News @ M-Media

Blog

  • အီရန်နပမ်းသမား ကမ္ဘာ့အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်

    အီရန်နပမ်းသမား ကမ္ဘာ့အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံမှ ဂရီကိုရိုမန် နပမ်းသမား ဂါဆင်မ် ရီဇာအီမှာ ကြာသာပတေးနေ့က ကမ္ဘာ့နပမ်းအဖွဲ့ချုပ် United World Wrestling မှ ထုတ်ပြန်ခဲ့သည့် တစ်လတာ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် အဆင့် ၃ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့သည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီး ရီယို ၂၀၁၆ အိုလံပစ် ကြေးတံဆိပ်ဆုရှင် ရီဇာအီမှာ ၉၈ ကီလိုတန်းတွင် ယခုကဲ့သို့ ကမ္ဘာ့အဆင့် ၃ နေရာ ရပ်တည်နေခြင်းဖြစ်သည်။ အဆင့် ၁ နေရာတွင် ကျူးဘားမှ ယက်စ်မာနီ လူဂို ကာဘရီရာ၊ အဆင့် ၂ နေရာတွင် အာမေးနီးယားမှ နပမ်းသမား အာရ်တာ အလက်ဆန်ယန်တို့က အသီးသီး ရှိနေသည်။

    ရီဇာအီ၏နောက်တွင်မူ တူရကီ၊ ရုရှားနှင့် ဆွီဒင်နိုင်ငံတို့မှ နပမ်းသမားများ ရှိနေကြသည်။

    ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ရီယိုအိုလံပစ် ၁၆ ဦး ရှုံးထွက်ပြိုင်ပွဲတွင် ရီဇာအီမှာ ဗင်နီဇွဲလား နပမ်းသမား လူလက်စ် ပီရက်ဇ်ကို ၈-၀ ဖြင့် အနိုင်ရခဲ့သော်လည်း၊ ကွာတားဖိုင်နယ်တွင် ကျူးဘားမှ လူဂို ကာဘရီရာကို ၄-၀ ဖြင့်ရှုံးခဲ့သည်။ ထို့ပြိုင်ပွဲနောက်ပိုင်းတွင် ရီဇာအီမှာ ကမ္ဘာ့အဆင့် ၃ နေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Press TV

  • ကမ္ဘာ့စံချိန်ချိုးမယ့် ဆော်ဒီက ပျားလူသား

    ကမ္ဘာ့စံချိန်ချိုးမယ့် ဆော်ဒီက ပျားလူသား

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – ဆော်ဒီနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဦးခေါင်း၊ မုတ်ဆိတ်နဲ့ ပါးသိုင်းမွှေးတွေမှာ ပျားတွေမွေးမြူပြီး ကမ္ဘာ့ စံချိန်တင်ဖို့ ကြိုးစားနေပါတယ်။

    ဇူဟီရန် ဖတ္တာနီဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ပျားမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တာပါ။ သူဟာ အခြားပြားတွေကို စွဲဆောင်ဖို့အတွက် ပျားဘုရင်မတစ်ဦးကို သူ့ရဲ့ မုတ်ဆိတ်မှာ ထားခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့ ဦးခေါင်းနဲ့ မုတ်ဆိတ်တွေမှာ ပျားအကောင်ပေါင်း ၂ သောင်းလောက် ရှိနေကြပြီး၊ ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံ အခုရက်ပိုင်းအတွင်း ထွက်လာပြီးတဲ့နောက် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သူကတော့ ပျားမွေးသူတွေဟာ ပျားတုပ်မှုကို ခံနိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်လို့ဆိုပြီး၊ သူ့အနေနဲ့ ကမ္ဘာ့စံချိန်သစ်တင်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖတ္တာနီဟာ ကိုယ်ပိုင် ပျားမွေးမြူရေးခြံ ၃ ခု ရှိနေပြီး ပျားအုံးမျိုးစုံ ၁၂၀၀ လောက်ပါဝင်ကာ အလွယ်တစ်ကူ သယ်သွားလို့ရတဲ့ ပျားခြံတစ်ခုလည်း ပါဝင်ပါတယ်။

    Ref: Alarabiya

  • ထရမ့်ကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

    ထရမ့်ကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းမှ ပင်လယ်ပြင်သို့ ဒုံးကျည်တစ်စင်းကို ယနေ့မနက် အစောပိုင်းက ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား၏ နျူလက်နက်၊ တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုအတွက် မာမာကျေကျော တုန့်ပြန်သွားမည်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောကြားထားပြီး နောက်ပိုင်း မြောက်ကိုရီးယား၏ ယခု ပစ်လွှတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်ရင်းမြစ်များကမူ ယနေ့ပစ်လွှတ်ခဲ့သည့် အဆိုပါဒုံးကျည်မှာ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်ပုံမရဟု ဆိုသည်။

    ယခုဖြစ်စဉ်အတွက် ထရမ့်ကို အကျဉ်းချုံး အစီရင်ခံထားပြီး မိမိတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖလော်ရီဒါတွင် ပြုလုပ်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ညစာစားပွဲအခမ်းအနား မတိုင်ခင် သတင်းထောက်တစ်ဦးက မြောက်ကိုရီးယား၏ ယခု ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုကို ထရမ့်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။

    အမေရိကန် တာဝန်ရှိသူတစ်ဦးကမူ မြောက်ကိုရီးယားအား ထိန်းကျောင်းရေး ပိုမိုလုပ်ဆောင်ရန် ထရမ့်အစိုးရက တရုတ်အား ဖိအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

    တရုတ်မှာ မြောက်ကိုရီးကား၏ အဓိက မဟာမိတ်ဖြစ်သော်လည်း၊ မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကြောင့် တရုတ်ဖက်က စိတ်ပျက်မှုများ ရှိနေသည်။ ယနေ့လုပ်ရပ်အတွက်မူ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက မည်သည့်မှတ်ချတ်မှ မပေးခဲ့ပေ။

    Ref: CNA

  • နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ဂုဏ်ပြု

    ယနေ့ ၂၀၁၇ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ (၇၀) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် M-Media မှာ တင်ဆက်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဆက်စပ်သည့် သတင်းဆောင်းပါး၊ စာအုပ်များကို စုစည်းတင်ဆက်လိုက်ပါတယ်။

    ၁) ပင်လုံ၏အဓိက ဇာတ်ဆောင် (ဝါ) ရာပြည့်အလွန် ဦးဖေခင်
    http://www.m-mediagroup.com/news/39486

    ၂) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

    ၃) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၄) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၅) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၆) သက်ရှိ ပင်လုံမှတ်တမ်း
    (ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်း)
    http://www.m-mediagroup.com/news/32147

    ၇)ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ
    http://www.m-mediagroup.com/news/40930

    ၈)ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    http://www.m-mediagroup.com/news/9470

    ၉) သခင် စိတ်လား၊ ကျွန် စိတ်လား
    http://www.m-mediagroup.com/news/52711

    ၁၀) Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း
    http://www.m-mediagroup.com/news/2040

  • ပါကစ္စတန်တွင် နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်

    ပါကစ္စတန်တွင် နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – နိုင်ငံပေါင်း ၃၇ နိုင်ငံပါဝင်သည့် အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ခဲ့သည်ဟု သိရသည်။

    ၂ နှစ်တစ်ကြိမ် ပုံမှန် ကျင်းပလေ့ရှိသည့် အဆိုပါ စစ်ရေးလ့ကျင့်မှုကို AMAN 2017 ဟု အမည်ပေးထားပြီး သြစတေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ တူရကီ၊ သီရိလင်္ကာ၊ ယူကေ၊ အမေရိကန်၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့လည်း ပါဝင်ကာ ပင်လယ်တွင်း ပင်လယ်ဓားပြ တိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးကို အာရုံစိုက်သော စစ်ဆင်ရေးဖြစ်သည်။

    ပါကစ္စတန်စစ်တပ်၏ ပြန်ကြားရေးဌာန ISPR က ယခု စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန်ခြိမ်းခြောက်မှုများ၊ ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများအား တိုက်ဖျက်နိုင်ရေး လုပ်ငန်းစဉ်များနှင့် နည်းလမ်းများကို ဖော်ထုတ်ရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    စစ်ဆင်ရေးတွင် အဆင့် ၂ ဆင့် ပါဝင်မည်ဖြစ်ကာ ဆိပ်ကမ်းတွင်ပြုလုပ်မည့်အဆင့်၌ သင်္ဘောများသို့ လည်ပတ်ခြင်း၊ အားကစားပွဲများ၊ သုတေသနစာတမ်းများနှင့် အခြားသော အကြောင်းအရာများကို တင်ပြဆွေးနွေးမည့် လုံခြုံရေးဆိုင်ရာ ညီလာခံများ စသည်တို့ကို ကျင်းပသွားမည်ဖြစ်သည်။

    ဒုတိယအဆင့်တွင်မူ စစ်သင်္ဘောများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အထူးတပ်ဖွဲ့ဝင်များဖြင့် တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်မည်ဖြစ်သည်။

    ၂၀၀၇ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုမှာ ယခုအကြိမ်သည် ၅ ကြိမ်မြောက်ဖြစ်ပြီး ရုရှားနှင့် တူရကီတို့မှာ ပထမဆုံးပါဝင်လာခြင်းဖြစ်သည်။

    Ref: The Diplomat