News @ M-Media

Blog

  • လုံခြုံရေးအကြံပေးရာထူးအတွက် ကမ်းလှမ်းမှုကို အမေရိကန်တပ်မှူးဟောင်း ပယ်ချ

    လုံခြုံရေးအကြံပေးရာထူးအတွက် ကမ်းလှမ်းမှုကို အမေရိကန်တပ်မှူးဟောင်း ပယ်ချ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    ထရမ့်၏ လုံခြုံရေးအကြံပေးရာထူးကို ပယ်ချခဲ့သော အလယ်ပိုင်း စစ်ဌာနချုပ် ဒုတိယ တပ်မှူးဟောင်း ဘော့ဘ် ဟာဝါ့ဒ်

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးရာထူးအတွက် ကမ်းလှမ်းခြင်းခံထားရသည့် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် ဒုတိယ တပ်မှူးဟောင်း ဘော့ဘ် ဟာဝါ့ဒ်မှာ ကမ်းလှမ်းမှုအား ယမန်နေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

    ယခင် အမျိုးသားအကြံပေးအဖြစ် တာဝန်ယူထားသူ မိုက်ကယ် ဖလင်းမှာ အိမ်ဖြူတော်သို့ မရောက်ခင်က အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်နှင့် ဖုန်းဆက်စကားပြောဆိုမှု ကိစ္စကြောင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် ထရမ့်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဂျိုးဆက်ပ် ကိသ် ကဲလ်လော့ဂ်ကို ယာယီအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။

    ထို့နောက် ဟာဝါ့ဒ်အား ကမ်းလှမ်းခဲ့ပြီး CNN ၏ မေးမြန်မှုတွင် ဟာဝါ့ဒ်က စိတ်မ၀င်စားဟု ပြောကြားခဲ့သည်။

    “နိုးပါ။ ကျွန်တော် စိတ်မ၀င်စားပါဘူး။ အနားယူပြီးကတည်းက အခုလိုအခြေအနေမျိုးမှာ ရင်ဆိုင်နေရတဲ့ ငွေရေးကြေးရေးနဲ့ မိသားစုပြဿနာတွေကို ဖြေရှင်းနေရပါတယ်။ ဒီအလုပ်ဟာ တစ်နေ့ကို ၂၄ နာရီလုံးလုံး၊ တစ်ပတ်ကို ၇ ရက်လုံးလုံး အာရုံစိုက်၊ စိတ်နှစ်မြှုပ်ပြီး လုပ်ရတယ်ဆိုတာ စစ်သားတိုင်း သိကြပါတယ်။ လက်ရှိမှာ ကျွန်တော် ဒီလောက် စိတ်မနှစ်နိုင်ပါဘူး” ဟု ဟာဝါ့ဒ်က ဆိုသည်။

    ၎င်း၏ သူငယ်ချင်းဖြစ်သူက ဟာဝ့ါဒ်မှာ အိမ်ဖြူတော်အနေဖြင့် ၀ရုန်းသုန်းကား နိုင်ပုံရသောကြောင့် ထိုရာထူးကို လက်ခံရန် တွန့်ဆုတ်နေကြောင်၊ ထိုကမ်းလှမ်းမှုမှာ မစားကောင်းသောအသီးဟု ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

    ရီပက်ဘလစ်ကန် တာဝန်ရှိသူက ဟာဝါ့ဒ်မှာ အဆိုပါရာထူးကို ကိုယ်တိုင် အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်သည်ဆိုသည့် ခြွင်းချက်ဖြင့် ကမ်းလှမ်းခံခဲ့ရကြောင်း ပြောကြားခဲ့ပြီး၊ ထိုဖြစ်စဉ်နှင့် နီးစပ်သူ အကြီးတန်း ရီပက်ဘလစ်ကန်ပါတီဝင် တစ်ဦးက လုပ်ပိုင်ခွင့်ကိစ္စ ရှင်းလင်းမှုမရှိခြင်းမှာ ဟာဝါ့ဒ်၏ ငြင်းဆိုမှုအတွက် အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဆိုသည်။

    Ref: CNN

  • ဖိလစ်ပိုင် ကသလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုပမာဏ မြင့်တက်လာ

    ဖိလစ်ပိုင် ကသလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုပမာဏ မြင့်တက်လာ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံရှိ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှာ မြင့်တက်လာခဲ့ပြီး ကျူးလွန်သူများအား အရေးယူမှုမှာလည်း အလွန်အမင်း နည်းပါးသည်ဟု အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

    “ဟုတ်ပါတယ်။ ကလေးတွေအပေါ်မှာ ကျူးလွန်မှုတွေ၊ လိင်တူကျူးလွန်မှုသတင်းတွေ ပိုကြားလာရပါတယ်။ ဒါဟာ စက်ဆုပ်စရာ ရာဇ၀တ်မှုပါ” ဟု ကက်သလစ်ဘုန်းကြီးများ၏ ထိုကဲ့သို့ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးနေသည့် အငြိမ်းစား ဘုန်းတော်ကြီး အော်စကာ ခရုဇ်က ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံ၏ သန်း ၁၀၀ သော လူဦးရေတွင် ၈၀ ရာခိုင်နှုန်းမှာ ကက်သလစ်ခရစ်ယာန်များ ဖြစ်ကြပြီး အသင်းတော်မှာ ပြည်သူလူထုအပေါ် ရာစုနှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးသည့် အသင်းအဖွဲ့တစ်ခုလည်း ဖြစ်သည်။

    အီမဲလ်ဒါဆိုသည့် အမျိုးသမီးက သူမမှာ အသက် ၁၅ နှစ်အရွယ် လွန်ခဲ့သည့် ၃ နှစ်က ကက်သလစ်ဘုန်းကြီးတစ်ပါး၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့အား တိုင်ကြားသည့်အခါတွင် ဘုရားကျောင်းအဖွဲ့ဝင် ၂ ဦးမှ လာရောက်ကာ ကန်ဒေါ်လာ ၁၅၀ ပေး၍ အမှုပိတ်ရန် ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

    “ပထမတော့ ကျွန်မ ငွေမယူချင်ဘူး။ ဒါပေမယ့် ဒါဟာ ဘုန်းကြီးဆီကဆိုတာ ကျွန်မ သိလိုက်ရတယ်။ သူတို့က အတင်းအကြပ်လိုဖြစ်နေတော့ ကျွန်မလည်း ငွေယူလိုက်ရတယ်”

    စော်ကားခံရသူများကို ကူညီပေးနေးသည့် မာရီယန် အဲလ်ဒါကမူ ကျူးလွန်ခံရသူများတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း၊ အချို့မှာ ၎င်းတို့၏ အဖြစ်အပျက်ကို ထုတ်မပြောခဲ့ကြဘဲ ဘုန်းကြီးများ၏ ထိုကဲ့သို့ ကျူးလွန်မှုပမာဏကို အတိအကျမသိနိုင်ကြောင်း ပြောကြားခဲ့သည်။

    ကက်သလစ်အသင်းတော်၏ စည်းမျဉ်းများဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေ ဂျိုင်မီ အေခါကိုဆိုက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခဲ့သည့် ဘုန်းကြီးများကို အသင်းတော်က ဖယ်ရှားခြင်းမပြုဟု ဆိုသည်။

    ဖိလစ်ပိုင်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဖြစ်အပျက်များတွင် အထင်ရှားဆုံး ကျူးလွန်ခံရသူမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဖြစ်ပြီး ၎င်း၏ ဇာတိမြို့ ဒါဗာအိုတွင် Jesuit စာသင်ကျောင်း၌ ကျောင်းတက်နေစဉ် အမေရိကန် ဘုန်းကြီးတစ်ပါး၏ စော်ကားမှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ ငယ်သောကြောင့် ဘုန်းကြီးတစ်ပါးအား အမှုဖွင့်ရမည်ကို ကြောက်ရွံ့ကြောင်း၊ ထိုဘုန်းကြီးမှာ အမေရိကန်သို့ ပြန်ရောက်သည့်အချိန်တွင်လည်း ထိုကဲ့သို့ ကျူးလွန်မှုများရှိသည်ဟု သတင်းထွက်ခဲ့ကြောင်း ဒူတာတေးက ဆိုသည်။

    ဒူတာတေးက ကက်သလစ်ထိပ်ပိုင်းခေါင်းဆောင်များမှာ ကြောင်သူတော်များဖြစ်သည်ဟုလည်း တံဆိပ်ကပ်ခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်ရှိ မွတ်စလင် သူတော်စင်၏ ဂူဗိမာန်အား IS က ဗုံးခွဲတိုက်ခိုက်

    ပါကစ္စတန်ရှိ မွတ်စလင် သူတော်စင်၏ ဂူဗိမာန်အား IS က ဗုံးခွဲတိုက်ခိုက်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Meadia

    – ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်ရှိ မွတ်စလင်သူတော်စင် တစ်ပါး၏ ဂူဗိမာန်တွင် IS အကြမ်းဖက်အဖွဲ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်ခံရသည့် နေရာမှာ ဆဟ်ဝမ်မြို့တွင် ဆူဖီသူတော်စင် တစ်ပါးကို မြှုပ်နှံထားရာ လာရှာဘက်ဇ် ကွာလန်ဒါ ဗိမာန်ဖြစ်သည်။ IS က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    ဟိုက်ဒရာဘတ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ခါဒင်မဟူစိန်က ယမန်နေ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၇၅ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုသမီး ၉ ဦး၊ ကလေးငယ် ၂၀ ဦးတို့ ပါဝင်ပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်ဖွယ်ရှိနေသည်။

    လာရှာဘက်ဇ် ကွာလန်ဒါဗိမာန်တွင် ဘာသာရေးအခမ်းအနား ပြုလုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် ၂ နှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အဆိုဗိမာန်မှာ လာလ် ရှာဘက်ဇ် ကွာလန်ဒါဟု လူသိများပြီး ဆူဖီသူတော်စင် နှင့် ကဗျာဆရာဖြစ်သူ ဆယဒ် မိုဟာမက် အွတ်စ်မန် မာရ်ဝမ်ဒီ မြှုပ်နှံထားရာ မြေပုံကို အထွဋ်အမြတ်ထားကာ ၁၃၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အွတ်စ်မန် မာရ်ဝမ်ဒီမှာ ပါကစ္စတန်တွင် ကြည်ညိုလေးစားခံရဆုံး သူတော်စင်များထဲမှ တစ်ပါးဖြစ်သည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ဘာလိုချစ္စတန်ပြည်နယ်ရှိ ရှားနူရာနီ ဆူဖီသူတော်၏ ဂူဗိမာန်မှာ IS အကြမ်းဖက်အဖွဲ့၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ပါကစ္စတန်နိုင်ငံတွင် ယခုတစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ

    Ref: Aljazeera

  • သမ္မထရမ့်ကို တုန့်ပြန်မည့် Day Without Immigrants လှုပ်ရှားမှု အမေရိကန်တွင် လုပ်မည်

    သမ္မထရမ့်ကို တုန့်ပြန်မည့် Day Without Immigrants လှုပ်ရှားမှု အမေရိကန်တွင် လုပ်မည်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – အမေရိကန်တွင် ပြောင်းရွှေ့အခြေချသူများက တိုင်းပြည်၏ စီးပွားရေးနှင့် နေ့စဉ်ဘ၀တွင် မည်မျှအရေးပါသည်ကို ပြသရန်အတွက် Day Without Immigrants (ပြောင်းရွှေ့အခြေချသူမရှိသော နေ့တစ်နေ့) ဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဖီလာဒဲလ်ဖီးယား၊ ၀ါရှင်တန်၊ ဘော့စတွန်၊ ချီကာဂိုနှင့် နယူးယောက်မြို့များတွင် ထိုလှုပ်ရှားမှုများကို စီစဉ်သူများမှာ ပြောင်းရွှေ့အခြေချသူများအနေဖြင့် ၎င်း၏ အလုပ်၊ ကျောင်းများသို့ မသွားရန်၊ ဈေဝယ်ထွက်ခြင်း မပြုလုပ်ရန် တိုက်တွန်းနေသည်။

    အဆိုပါ လှုပ်ရှားမှုမှာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက နိုင်ငံအတွင်း တရားမ၀င်နေထိုင်သူများအား နယ်နှင်မည့်ဆိုသည့် ပြောကြားမှု၊ နိုင်ငံအတွင်းသို့ ဒုက္ခသည်များဝင်ရောက်မှုကို ပိတ်ပင်ခြင်း၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာပိတ်ခြင်း စသည့် လုပ်ရပ်များကို တုန့်ပြန်ရန်ဖြစ်ကာ ဆိုရှယ်မီဒီယာများတွင် ထောက်ခံအားပေးမှု အများအပြား ရရှိခဲ့သည်။

    အချို့သော မြို့များမှ အလုပ်ရှင်များ၊ အသင်းအဖွဲ့များကလည်းက ထိုလှုပ်ရှားမှုတွင် ပါဝင်မည်ဟု ကြေငြာခဲ့ကြသည်။ ပြောင်းရွှေ့အခြေချသူများ၏ အဆိုပါ သပိတ်မှောက်မှုမှာ နိုင်ငံ၏ စီးပွားရေးတွင် ၎င်းတို့က မည်မျှ အရေးပါသည်ကို ကမ္ဘာကြီးအား ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အမေရိကန်နိုင်ငံတွင် လိုအပ်သည့် စာရွက်စာတမ်းများမရှိဘဲ နေထိုင်သူများမှာ အနည်းဆုံး ၁၁ သန်းခန့် ရှိနေပြီး၊ Pew Research Centre က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအရ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်သားများ၏ ၉ ရာခိုင်နှုန်းခန့်မှာ အဆိုပါ အထောက်အထားမရှိသူများဖြစ်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • တစ်စက္ကန့်အလို (ကာတွန်း)

    တစ်စက္ကန့်အလို (ကာတွန်း)

    ကာတွန်း CCTV

    မူရင်း-Myanmar Now