News @ M-Media

Blog

  • ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    နေပြည်တော်(ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်အမတ်တစ်ဦးက မေးခွန်းမေးမြန်းစဉ် ဘာသာရေးကိစ္စ ပါဝင်နေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မေးခွန်းဆက်မေးခွန်း ရုပ်သိမ်းလိုက်သည်။

    ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့် မေးမြန်းသည့် “စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မည့် အစီအစဉ်ရှိ၊မရှိ နှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်း” အား လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    အစည်းအဝေးအစီအစဉ်(ဂ)တွင် ပါဝင်သည့် ဦးမောင်မြင့်၏ မေးခွန်း မေးမြန်းမှု မစတင်မီ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေးမဆုံးရှုံးအောင် လွှတ်တော်နည်းဥပဒေ ၁၄၁(ဈ)မှာပါတဲ့ စည်းကမ်းချက်များအတိုင်းမေးပါ။ ဘာသာ၊ သာသနာ ရောယှက်ပြီး မေးမြန်းခြင်းမပြုရဆိုတဲ့ အချက်ကို လေးစားလိုက်နာပေးဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ကနဦး ပြောဆိုခဲ့သည်။

    ယင်းနောက် စက်မှုဝန်ကြီးဟောင်းဖြစ်သူ လွှတ်တော်အမတ် ဦးမောင်မြင့်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ “အေးခဲ အမဲသားတွေ တရားမ၀င်တင်ပို့နေမှု၊ ကျွဲ၊ နွားမှောင်ခိုတွေ ပြည်ပကို တရားမ၀င်တင်ပို့နေမှု၊ ‘အိဒ်’ နေ့မှာ တရားဝင်ခွင့်ပြုကျွဲနွားထက်ပိုမိုသတ်ဖြတ်နေမှုများ ဖြစ်ပေါ်နေတယ်လို့ကြားသိရပါတယ်” ဟု ပြောဆိုသည်။

    ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ထပ်မံ အသိပေးခဲ့သည်။

    “ဘာသာ၊ သာသနာကို ရောယှက် မပြောပါနဲ့။ ကျွဲနွားသတ်ဖြတ်တဲ့ စာရင်းပဲ မေးပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

    ထိုသို့ နှစ်ကြိမ်မြောက် အသိပေးမှုအပြီးတွင် ဦးမောင်မြင့်က “မှန်ပါတယ်။ ဒီမှာ ကျွန်တော်တို့က ကျွဲ၊ နွား ဖြုန်းတီးမှုအတွက်ကို ကျွန်တော်တို့က ‘အိဒ်’ နေ့မှာ” ဟု ဆက်လက်ပြောဆိုစဉ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “အဲ့ဒါဆိုလို့ရှိရင်တော့ ဒီမေးခွန်းကို လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၄၁)အရ ဒီမေးခွန်းကို ကျွန်တော်ဆက်ပြီး ခွင့်မပြုနိုင်ပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။ အဲ့ဒါဆို ကျွန်တော် ဒီမေးခွန်းကို ခွင့်မပြုပါဘူး” ဟု ပြောကာ မေးခွန်းကို ရုပ်သိမ်းခဲ့သည်။

    “တကယ်တော့ ဘာသာရေးကို ပြောတာမဟုတ်ဘူး။ ဒီကဏ္ဍမှာ များများသတ်နေလို့ ဦးတို့က များများပြောတာ။ အဲ့တော့ များများမသတ်ရင် ပြောစရာအကြောင်း မရှိဘူး” ဟု ဦးမောင်မြင့်က အစည်းအဝေးရပ်နားစဉ် မီဒီယာများကို ပြောသည်။

     

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://www.mizzimaburmese.com/article/23354

  • ရခိုင်အရေး တပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

    ရခိုင်အရေး တပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

    ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှု ရှိ မရှိ စစ်ဆေးဖို့ တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းလိုက်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

    တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ တပ်မတော်စုံစမ်းရေးအဖွဲ့ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ အပေါ် စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ အစိုးရဘက်က စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် တပ်မတော်ဘက်က အလားတူ ကြေညာ လိုက်တာလည်း ဖြစ်ပါတယ်။

    ကြေညာချက်ထဲမှာ “လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့ အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်အနေဖြင့်လည်း အောက်ပါစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

    တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ကိုယ်တိုင် ဦးဆောင်မယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ တွဲဘက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထွန်း၊ အမှတ် ၉ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယလက်ထောက် စစ်ဥပဒေချုပ် ဗိုလ်မှူးလှမျိုးကျော်နဲ့ စစ်ဥပေဒချုပ်ရုံးက လက်ထောက်စစ်ဥပဒေချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် တို့ ပါဝင်ပြီး ဗိုလ်မှူးကြီး မျိုးဝင်းအောင်က အဖွဲ့အတွင်းရေးမှုးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

    တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဘယ်နေ့ဘယ်ရက် ဘယ်သူ့ထံ အစီရင်ခံတင်ပြရမယ် ဆိုတာကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ မထားပါဘူး။
    ရခိုင်၊ မောင်တောအရေးကို အစိုးရဘက်က ဒုတိယသမ္မတဦးမြင့်ဆွေခေါင်းဆောင်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာလို့ အဖွဲ့သက်တမ်းကို ရက်အကန့်အသတ်မရှိ တိုးမြှင့်ပေးထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။

    DVB မှ ကူးယူဖော်ပြသည်။
    http://burmese.dvb.no/archives/188494

  • ရခိုင်မှထွက်ပြေးရသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ယာယီခိုလှုံခွင့် ဆက်ပေးမည်

    ရခိုင်မှထွက်ပြေးရသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ယာယီခိုလှုံခွင့် ဆက်ပေးမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမိသားစု

    – ရခိုင်ပြည်မြောက်ပိုင်း ကိစ္စနှင့်ပတ်သက်၍ မိမိတို့က မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံအတွင်း ခိုလှုံလာသည့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို ဆက်လက် ၀င်ခွင့်ပြုသွားမည်ဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာအကြံပေး အိခ်ျ တီ အီမာမ်က ပြောကြားလိုက်သည်။

    အောက်တိုဘာလက နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာအစိုးရစစ်တပ်က ပြုလုပ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာပြည်သူ ၆၉၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ထိုကိစ္စကြောင့် ဆက်ဆံရေး မကျေမလည်ဖြစ်ခဲ့သည်။

    သို့သော်လည်း အီမာမ်က ဘင်္ဂလားဒေ့ရှ်မှာ အောက်တိုဘာလက နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ရိုဟင်ဂျာစစ်သွေးကြွ ၂ ဦးကို ဖမ်းဆီးကာ လွှဲပြောင်းပေးခဲ့ပြီး၊ ထိုကဲ့သို့ ၀င်ရောက်လာသူများကို တားဆီးရန်အတွက် မြန်မာအစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

    “အကူအညီလုံးဝကင်းမဲ့နေတဲ့ ကလေးရှိအမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့ ယာယီခိုလှုံခွင့် ဆက်ပေးသွားမှာပါ။ ဒီအတွက် တော်တော်လေး အားခဲပြီးလုပ်ရတာပါ။ ဒီပြဿနာက ကျွန်တော်တို့ကို အကြပ်အတည်းတွေ့စေပါတယ်။ သူတို့က မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ခေါ်ကို ခေါ်ရမှာပါ” ဟု အီမာမ်က ဗုဒ္ဓဟူးနေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ သိန်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံထားရပြီး၊ ယခုနောက်ဆုံး ၀င်ရောက်မှုက ရင်းမြစ်အကန့်အသတ်ရှိသော ၎င်းတို့နိုင်ငံအတွက် အကြပ်အတည်းဖြစ်စေသည်ဟု ဆိုသည်။

    အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် အီမာမ်နှင့် နိုင်ငံခြားရေးဝန်ကြီး အေ၊ အိခ်ျ မဟ်မွဒ်အလီတို့ အပါအ၀င် ဘင်္ဂလားဒေ့ရှ်မှ တာဝန်ရှိသူများမှာ အမေရိကန်၊ ဆော်ဒီနှင့် မြန်မာနိုင်ငံတို့မှ သံတမန်များဖြင့် တနင်္ဂနွေနေ့တွင် ဒါကာမြို့၌ တွေ့ဆုံခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား ကော့ဇ်ဘဇားတွင် ခရိုင်တွင် နေရာပေးထားပြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်သီသော တန်ဂါရ်ချာကျွန်းသို့ ပို့ဆောင်ရန် စီစဉ်နေကာ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဝေဖန်မှုကို ခံနေရသည်။

    “နိုင်ငံတကာက အကူအညီပေးဖို့၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ခေါ်ယူဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီလို ၀င်လာတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်” ဟု အီမာမ်က ပြောကြားခဲ့သည်။

    Ref : CNA

  • ပရိတ်သတ်များ အသင်းဘက်မှ ရပ်တည်ရန် ၀င်းဂါး တိုက်တွန်း

    ပရိတ်သတ်များ အသင်းဘက်မှ ရပ်တည်ရန် ၀င်းဂါး တိုက်တွန်း

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ယခုနှစ်အတွင်း ဖလားရရှိရေး အခွင့်အလမ်အတွက် တိုက်ပွဲဝင်ရန် ပရိတ်သတ်များ၏ အားပေးမှု လိုအပ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂ ပတ်ဆက်တိုက် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၁၂ မှတ်ကွာဟသွားသော အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်မှာ အဆုံးသတ်သလောက် ဖြစ်သွားပြီး၊ ပရိတ်သတ်များ၏ ဝေဖန်သံကလည်း ပြန်လည် ဆူညံလာခဲ့သည်။ အာဆင်နယ်မှာ ၂၀၀၃-၀၄ ဘောလုံးရာသီက နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။

    အာဆင်ဝင်းဂါးမှာ ယခုဘောလုံရာသီ ကုန်ဆုံးပါက အသင်းနှင့် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး လက်ရှိအနေအထားကြောင့် ဖိအားများလည်း မြင့်တက်လာခဲ့သည်။ သို့သော် အာဆင်ဝင်းဂါက မိမိတို့မှာ ပြိုင်ပွဲ ၃ ခုတွင် ရှိနေဆဲဟု ဆိုသည်။

    “ပရီးမီယားလိဂ်မှာ ကြီးကြီးမားမား တိုက်ပွဲဝင်ရမယ်။ ချန်ပီယံလိဂ်မှာလည်း မကြာခင် ဘိုင်ယန်နဲ့ အကြီးအကျယ် တိုက်ပွဲဝင်ရမှာပါ။ FA ဖလားလည်း ကန်ရပါအုံးမယ်။ ဒီပြိုင်ပွဲ ၃ ခုစလုံးမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ချင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အာရုံစိုက်၊ တုန့်ပြန်ဖို့၊ ပရိတ်သတ်တွေ အသင်းနောက်မှာ မားမားမတ်မတ်ရပ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ အင်မတန်အရေးကြီးပြီး၊ အထိမခံတဲ့ အခြေအနေကို ရောက်နေလို့ပါပဲ။ စိတ်ပျက်စရာတွေကို ကျွန်တော်တို့ အတူတကွ တုန့်ပြန်ရပါမယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • ပြောင်းရွှေ့အခြေချမှုကို ဥရောပတိုက်က လိုအပ်ဟု နိုင်ငံခြားရေး အကြီးအကဲပြော

    ပြောင်းရွှေ့အခြေချမှုကို ဥရောပတိုက်က လိုအပ်ဟု နိုင်ငံခြားရေး အကြီးအကဲပြော

    ဖေဖော်ဝါရိ ၉၊ ၂၀၁၇
    M-Media

    – ဥရောပတိုက်အနေဖြင့် ပြောင်းရွှေ့အခြေချသူများကို လိုအပ်သောကြောင့် လာရောက်ခိုလှုံသူများအား တံခါးပိတ်သွားမည်မဟုတ်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြောကြားလိုက်သည်။

    Valletta Joint Action Plan 2017 အစီအစဉ်အတွက် မောလ်တာနိုင်ငံတွင် ယနေ့ပြုလုပ်သည့် အကြီးတန်း တာဝန်ရှိသူများ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ဥရောပသားများ ကိုယ်တိုင်ကလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကအထိ ပြောင်းရွှေ့အခြေချသူများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်မတို့ ရေရှည်ဆက်လက်ထိန်းသိမ်းထားရမယ့် လူမှုအဖွဲ့အစည်းအနေအထားနဲ့အတူ လက်ရှိ ကျွန်မတို့ရဲ့ စီးပွားရေးတွေ၊ လူမှုဖူလှုံရေးစနစ်တွေအတွက် ပြောင်းရွှေ့အခြေချမှု လိုအပ်တယ်ဆိုတာကို ဥရောပသားတွေ နားလည် လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်”

    အကြီးတန်းတာဝန်ရှိသူများ အစည်းအဝေးမှာ ပာင်းရွှေ့အခြေချမှုဆိုင်ရာ ကိစ္စကို တတိယနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး မိုဂ်ဟီရီနီကမူ ပူးပေါင်းဆောင်ရွက်မှုအစား ထိပ်တိုက်တွေ့ဆုံမှု၊ မိတ်ဖက်ဆက်ဆံရေး ထူထောင်ရမည့်အစား တံတိုင်းခြားမှု၊ ဆွေးနွေးညှိနှိုင်းရမည့်အစား ပိတ်ဆို့မှုများကို အခြေခံကာ ပြောင်းရွှေ့အခြေချမှုကို ဆန့်ကျင်သည် ရပ်တည်ချက်ကိုလည်း ရှုတ်ချခဲ့ကာ ဥရောပအနေဖြင့် မျှတပြီး လူသားဆန်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သွားမည်ဟု ကတိပြုခဲ့သည်။

    ဒုက္ခသည် ပြဿနာတွင် စံချိန်တင် သေဆုံးမှုအဖြစ် ၂၀၁၆ ခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များမှ စုစုပေါင်း ၄၅၀၀ နီးပါး သေဆုံးမှုကိုလည်း သူမက ထောက်ပြခဲ့သည်။

    ဥရောပ လူဦးရေ ၃ ပုံ ၁ ပုံနီးပါးမှာ ၂၀၆၀ ခုနှစ်အရောက်တွင် အသက် ၆၅ နှစ်ကျော် ရှိနေမည်ဟု ၂၀၁၂ ခုနှစ်တွင် ဥရောပကော်မရှင်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလကလည်း ဥရောပကော်မရှင် ဥက္ကဌ ဂျန် ကလုဒ် ဂျန်ကာက ဥရောပတိုက်မှာ အသက်အရွယ် အိုမင်းလွန်းသော တိုက်ကြီးတစ်ခု ဖြစ်လာနေပြီး ပြောင်းရွှေ့အခြေချမှုကို ပြဿနာတစ်ခုထက် ရင်းမြစ်တစ်ခုအဖြစ် မှတ်ယူသင့်သည်ဟု ပြောကြားခဲ့ဖူးသည်။

    RRef: RT