News @ M-Media

Blog

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်မှ လက်ဝှေ့ကျော် ပက်ကွီအိုမှာ ဗြိတိန်လက်ဝှေ့သမား အမီးရ်ခန်းနှင့် မေလ ၂၀ ရက်နေ့တွင် ထိုးသတ်သွားမည်ဟု ဗြိတိန်မီဒီယာများက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) တွင် ဖော်ပြခဲ့သည်။

    အမီးရ်ခန်း၏ ဇာတိ ဘော်လ်တန် သို့မဟုတ် မန်ချက်စတာမြို့တွင် ဖြစ်လာနိုင်သည့် အဆိုပါ လက်ဝှေ့ပွဲအတွက် လက်ရှိတွင် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု The Times သတင်းဌာနက ဆိုသည်။

    ပက်ကွီအိုမှာ ၎င်း၏ နောက်ထပ်ထိုးသတ်မည့်သူအတွက် Twitter စာမျက်နှာမှတစ်ဆင့် မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ပရိတ်သတ်များက စုစုပေါင်း မဲအရေအတွက် ၄၈ ရာခိုင်နှုန်းဖြင့် အသက် ၃၀ အရွယ် အမီးရ်ခန်းကို မဲပေးခဲ့ခြင်းဖြစ်သည်။

    အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီဟု ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် အမေရိကန်လက်ဝှေ့သမား ဂျီစီ ဗားဂက်စ်ကို နိုဝင်ဘာတွင် အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲပြီးနောက် ပက်ကွီအိုက မေ၀ယ်သာအနေဖြင့် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လျှင် ပြန်လည် ထိုးသတ်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ ၂၀၁၅ ခုနှစ် မေလက ထိုးသက်ခဲ့ပြီး မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နာက်တွင် မေ၀ယ်သာမှာ ၄၉ ပွဲနိုင် ရှုံးပွဲမရှိရလဒ်ဖြင့် လက်ဝှေ့လောကကို စွန့်ခွာသွားခဲ့သည်။

    ခန်းမှာ ပြီးခဲ့သည့်မေလက ဆာအူလ် အလ်ဗာရက်ဇ်နှင့် ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    Ref: CNA

  • အစိုးရဟောင်းလက်ထက်တွင် လက်စွမ်းပြခဲ့သည့် စစ်ထောက်လှမ်းရေးများကို သီရိလင်္ကာဖမ်းဆီး

    အစိုးရဟောင်းလက်ထက်တွင် လက်စွမ်းပြခဲ့သည့် စစ်ထောက်လှမ်းရေးများကို သီရိလင်္ကာဖမ်းဆီး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ယခင်အစိုးရဟောင်းလက်ထက်တွင် အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် နာမည်ကျော် အယ်ဒီတာတစ်ဦးအား သတ်ဖြတ်မှု၊ ဂျာနယ်လစ်များနှင့် သဘောထားကွဲလွဲသူများအား တိုက်ခိုက်မှုများတွင် ပါဝင်သည်ဆိုသော သံသယဖြင့် စစ်ထောက်လှမ်းရေးအရာရှိများကို သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ပြင်းပြင်းထန်ထန်ဝေဖန်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂီမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက မြို့တော်ကိုလံဘိုတွင် အလုပ်ကို ကားဖြင့်အသွား အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

    ၎င်းသေဆုံးမှုအတွက် နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး သီရိလင်္ကာတွင် စာနယ်ဇင်းသမားများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မီးမောင်းထိုးပြခဲ့ခြင်းလည်း ဖြစ်သည်။

    စုံစမ်းစစ်ဆေးမှုများအရ ယမန်နေ့တွင် စစ်ထောက်လှမ်းရေး ၅ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ခေါင်းဆောင်များကို ဝေဖန်ခဲ့သည့် ဂျာနယ်လစ် ကိသ် နိုယာရ်အား ၂၀၀၈ ခုနှစ်တွင် ပြန်ပေးဆွဲမှုနှင့် ပတ်သက်သည့်အတွက်ကြောင့်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    “နိုယာရ်ကို ပြန်ပေးဆွဲတဲ့အုပ်စုဟာ Sunday Leader အယ်ဒီတာ လာဆန်သာ ၀စ်ကရီမာတွန်ဂီကို လုပ်ကြံမှုနဲ့ အခြားတိုက်ခိုက်မှုများစွာမှာ ပါဝင်နေတယ်ဆိုတာ စုံထောက်တွေက တွေ့ခဲ့ရပါတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    စုံထောက်များက အဆိုပါဖမ်းဆီးထားသူ ၅ ဦးမှာ ထိပ်တန်း အရာရှိတစ်ဦး ဦးဆောင်သော ချေမှုန်းရေးအဖွဲ့တွင် ပါဝင်ခဲ့သည်ဟု တရားသူကြီးအား ပြောကြားခဲ့ပြီး၊ ခေါင်းဆောင်၏အမည်ကို ပြောကြားခဲ့ခြင်း မရှိချေ။ လာမည့်လများတွင် ရာထူးပိုမြင့်သူများကို ဖမ်းဆီးရန်ရှိနေသည်ဟု အဆိုပါရင်းမြစ်က ပြောကြားခဲ့သည်။

    သီရိလင်္ကာရှိ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS ကို အားပေးထောက်ခံသည့် သမ္မတဟောင်း ရာဂျာပက်ဆီနှင့် ၎င်း၏ မိသားစုဝင် အများအပြား ရာဂျာပက်ဆီ၏ သမ္မတသက်တမ်း ၁၀ နှစ်တာကာလအတွင်း ငွေကြေးလိမ်လည်မှုများ၊ သတ်ဖြတ်မှုများဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။ အဆိုပါ ၁၀ နှစ်တာကာလအတွင်း အစိုးရကို ဝေဖန်သူ ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်း ၁၇ ဦး အသတ်ခံခဲ့ရသည်။

    Ref: Aljazeera

  • ငွေကြေးအလွဲသုံးစားစွဲချက်ဖြင့် ပြင်သစ် လက်ယာစွန်းခေါင်းဆောင်၏ရုံးခန်း ရှာဖွေခံရ

    ငွေကြေးအလွဲသုံးစားစွဲချက်ဖြင့် ပြင်သစ် လက်ယာစွန်းခေါင်းဆောင်၏ရုံးခန်း ရှာဖွေခံရ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ဥရောပပါလီမန်၏ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည်ဟူသော စွပ်စွဲချက်များကြောင့် ပြင်သစ်ရဲတပ်ဖွဲ့မှာ လက်ယာစွန်းရောက် FN ပါတီ၏ခေါင်းဆောင် မာရင်း လီပန်၏ ရုံးခန်းကို ယမန်နေ့က ၀င်ရောက် စီးနင်းရှာဖွေခဲ့သည်ဟု သိရသည်။

    လီပန်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဥရောပပါလီမန်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥရောပ ပါလီမန်၏ ရန်ပုံငွေများဖြင့် FN ပါတီဝန်ထမ်းများကို လခပေးသည်ဟု စွပ်စွဲခံထားရသည်။ ဥရောပ ဥပဒေများအရ ပါလီမန်ရန်ပုံငွေမှာ ပါလီမန်အတွင်း အလုပ်များတွင် ကူညီပေးနေသူများအတွက်သာ အသုံးပြုရမည်ဖြစ်သည်။

    ပါလီမန်ကမူ ထိုကဲ့သို့ အလွဲသုံးစားပြုမှုမှာ ၂၀၀၁ ခုနှစ် ဇန်န၀ါရီ FN ပါတီ၏ ခေါင်းဆောင်အဖြစ် လီပန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၁-၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဥရောပပါလီမန်က ပြောကြားခဲ့သည်။ ထို့ပြင် ပါလီမန်တွင် အကူအဖြစ် ဆောင်ရွက်ပေးနေသည့် လူအယောက် ၂၀ မှာ ထိုစဉ်က FN အတွက် ဆက်လက် အလုပ်လုပ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

    ဥရောပ ပါလီမန်ရန်ပုံငွေ အလွဲသုံးစားပြုမှုအတွက် လီပန်၏ရုံးခန်း ယခုကဲ့သို့ ၀င်ရောက် ရှာဖွေခံရမှုမှာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် မည်သည့်အထောက်အထားမှ တွေ့ရှိရခြင်း မရှိပေ။

    Ref: Aljazeera

  • တရုတ်နိုင်ငံတွင် ခေါက်ဆွဲဈေးများ၍ ပိုင်ရှင်ကို လာစားသူက ခေါင်းဖြတ်သတ်

    တရုတ်နိုင်ငံတွင် ခေါက်ဆွဲဈေးများ၍ ပိုင်ရှင်ကို လာစားသူက ခေါင်းဖြတ်သတ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံအလယ်ပိုင်း ဟူးဘေးပြည်နယ် ၀ူဟန်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ခေါက်ဆွဲဈေးနှုန်းနှင့်ပတ်သက်၍ စကားများရာမှ ဆိုင်ပိုင်ရှင်မှာ ခေါင်းဖြတ်အသတ်ခံခဲ့ရသည်ဟု သိရသည်။

    စနေနေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်တွင် ကျူးလွန်သူမှာ ဆီချွမ်ပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်သည်။ ၎င်းမှာ စားသောက်ဆိုင်တွင် ခေါက်ဆွဲ ၃ ပွဲ မှာယူပြီးနောက် ငွေရှင်းရာတွင် တစ်ပွဲကို တစ်ယွမ် ဈေးများနေသည်ဟုဆိုကာ စားသောက်ဆိုင်ပိုင်ရှင်နှင့် စကားများခဲ့သည်။

    ထို့နောက် လုံးထွေက်သတ်ပုတ်မှုဖြစ်ကာ လာရောက်စားသောက်သူမှာ မီးဖိုချောင်သုံးဓားဖြင့် ဆိုင်ရှင်၏ ခေါင်းအား ဖြတ်ခဲ့ပြီး အနီးရှိ အမှိုက်ပုံးထဲသို့ ခေါင်းကို လွှင့်ပစ်ခဲ့သည်။ ရဲတပ်ဖွဲ့ကမူ အခင်းဖြစ်ပွားခဲ့သည့် ပုံများကို ဆိုရှယ်မီဒီ ယာများတွင် လွှင့်တင်ခြင်းမပြုရန် ပြည်သူများအား မေတ္တာ ရပ်ခံခဲ့သည်။ ကျူးလွန်သူကို နေရာတွင်ပင် ဖမ်းမိခဲ့သည်။

    သေဆုံးသွားသည့် ဆိုင်ရှင်မှာ အသက် ၄၂ နှစ်အရွယ်ရှိပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူက အဆိုပါဆိုင်ရှင်မှာ လွန်ခဲ့သည့် ၅ နှစ်က အိမ်ထောင်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ် သားဖြစ်သူနှင့် နေထိုင်နေကြောင်း၊ ၎င်းမှာ ရိုးသားသူဖြစ်ပြီး စားသုံးသူ များကို မလိမ်တတ်ကြောင်း ပြောကြားခဲ့သည်။

    Ref: The Star

  • လုံခြုံရေးစိုးရိမ်နေသည့် အမေရိကန်က လက်နက်ရောင်းချမှုတွင် ထိပ်ဆုံး၌ရှိနေ

    လုံခြုံရေးစိုးရိမ်နေသည့် အမေရိကန်က လက်နက်ရောင်းချမှုတွင် ထိပ်ဆုံး၌ရှိနေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းတွင် လက်နက်ကြီးများ ကုန်သွယ်မှုမှာ စစ်အေးခေတ်နောက်ပိုင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ အရှေ့အလယ်ပိုင်းသို့ လက်နက်ရောင်းချမှုမှာလည်း တိုးလာခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအသင်း (SIPRI) မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။

    အဆိုပါ စစ်တမ်းကို ယနေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ရောင်းချမှု အမြင့်ဆုံးနိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဂျာမနီတို့ဖြစ်ကြပြီး တစ်ကမ္ဘာလုံး လက်နက်ကုန်သွယ်မှု၏ ၇၄ ရာခိုင်နှုန်း ရှိနေသည်။

    ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနိုင်ငံများ၏ လက်နက်တင်သွင်းမှုမှာ ၈၆ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ဝယ်ယူမှု၏ ၂၉ ရာခိုင်နှုန်း ရှိနေသည်။ အရှေ့အလယ်ပိုင်းဒေသ၏ ထိုပမာဏမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း ၂ ဆ တက်လာခြင်းလည်း ဖြစ်သည်။

    ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ဆော်ဒီမှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး လက်နက်တင်သွင်းသည့်နိုင်ငံ ဖြစ်ပြီး ၂၀၀၇-၂၀၁၁ ထက်စာလျင် ၂၁၂ ရာခိုင်နှုန်း တက်လာကာ၊ ကာတာနိုင်ငံကမူ ၂၄၅ ရာခိုင်နှုန်း တက်လာခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများမှာလည်း လက်နက်တင်သွင်းမှု တိုးလာခဲ့သော်လည်း ပင်လယ်ကွေ့နိုင်ငံများထက်စာလျှင် နည်းပါးနေသည်။

    ကမ္ဘာတစ်ဝှမ်းမှ အစိုးရများမှာ ၂၀၁၆ ခုနှစ်တွင် လက်နက်ဝယ်ယူရန်အတွက် ကန်ဒေါ်လာ ၁.၅၇ ထရီလီယံကို အသုံးပြုခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှာ ၂၀၁၂-၂၀၁၆ အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသူ ဖြစ်ခဲ့ကာ ဒေသတွင်းပြိုင်ဘက်၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများထက် သာလွန်ခဲ့သည်။

    အာဖရိကတွင် လက်နက်ဝယ်ယူမှု အမြင့်ဆုံးနိုင်ငံမှာ အလ်ဂျီးရီးယားဖြစ်ပြီး အာဖရိကတိုက်တွင် စုစုပေါင်း လက်နက်ဝယ်ယူမှု၏ ၄၆ ရာခိုင်နှုန်း ရှိသည်။ နိုက်ဂျီးရီးယား၊ ဆူဒန်နှင့် အီသီယိုးပီးယားတို့မှာလည်း ဆဟာရဒေသတွင် အကြီးဆုံး လက်နက်ဝယ်ယူသည့်နိုင်ငံများ ဖြစ်နေသည်။

    Ref: Aljazeera