News @ M-Media

Blog

  • ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ရှိ ဆေးရုံတစ်ခုမှာ ယူနီဆက်ဖ်က သတ်မှတ်သည့်’ ရင်ခွင်ပိုက်ကလေးငယ်များနှင့် သင့်လျော်သောဆေးရုံ’ (Baby Friendly Hospital) အဆင့်ကို ရရှိခဲ့သည်ဟု သိရသည်။

    Dubai Hospital ဖြစ်ပြီး ဇန်န၀ါရီလနှောင်းပိုင်းက ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဂုဏ်ပြုအခမ်းအနားကို ထိုဆေးရုံ၌ ကျင်းပခဲ့သည်။

    Baby-Friendly Hospital Initiative (BFHI) လှုပ်ရှားမှုကို ယူနီဆက်ဖ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းကာ ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရင်ခွင်ပိုက်ကလေးငယ်များအား ကာကွယ်မှု၊ ဦးစားပေးမှုနှင့် ကူညီပံ့ပိုးမှုများကို တိုက်တွန်းအားပေးရန်နှင့် ဖွံ့ဖြိုးစေရန်ဖြစ်သည်။

    ဆေးရုံတစ်ခုမှာ Baby-Friendly Hospital အဆင့် ရရှိရန်အတွက် အဓိကအားဖြင့် မိခင်လောင်းများ၊ ရင်ခွင်ပိုက်ကလေးငယ်များကို ပြုစုခြင်း၊ ထောက်ပံ့ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စသည့် ကျန်းမာရေးဆောင့်ရှောက်မှုဆိုင်ရာ သတ်မှတ်ချက် ၁၀ ခုကို ပြည့်မီအောင် ဆောင်ရွက်ရသည်။

    Dubai Hospital ၏ စီအီးအိုဖြစ်သူ အဘ်ဒူလ် ရဟ်မန် အလ်-ဂျက်စ်မီက မိမိတို့ဆေးရုံအနေဖြင့် ရင်ခွင်ပိုက်ကလေးငယ်များအား အလုံးစုံ ကြည့်ရှုစောင့်ရှောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို နှစ်မြှုပ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပြီး ယူနီဆက်ဖ်ကိုလည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    Ref : IINA

  • ခိုလှုံသူမျိုးဆက်အား နိုင်ငံသားပေးမည့် ဥပဒေအသစ်ကို ဆွစ်ဇာလန်ပြည်သူများ အတည်ပြု

    ခိုလှုံသူမျိုးဆက်အား နိုင်ငံသားပေးမည့် ဥပဒေအသစ်ကို ဆွစ်ဇာလန်ပြည်သူများ အတည်ပြု

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသူများ၏ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးမည့် နိုင်ငံသား ဥပဒေသစ်ကို ဆွစ်ဇာလန် ပြည်သူများက အတည်ပြုလိုက်ပြီး၊ ဆန္ဒခံယူပွဲမတိုင်ခင် အစ္စလာမ်ဆန့်ကျင်ရေး စကားများဖြင့် အဆိုပါ ဥပဒေကို ကန့်ကွက်ခဲ့သည် လက်ယာစွန်းရောက်များ ရှုံးနိမ့်သွားခြင်းလည်း ဖြစ်သည်။

    ပြည်သူဆန္ဒခံယူပွဲတွင် နိုင်ငံသား ဥပဒေသစ်ကို ထောက်ခံသူ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ မဲဆန္ဒနယ်မြေ ၂၆ ခုတွင် ၁၉ ခု အနိုင်ရရှိခဲ့သည်။

    လက်ရှိတွင် ကျင့်သုံးနေည့် ရှည်လျားသော နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်မှ အဆင့်များကို လျှော့ချပြီး ပြောင်းရွှေ့အခြေချသူများ၏ တတိယမျိုးဆက်အား နိုင်ငံသားပေးမည့် အဆိုပါဥပဒေကို ဆွစ်ဇာလန်အစိုးရ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမား အများစုက ထောက်ခံခဲ့ကြသည်။

    သို့သော်လည်း အမျိုးသားကောင်စီတွင် နေရာအများအပြားကို ထိန်းချုပ်ထားသော လက်ယာစွန်းရောက် ပါတီ SVP က အစ္စလာမ်ဆန့်ကျင်ရေး၊ အမျိုးသားအမှတ်သညာ ကိစ္စများကို ရှေ့တန်းတင်ကာ အဆိုပါ ဥပဒေအား ကန့်ကွက်မဲပေးရန် လှုံ့ဆော်ခဲ့သည်။

    ထိုဥပဒေသစ်ဖြင့် အကျုံးဝင်မည့် ပြောင်းရွှေ့အခြေချသူ ၆၀ ရာခိုင်နှုန်းနီးပါးမှာ အီတလီနွယ်ဖွားများဖြစ်ပြီး၊ ၎င်း၏နောက်တွင် ဘောလ်ကန်နှင့် တူရကီနွယ်ဖွားများ ရှိနေသည်။

    Ref: Aljazeera

  • အမျိုးသားရေးအစွန်းရောက်တစ်ဦး၏ အမည်ကို ယေးလ်တက္ကသိုလ်က ပယ်ဖျက်မည်

    အမျိုးသားရေးအစွန်းရောက်တစ်ဦး၏ အမည်ကို ယေးလ်တက္ကသိုလ်က ပယ်ဖျက်မည်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – လက်ခွဲကောလိပ်တစ်ခုအား ၁၉ ရာစုမှ လူဖြူအမျိုးသားရေး အစွန်းရောက်တစ်ဦး၏အမည် မှည့်ခေါ်ထားမှုကို ပယ်ဖျက်သွားမည်ဟု အမေရိကန်ရှိ နာမည်ကြီး ယေးလ်တက္ကသိုလ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    ကာလ်ဟွန်ကောလိပ် (Calhoun College) ၏ အမည်ဖြစ်ပြီး အမေရိကန် ဒုတိသမ္မအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျွန် စီ ကာလ်ဟွန်မှာ လူဖြူအမျိုးသားရေး အစွန်းရောက်တစ်ဦး ဖြစ်ယုံသာမက လူလူချင်း ကျွန်ပြုသော ကျွန်စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။

    ၎င်း၏အမည် သုံးစွဲထားမှုအား ဖယ်ရှားရန် အမေရိကန်ပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများမှာ နှစ်အတော်ကြာ တောင်းဆိုခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ပရ၀ုဏ်အတွင်း ငြိမ်းချမ်းသော ဆန္ဒပြမှုတစ်ခုပင် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ထို့ကြောင့် ယေးလ်တက္ကသိုလ်က ကာလ်ဟွန်ကောလိပ်အား၊ ဂရေ့စ် ဟူပါးကောလိပ် ( Grace Hopper College) အဖြစ် ပြောင်းလဲခေါ်ဆိုရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။ ယေးလ်ကျောင်းသူဟောင်းဖြစ်သည့် ဂရေ့စ်ဟူးပါးမှာ ကွန်ပျူတာ ပရိုဂရမ်ဘာသာစကားကို ရှေးဦး တီထွင်ခဲ့သူဖြစ်ပြီး အမေရိကန် ရေတပ်တွင် အထူးတပ်ဖွဲ့ ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

    ယေးလ်တက္ကသိုလ်၏ ဥက္ကဌဖြစ်သူ ပီတာ ဆာလိုဗေးက မိမိတို့အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့ခြင်းမဟုတ်ဘဲ ‘နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်ပြုမှုကို ကောင်းမွန်သော အရာတစ်ခုအဖြစ် စိတ်ပါလက်ပါ မြှင့်တင်ပေးခဲ့ခြင်းမှာ ယေးလ်တက္ကသိုလ်၏ ရည်မှန်ချက်၊ တန်ဖိုးများနှင့် အခြေခံကျကျ ဆန့်ကျင်နေသည်’ ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း Harkness Tower ၏ ထိပ်တွင် ကာလ်ဟွန်၏ အမည်အား ထွင်းထုထားမှုကဲ့သို့ တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ အခြား အမှတ်အသားများကိုမူ ဖယ်ရှားသွားမည်မဟုတ်ဟု တက္ကသိုလ် တာဝန်ရှိများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်သမ္မတ ထရမ့်ကို မက္ကဆီကိုပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    အမေရိကန်သမ္မတ ထရမ့်ကို မက္ကဆီကိုပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မက္ကဆီကန်များအား ခွဲခြားစော်ကားသော စကားများ၊ နယ်စပ် တံတိုင်းအတွက် မက္ကဆီကိုက အကုန်အကျခံရန် ပြောကြားမှုများကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကိုပြည်သူများမှာ ယမန်နေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော် မက္ကဆီကိုစီးတီး အပါအ၀င် နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၂၀ ခန့်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး၊ မြို့တော်တွင်မူ ထောင်ပေါင်းများစွာသော ပြည်သူများမှာ အဖြူရောင်အ၀တ်အစားများကို ၀တ်ဆင်ကာ အနီရောင်အလံများ၊ မက္ကဆီကို အလံများ ကိုင်ဆောင်ခဲ့ကြသည်။

    “ကျွန်တော်တို့က အမေရိကန်ကို ဘာမှ မလုပ်ဘဲနဲ့ သူက ဒီလိုစကားမျိုးပြောတာဟာ ကျွန်တော်တို့အတွက် အမုန်းတွေ ရှိပုံရပါတယ်” ဟု ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

    ဆန္ဒပြမှုအတွင်း တက္ကသိုလ်ကျောင်းသားများ၊ စီးပွားရေး အသင်းအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။

    “သမ္မတထရမ့်ကို ကျွန်တော်တို့ လက်မခံမှု၊ ခင်ပြင်းဒေါသထွက်မှုကို ပြသဖို့အတွက် ကျွန်တော်တို့ပြည်သူတွေဟာ စုစည်းညီညွတ်ဖို့ အချိန်တန်ပါပြီ” ဟု ဆန္ဒပြမှုကို ဦးစီးခဲ့သည့် မဟာမိတ်အဖွဲ့က ပြောကြားခဲ့သည်။

    သမ္မတထရမ့် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အာဏာရယူပြီးနောက်ပိုင်း အမေရိကန်-မက္ကဆီကို ဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင့် အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။

    ထရမ့်မှာ မဲဆွယ်စဉ်ကာလအတွင်း မက္ကဆီကိုမှ ပြောင်းရွှေ့အခြေချသူများကို ရာဇ၀တ်ကောင်းများ၊ မုဒိမ်းသမားများဟု ကင်ပွန်းတပ်ခဲ့သည်။ ထို့ပြင် တရားမ၀င်ဝင်ရောက်မှုကို ဟန့်တားရန်အတွက် နယ်စပ်တွင် တံတိုင်းကာမည်ဖြစ်ပြီး ထိုအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲနှင့် နံနက်စာ အလှူကျွေး

    ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲနှင့် နံနက်စာ အလှူကျွေး

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်၌ အကြမ်းဖက် လုပ်ကြံခံရပြီး ကွယ်လွန်သူ NLD ပါတီ ဥပဒေအကြံပေး(ဗဟို)၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနှင့် လူသတ်တရားခံအား လိုက်လံဖမ်းဆီးစဉ် သေနတ်ထိမှန်၍ ကွယ်လွန်ခဲ့သူ ကိုနေဝင်းအား ရည်စူး၍ ဘာသာကြီး ၄ ခု မှ  ခေါင်းဆောင်များနှင့် ပြည်သူများ မှ မေတ္တာပို့ အမျှဝေ ဆုတောင်းပွဲတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၁၂ ရက် မနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားတွင်  သင်္ကန်းကျွန်းမြို့နယ်  (ခ)ရပ်ကွက် ရပ်မိရပ်ဖ များ၏ ဦးဆောင်မှုဖြင့်  လူမျိုးဘာသာမရွေး လူ ၃၀၀၀ နီးပါးအား နံနက်စာ ထမင်း ကျွေးမွေးခဲ့ကြောင်းသိရှိရပါတယ်။

    အဆိုပါ အခမ်းအနားသို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကိုကိုဦး။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးးဦးဆန်းမြင့်၊့ မြို့နယ်ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌဦးခင်ဝေ၊ အထူးဖိတ်ကြားထားသူများနှင့် ရပ်မိရပ်ဖ ရပ်ကွက်သူရပ်ကွက်သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။



    သတင်းနှင့် ဓါတ်ပုံများပေးပို့သူ ဂျက်ဖရီ တင်အုံး (RIT) အား ကျေးဇူးတင်ရှိပါတယ်။