News @ M-Media

Blog

  • လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်

    လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – မလေးရှားရှိ လေယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက တစ်နာရီတွင် ကန်ဒေါ်လာ ၇၅၀၀ ကျသင့်ကာ လေယာဉ်ပေါ်တွင် ပြုလုပ်မည့် ကုရ်အာန်ကျမ်းတော်မြတ် သင်တန်းတစ်ခုကို လာမည့်မေလတွင် စတင်မည်ဟု သိရသည်။

    Elite Jets ကုမ္ပဏီဖြစ်ပြီး ဒါရိုက်တာ နစ် အီလီနာ ဇူရီဇီနီက ထိုအစီအစဉ်အတွက် ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားသူ ၁၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။ ထိုသင်တန်းမှာ ဘာသာရေးကို ခုတုံးလုပ်၍ အကျိုးအမြတ်ရှာခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး သူမကမူ လက်မခံခဲ့ပေ။

    “လူချမ်းသာတွေအတွက် သူတို့ အငယ်လေးတွေ၊ သူတို့သောက်ဖို့ အရက်တွေကို ကြိုပို့လုပ်ပေးရတဲ့ ၀န်ဆောင်မှု ထက်စာရင် ဘာသာရေးနည်းလမ်းကို ဘာ့ကြောင့် မသုံးရမှာလဲ။ တစ်ခြားကောင်းတာ ရှိသေးလို့လား။ သေပြီးနောက်ဘ၀ဆိုတာ လူချမ်းသာတွေလည်း မြည်းစမ်းရမှာလေ။ မဟုတ်ဘူးလား။ ပုံမှန်ကတော့ လူချမ်းသားတွေကို ကြည့်လိုက်ရင် သာသနာနဲ့ တစ်ခြားစီပါပဲ” ဟု အီလီနာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မိမိ၏ ယခုအစီအစဉ်မှာ မလေးရှား၊ ဘရူးနိုင်းနှင့် ဆော်ဒီတို့မှ လူချမ်းသာများအတွက် ရည်ရွယ်ကြောင်း၊ ၎င်းတို့ အလိုရှိရာကို ပို့ဆောင်ပေးခြင်း၊ ဘာသာရေးသင်ခန်းစာ သင်ကြားခြင်း နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောဆိုခဲ့သည်။

    သင်တန်းအတွက် တစ်နာရီလျှင် ကန်ဒေါ်လာ ၇၅၀၀ သတ်မှတ်ထားမှုမှာ ပုံသေမဟုတ်ဘဲ အသုံးပြုသည့် လေယာဉ်နှင့် ထိုင်ခုံနေရာ၊ ခရီးဆုံးအထိ ပျံသန်းချိန်တို့ကို လိုက်၍ ခြားနားမည်ဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီတွင် လေယာဉ်အစီးပေါင်း ၃၀ ရှိကြောင်း အီလီနာက ဆိုသည်။

    Ref: Today Online

  • ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံက ပါလက်စတိုင်းပြည်သူများအတွက် ကန်ဒေါ်လာ ၄၆.၇ သန်းတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေငြာလိုက်ပြီး နိုင်ငံတကာအသင်းအဖွဲ့များ၊ ဂျပန် အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ကူညီသွားမည်ဟု သိရသည်။

    ယခုအစီအစဉ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ပါလက်စတိုင်းဆိုင်ရာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA မှ တစ်ဆင့် လည်းကောင်း၊ ဘဏ္ဍာရေးအကူအညီကို ကမ္ဘာ့ဘဏ်၏ ပါလက်စတိုင်း ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ် (PRDP) မှ တစ်ဆင့်လည်းကောင်း၊ အခြေခံအဆောက်အဦး ကူညီထောက်ပံ့မှုကို UNDP မှတစ်ဆင့်လည်းကောင်း ပေးအပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အခြားသော အကူအညီများကိုလည်း အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ပေးအပ်သွားရန် ရှိနေသည်ဟု ရာမာလာအခြေစိုက် ဂျပန်ကိုယ်စားလှယ်ရုံးက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    “ဂျပန်အစိုးရဟာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး အားထုတ်ဆောင်ရွက်မှုတွေကို ထောက်ပံ့ဖို့၊ နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေးကို ကူညီဖို့ ခိုင်မာတဲ့ သန္ဓိဌာန် ချထားပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    လွတ်လပ်သည့် နိုင်ငံတော်တစ်ခု တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြင်ဆင်နေသည့် ပါလက်စတိုင်း ၀န်ကြီဌာနများကိုလည်း ဂျပန်မှာ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိနေသည်။ ၁၉၉၃ ခုနှစ်မှစ၍ ပါလက်စတိုင်းသို့ ဂျပန်က ထောက်ပံ့ကူညီနေမှုမှာ ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။

    Ref: IINA

  • ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    လုပ်ကြံခံလိုက်ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံမှုနှင့် ဆက်စပ်၍ မလေးရှားရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ၎င်းမှာ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်ဟု သိရသည်။

    ယနေ့တွင် လေဆိပ်ရှိ စရိတ်နည်း လေကြောင်းလိုင်းဝင်ပေါက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အချိန်တွင် သူမတစ်ယောက်တည်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ကင်ဂျုံနမ်ကို မြောက်ကိုရီးယားမှ အမျိုးသမီး သူလျှို နှစ်ဦးက လုပ်ကြံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး လေဆိပ် CCTV ကင်မရာတွင် မှတ်တမ်းတင်ထားသည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို မလေးရှားက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ယခုဖမ်းဆီးလိုက်သည့် အမျိုးသမီးမှာ ထိုမှတ်တမ်းမှ အမျိုးသမီးနှင့် တူညီနေပြီး Doan Thi Huong ဟု အမည်ရကာ ၁၉၈၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မွေးသွားသည်ဟု နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည်။

    မလေးရှားရဲတပ်ဖွဲ့ကမူ ယခုဖမ်းဆီးရမိသူမှာ ဗီယက်နမ်နိုင်ငံသား ဟုတ်၊ မဟုတ်ကို အတည်ပြုရန်အတွက် မြောက်ကိုရီးယား၊ ဗီယက်နမ်သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ယခု သံသယရှိသူအပြင် မလေးရှား ရဲတပ်ဖွဲ့မှာ အခြားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦးအပါအ၀င် လူအများအပြားကို ရှာဖွေနေသည်။

    Ref: Aljazeera

  • ဦးကိုနီကို လုပ်ကြံဖို့ စေခိုင်းသူ တရားခံနောက်တယောက်မှာ ဒု-ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်

    ဦးကိုနီကို လုပ်ကြံဖို့ စေခိုင်းသူ တရားခံနောက်တယောက်မှာ ဒု-ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်

    “ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက် (၂) ”

     

  • Nokia ၏ နာမည်ကျော် 3310 ဖုန်း ပြန်လာမည်

    Nokia ၏ နာမည်ကျော် 3310 ဖုန်း ပြန်လာမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သည့် Nokia ၏ 3310 ဖုန်း

    – မိုင်းဘိုင်းဖုန်းလောကမှာ အရောင်းရဆုံးဖုန်းတွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့တဲ့ Nokia ရဲ့ 3310 ဖုန်းကို ပြန်လည် ထုတ်လုပ် ဖြန့်ချီတော့မယ်လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

    ၂၀၀၀ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ အဲဒီဖုန်းဟာ Nokia ကို မိုဘိုင်းဖုန်းလောကမှာ ဘုရင်တစ်ဆူ ဖြစ်စေခဲ့ပြီး၊ အဲဒီအချိန်က စလို့ မိုဘိုင်းဖုန်း ပြိုင်ဘက်တော်တော်များများကို နောက်ကောက် ချနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် Touch စခရင်ကိုအသားပေးတဲ့ ခေတ်သစ် စမတ်ဖုန်းလောကမှာတော့ Nokia ဟာ တိုးမပေါက်တော့ဘဲ ၂၀၁၃ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ကို ကန်ဒေါ်လာ ၇.၂ ဘီလီယံနဲ့ ရောင်းချရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့တာကြောင့် ၂ နှစ်မပြည့်ခင် အချိန်လေးမှာ တက်သစ်စ ဖင်လန်ကုမ္ပဏီ HMD Global ကုမ္ပဏီလက်ထဲ ဒေါ်လာ သန်း ၃၅၀ နဲ့ ရောက်ခဲ့ရပါတယ်။

    Nokia ရဲ့ 3310 ဖုန်းဟာ သုံးရလွယ်ကူတဲ့ဒီဇိုင်း၊ အချိန်တော်တော်ကြာခံတဲ့ ဘတ္တရီကြောင့် နာမည်ကျော်ခဲ့တဲ့ 3210 ကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

    HMD ကုမ္ပဏီရဲ့ လက်ထက်မှာတော့ Nokia ဟာ ယခင်နာမည်ကျော်ဖုန်းတွေကို ပြန်ထုတ်ဖို့နဲ့ အန်ဒရိုက်အခြေပြု စမတ်ဖုန်းတွေကို ဆက်လက်ဖန်တီးထုတ်လုပ်သွားဖို့ ရည်ရွယ်ခဲ့ပြီး ပထမဆုံး ပြန်ထုတ်မယ့်ဖုန်းက 3310 ဖြစ်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ ရင်းမြစ်က ဆိုပါတယ်။

    ၆၂.၅၀ ဒေါ်လာလောက် ကျသင့်မယ့် ဒီဖုန်းကို အခုလနှောင်းပိုင်း ဘာစီလိုနာမှာပြုလုပ်မယ့် Mobile World Congress ဖုန်းပြပွဲမှာ ထုတ်ဖော်ပြသဖို့ ရှိနေပြီး Nokia 3 နဲ့ Nokia 5 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းတွေကိုလည်း ပြသသွားမှာပါ။

    Nokia 6 ကို သိပ်မကြာသေးခင်က ထုတ်ထားပေမယ့် တရုတ်နိုင်ငံမှာသာ စတင်ရောင်းခဲ့ပါတယ်။ HMD ဟာ Apple ဖုန်းတွေကို ထုတ်လုပ်ပေးမှုကြောင့် နာမည်ကျော်တဲ့ တရုတ်က Foxconn နဲ့ ပေါင်းပြီး ထုတ်ကုန်အသစ်တွေကိုလည် ထပ်မံထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Ref : RT