကာပူလက်ဝှေ့လောကတွင် သမိုင်သစ်ရေးခဲ့သည့် ရဖီးနှင့် နူရ်ရှာဟီဒါ

    စင်ကာပူလက်ဝှေ့လောကတွင် သမိုင်သစ်ရေးခဲ့သည့် ရဖီးနှင့် နူရ်ရှာဟီဒါ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    ရဖီးမဂျစ် (ယာ)

    – စင်ကာပူနိုင်ငံမှ လက်ဝှေ့သမား ရဖီးမဂျစ်မှာ သောကြာနေ့က ထိုးသတ်ခဲ့သည့်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည့် ပထမဆုံး စင်ကာပူနိုင်ငံသား ဖြစ်လာခဲ့သည်။

    ကမ္ဘာ့ဘောက်ဆင်အဖွဲ့ချုပ် (UBO) ၏ စူပါမစ်ဒယ်ဝိတ်တန်း ပထမအဆင့်ပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံသား ပလိုင်ဆက်ဒါ ဘွန်မာလာ့တ်နှင့် ထိုးသတ်ရာ ၁ မိနစ်နှင့် ၄၇ စက္ကန့်အကြာမှာပင် အလဲထိုးနိုင်ခဲ့ပြီး ခါးပတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါပွဲမှာ ရာဖီး၏ ၁၀ လကြာ ပရော်ဖက်ရှင်နယ် သက်တမ်းတွင် တတိယမြောက်ပွဲဖြစ်ပြီး အလဲထိုးဖြင့် ရာနှုန်းပြည့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရဖီးကို ‘ရူဖီယန်’ ဟု စင်ကာပူပြည်သူများက နာမည်ပြောင် ပေးထားကြသည်။

    စင်ကာပူ၏ ပထမဆုံး အမျိုသမီး ပရော်ဖက်ရှင်နယ် လက်ဝှေ့ချန်ပီယံ နူရ်ရှာဟီဒါ ရိုစ်လီကလည်း သောကြာနေ့ပွဲတွင် ထိုင်းနိုင်ငံမှ ရက်တ်ဆာဒါပွန်း ခီအာဆိုပါကို ၁ မိနစ် ၅၂ စက္ကန့်ဖြင့် အလဲထိုးနိုင်ယူခဲ့သည်။

    ‘စနိုက်ပါ’ ဟု အမည်ပြောင်ပေးခံထားရသည့် နူရ်ရှာဟီဒါမှာ UBO ၏ ဆူပါဖဲသာဝိတ် သရဖူကို ဇွန်လတွင် ရယူနိုင်ခဲ့ပြီး၊ နိုင်ငံတကာ ချန်ပီယံဘွဲ့ရ ပထမဆုံး စင်ကာပူအမျိုးသမီး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။

    နူရ်ရှာဟီဒါ ရိုစ်လီ

    Ref: CNA

  • ဆွီဒင်မှာ အကြမ်းဖက်တိုက်ခိုက်ခံရသည်ဟု ဒေါ်နယ်ထရမ့် လုပ်ကြံပြောဆို

    ဆွီဒင်မှာ အကြမ်းဖက်တိုက်ခိုက်ခံရသည်ဟု ဒေါ်နယ်ထရမ့် လုပ်ကြံပြောဆို

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြောင်းရွှေ့အခြေချသူတွေကို ၀င်ရောက်ခွင့်မပေးလိုတဲ့ သူတို့ရဲ့ ပေါ်လစီကို အားကောင်းအောင်လို့ အထောက်အထားပေးတဲ့နေရာမှာ ဆွီဒင်နိုင်ငံကလည်း အကြမ်းဖက်တိုက်ခိုက်မှု သားကောင်ဖြစ်နေရတယ်လို့ လုပ်ကြံပြောဆိုခဲ့ပါတယ်။

    ဖလော်ရီဒါက နွေရာသီစံအိမ်ကို ရောက်ရှိနေတဲ့ ထရမ့်ဟာ မနေ့က မဲလ်ဘုန်းမှာ သူ့ကိုထောက်ခံတဲ့ လူအုပ်စုကြီးကို မိန့်ခွန်းပြောရာမှာ ဒီလို ထည့်သွင်း ပြောကြားခဲ့တာပါ။

    “ကျုပ်တို့တိုင်းပြည်ကို အန္တရာယ်ကင်းအောင်လုပ်ရမယ်။ ဂျာမနီမှာ ဘာဖြစ်သွားလဲ ခင်ဗျားတို့ကြည့်၊ ဆွီဒင်မှာ မနေ့ညက ဘာဖြစ်သွားလဲ ခင်ဗျားတို့ကြည့်။ ဆွီဒင်မှာ ဖြစ်သွားတာလေ။ ဘယ်သူက ဒါကို ယုံနိုင်မှာလဲ။ ဆွီဒင်လေ။ ဒုက္ခသည်တွေအများကြီး သူတို့ခေါ်ထားတယ်။ ဘယ်တုန်းကမှ ထင်မထားတဲ့ ပြဿနာတွေ သူတို့ဖြစ်နေပြီဗျ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘာတွေဖြစ်နေလဲ ခင်ဗျားတို့ ကြည့်။ (ပြင်သစ်က) နိုက်စ်မြို့ကိုကြည့်။ ပဲရစ်ကိုကြည့်” လို့ ဒေါ်နယ်ထရမ့်က သူ့ပေါ်လစီကို ထောက်ခံရေး အထောက်အထားတွေ ပေးခဲ့ပါတယ်။

    ဒါပေမယ့် သီတင်းတစ်ပတ်မှာ နိုင်ငံသားတစ်ယောက်က ထိန်းချုပ်ကိုင်တွယ်ခွင့်ရတဲ့ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံပိုင်တရားဝင် Twitter အကောင့်ကတော့ ထရမ့်ရဲ့ ဒီပြောကြားမှုကို မကျေနပ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

    “ဆွီဒင်မှာ ဘာမှမဖြစ်ပါဘူး။ ဘယ်လိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးမှ မဖြစ်ပါဘူး။ လုံးဝပါပဲ” လို့ Twitter မှာ ဖော်ပြထားပါတယ်။

    ထရမ့်ဟာ သမ္မတအဖြစ် တာဝန်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခသည်တွေ ၀င်ရောက်ခွင့်ကန့်သတ်မှု၊ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေကို ဗီဇာပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်းက ပြောင်းရွှေ့အခြေချသူတွေ၊ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူတွေ၊ ယာယီနေထိုင်ခွင့်ရထားသူတွေအတွက် အလွန်အခက်အခဲ ဖြစ်ခဲ့တာကြောင့် တရားရေးက ထရမ့်ရဲ့ ဒီအမိန့်ကို ယာယီ ပယ်ဖျက်ထားပါတယ်။

    ထရမ့်ကတော့ ပြောင်းရွှေ့အခြေချမှုကို ပိတ်ပင်တဲ့ အမိန့်ကို လာမယ့်ရက်ပိုင်းမှာ ထပ်မံ ထုတ်ပြန်သွားမယ်လို့ မနေ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်တမ်းကောက်ယူမှုတွေအရ ထရမ့်ဗီဇာပိတ်ပင်လိုက်တဲ့ နိုင်ငံ ၇ နိုင်ငံက နွယ်ဖွားတွေဟာ အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်တာ မရှိသလောက်ဖြစ်တယ်လို့ တွေ့ခဲ့ရပါတယ်။

    ထရမ့် အာဏာရပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံအတွင်း လူဖြူအစွန်းရောက်တွေက လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး၊ တိုင်းပြည်အတွင်းက မွတ်စလင်တွေ၊ ဂျူးတွေ၊ မက္ကဆီကန်တွေ၊ အာရှနွယ်ဖွားတွေအပေါ် ပစ်မှတ်ထား စော်ကားတိုက်ခိုက်မှုတွေဟာ စိုးရိမ်စရာ ကောင်းလာတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    Ref : Independent

  • ဆီးရီးယားကလေးများ ပညာရေး ရုရှားမွတ်စလင်များက ကူညီမည်

    ဆီးရီးယားကလေးများ ပညာရေး ရုရှားမွတ်စလင်များက ကူညီမည်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media

    – လက်ဘနွန်တွင် ခိုလှုံနေရသည့် ဆီးရီးယားကလေးငယ်များအတွက် စာသင်ကျောင်း ဖွင့်လှစ်နိုင်ရေး ရုရှားမွတ်စလင်များက ကူညီပေးသွားမည်ဟု သိရသည်။

    ယခုလအစောပိုင်းတွင် ရုရှားမွတ်စလင် ဘာသာရေးဆိုင်ရာ ဘုတ်အဖွဲ့၊ မော်စကို မွတ်စလင် ဘာသာရေးဆိုင်ရာ ဘုတ်အဖွဲ့နှင့် ရုရှားမွဖ်သီများကောင်စီတို့က ဆီးရီးယား-လက်ဘနွန် နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ဆီးရီးယား ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးပို့ခဲ့သည်။

    “ကျန်းမာရေး အကူအညီနဲ့ ပညာရေးပိုင်းမှာ ပြဿနာတွေ တော်တော်ကြီးနေတယ်ဆိုတာကို တွေ့ခဲ့ရပြီး မိဘမဲ့ ကလေးငယ်တွေလည်း အများကြီးပါ။ ဒီ ကဏ္ဍ ၃ ခုမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ ကူညီပေးသွားမှာပါ” ဟု ရုရှား မွဖ်သီများကောင်စီမှ ဒုတိယဥက္ကဌ အလ်ယွတ်ဒီနော့ဗ်က ပြောကြားခဲ့သည်။

    ကနဦးအနေဖြင့် အနည်းဆုံး ဆီးရီးယားကလေးငယ် ၁၀၀ ကို ကူညီပေးသွားမည်ဖြစ်ကြောင်း ရုရှားမွတ်စလင်များမှာ ထိုကဲ့သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပုံမှန် ပေးအပ်သွားနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    UNHCR ၏ မှတ်တမ်းအရ လက်ဘနွန်တွင် ဆီးရီးယားဒုက္ခသည်ပေါင်း ၁ သန်းကျော် ရှိနေသည်။

    Ref: IINA