News @ M-Media

Blog

  • အဖွဲ့ဝင်နိုင်ငံများ တိုးတက်ရေး အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က သန်း ၈၀၀ နီးပါး ထောက်ပံ့မည်

    အဖွဲ့ဝင်နိုင်ငံများ တိုးတက်ရေး အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က သန်း ၈၀၀ နီးပါး ထောက်ပံ့မည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ဂျစ်ဒါရှိ IDB ရုံးချုပ်

    – ဂျစ်ဒါအခြေစိုက် အစ္စလာမ့်ဖွံ့ဖြိုးရးဘဏ် IDB မှာ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦး စီမံကိန်းများ ဆောင်ရွက်ရန်နိုင်ရေး၊ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများတွင် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေးတို့အတွက် ကန်ဒေါ်လာ သန်း ၇၉၀ ထောက်ပံ့ပေးသွားရန် အတည်ပြုလိုက်သည်။

    တနင်္ဂနွေနေ့က ဂျစ်ဒါ၌ ပြုလုပ်ခဲ့သည့် အဖွဲ့၏ အမှုဆောင်ဘုတ်အဖွဲ့ ဒါရိုက်တာများ ၃၁၇ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် အင်ဒိုးနီးရှားနိုင်ငံရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၄၈၈ သန်း၊ Trans South-South Java အဝေးပြေးလမ်းအတွက် သန်း ၂၅၀၊ အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ့်အဆင့်မြင့်ပညာရေး အဖွဲ့အစည်း ၅ ခု ပေါ်ပေါက်လာရေး ၂၃၈ သန်း အသီးသီး ထောက်ပံ့ရန်လည်း အတည်ပြုခဲ့သည်။

    IDB မှာ ဘာကီနာဖာဆို၊ ဆီနီဂေါလ်နှင့် မာလီနိုင်ငံတို့၏ စားနိပ်ရိက္ခာ ဖူလှုံရေး စီမံကိန်းတစ်ခုဖြစ်သော Sahel Sustainable Pastoralism Development Program အတွက် ၉၆ သန်း၊ ဘင်္ဂလားဒေ့ရှ်မှ Prepayment Metering System Project စီမံကိန်းအတွက် ၁၅၅.၅ သန်း၊ ကင်မရွန်းမှ အေအိုင်ဒီအက်စ် ပပျောက်ရေး စီမံကိန်း Support of Elimination of Mother-to-Child Transmission (eMTCT) HIV/AIDS Project in Cameroon အတွက် သန်း ၄၀၊
    တိုဂိုမှ အဆင့်မြင့်ပညာရေး စီမံကိန်းအတွက် ၁၀ သန်း ထောက်ပံ့ပေးသွားရန် ရှိနေပြီး IDB ၏ Waqf Fund မှ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်နှင့် အမေရိကန်တို့တွင် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းများအတွက် ဒေါ်လာ ၆ သိန်း ထောက်ပံ့မည်ဖြစ်သည်။

    Ref: IINA

  • တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန် ဆက်လက်အလေးထားမည်

    တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန် ဆက်လက်အလေးထားမည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်နိုင်ငံက ကာလကြာရှည် လက်ခံထားခဲ့သည့် ‘တရုတ်တစ်နိုင်ငံတည်း ပေါ်လစီ’ ကို မိမိအစိုးရကလည်း အလေးထားသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယမန်နေ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားလိုက်သည်။

    ထရမ့်မှာ ဒီဇင်ဘာလက ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတနှင့် ဖုန်းပြောဆိုခဲ့ပြီး မိမိတို့အနေဖြင့် တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို လက်ခံစရာမလိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

    “တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အလေးထားဖို့ သမ္မတရှီရဲ့ မေတ္တာရပ်ခံမှုကို သမ္မတထရမ့်က သဘောတူခဲ့ပါတယ်” ဟု ယမန်နေ့ည ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ထရမ့်နှင့် ရှီတို့မှာ အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပြီး ရလဒ်များ အလွန်ကောင်းမွန်ကြောင်း ယခု စကားပြောဆိုမှုမှာ အလွန်ပင် အားရစရာကောင်းကြောင်း အိမ်ဖြူတော်က ထည့်သွင်း ပြောဆိုခဲ့သည်။

    တရုတ်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သွားခဲ့သည့် ကြေငြာချက်တွင် ရှီက ထရမ့်၏ ထိုရပ်တည်ချက်ကို ကြိုဆိုကြောင်း၊ မိမိတို့မှာ ပူးပေါင်းဆောင်ရွက်နိုင်မည့် မိတ်ဖတ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ တရုတ်တစ်နိုင်ငံတည်းပေါ်လစီကိစ္စကို ဖြေရှင်းနိုင်ခဲ့ခြင်းက အမေရိကန်နှင့် တရုတ်တို့မှာ ပုံမှန်ဆက်ဆံရေး ပိုကောင်းလာနိုင်မည့် လက္ခဏာလည်း ဖြစ်သည်။

    Ref: Aljazeera

  • သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ရှေးခေတ် ဂရိလူမျိုးတွေက ကျောက်ကပ်ဟာ သွေးရဲ့ မူလအစလို့ ယူဆခဲ့ကြပြီး၊ စားလိုက်တဲ့ အစားအသောက်တွေဟာ အူမကြီထဲကနေ သွေးကြော၊ သွေးကြောတွေကနေ အသည်းဆီကို ရောက်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အသည်းထဲမှာ သွေးဟာ ‘သဘာဝအသက်’ (natural spirit) နဲ့ ပြည့်လာပြီး အဲဒီကနေတစ်ဆင့် နှလုံးဆီကို သွားတယ်လို့ ဆိုပါတယ်။

    ခရစ်နှစ် ၂ ရာစုလောက်က ဂရိပညာသမားတော်နဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂါလင် (Galen) က စူးစမ်းဖော်ထုတ်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ သူက နှလုံးအတွင်းပိုင်းကို ကန့်ထားတဲ့နံရံ (cardiac septum) က မမြင်ရတဲ့ စိမ့်ပေါက်လေးတွေကနေတစ်ဆင့် သွေးဟာ နှလုံးရဲ့ ညာဖက်အခန်းကနေ ဘယ်ဖက်အခန်းကို စီးဆင်းပြီး အဲဒီမှာ အောက်ဆီဂျင်နဲ့ရောကာ အသက်ဇီဝိန်ကို ဖြစ်စေပြီးတဲ့နောက် ခန္ဓာကိုယ်တစ်ဝှမ်း ပြန့်နှံ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၇ ရာစု ဥရောပမှာ ၀ီလီယမ် ဟာဗေး (William Harvey) က သွေးလှည့်ပတ်မှုအကြောင်းနဲ့ နှလုံးရဲ့ အလုပ်လုပ်ပုံအကြောင်းကို သုတေသနပြု ဖော်ထုတ်နိုင်တဲ့အချိန်အထိ ဂါလင်ရဲ့ ဒီအယူအဆကို အမှန်အဖြစ် လက်ခံခဲ့ကြပါတယ်။ ဟာဗေးက နှလုံးဟာ သွေးလှည့်ပတ်မှုစနစ်ရဲ့ ဗဟိုချက်ဖြစ်တယ်လို့ ချပြခဲ့ပြီး လူ့ခန္ဓာကိုယ်မှာ သွေးဘယ်လိုလှည်ပတ်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်သူအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    ဒါပေမယ့် ၁၉၂၄ ခုနှစ်မှာ အင်မတန်အရေးပါတဲ့ လက်ရေးမူတစ်ခုကို တွေ့ရှိခဲ့ပြီး အီဂျစ် သမားတော် ဒေါက်တာ မုဟ်ယီ အလ်-ဒင် အလ်-တတ္တာဝီ (Dr.Muhyi al-Deen al-Tattawi) က ကမ္ဘာသိအောင် ချပြခဲ့ပါတယ်။ ဒီလက်ရေးမူက အဆုတ်ရဲ့သွေးလှည့်ပတ်မှုအကြောင်း ပထမဆုံး ဖော်ထုတ်မှုဖြစ်ပြီး ဟာဗေးမတိုင်ခင် တော်တော်လေး စောစောကတည်းက သိရှိခဲ့တယ်ဆိုတဲ့ အထောက်အထားပါပဲ။

    Commentary on the Anatomy of the Canon of Avicenna (အဗီဆီနာ၏  ခန္ဓာဗေဒ စည်မျဉ်းအား ဖွင့်ဆိုချက်) လို့အမည်ပေးထားတဲ့ ဒီလက်ရေးမူကို ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ မွေးဖွားခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) က သက္ကရာဇ် ၁၂၁၀ လောက်မှာ ရေးသားခဲ့တာဖြစ်ပြီး သူဟာ ဆေးရုံတွေရဲ့အစလို့ ပြောလို့ရတဲ့ အလ်-နူရီ ဆေးရုံကြီးမှာ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာ အလ်-နာဖစ်ဟာ ဘုရင် ဆာလာဒင် (Saladin) တည်ထောင်ခဲ့တဲ့ နာဆီရီဆေးရုံ (Nasiri) ရဲ့ ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ဖို့ အီဂျစ်ဆူလ်တန်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

    သမားတော်တစ်ယောက်၊ အာဏာပိုင်းတစ်ယောက်အဖြစ် နေ့မအား၊ ညမနား ကျင်လည်ခဲ့ရတဲ့ အလ်-နာဖစ်ဟာ Commentary on the Anatomy of the Canon of Avicenna စာအုပ်အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျမ်းစာအုပ်ပေါင်း မြောက်များစွာကို ရေးသားခဲ့ပါတယ်။

    အဗီဆီနာ (အစ်ဗနေ့ဆီနာဟုလည်း ခေါ်ဝေါ်သည်) ဟာ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ဒဿနဗေဒ၊ ဥပဒေ၊ ဆေးပညာ စတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်နှံ့စပ်သူတစ်ဦးပါ။ အဗီဆီနာရဲ့ ခန္ဓာဗေဒ စည်းမျဉ်းတွေကို ဖွင့်ဆိုတဲ့ အလ်-နာဖစ်ရဲ့ ဒီကျမ်းဟာ သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်-နာဖစ်ဟာ အဆုတ်အတွင်း သွေးလည်ပတ်မှုအကြောင်းကို ဖော်ပြခဲ့ပြီး၊ နှလုံးနဲ့ အဆုတ်တွေရဲ့ အခန်းကဏ္ဍ၊ ရှူသွင်းလိုက်တဲ့လေနဲ့အတူ ထိတွေ့ပြီး အဆုတ်ထဲမှာ သွေးက သန့်စင်သွားမှု စတဲ့အကြောင်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

    အဆုတ်ထဲမှာ သွေးက ဘယ်လိုလည်ပတ်သလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ နာဖစ်ဟာ သွေးက နှလုံးရဲ့ အခန်းတစ်ခုထဲကနေ အဆုတ်ကို စီးဆင်းသွားပုံ၊ အဲဒီကနေတစ်ဆင့် နှလုံးရဲ့ နောက်ထပ်အခန်းတစ်ခုကို ပြန်လာပုံကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ သွေးဟာ ‘နျူမာ’ (pneuma) လို့ခေါ်တဲ့ အဆုတ်ထဲကလေနဲ့ပေါင်းကာ သန့်စင်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ဝှမ်းလုံးကို ပြန့်နှံသွားပါသတဲ့။ ဒီဖော်ထုတ်မှုအရ နှလုံးရဲ့ ညာဖက်အခန်းက ပြန်လာတဲ့ သွေးတွေဟာ (အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ပေါင်းက သန့်စင်ပြီး) အဆုတ်ကို ဖြတ်ကာ နှလုံးရဲ့ ဘယ်ဖက်အခန်းထဲကို ၀င်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် စီးဆင်းတယ်လို့ ဆိုရပါလိမ့်မယ်။

    ၁၃ ရာစု မွတ်စလင်စွယ်စုံရပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ်

    “နှလုံးရဲ့ ညာဖက်အခန်းက သွေးဟာ ဘယ်ဖက်အခန်းကို လုံးဝ ရောက်ရမယ်။ ဒါပေမယ့် ဒီအခန်းနှစ်ခု ကြားထဲမှာ တိုက်ရိုက်လမ်းကြောင်း မရှိပါဘူး။  သူတို့ကြားထဲက ကန့်ထားတဲ့နံရံထူ (septum) မှာ အပေါက် ဒါမှမဟုတ် ဂါလင်နဲ့ တစ်ချို့လူတွေ တွေးထင်ခဲ့သလို မမြင်ရတဲ့ စိမ့်ပေါက်မျိုး၊ မြင်ရတဲ့ စိမ့်ပေါက်မျိုး မရှိပါဘူး။ ညာဖက်အခန်းက သွေးဟာ အဆုတ်နဲ့ဆိုင်တဲ့ သွေးလွှတ်ကြောကနေ အဆုတ်ကို စီးဆင်းရမယ်။ ဒြပ်တွေပြန့်နှံ့ကာ လေနဲ့ရောသွားပြီး အဆုတ်နဲ့ဆိုင်တဲ့ သွေးပြန်ကြောကနေ နှလုံးရဲ့ ဘယ်ဖက် အခန်းကို ရောက်ရှိပါတယ်” လို့ အလ်-နာဖစ်က ရေးသားခဲ့ပါတယ်။

    ခေတ်သစ်မှာတော့ ဒီဖြစ်စဉ်ကို ‘သွေးလှည့်ပတ်မှု’ လို့ခေါ်ပါတယ်။ သန့်စင်မှုမရှိတဲ့သွေးတွေဟာ ‘ဗီနာ ကေဗာ’ (vena cava) လို့ခေါ်တဲ့ သွေးပြန်ကြောကြီးကနေတစ်ဆင့် နှလုံးရဲ့ ညာဖက်က သွေးဝင်ခန်း(atrium) ကို ရောက်ရှိလာပါတယ်။ ဒီ သန့်စင်မှုမရှိတဲ့ သွေးတွေနဲ့ ပြည်သွားတဲ့အခါ သွေးဝင်ခန်းဟာ ကြုံ့သွားပြီး သူ့ဆီက သွေးတွေကို တစ်ဖက်ပိတ်အဆို့ရှင်ကနေတစ်ဆင့် ညာဖက်သွေးလွှတ်ခန်း (ventricle) ကို ညှစ်ထုတ် ပို့ဆောင်ပေးပါတယ်။ ညာဖက် သွေးလွှတ်ခန်းမှာ သွေးတွေပြည့်သွားတဲ့အခါ သူလည်း ကြုံ့သွားပြီး သွေကို အဆုတ်သွေးလွှတ်ကြောဆီ ပို့ဆောင်ပေးကာ၊ အဆုတ်က သွေးကြောလေးတွေဟာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးပါတယ်။ အောက်ဆီဂျင်ကြွယ်ဝတဲ့သွေး ဖြစ်လာတဲ့အခါမှာတော့ အဆုတ်သွေးပြန်ကြောထဲကို ၀င်ရောက်သွားပြီး ဘယ်ဖက် သွေးဝင်ခန်းကနေတစ်ဆင့် နှလုံးဆီကို ပြန်ရောက်ပါတယ်။ အဲဒီသွေးဝင်ခန်းမှာ သွေးပြည့်သွားတဲ့အခါ နှလုံးရဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကို ပို့ဆောင်ပေးပြီး၊ သွေးကြောမကြီးနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးက ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    နောက်ထပ် နှစ်ပေါင်း ၃၀၀ နောက်ပိုင်း အစ်ဗနေ့ အလ်-နာဖစ်ရဲ့ လက်ရာအချို့ကို ‘ဘဲလ်လူနိုက အလ်ပါဂို’ (Alpago of Belluno) က ၁၅၄၇ ခုနှစ်မှာ လက်တင်ဘာသာကို ဘာသာပြန်ဆိုမှသာ ဒီလိုအရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်ကို ဥရောပက သိရှိတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မီခေးလ် ဆာဗီတက်စ် (Michael Servetus) ဆိုသူက ၁၅၅၃ ခုနှစ်မှာ သူ့ရဲ့ Christianismi Restitutio ဆိုတဲ့စာအုပ်၊ ရီယဲလ်ဒက် ကိုလမ်ဘို (Realdus Colombo) က ၁၅၅၉ ခုနှစ်မှာ De re Anatomica ဆိုတဲ့ စာအုပ်တွေမှာ ရေးသားမှုအပါအ၀င် ဒီဖြစ်စဉ်ကို ရှင်းပြဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ၁၆၂၈ ခုနှစ်မှာ ဆာ ၀ီလီယံ ဟာဗေး (Sir Willian Harvey) က အောင်မြင်ခဲ့ပြီး သွေးလှည့်ပတ်မှုကို ရှာဖွေဖော်ထုတ်သူအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှုအကြောင်း ရှေ့ပြေးဖော်ထုတ်ခဲ့သူ အစ်ဗနေ့ အလ်-နာဖစ်က အမေ့ခံ ဖြစ်ခဲ့ကာ၊ သူကွယ်လွန်ပြီး နှစ်ပေါင်း ၇၀၀ ကြာတဲ့အချိန် ၁၉၅၇ ခုနှစ် အရောက်မှာမှ ဒီတွေ့ရှိချက်အတွက် အလ်-နာဖစ်ဟာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

    သွေးလှည့်ပတ်မှုစနစ်

    နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှု စနစ် – ညစ်ညမ်းတဲ့သွေးကို အောက်ဆီဂျင်နဲ့ရောပြီး သန့်စင်အောင်လုပ်တဲ့စနစ် – ကို ၁၃ ရာစုမှာ အစ်ဗနေ့ အလ်-နာဖစ်က ရှင်းပြနိုင်ခဲ့ပါတယ်။ နှလုံးရဲ့ ညာဖက်သွေးလွှတ်ခန်းက အောက်ဆီဂျင်မပါတဲ့ သွေးတွေကို အဆုတ်သွေးလွှတ်ကြောတွေကနေတစ်ဆင့် အဆုတ်ကို ပို့ပေးပြီး အဆုတ်က သွေးကို အောက်ဆီဂျင်ပြည့်ဝအောင်လုပ်ပေးကာ အဆုတ်သွေးပြန်ကြော တွေကနေတစ်ဆင့် နှလုံးရဲ့ ဘယ်ဖက် သွေးဝင်ခန်း စီးဝင်စေတာပါ။  ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ဖြစ်စဉ် တစ်ခုလုံးဖြစ်တဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှုစနစ်ကိုတော့ ၁၇ ရာစုနှစ်မှာ ၀ီလီယံဟာဗေးက တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ပထမဆုံး နာနိုဂြိုဟ်တု ဘင်္ဂလားဒေ့ရှ် လွှတ်တင်မည်

    ပထမဆုံး နာနိုဂြိုဟ်တု ဘင်္ဂလားဒေ့ရှ် လွှတ်တင်မည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအခြေစိုက် BRAC တက္ကသိုလ်မှာ ၎င်းတို့ကိုယ်တိုင်တီထွင်သော နာနိုဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန်ရှိနေပြီး ဘင်္ဂလာဒေ့ရှ်ရှိ ပညာရေးအသင်းအဖွဲ့တစ်ခုက ပထမဆုံး လွှတ်တင်မည့် ဂြိုဟ်တု ဖြစ်လာမည်ဖြစ်သည်။

    BRAC ONNESHA ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုမှာ ၁၀ စင်တီမီတာခန့် အမြင့်ရှိပြီး ၁ ကီလိုဂရမ်သာ လေးကာ တက္ကသိုလ်မှ ကျောင်းသား ၃ ဦးက နည်းပညာစိုက်ထုတ်၍ ဂျပန်တက္ကသိုလ်တစ်ခုက စက်ကိရိယာပံ့ပိုးကာ ဖန်တီးထားခြင်းဖြစ်သည်။

    အဆိုပါ ဂြိုဟ်တုကို လာမည့်လတွင် ဂျပန်အာကာသ စူးစမ်းရှာဖွေရေးအဖွဲ့၏ ဂြိုဟ်တုဖြင့် ကမ္ဘာပတ်လမ်းအနိမ့်ပိုင်း အမြင့် ကီလိုမီတာ ၄၁၀ ၀န်းကျင်သို့ လွှတ်တင်မည်ဖြစ်သည်။

    BRAC တက္ကသိုလ်က အဆိုပါ ဂြိုဟ်တုငယ်မှာ မိနစ် ၉၀ တွင် တစ်ပတ်ပတ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးကြိမ်မှ ခြောက်ကြိမ်အထိ ဖြတ်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့် အဆိုပါ ဂြိုဟ်တုမှ နိုင်ငံ၏ ပထ၀ီအခြေအနေဆိုင်ရာ အချက်အလက်များကို စုဆောင်းနိုင်မည်ဖြစ်ကြောင် ပြောကြားခဲ့သည်။

    ဂြိုဟ်တုအတွက် မြေပြင်ထိန်းချုပ်ရေးစခန်းကို တက္ကသိုလ်၏ ပရ၀ုဏ်အတွင်း ဆောက်လုပ်နေသည်။ ထိုနာနိုဂြိုဟ်တုငယ်မှာ ရေဒီယိုအသံလှိုင်းများကို တစ်ဆင့်ပြန်လည် ထုတ်လွှင့်ပေးနိုင်ခြင်း၊ လေထုသိပ်သည်းဆကို တိုင်းတာပေးခြင်း၊ နိုင်ငံတော်ဆိုင်ရာ အရေးပါသောနေ့များတွင် နိုင်ငံတော်သီချင်းထုတ်လွှင့်ပေခြင်း၊ အာကာသ အခြေအနေနှင့် မိမိ၏ တည်နေရာကို စောင့်ကြည့်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    BRAC တက္ကသိုလ်မှာ ဘင်္ဂလားဒေ့ရှ် အာကာသ အဖွဲ့အစည်းဖြစ်သော Kyutech and Bangladesh Space Research and Remote Sensing Organisation နှင့် ၂၀၁၄ ခုနှစ်ကတည်းက သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    ယခု နာနိုဂြိုဟ်တုကို တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများဖြစ်သော ရိုင်ဟာနာ ရှမ် အစ္စလာမ် အန်တာရာ၊ အဘ်ဒူလ်လာ ဟီလ် ကာဖီ၊ မိုင်ဆွမ် အစ်ဗနေ့ မိုနိုဝါရ်တို့က တီထွင်ခဲ့ခြင်းဖြစ်သည်။

    “နေ့စဉ် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သွားတဲ့အခါမှာ အချက်အလက်စုဆောင်းဖို့ ၅ မိနစ်၊ ၆ မိနစ်လောက်ပဲ ကြာမှာပါ” ဟု ကာဖီက ပြောကြားခဲ့ပြီး အန်တာရာကမူ ထိုကဲ့သို့ တီထွင်နိုင်ခြင်းမှာ အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဟု ဆိုသည်။

    Ref: Daily Star

  • ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ဆက်လက်ဆိုင်းငံ့ထားရန် တရားရုံး ဆုံးဖြတ်

    ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ဆက်လက်ဆိုင်းငံ့ထားရန် တရားရုံး ဆုံးဖြတ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များ၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများအတွက် လူဝင်မှုပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်၏အမိန့် ပြန်လည် အသက်ဝင်စေရန် တောင်းဆိုမှုကို အမေရိကန် ဖက်ဒရယ် အယူခံတရားရုံးက ယမန်နေ့တွင် ထပ်မံပယ်ချလိုက်သည်။

    ထရမ့်၏ ထိုအမိန့်အား ဆီယက်တဲလ်မှ ဖယ်ဒရယ်တရားသူကြီးတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ယာယီ ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရက ပြန်လည်အသက်ဝင်စေရန် 9th US Circuit Court တရားရုံးတွင် အယူခံလျှောက်ထားခဲ့ပြီး ယမန်နေ့က တရားသူကြီး ၃ ဦးပါဝင်သည့်အဖွဲ့က အယူခံအား တစ်ညီတစ်ညွတ်တည်း ပယ်ချခဲ့သည်။

    တရားသူကြီးများက တိုင်းပြည်မှာ ဘာသာရေးခွဲခြားမှုဆိုင်ရာ ဆိုးဆိုးဝါးဝါး စွပ်စွဲမှုများကို ရင်ဆိုင်နေရသည်ဟု မှတ်ချက်ပြုခဲ့ပြီး တရားရုံးချုပ်သို့ အယူခံလျှောက်ထားနိုင်သည်ဟု ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်က မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ၊ ထရမ့်ကမူ တရားရုံးချုပ်တွင် ထပ်တွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လုံခြုံရေးမှာ ဆုံးရှုံးရမည်အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : CNA