News @ M-Media

ဒုက္ခသည်များ တိုးမြှင့်လက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
M-Media

– ဆီးရီးယားကဲ့သို့ စစ်မက်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခည်များကို ခေါ်ယူရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် အစိုးရကို တိုက်တွန်းသည့်အနေဖြင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ယမန်နေ့က လူ ၁ သိန်းကျော် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

စပိန်နိုင်ငံမှာ ဒုက္ခသည်အရေအတွက် ၁၇၀၀၀ လက်ခံမည်ဟု ကတိပြုထားပြီး လက်ရှိတွင် ၁၁၀၀ သာ ခေါ်ယူထားသည်။

ပြည်သူများမှာ “ဆင်ခြေပေးတာ တော်လောက်ပြီ။ သူတို့ကို အခုချက်ချခြင်းခေါ်ပါ” ၊ “သေဆုံးတာတွေ အလိုမရှိတော့၊ နယ်စပ်ကိုဖွင့်ပေးပါ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြပြီး ဘာစီလိုနာ မြို့လယ်ကောင်မှ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ ချီတက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က အဆိုပါချီတက်မှုတွင် လူပေါင်း ၁ သိန်း ၆ သောင်း ပါဝင်သည်ဟု ပြောကြားခဲ့ပြီး စီစဉ်သူများက ၃ သိန်းရှိသည်ဟု ဆိုသည်။

“(အစိုးရရဲ့) ကတိက၀တ်တွေကို ဖြည့်ဆည်းဖို့ တောင်းဆိုရာမှာ ကာတာလိုနီယာမှာ ဒါဟာ လုံလောက်တဲ့ အများဆန္ဒပါပဲ” ဟု စီစဉ်သူ ရူဘန် ၀ါဂျန်စ်ဘာ့ဂ်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလက စပိန်အစိုးရမှာ ၂ နှစ်အတွင်း ဒုက္ခသည်ပေါင်း ၁၇၃၃၇ ဦး ခေါ်ယူမည်ဟု ကတိပြုခဲ့ပြီး၊ အီတလီနှင့် ဂရိတို့ရှိ ဒုက္ခသည်စခန်းများမှ ၁၅၈၈၈ ဦး၊ တူရကီနှင့် လစ်ဗျားတို့ရှိ ဒုက္ခသည်စခန်းများမှာ ၁၄၄၉ ဦး ခေါ်ယူရန် ဖြစ်သည်။

ကြာသာပတေးနေ့တွင် ဆီးရီးယား ၆၅ ဦးနှင့် အီရတ် ၁ ဦးတို့ ရောက်ရှိလာခဲ့ပြီးနောက် စပိန်က လက်ခံထားသည့် ဒုက္ခသည်အရေအတွက်မှာ ၁၁၀၀ သာ ရှိသေးသည်။

မိမိ၏မြို့တွင် ဒုက္ခသည်များ ပိုမိုလက်ခံနိုင်ရေး စပိန်အစိုးရအား တောင်းဆိုထားသည့် ဘာစီလိုနာမြို့တော်ဝန် အဒါ ကိုလူလည်း အဆိုပါ ချီတက်မှုတွင် ပါဝင်ခဲ့သည်။

“ဥရောပမှာ နိုင်ငံခြားသားကြောက်ရောဂါတွေနဲ့ မသေချာမှုတွေ ရှိနေတဲ့အချိန်မှာ ဘာစီလိုနာက မျှော်လင့်ချက်မြို့ တော်ဖြစ်ဖို့ အရေးကြီးပါတယ်” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

ထို့ပြင် ဒီဇင်ဘာက ဗာတီကန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုက္ခသည်အရေး ညီလာခံတွင် စပိန်နိုင်ငံ၏ ရပ်တည်မှုကိုလည်း သူမက ဝေဖန်ခဲ့သည်။

Ref: Independent