News @ M-Media

Blog

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    M-Media

    (အနောက်ဖက်ကမ်းမှ တူလ်ကရင်မ်မြို့ကို အစ္စရေးက ဖျက်ဆီးထားမှု)

    ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးဆုံး
    ——————-
    ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေ ဦးဆောင်ပြီး ဂါဇာကမ်းမြှောင်မှာ ပထမအသုတ် ပိုလီယို ကာကွယ်ဆေး ထိုးနှံမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကလေးငယ် ၃၅၅၀၀၀ လောက် ဆေးရရှိခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းမှာ ဂါဇာတောင်ပိုင်းက ကလေးငယ် ၃ သိန်းလောက်ကို ထပ်မံထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဂါဇာကျန်းမာရေးဌာနက အစ္စရေးဟာ ဂါဇာတောင်ပိုင်းမှာ ဆေး၀ါးတင်သွင်းမှုကို တားဆီးထားတဲ့အတွက် ခက်ခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

    တရားမ၀င်အခြေချသူများ၏ တိုက်ခိုက်မှု ပိုမိုမြင့်တက်လာ
    —————
    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုသီတင်းပတ်တွေမှာ ပိုမိုမြင့်တက်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ အနောက်ဖက်ကမ်းမှာ အစ္စရေးစစ်တပ်ရဲ့ စီနင်းတိုက်ခိုက်မှုကို အကာအကွယ်ယူကာ အကြမ်းဖက်မှုတွေ ပိုမိုတိုးလုပ်လာတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ စီးနင်းမှုအတွင်း အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    အမေရိကန် တက်ကြွလှုပ်ရှားသူ အမျိုးသမီး အသတ်ခံရ
    ——————
    အနောက်ဖက်ကမ်း ဘိုက်တာမြို့က ကျူးကျော်အိမ်ယာဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ တူရကီနွယ်ဖွား အမေရိကန်နိုင်ငံသား တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်အရွယ် အဇ်ဂီ အိုင်ဂီဟာ အစ္စရေးရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ သူမဟာ အင်္ဂါနေ့ကမှ ပါလက်စတိုင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ISM မှာ နိုင်ငံခြား တက်ကြွလှုပ်ရှားသူတွေ ပါ၀င်လေ့ရှိပြီး အစ္စရေးက ဒီလှုပ်ရှားမှုမှာ ပါ၀င်တဲ့ နိုင်ငံခြားသား ၃ ဦးအထိ သတ်ဖြတ်ထားပါတယ်။ ၂၀၀၃၊ ၂၀၀၄ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    အကျဥ်းသားကိစ္စ ကူညီခဲ့သည့် ဆော်ဒီကို ရုရှား ကျေးဇူးတင်
    —————–
    သြဂုတ်လ ရုရှားနဲ့ အမေရိကန်တို့ အကျဥ်းသား အပြန်အလှန် လဲလှယ်ရေးမှာ ကူညီပေးခဲ့တဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောပါတယ်။ နှစ်ဖက် အကျဥ်းသား ၂၄ ဦး ပါ၀င်တဲ့ ဒီလဲလှယ်ရေးဟာ စစ်အေးနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား အကြီးဆုံးလဲလှယ်မှုလည်း ဖြစ်ပါတယ်။

    အစ္စရေးကို အီရန်၏ တုန့်ပြန်မှု ထူးထူးခြားခြားဖြစ်မည်ဟုဆို
    ————–
    ဟားမက်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို သြဂုတ်လအတွင်း တီဟီရန်မှာ အစ္စရေးက လုပ်ကြံမှုအတွက် တုန့်ပြန်မှုဟာ ထူးခြားပြီး အံ့သြစရာဖြစ်လာလိမ့်မယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် မိုရှန် ချိုင်ဇာရီက ပြောပါတယ်။ တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခုကို စောင့်နေတာလို့လည်း ချိုင်ဇာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စင်ကာပူ-အိန္ဒိယ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    —————–
    ကွန်ပျူတာချစ်ပ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အိန္ဒိယနဲ့ စင်ကာပူတို့ စက်တင်ဘာ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အိန္ဒိယဟာ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်နေပြီး စာချွန်လွှာဟာ ဒီရည်မှန်းချက် ပိုမိုအားကောင်းလာရေး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ အိန္ဒိယက ပြောပါတယ်။

    Ref: Arab News, CNA

  • အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ပုရဟန်းမင်းကြီး ဖရန်စစ်ကို ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နှင့်အတူ တွေ့ရစဥ်)

    -စစ်ပွဲနဲ့ ပဋိပက္ခတွေမှာ ဘာသာရေးကို လောင်စာအဖြစ် အသုံးမပြုကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အရှေ့တောင်အာရှက အကြီးဆုံးဗလီဖြစ်တဲ့ Istiqlal ဗလီ၀တ်ကျောင်းတော်ကို စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဗလီ၀တ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နဲ့ ပူးတွဲကာ ဘာသာရေး သဟာဇတဖြစ်မှုနဲ့ သဘာ၀ပတ်၀န်းကျင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    Istiqlal ဗလီက မိန့်ခွန်းမှာ လူသားအားလုံးဟာ ညီရင်းအစ်ကိုများဖြစ်ကြောင်း၊ မိမိတို့နည်း မိမိတိုဟန်နဲ့ ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်နေကြတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လက်ရှိကမ္ဘာကြီးမှာ လူသား၀ါဒဟာ ဆိုဆိုးရွားရွား ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

    ပုရဟန်းမင်းကြီးဟာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းကျရင် ဂျကာတာက ဘောလုံးကွင်းမှာ အင်ဒိုနီးရှားလူထုနဲ့ တွေ့ဆုံမိန့်ခွန်းပြောမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါပူအာ နယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို ခရီးဆက်မှာပါ။

    ပုပ်ရဟန်းမင်းကြီးရဲ့ အခုတစ်ခေါက် အာရှခရီးစဥ်ဟာ ၁၁ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။

    Ref: BBC


  • ပါလက်စတိုင်းဒေသ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၅)

    ပါလက်စတိုင်းဒေသ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၅)

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့မှ မြင်ကွင်း)

    ဂါဇာတွင် အပစ်ရပ်ရေးရရန် နီးစပ်လာ
    ————–
    ဂါဇာအပစ်ရပ်ရေး စာပိုဒ် ၁၈ ပိုဒ်ပါတဲ့ စာချုပ်မှာ ၁၄ ပိုဒ်နဲ့ ပတ်သက်ပြီး ဟားမက်စ်နဲ့ အစ္စရေးတို့အကြား အပြည့်အ၀ သဘောတူညီချက် ရထားတယ်လို့ အမေရိကန်ဖက်က ထုတ်ပြန်လာပါတယ်။ ဂါဇာက ‘ဖီလာဒဲလ်ဖီး’ အကူအညီပေးရေးလမ်းကြောင်းမှာ အစ္စရေးတပ်တွေ မရှိရေး၊ အစ္စရေးက နှစ်ပေါင်းများစွာ ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပါလက်စတိုင်းထောင်ချီကို လွှတ်ပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲနေတာကြောင့် ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အစ္စရေးကို ဘေးဖယ်ထားဖို့ ဓားစားခံမိသားစုများ တောင်းဆို
    —————
    ဓားစားခံတွေ လွှတ်ပေးရေးကိစ္စမှာ အစ္စရေးကတစ်ဆင့်မဟုတ်ဘဲ ဟားမက်စ်နဲ့ တိုက်ရိုက် ညှိနှိုင်းဖို့ အမေရိကန် ဓားစားခံတွေရဲ့ မိသားစု၀င်တွေက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အစ္စရေးပြည်သူတွေကလည်း အပစ်ရပ်ပြီး ဓားစားခံတွေ လွတ်မြောက်ရေး ဟားမက်စ်နဲ့ လက်တွေ့ကျကျ ညှိနှိုင်းဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နေတန်ယာဟုအစိုးရကို ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

    Al-Aqsa Martyrs ဆေးရုံ၀င်းထဲက စစ်ရှောင်တွေ အသတ်ခံရ
    ————-
    ဂါဇာကမ်းမြှောင် Al-Aqsa Martyrs ဆေးရုံ၀င်းထဲက စစ်ရှောင်တွေ ခိုလှုံနေတဲ့ တဲတွေကို အစ္စရေးက စက်တင်ဘာ ၅ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံရသူ အရေအတွက်ဟာ ၁၁ လအတွင်း ၄၁၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    အနောက်ဖက်ကမ်းတွင် အသက်ခံရသူ ၄၀ အထိ ရှိလာ
    —————
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ သြဂုတ် ၂၈ ရက်နေ့စတင်ပြီး အစ္စရေးကလုပ်ဆောင်တဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၀ အထိ ရှိလာပါပြီ။ အသတ်ခံရသူ အများစုဟာ လူငယ်လူရွယ်တွေဖြစ်ပါတယ်။


  • အိန္ဒိယအခွန်ဌာန လူရွေးပွဲတွင် ပြင်းထန်သည့် စစ်ဆေးမှုကြောင့် ၁၂ ဦး သေဆုံး

    အိန္ဒိယအခွန်ဌာန လူရွေးပွဲတွင် ပြင်းထန်သည့် စစ်ဆေးမှုကြောင့် ၁၂ ဦး သေဆုံး

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    -အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျ့ခ်ဟန်းပြည်နယ်က အခွန်ဌာန ၀န်ထမ်းခေါ်ယူမှုလူရွေးပွဲ ကြံ့ခိုင်မှုစစ်ဆေးရာမှာ ပြင်းထန်လှတာကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပြည်နယ်အခွန်ဌာန အောက်ခြေအဆင့်၀န်ထမ်းနေရာ ၅၈၃ နေရာအတွက် လူခေါ်ယူမှုမှာ လူပေါင်း ၅ သိန်းလောက် လျှောက်ထားခဲ့ကြတာပါ။ လူတွေ့ကြံ့ခိုင်မှုစစ်ဆေးရာမှာ ၁၀ ကီလိုမီတာ ပြေးခိုင်းခဲ့တာကြောင့် မောဟိုက်ကာ ၂ ပတ်အတွင်း လူငယ် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    လက်ရှိမှာ လူခေါ်ယူမှုကို ဆိုင်းငံ့ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အိန္ဒိယမှာ အလုပ်လက်မဲ့ ဦးရေ အလွန်များပြားတာကြောင့် အစိုးရအလုပ်ခေါ်ယူမှုတွေမှာ လူတွေ အများအပြား စုပြုံလျှောက်ထားလေ့ရှိပြီး၊ အလုပ်ရရေးအတွက် လာဘ်ငွေအမြောက်အများ ပေးရတဲ့ အဖြစ်အပျက်မျိုးတွေလည်း ရှိပါတယ်။

    ဂျာ့ခ်ဟန်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ အလုပ်လက်မဲ့အများဆုံး ပြည်နယ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: AFP