News @ M-Media

Blog

  • ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန်က စစ်ရေးလေ့ကျင့်

    ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန်က စစ်ရေးလေ့ကျင့်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်က ထပ်တိုးပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှာ ယမန်နေ့က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဆမ်နန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင့်မှုများမှာ အိမ်ဖြူတော်၏ ‘ခြိမ်းခြောက်မှုများနှင့် ရှက်စရာ ပိတ်ဆို့မှုများကို ရင်ဆိုင်ရန်အတွက် ခြွင်းချက်မဲ့ အဆင်သင့်ဖြစ်မှု’ ကို ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “အီရန်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ နေ့ရောညပါ ဆောင်ရွက်နေပါတယ်။ ရန်သူတွေဆီက အသေးဆုံး ခြေလှမ်းကို တွေ့တာနဲ့ ကျွန်တော်တို့ရဲ့ ဒုံးကျည်တွေဟာ သူတို့ရဲ့ခေါင်းပေါ်ကို မိုးရွာသလို ရွာသွားမှာပါ” ဟု တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဗိုလ်မှူးချုပ် အမီရ် အလီ ဟာဂျီဇာဒါက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း အီရန်က တာလတ်ပစ် ဒုံးကျည်များကို စမ်းသပ်ခဲ့ပြီးနောက် သောကြာနေ့က ဒေါ်နယ်ထရမ့်အစိုးရမှာ အီရန်အပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့သည်။ အိမ်ဖြူတော်က နျူထိပ်ဖူးသယ်ဆောင်နိုင်သော ဒုံးကျည်ကို ထုတ်လုပ်ခြင်းမှာ ကုလလုံခြုံရေးကောင်းစီ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိမိတို့၏ ဒုံးကျည်စမ်းသပ်မှုမှာ ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တို့ကို ချိုးဖောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်၏ ထိုပိတ်ဆို့မှုမှာ တရားမ၀င်ဘဲ ထိုအတွက် တုန့်ပြန်သွားမည်ဟုလည်း သန္ဓိဌာန်ပြုခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီတွင် ပထမဆုံး ‘အမျိုးသမီးများနေ့’ ကျင်းပ

    ဆော်ဒီတွင် ပထမဆုံး ‘အမျိုးသမီးများနေ့’ ကျင်းပ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – နိုင်ငံ၏ သမိုင်းတွင် ပထမဆုံးအဖြစ် ဆော်ဒီမှာ ‘အမျိုးသမီးများနေ့’ ကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ပြီး ၃ ရက်တာ ကြာမြင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အခမ်းအနားကို ရီယာ့ဒ်ရှိ ‘ဘုရင်ဖာဟဒ် ယဉ်ကျေးမှုစင်တာ’ က ဦးစီးကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးသီးသန့်သာ တက်ရောက်ခွင့်ရခဲ့သည်။

    “ဆော်ဒီအမျိုးသမီးတွေနဲ့ သူတို့ရဲ့ အောင်မြင်တဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ ဂုဏ်ပြုဖို့၊ ပြီးတော့ ပညာရေး၊ ယဉ်ကျေးမှု၊ ဆေးဘက်၊ စာပေနဲ့ အခြားသော နယ်ပယ်တွေမှာ ဆော်ဒီအမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အမှတ်ရစေဖို့ပါ” ဟု စင်တာ၏ ကြီးကြပ်သူ မိုဟာမက် အလ်-ဆအစ်ဖ်က ပြောကြားခဲ့သည်။

    ဆော်ဒီအမျိုးသမီးများ နိုင်ငံ၏ကဏ္ဍတိုင်းတွင် အရေးပါသည့်နေရာမှ ပါဝင်မှုကို မီးမောင်းထိုးပြရန်အတွက် ဆော်ဒီယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် အဆိုပါအမျိုးသမီးများနေ့ကို ကျင်းပခြင်းဖြစ်သည်။

    အခမ်းအနားပြုလုပ်ရာ ‘ဘုရင်ဖာဟဒ် ယဉ်ကျေးမှုစင်တာ’ တွင် ဆော်ဒီအမျိုးသမီးများ၏ အနုပညာလက်ရာများကိုလည်း ပြသထားသည်။

    ထို့ပြင် ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ပြီး ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသမီးများ ပါဝင်ကာ ပညာရေး၊ ကျန်းမာရေးနှင့် ဥပဒေကဏ္ဍတို့အပါအ၀င် ကဏ္ဍပေါင်းများစွာကို ဆွေးနွေးခဲ့ကြသည်။

    Ref: Arabnews

  • ဦးကိုနီနှင့် ကိုနေဝင်းတို့ အတွက် အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနား မန္တလေးမှာ ပြုလုပ်

    ဦးကိုနီနှင့် ကိုနေဝင်းတို့ အတွက် အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနား မန္တလေးမှာ ပြုလုပ်

    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၇

    လုပ်ကြံခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် တက္ကစီ ယာဉ်မောင်း ဦးနေဝင်း တို့ကို ရည်စူးပြီး အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနားကို မန္တလေးမြို့ရှိ အိုရီယန်တယ်လ် ဟောက်စ် ခန်းမမှာ ယနေ့ (ဖေဖော်ဝါရီ ၄) မှာ ကျင်းပတာ ဖြစ်ပါတယ်။

    အခမ်းအနားမှာ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်၊ နိုင်ငံကျော် ဓမ္မကထိက မနောမယ ဆရာတော်၊၊ မန္တလေးတိုင်း အစိုးရ အဖွဲ့က တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်၊ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ပါမောက္ခ၊ ဌာနမှူး၊ နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေး၊ စာရေးဆရာ ထင်လင်းဦး၊ စာရေးဆရာ ကျော်ရင်မြင့်၊  ဦးတင်ဝင်း နှင့်  ဦးဇော်လင်းဦး တို့က ဆရာ ဦးကိုနီနဲ့ ပတ်သက်တဲ့ မှတ်သား ဖွယ်ရာတွေ၊ သိမှတ်ဖွယ်ရာတွေနဲ့ ဆရာ ဦးကိုနီရဲ့ မပြီးဆုံးသေးတဲ့ ကြိုးပမ်းမှုတွေ အကြောင်း ဟောပြောခဲ့ကြကြောင်းသိရှိရပါတယ်။

    ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    info-Soe Nay Oo
    Photo- Khin Mg Tun

     

  • ကစားသမားအချို့ ထင်သလိုဖြစ်မလာဟု မော်ရင်ဟို ဝေဖန်

    ကစားသမားအချို့ ထင်သလိုဖြစ်မလာဟု မော်ရင်ဟို ဝေဖန်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – အသင်းသားများမှာ မိမိ၏ တောင်းဆိုမှုကို ပြည့်မီရန်တွက် မျှော်လင့်ထားသည်ထက် ပိုမို ကြာညောင်းနေသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ဝေဖန်လိုက်ပြီး ထိုအခြေအနေမှ ရုန်းထွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်တွင် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့သော်လည်း နောက်ဆုံး ၃ ပွဲတွင် သရေဆက်တိုက်ကျခဲ့ပြီး အဆင့် ၆ နေရာတွင် ရပ်တည်နေကာ အဆင့် ၄ နေရာနှင့် ၄ မှတ် ကွာဟနေသည်။

    ယခင်က အသင်းသားများကို ဝေဖန်လေ့ရှိသည့် မော်ရင်ဟိုက မန်ယူအသင်းသားများမှာ ၎င်း၏ လိုလားချက်ကို ပြည့်မီရန် မျှော်လင့်သည်ထက် ပိုမိုကြာမြင့်နေသည်ဟု ဆိုသည်။

    “ကစားသမားတွေနဲ့ ကျွန်တော် သိပ်ပြီး အကျွမ်းတ၀င်မရှိဘူးဗျ။ အချို့ကစားသမားတွေဟာ ဒီအတွက် အချိန်လိုတယ်ဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက ကိုယ်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်နေတာကိုး။ နိုင်ဖို့ကစားတယ်။ နိုင်ဖို့တာဝန်ယူတယ်။ နိုင်ဖို့ ဖိအားတွေကိုကျော်ဖြတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်မှာ ရှိရမယ့် အစိတ်အပိုင်း ဖြစ်ပါတယ်။ တစ်ချို့ကစားသမားတွေမှာတော့ ဒါမျိုး မရှိပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ထရမ့်ကြောင့် ဒုက္ခရောက်သူများအတွက် ဘော့စနီးယား နိုင်ငံတကာကျောင်းက ပညာသင်ဆုပေးမည်

    ထရမ့်ကြောင့် ဒုက္ခရောက်သူများအတွက် ဘော့စနီးယား နိုင်ငံတကာကျောင်းက ပညာသင်ဆုပေးမည်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    ဘော့စနီးယားမှ United World College (UWC) Mostar နိုင်ငံတကာကျောင်း

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုပိတ်ပင်သည့် အမိန့်ကြောင့် ထိခိုက်ခံစားရသည့် ဒုက္ခသည်များ၊ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံမှ ပြည်သူများအတွက် ဘော့စနီးယားအခြေစိုက် နိုင်ငံတကာ ကျောင်းတစ်ခုက ပညာတော်သင်ဆု ပေးမည်ဟု သိရသည်။

    ကမ္ဘာတစ်ဝှမ်းတွင် ကျောင်းပေါင်း ၁၇ ခုဖွင့်ထားသည့် UWC ပညာရေးအဖွဲ့၏ United World College (UWC) Mostar ကျောင်းက ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျောင်းမှာ ၁၉၉၀ ပြည့်နှစ် ဘော့စနီးယားစစ်ပွဲအပြီးနောက်ပိုင်း နိုင်ငံအတွင်း လူမျိုးစုများ သွေးကွဲမှုပြဿနာကို ပြေလည်စေရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် ဘော့စနီးယား၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    “အမေရိကန်ကျောင်းသားတွေ၊ ဒုက္ခသည်တွေနဲ့ အမေရိကန်ရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကြောင့် ပြည်ဝင်ခွင့်မရတဲ့ မွတ်စလင်အများစုရှိရာနိုင်ငံတွေက ကျောင်းသားတွေအတွက် ပညာတော်သင်ဆု ပေးသွားမှာဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေး သတင်းစကားပေးဖို့ပါ” ဟု UWC Mostar ကျောင်း၏ အကြီးအကဲဖြစ်သူ Valentina Mindoljevic က ပြောကြားခဲ့သည်။

    အမေရိကန်သမ္မသ ဒေါ်နယ်ထရမ့်မှာ အီရတ်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင် နိုင်ငံသားများအတွက် အမေရိကန်ဗီဇာကို ယာယီ ပိတ်ပင်ခဲ့ပြီး ဆီးရီးယားဒုက္ခသည်များကိုမူ အချိန်အကန့်အသတ်မရှိ ၀င်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

    Ref: middleeastmonitor