News @ M-Media

Blog

  • ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်မှ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက် အပြည့်အစုံမှာ

    ကျွန်တော့်အနေနဲ့ လူအများ လေးစားရတဲ့ ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရမှုနဲ့ သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပါတယ်။

    ကျွန်တော့်အနေနဲ့ ကွယ်လွန်သူများရဲ့ မိသားစုများနဲ့ မိတ်ဆွေများထံသို့ အလွန်အမင်း ဝမ်းနည်း ကြေကွဲရပါကြောင်း ပြောလိုပါတယ်။ဒီသတင်းဟာ တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းပါတယ်။

    လူ့အခွင့်အရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေ အပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊

    အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းနှင့် သည်းခံခြင်းတို့နဲ့သာ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး။

    ဒီ ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်။

    ref: kofiannanfoundation

  • ထရမ့်၏ ခွဲခြားမှုပေါ်လစီကို ခရစ်ယာန်ခေါင်းဆောင်များ ရှုတ်ချ

    ထရမ့်၏ ခွဲခြားမှုပေါ်လစီကို ခရစ်ယာန်ခေါင်းဆောင်များ ရှုတ်ချ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းယုံကြည်သော ခရစ်ယာန်သာသနာ၏ သွန်သင်မှုများကို လေးစားရန် ခရစ်ယာန်ခေါင်းဆောင် ၈၀၀ ကျော်က တောင်းဆိုလိုက်ပြီး ထရမ့်၏ ဒုက္ခသည်ပိတ်ပင်ရေး အမိန့်ထုတ်မှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်မည့် National Prayer Breakfast အခမ်းအနားမတိုင်ခင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက လက်မှတ်ရေးထိုးထားပြီး ထရမ့်သို့ လိပ်မူသော စာတစ်စောင်တွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အဖိနှိပ်ခံ နင်းပြားများနှင့် ပြောင်းရွှေ့အခြေချသူများကို ကာကွယ်ရန် တိုက်တွန်းခဲ့သည်။

    “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ရွှေပုံပေါ်မှာစံဖို့ မဟုတ်ပါဘူး။ ဆင်းရဲသူဆင်းရဲသားတွေအတွက် သတင်းကောင်းပါ။ အဲဒီ ဆင်းရဲသားတွေထံမှာ ကျွန်တော်တို့ဟာ ခရစ်တော်ကို တွေ့ရှိခဲ့တာပါ” ဟု အဆိုပါစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    National Prayer Breakfast အခမ်းအနားတွင် ထရမ့်အပါအ၀င် နိုင်ငံရေးသမားများ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ၁၉၅၃ ခုနှစ်က စတင်ခဲ့သည့် ထိုအခမ်းအနားကို သမ္မတအဆက်ဆက် တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးသမားများအချင်းချင်း ဘာသာရေးဆိုင်ရာ ခံယူချက်ကို မျှဝေရန်ဖြစ်သည်။

    ကယ်လီဖိုးနီးယားရှိ Saddleback ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရစ်ဝါရန်က မိမိအနေဖြင့် ထိုအခမ်းအနားတွင် မိန့်ခွန်းပြောမည်ဟု အင်္ဂါနေ့က Facebook ၌ လွှင့်တင်ခဲ့သည့် ဗီဒီယိုတွင် ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့နှစ်က ကိစ္စတွေနောက်ပိုင်း အခုအချိန်မှာ ဒီအခမ်းအနားဟာ အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲနဲ့ မဲဆွယ်မှုတွေက အမေရိကကို သွေးကွဲစေခဲ့ပါတယ်” ဟု ၀ါရန်ကဆိုပြီး သမ္မာကျမ်းစာက ခရစ်ယာန်များကို ငြိမ်းချမ်းရေး ဆောင်ရွက်သူအဖြစ် သွန်သင်ထားကြောင်း၊ သဘောထားမတိုက်ဆိုင်သူများကို ရင်ကြားစေ့ရေးအလုပ် လုပ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်မှာ အာဏာရပြီးကတည်းက တိုင်းပြည်အား စည်းလုံးရန် လုပ်ဆောင်မှု မရှိသေးဘဲ ပထမတစ်ပတ်အတွင်းမှာပင် မွတ်စလင်နှင့် ဒုက္ခသည်မျာကို ပစ်မှတ်ထားသော အမိန့်၊ နယ်စပ်ခြံစည်းရိုးကာရန် အမိန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဖျက်သိမ်းသည့် အမိန့်များကို လက်မှတ်ရေးထိုးခဲ့သည်။

    National Prayer Breakfast အခမ်းအနားတွင် ဘာသာရေးခေါင်ဆောင်များမှာ ဘာသာရေးဆိုင်ရာ အမှန်တရားများကို ပြောကြားလေ့ရှိခြင်းကြောင့် ထရမ့်မှာ ထိုအခမ်းအနားတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။

    Ref: Huffingtonpost

  • တက္ကဆက်ရှိ မီးသင့်ဗလီ ပြည်ဆောက်ရေး ကန်ပြည်သူများ ဒေါ်လာ ၁ သန်းကျော် လှူဒါန်း

    တက္ကဆက်ရှိ မီးသင့်ဗလီ ပြည်ဆောက်ရေး ကန်ပြည်သူများ ဒေါ်လာ ၁ သန်းကျော် လှူဒါန်း

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    မီးလောင်ပြီးနောက်တွေ့ရသည့် ဗစ်တိုးရီးယား ဗလီဝတ်ကျောင်းတော်

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဗစ်တိုးရီးယားမြို့တွင် စနေနေ့က မီးလောင်ခဲ့သည့် ဗလီဝတ်ကျောင်းတော် ပြုပြင်ရေးအတွက် အမေရိကန်ပြည်သူများမှ လှူဒါန်းငွေမှာ မျှော်မှန်းသည်ထက် များပြားခဲ့ပြီး ဒေါ်လာ ၁ သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

    အခင်းဖြစ်ပွားပြီးနောက် ‘ဗစ်တိုးရီးယား အစ္စလာမ့်စင်တာ’ က အွန်လိုင်းမှတစ်ဆင့် အလှူခံခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၈၅၀၀၀၀ ရရှိရန်သာ ရည်ရွယ်ခဲ့သော်လည်း ၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် စုစုပေါင်း လူ ၂၀၀၀၀ ကျော်မှ လှူဒါန်းငွေ ၁ သန်းကျော် ရရှိခဲ့ပြီး မွတ်စလင်ခေါင်းဆောင်များက အံ့အားသင့်ခဲ့ရသည်။

    စင်တာ၏ ဥက္ကဌဖြစ်သူ ရှာဟစ် ဟက်ရှ်မီက “ဒီလောက် မြန်မြန်ဆန်ဆန် ထည့်ဝင်လာကြတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်” ဟု ပြောကြားခဲ့သည်။

    စနေနေ့မနက် အစောပိုင်းက လောင်ကျွမ်းခဲ့သည့် အဆိုပါမီးကြောင့် ဗစ်တိုးရီးယား ဗလီဝတ်ကျောင်းတော်မှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာမှ အထောက်အထားများကို စုဆောင်းခဲ့ပြီးနောက် ဒေသခံမွတ်စလင်များကို ဗလီဝတ်ကျောင်းတော်အသစ် ပြန်လည်တည်ဆောက်နိုင်ရန် ထိုနေရာကို လွှဲပြောင်းပေးခဲ့သည်။

    လက်ရှိတွင် မီးလောင်ရသည့် အကြောင်းအရင်းအတွက် ဒေသခံနှင့် ဖက်ဒရယ်တာဝန်ရှိသူများ၊ FBI တို့ ပူးပေါင်း စုံစမ်း စစ်ဆေးနေကြသည်။

    ဟက်ရှ်မီက မိမိအနေဖြင့် ၁၉၈၄ ခုနှစ်ကတည်းက ဗစ်တိုးရီးယား မွတ်စလင်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို ၂၀၀၀ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၁၄၀ ခန့် ၀န်ပြုဆုတောင်းနိုင်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အဆိုပါဗလီဝတ်ကျောင်းတော်၏ နံရံ၌ အမုန်းကို ကိုယ်စားပြုသည့် ‘H8’ သင်္ကေတ ရေးသားခြင်း ခံခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ဖောက်ထွင်းသမားတစ်ဦးမှာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ကာ လျှပ်စစ်ပစ္စည်းများကို ခိုးယူခဲ့သည်။

    ဗလီဝတ်ကျောင်းတော် မီးလောင်ပြီး နောက်တစ်ရက် တနင်္ဂနွေနေ့တွင် မြို့နေပြည်သူများက ဗလီဝတ်ကျောင်တော်အနီး ချီတက်လာကြပြီး မွတ်စလင်များနှင့် တစ်သားရှိကြောင်း ပြသခဲ့ကာ ဘာသာပေါင်းစုံခေါင်းဆောင်များ ပါဝင်သည့် ဘာသာပေါင်းစုံ ဆုတောင်းမှုကို ပြုလုပ်ခဲ့ကြသည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော် ပြန်ဆောက်နိုင်ရေး တိုက်တွန်းသည့် ဆိုင်းဘုတ်တစ်ခုကို အခင်းဖြစ်ပွားရာအနီး စိုက်ထူခဲ့ကြပြီး အမုန်းတရားကို ဆန့်ကျင်သည့် ပိုစတာများ၊ စာသားများ၊ အမှတ်အသားများကိုလည်း ချထားခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော် ပြန်လည်ဆောက်လုပ်ရန် အားပေးတိုက်တွန်းထားသည့် ပိုစတာ

    Ref: Huffingtonpost

  • ဖခင်အဖြစ်အပျက်အတွက် ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ဦးကိုနီးသမီး ဖွင့်ဟ

    ဖခင်အဖြစ်အပျက်အတွက် ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ဦးကိုနီးသမီး ဖွင့်ဟ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    ကိုနေ၀င်း၏ ဇနီးသည်ကို အားပေးနှစ်သိမ့်နေသည့် ဒေါက်တာ ဒေါ်အေးခိုင်

    – ဇန်န၀ါရီ ၂၉ ရက်နေ့က လုပ်ကြံခံလိုက်ရတဲ့ ဦးကိုနီရဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကို ဦးကိုနီနဲ့အတူ ပျောက်ကွယ်သွားခွင့် ပြုမှာမဟုတ်ဘူးလို့ သမီးဖြစ်သူ ဒေါက်တာ ဒေါ်အေးခိုင်က CNA သတင်းဌာနကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုံးလိုချေ၊ ရေလိုနှောက်ထားပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးကိုနီ ဒီလို လုပ်ကြံခံရမှုဟာ တိုင်းပြည်ကို တုန်လှုပ်စေခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဦးကိုနီဟာ မြန်မာနိုင်ငံမှာ ခွဲခြားမှုကင်းစင်တဲ့ ဥပဒေ ပေါ်ပေါက်လာရေး ခိုင်ခိုင်မာမာ ထောက်ခံသူတစ်ဦးဖြ စ်ပြီး တစ်ခါတစ်ရံမှာ မွတ်စလင်တွေလို လူနည်းစုအရေးအတွက် ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

    CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒေါက်တာဒေါ်အေးခိုင်က ဖခင်ဖြစ်သူမှာ အဓိက ရည်ရွယ်ချက် တစ်ခုတည်းသာရှိပြီး ဒါက ပြည်သူတွေဟာ ဥပဒေကိုသိရင် ဘယ်သူမှ သူတို့ကို ထိခိုက်အောင် လုပ်လို့ရမှာမဟုတ်တဲ့အတွက် မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့ပတ်သက်တဲ့ အသိပညာပေးချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဖခင်ဖြစ်သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တော်တော်လေး စိတ်နှစ်မြှုပ် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

    “နိုင်ငံတိုင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တော်တော် အရေးကြီးတယ်လေ။ ကျွန်မအဖေကတော့ စတေးခဲ့ရပြီ။ ဒါ့ကြောင့် ကျွန်မတို့ ဆက်လက် ဆောင်ရွက်သွားဖို့ လိုပါတယ်”

    ဖခင်ဖြစ်သူကို သွေးအေးအေးနဲ့ လုပ်ကြံသတ်ဖြတ်သွားခဲ့ပေမယ့် ဒီအတွက် သူ့အနေနဲ့ ကြောက်ရွံ့မှာမဟုတ်ဘူးလို့လည်း ဒေါ်အေးခိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်မ မကြောက်ပါဘူး။ ဘယ်တော့မှလည်း ကျွန်မတို့ ကြောက်မှာမဟုတ်ပါဘူး။ ကျွန်မအဖေ စခဲ့တာကို ဆက်လုပ်သွားမှာပါ” ဆိုပြီး ဖခင်ဖြစ်သူကို ဆုံးရှုံးရမှုအတွက် မိသားစုထဲမှာ တော်တော်လေး သောကဖြစ်နေတယ်လို့ ဆိုပါတယ်။

    “ကျွန်မတို့ မိသားစုထဲက တစ်ယောက်ယောက် ဒီလိုလမ်းကြောင်းမျိုး ဆက်လျှောက်ပြီး ဒီလို ကြမ္မာမျိုး ထပ်တွေ့မယ်ဆိုရင် ကျွန်မအမေက ခံစားနိုင်မှာ မဟုတ်တော့ပါဘူး”

    ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း မိသားစုမှာ အတွေးတွေ များပြားခဲ့ပြီး ဦးကိုနီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရည်ရွယ်ချက်ကို ဆက်လက်ဆောင်ရွက်ဖို့အတွက် မိသားစုဝင်တွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်းကို လျှောက်မလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

    ဒါပေမယ့် သူမနဲ့ မွေးချင်းတွေကတော့ နိုင်ငံရေးသမားဖြစ်ဖို့ စိတ်အားထက်သန်မှုမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

    “ကျွန်မက ဆရာဝန်ပါ။ ကျွန်မအမကလည်း ဆရာဝန်ပါပဲ။ မောင်လေးကတော့ ဆော့ဖ်ဝဲအင်ဂျင်နီယာပါ။ ရိုးရိုးသားသားပြောရရင် ကျွန်မတို့ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ အဖေ့ရဲ့နေရာကို ယူမလားဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှ ကြောက်ရွံ့နေမှာမဟုတ်ဘူးဆိုတာကို အသေအချာပြောရဲပါတယ်။ အဖေက ကျွန်မတို့ကို လုပ်စေချင်တာ၊ ကျွန်မတို့ လုပ်ရမယ့်အရာတွေအတွက် ကျွန်မတို့ ဆက်လက်ဆောင်ရွက်သွားမှာပါ”

    သူရဲကောင်းအား ဂုဏ်ပြုခြင်း

    ၂ လသားကလေးငယ်ကို ချီထားသည့် ကိုနေ၀င်း၏ဇနီး မဆုသက်ခိုင်

    ဒေါက်တာဒေါ်အေးခိုင်ဟာ ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို လိုက်လံဖမ်းဆီးရင်း အသက်ပေးခဲ့ရတဲ့ တက္ကစီယာဉ်မောင်း ကိုနေးဝင်းရဲ့ ကျန်ရစ်သူမိသားစုထံ သွားရောက်ခဲ့ပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ပြီးတော့ ကိုနေ၀င်းရဲ့ သတ္တိရှိမှု၊ ကိုယ်ကျိုစွန်တွေကို ချီးကျူးခဲ့ပြီး၊ အသက်စွန့်ခဲ့တဲ့ ကိုနေ၀င်းအတွက် ဂုဏ်ယူကြောင်း၊ အများအတွက် ကိုယ်ကျိုးစွန့်တဲ့ ဒီလိုလုပ်ရပ်မျိုးကို ဖခင်ဖြစ်သူက နှစ်သက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကိုနေ၀င်းရဲ့ ကျန်ရစ်သူဇနီး မဆုသက်ခိုင်ဟာ အခုအချိန်မှာ အသက် ၇ နှစ်အရွယ်၊ ၄ နှစ်အရွယ်နဲ့ ၂ လအရွယ် သား ၃ ယောက်ကို ပြုစုပျိုးထောင်ရတော့မှာပါ။

    အငယ်ဆုံးကလေးဟာ နာမည်တောင်မပေးရသေးဘဲ မဆုသက်ခိုင်ကတော့ ခင်ပွန်းဖြစ်သူကို အမှတ်ရစေမယ့် နာမည့်မျိုး မှည့်သွားမယ်လို့ ဆိုပါတယ်။

    “(ခင်ပွန်းသည်ရဲ့) အသက် ဆုံးရှုံးမှုဟာ ထိုက်တန်သလားဆိုတာ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမယ့် သူဟာ ကျွန်မအတွက်တော့ အစားထိုးမရသူပါ” လို့ သူမက ပြောကြားခဲ့ပြီး ကလေးတွေကို ဖင်ဖြစ်သူဟာ ဘယ်လိုလူမျိုးဆိုတာနဲ့ ဘာ့ကြောင့် အသက်ပေးခဲ့ရလဲဆိုတာကို အမြဲတမ်း အမှတ်ရအောင် လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

    “သူတို့အဖေ ဖြစ်ချင်သလို ကလေးတွေကို ကျွန်မ ပညာတတ်တွေအဖြစ် ပြုစုပျိုးထောင်ပေးသွားမှာပါ”

    ခင်ပွန်းဖြစ်သူက လူသတ်သမားကို လိုက်လံဖမ်းဆီးမှုအတွက် သူမအနေနဲ့ မအံ့သြမိဘဲ မတရားတဲ့ အခြေအနေမျိုး ခံစားရသူ ဘယ်သူ့ကိုမဆို အမြဲတမ်း ကူညီခဲ့သူဖြစ်တယ်လို့ မဆုသက်ခိုင်က ဖွင့်ဟခဲ့ပါတယ်။

    ကိုနေ၀င်း မောင်းလေ့ရှိတဲ့ တက္ကဆီကို အိမ်အပြင်မှာ ပါကင်ထိုးထားပြီး အသက် ၄ နှစ်အရွယ်သားကလေးက အခုအချိန်မှာ ကားကိုမြင်တိုင်း ဖခင်ဖြစ်သူကို မေးမြန်းလေ့ရှိပါတယ်။ ကိုနေ၀င်းဟာ ယခင်က ကလေးတွေကို ကားပေါ်တင်ပြီး လျှောက်မောင်းပြလေ့ ရှိသူပါ။

    အညတရသူရဲကောင်းလို့ မြန်မာပြည်သူလူထုက သတ်မှတ်ခဲ့ကြတဲ့ ကိုနေ၀င်းရဲ့ ကျန်ရစ်သူမိသားစုနဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် မြန်မာပြည်သူတစ်ရပ်လုံးက လှူဒါန်းလျက်ရှိနေပြီး နိုင်ငံအတွင်းမှာပဲ ငွေကျပ် သိန်းပေါင်း ၃၀၀ ကျော်ရရှိကာ နိုင်ငံရပ်ခြားက မြန်မာပြည်သူတွေကလည်း ထည့်ဝင်လှူဒါန်းနေကြပါတယ်။

    ကိုနေ၀င်း၏ ၇ နှစ်အရွယ်နှင့် ၃ နှစ်အရွယ် သားငယ် ၂ ဦး

    Ref: CNA

  • ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန်အတွက် အစ္စရေး၏ လတ်တလော အတည်ပြုမှုများကို ဥရောပသမဂ္ဂက ရှုတ်ချလိုက်ပြီး စိုးရိမ်စရာကောင်းသော၊ နှစ်နိုင်ငံအဖြေ မရနိုင်သော အန္တရာယ်မျိုးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သည့် နိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီ၏ ကြေငြာချက်တွင် ယခုကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒအောက်တွင် တရားမ၀င်သော အဆိုပါ ကျူးကျော်အိမ်ယာများ တိုးချဲ့မှုအတွက် ပြင်းထန်သော စကားလုံးများကို အသုံးပြုခဲ့သည်။

    “နိုင်ငံတကာက အလွန်အမင်းစိုးရိမ်ပြီး၊ ကန့်ကွက်တယ်လို့ တစ်စိုက်မတ်မတ် ပြောလာပေမယ့် အစ္စရေးက ဒါကို ဆောင်ရွက်နေမှုအတွက် ဥရောပသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပျက်မိပါတယ်။ အခြေအနေတိုင်းမှာ ဒီကိစ္စက အမြဲအရှေ့ရောက်နေတာပါ” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အင်္ဂါနေ့က အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြချအိမ်ယာ ၃၀၀၀ ဆောက်လုပ်မည်ဟု ကြေငြာခဲ့ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ၂ ပတ်အတွင်း ပါလက်စတိုင်းပိုင်များတွင် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ရန် ၄ ကြိမ်မြောက် ကြေငြာခြင်းဖြစ်သည်။

    ထရမ့် သမ္မတဖြစ်ပြီး ရက်ပိုင်းအတွင် အရှေ့ဂျေရုစလင်တွင် အိမ်ယာ ၅၆၆ ခု၊ အနောက်ဖက်ကမ်းတွင် ၂၅၀၂ ခု၊ ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က ရှေ့ဂျေရုစလင်တွင် ၁၅၃ ခု ဆောက်လုပ်ရန် အစ္စရေးက အသီးသီး ခွင့်ပြုခဲ့သည်။

    Ref: Aljazeera