News @ M-Media

Blog

  • ၂၀၃၄ ကမ္ဘာ့ဖလား မြန်မာအပါအ၀င် အာဆီယံ၌ ကျင်းပနိုင်ရန် ကြိုးပမ်းမည်

    ၂၀၃၄ ကမ္ဘာ့ဖလား မြန်မာအပါအ၀င် အာဆီယံ၌ ကျင်းပနိုင်ရန် ကြိုးပမ်းမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    ဖီဖာဥက္ကဌနှင့်အတူ တွေ့ရသည့် မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်

    – ၂၀၃၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဒေသတွင်းကျင်းပခွင့်ရနိုင်ရေး ကမ်းလှမ်းရန်အတွက် အာဆီယံနိုင်ငံများက ယမန်နေ့တွင် ဆွေးနွေးခဲ့ကြသည်ဟု မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။

    ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ အင်ဖန်တီနိုမှာ ၂၀၂၆ ခုနှစ်မှစ၍ ကမ္ဘာဖလားကို စုစုပေါင်း ၄၈ သင်းနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားနောက်ပိုင်းတွင် တစ်နိုင်ငံတည်း ကျင်းပခြင်းမျိုး မလုပ်တော့ဘဲ အများဆုံး ၄ နိုင်ငံပေါင်း၍ ကျင်းပရန် ဆန္ဒရှိနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

    “အာဆီယံမှာ ကမ္ဘာ့ဖလား ဘယ်တော့ ကျင်းပမလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မနက်ပိုင်းက ကောင်စီအစည်းဝေး ပြုလုပ်ခဲ့ကာ ၂၀၃၄ အကြောင်း ဆွေးနွေးခဲ့ပါတယ်” ဟု ရန်ကုန်တွင် ဘောလုံးအကယ်ဒမီအသစ် ဖွင့်လှစ်ရေးအတွက် လာရောက်ကြသော ပရိတ်သတ်များကို ဦးဇော်ဇော်က ပြောကြားခဲ့သည်။

    ထိုကိစ္စကို ရန်ကုန်သို့ ရောက်ရှိနေသည့် ဖီဖာဥက္ကဌ အင်ဖန်တီနိုနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

    “ပူးတွဲကျင်းပတာကို ကျွန်တော် ထောက်ခံပါတယ်။ ဒါဟာ ဘောလုံးအဖွဲ့ချုပ် တော်တော်များများအတွက် တံခါးဖွင့်ပေးထားတာပါ။ အာဆီယံက ဘောလုံးနဲ့ပတ်သက်ပြီး အရူအမူးဖြစ်တဲ့ ဒေသပါ။ အာဆီယံဒေသက တစ်နိုင်ငံတည်း ကမ္ဘာ့ဖလားကျင်းပဖို့ဆိုတာ ခက်ခဲမှာပါ။ ဒါပေမယ့် အများကြီးဆိုရင်တော့ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ” ဟု အင်ဖန်တီနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးချဲ့ခြင်းက အာရှဒေသအတွင်းရှိ အသင်းငယ်များအတွက် မျှော်လင့်ချက်ဖြစ်စေခဲ့သည်။ အန်ဖန်တီနိုကမူ ကမ္ဘာတစ်ဝှမ်း နိုင်ငံများအားလုံး ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်ရေး အိပ်မက်ကို ယခုကဲ့သို့ အသင်းတိုးချဲ့မှုက ဖြည့်ဆည်းပေးလိမ့်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Starits Times

  • ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော

    ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ တရားဥပဒေကို လိုက်နာရမည်ဟု မလေးရှားက ပြောကြားလိုက်ပြီး၊ အလောင်းအား ခွဲစိပ်စစ်ဆေးမှု မလုပ်ရန် မြောက်ကိုရီးယား၏ သတိပေးမှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ကင်ဂျုံနမ်မှာ ယခုတစ်ပတ်အစောပိုင်းက ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံခဲ့ရပြီး မြောက်ကိုရီးယားမှ သူလျှိုများလွှတ်ကာ သတ်ခိုင်းခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယားကမူ ကင်ဂျုံနမ်၏ အလောင်းကို မူလအတိုင်း ပြန်လိုချင်နေပြီး၊ ရရှိသည့် အချက်အလက်များကိုလည်း ၎င်းတို့အား ပေးစေချင်နေသည်။

    မလေးရှားကမူ လုပ်ထုံးလုပ်နည်းအရ ခွဲစိပ်စစ်ဆေးမှု ပြုလုပ်မည်ဆိုသောကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က မိမိတို့အနေဖြင့် ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မလေးရှားမှာ ရန်လိုသော အင်အားစုများနှင့် ပူးပေါင်းကာ လျှို့ဝှက်ကြံစည်မှု ရှိနေပြီး မိမိတို့အား လှည့်ဖျားရန် စီစဉ်နေကြောင်း၊ မလေးရှားက ထုတ်ပြန်သော အချက်အလက်များကို မိမိတို့က ပယ်ချမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

    သို့သော် မလေးရှားရဲတပ်ဖွဲ့မှ စစ်ဆေးရေးအရာရှိချုပ် ခါလစ် အဘူ ဘာကာရ်ကမူ မြောက်ကိုရီးယားအနေဖြင့် မလေးရှား၏ ဥပဒေကို လိုက်နာရမည်ဟု တုန့်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ မလေးရှားမှာ ဥပဒေရှိတယ်၊ လူတိုင်းက ကျွန်တော်တို့ရဲ့ ဥပဒေ၊ ပြဌာန်းချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ဒီအထဲမှာ မြောက်ကိုရီးယားလည်း ပါပါတယ်” ဟု ခါလစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်၏ မိသားစုထံမှ DNA နမူနာယူကာ စုံစမ်းစစ်ဆေးမှု မပြီးမချင်း အလောင်းအား မည်သူ့ကိုမှ ထုတ်ပေးမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

  • ယူအေအီးက နောက်ထပ် နှစ် ၁၀၀ အတွင်း အင်္ဂါဂြိုဟ်၌ မြို့တည်မည်

    ယူအေအီးက နောက်ထပ် နှစ် ၁၀၀ အတွင်း အင်္ဂါဂြိုဟ်၌ မြို့တည်မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    ယူအေအီးက အင်္ဂါဂြိုဟ်တွင်တည်ဆောက်မည့် လူသားမြို့တော်ဒီဇိုင်း

    – ၂၁၁၇ ခုနှစ်အရောက်မှာ အင်္ဂါဂြိုဟ်ပေါ် ပထမဆုံး လူသားမြို့တော် တည်ဆောက်ပြီးဖြစ်ရမယ်ဆိုတဲ့ အံ့သြဖွယ် စီမံကိန်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။

    ဒူဘိုင်းအုပ်ချုပ်ရးမှူး ရှိခ် မိုဟာမက် ဘင် ရာရှင် အလ် မခ်တွန်မ်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး Mars 2117 Project လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ လူတွေကို အင်္ဂါဂြိုဟ်ပို့နိုင်မယ့် သိပ္ပံဆိုင်ရာ တစ်မူထူးတဲ့ အောင်မြင်မှုရရှိရေး အမျိုးသားစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စီမံကိန်းကို World Government Summit (ကမ္ဘာ့အစိုးရ ထိပ်သီးအစည်းအဝေး) မှာ ကြေငြာရာမှာ အင်္ဂါဂြိုဟ်ပေါ် မြို့ တစ်ခုတည်ဆောက်ဖို့အတွက် ကနဦး သုံးသပ်ချက်ဆိုင်ရာတွေကို ဗီဒီယိုနဲ့ ရှင်းလင်းတင်ပြမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဒီစီမံကိန်းကို နိုင်ငံတကာက အထူးအဖွဲ့တွေ၊ သိပ္ပံအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒူဘိုင်အခြေစိုက် Gulf News သတင်းစာက ဖော်ပြခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ပေါ်မှာ စက်ရုပ်တွေနဲ့ လူသားမြို့တော် တည်ဆောက်ဖို့အတွက် အယူအဆတစ်ခုကို ယူအေအီးက အင်ဂျင်နီယာအဖွဲ့ဟာ သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေနဲ့အတူ ဖော်ထုတ်ခဲ့ပါတယ်” လို့ သတင်းစာက ဆိုပါတယ်။

    ရှိခ်မိုဟာမက်ကလည်း အခြားသောဂြိုဟ်တွေပေါ်မှာ လူသားတွေ ခြေချနိုင်ရေးဟာ လူသားအားလုံးရဲ့ မဟာအိပ်မက်ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ရည်ရွယ်ချက်မှာ အဆိုပါအိပ်မက် အမှန်တကယ်ဖြစ်လာရေး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုတွင် မိမိတို့ ယူအေအီးနိုင်ငံက ထိပ်တန်းမှ ပါဝင်ရေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လူသားတွေရဲ့ ရည်မှန်းချက်တွေက အကန့်အသတ် မရှိပါဘူး။ လက်ရှိ ရာစုနှစ်မှာ သိပ္ပံဆိုင်ရာ ဖောက်ထွက်မှုတွေကို ကြည့်မယ်ယ်ဆိုရင် အရေးပါးဆုံး အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်တွေ လူသားတွေမှာ ရှိနေတယ်ဆိုတာ လူတိုင်း ယုံကြည်လာမှာပါ။ ဒီနေ့ ကျွန်တော်တို့ စိုက်ပျိုးလိုက်တဲ့ စီမံကိန်းအသစ်ကနေ နောက်မျိုးဆက်တွေ အသီးအပွင့်တွေ ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Saudi Gazette

  • အသေခံဗုံးခွဲမှုပြီးနောက် အကြမ်းဖက်သမား ၁၀၀ ကျော်ကို ပါကစ္စတန် သုတ်သင်

    အသေခံဗုံးခွဲမှုပြီးနောက် အကြမ်းဖက်သမား ၁၀၀ ကျော်ကို ပါကစ္စတန် သုတ်သင်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    အခင်းဖြစ်ပွားပြီးနောက် တွေ့ရသည့် လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဂူဗိမာန်

    – ကြာသာပတေးနေ့က မွတ်စလင်သူတော်စဉ်တစ်ပါး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ၂၄ နာရီအတွင်း အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု ပါကစ္စတန်က ပြောကြားလိုက်သည်။

    နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ် ဆေန်ဝမ်မြို့ရှိ လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဂူဗိမာန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုမှာ ၂ နှစ်ကျော်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးခဲ့ကာ ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။

    ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွက် စစ်တပ်က ကြာသာပတေးညပိုင်းမှစ၍ အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး ဖမ်းဆီးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ရန်လိုသော ကိစ္စရပ်များကို အောင်မြင်ခွင့် ပေးမည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

    ထိုတိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ စည်းလုံးညီညွတ်ပြီး အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ အချိန်ရောက်ပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရန်သူတွေကို အမြစ်ကနေလှန်ဖို့ စစ်တပ်နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို ကျွန်တော် တိုက်ရိုက် ညွှန်ကြားကာ လုပ်ပိုင်ခွင့် ပေးထားပါတယ်” ဟု ၀န်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က စောစောပိုင်းကြေငြာချက်တွင် ပြောကြားခဲ့သည်။

    ဆူဖီဂိုဏ်းဝင် ၁၅၀ ခန့်မှာ IS ကို အာခံသောအနေဖြင့် ယမန်နေ့က လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဗိမာန်သို့ လာရောက်ခဲ့ပြီး၊ ဗိမာန်၏ ကြမ်းပြင်များကို ဆေးကြောခြင်း၊ ညနေ့ပိုင်းဝတ်ပြုမှုအတွက် ပြင်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

    “ဒါက လာလ် ကွာလန်ဒါ ရှာဘက်ဇ်ပါ။ အကြမ်းဖက်သမားတွေ ဘယ်လောက်များများ ကျွန်တော်တို့ကို ကြောက်ရွံ့စေမှာ မဟုတ်ပါဘူး။ ၀တ်ပြုဆုတောင်းမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး၊ ဆက်လည်း လုပ်ရမှာပါ” ဟု ၀တ်ပြုရန်လာရောက်သူ အလီ အိုသိုက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘ၀မေ့တဲ့ထရမ့်ကို ပညာပေးလိုက်တဲ့ အမေရိကန်ပြည်သူများ

    ဘ၀မေ့တဲ့ထရမ့်ကို ပညာပေးလိုက်တဲ့ အမေရိကန်ပြည်သူများ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူတွေနဲ့ စုပေါင်းတည်ထောင်ပြီး မတူကွဲပြားမှုတွေနဲ့ စည်းလုံးညီညွတ်ကာ ကမ္ဘာ့ဦးသျှောင်နိုင်ငံ ဖြစ်လာတဲ့ အမေရိကန်မှာ သမ္မသစ်ဒေါ်နယ်ထရမ့်ရဲ့ ခွဲခြားမှုပေါ်လစီတွေအတွက် အမေရိကန်ပြည်သူတွေက ကောင်းကောင်းပညာပေးလိုက်ပါတယ်။

    ဒါကတော့ Day Without Immigrants (ပြောင်းရွှေ့အခြေချသူတွေ မရှိသောနေ့) ဆိုတဲ့ အမည်နဲ့ လှုပ်ရှားမှု တစ်ခုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြုလုပ်လိုက်တာဖြစ်ပြီး၊ ပြောင်းရွှေ့အခြေချသူတွေရဲ့ မျိုးဆက်တွေဟာ သူတို့ရဲ့ အလုပ်၊ ကျောင်း စတဲ့နေရာတွေကို မသွားတော့ဘဲ အိမ်တွင်းမှာပဲ နေထိုင်ဆန္ဒပြကာ အမေရိကန် လူ့အဖွဲ့အစည်းအတွင်း သူတို့တွေ ဘယ်လောက် အရေးပါကြောင်း ပြသခဲ့ပါတယ်။

    ဒါဟာ ထရမ့်ရဲ့ ပြောင်းရွှေ့အခြေချသူတွေကို ဆန့်ကျင်တဲ့ပေါ်လစီ၊ ဒုက္ခသည်တွေကို ၀င်ရောက်ခွင့် ကန့်သတ်မှု၊ မွတ်စလင်နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေကို ဗီဇာပိတ်ပင်မှု စတဲ့ ထရမ့်ရဲ့ လူမျိုးရေးခွဲခြားမှု၊ တံတိုင်းကာမှု လုပ်ရပ်တွေကို အမေရိကန်ပြည်သူတွေက တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    ဒီလှုပ်ရှားမှုအတွင်းမှာ ဖီလာဒဲလ်ဖီးယား၊ ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ ဘော့စတွန်၊ ၀ါရှင်တန် စတဲ့ မြို့ကြီးတွေအပါဝအ၀င် နိုင်ငံတစ်ဝှမ်း အခြားမြို့တွေက အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကာ သူတို့တွေ လုပ်ငန်းခွင် မ၀င်ကြတာကြောင့် ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေအပါအ၀င် နိုင်ငံတစ်ဝှမ်းက စီးပွားရေး လုပ်ငန်းတွေ တော်တော်များများ ပိတ်ပစ်ခဲ့ရပါတယ်။

    ဒီဆန္ဒပြမှုဟာ အမေရိကန် လွှတ်တော်အထိ ရောက်ခဲ့ပြီး အထက်လွှတ်တော်က ကော်ဖီဆိုင်မှာ အလုပ်သမားတွေ အလုပ်မဆင်းတော့တာကြောင့် ပိတ်ထားရပါတယ်။

    Day Without Immigrants လှုပ်ရှားမှုကို ၀န်ဆောင်မှုလုပ်ငန်းတွေအပါအ၀င် အခြားသော လုပ်ငန်းတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

    မက်ဆာချူးဆက်စ်က Davis ပြတိုက်ဆိုရင် အမေရိကန်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့ ပြတိုက်ကို ပြောင်းရွှေ့အခြေချသူတွေက လှူဒါန်းထားတဲ့ အနုပညာလက်ရာတွေကို ဖြုတ်ချခဲ့တာကြောင့် ပြတိုက်မှာ အနုပညာလက်ရာ တော်တော်များများ လျော့နည်းသွားပါတယ်။

    ဒီပြတိုက်က နာမည်ကြီးလက်ရာတွေထဲမှာ တစ်ခုပါအ၀င်ဖြစ်တဲ့ အမေရိကန်ပထမဆုံးသမ္မတ ဂျော့ဂ်ျ ၀ါရှန်တန်ရဲ့ ပုံတူပန်းချီဟာဆိုရင် ၁၇၉၀ ပြည့်နှစ်လောက်က အမေရိကန်ကို ရောက်လာတဲ့ ပြောင်းရွှေ့အခြေချသူ Adolf Ulrik Wertmüller က ရေးဆွဲခဲ့တာဖြစ်ပြီး ပြတိုက်ကို လှူဒါန်းသူကလည်း ပြောင်းရွှေ့အခြေချသူ မိသားစု ဖြစ်နေပါတယ်။

    ပြတိုက်တာဝန်ရှိသူတွေက သူတို့ဆီမှာ ပြသထားတဲ့ အနုပညာလက်ရာ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ပြောင်းရွှေ့အခြေချသူတွေရဲ့ လက်ရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြောင်းရွှေ့အခြေချသူများ၏ လက်ရာများကို ဖယ်ရှားလိုက်ပြီးနောက် တွေ့ရသည့် Davis ပြတိုက်

    Day Without Immigrants လှုပ်ရှားမှုကို အလွှာအသီးသီးကလူတွေ ပါဝင်ဖို့ စီစဉ်သူတွေက တိုက်တွန်းခဲ့ကြပြီး အထိခိုက်ဆုံး စီးပွားရေးကတော့ စားသောက်ဆိုင်လုပ်ငန်းမျိုးစုံဖြစ်ကာ ဒုတိယအထိခိုက်ဆုံးက ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။

    ကိုယ်တိုင်က ပြောင်းရွှေ့အခြေချ မိဘမျိုးရိုးကနေ ဆင်းသက်လာတဲ့ ထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်မှုမှာ မက္ကဆီကန်တွေ၊ လူမည်းတွေ၊ မသန်စွမ်းသူတွေ၊ အမျိုးသမီးတွေ၊ မွတ်စလင်တွေကို လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး၊ အာဏာရလာတဲ့အချိန်မှာလည်း ပြောင်းရွှေ့အခြေချမှုကန့်သတ်တာ၊ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်တာမျိုးတွေလုပ်ဖို့ တာဆူလာခဲ့ပါတယ်။

    အမေရိကန်ပြည်သူတွေကတော့ Day Without Immigrants လှုပ်ရှားမှာ အမေရိကန်လူ့အဖွဲ့အစည်းအတွင်း ပြောင်းရွှေ့အခြေချသူတွေရဲ့ အရေးပါမှုကို ပြသရုံသာမက ဒေါ်နယ်ထရမ့်အစိုးရရဲ့ အမုန်းအခြေခံ လူမျိုးရေးပေါ်လစီတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကိုလည်း မြို့ပေါင်းစုံမှာ ပြုလုပ်ခဲ့ကြပါတယ်။

    Ref: CNN, Aljazeera, LA Times