News @ M-Media

Blog

  • ဦးကိုနီ လုပ်ကြံခံရမှုအတွက် ကမ္ဘာတစ်ဝှမ်းမှ ၀မ်းနည်းကြောင်း ပြောကြား

    ဦးကိုနီ လုပ်ကြံခံရမှုအတွက် ကမ္ဘာတစ်ဝှမ်းမှ ၀မ်းနည်းကြောင်း ပြောကြား

    ဇန်န၀ါရီ ၃၀၊ ၂၀၁၇
    M-Media

    – ဇန်န၀ါရီ ၂၉ ရက် တနင်္ဂနွေနေ့က ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမားတစ်ဦးရဲ့ လုပ်ကြံခံရမှုအတွက် နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေက ၀မ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သလို ပြည်ပနိုင်ငံက ခေါင်းဆောင်တွေ၊ သံရုံးတွေကလည်း ၀မ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    ရန်ကုန်ဗြိတိသျှသံရုံးက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဦးကိုနီ ပစ်ခတ်ခံရပြီး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြခဲ့ပါတယ်။

    ”ယနေ့ညနေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီ ပစ်ခတ်ခံရ၍ ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူ ဗြိတိသျှသံရုံးအနေဖြင့် များစွာ ကြေကွဲဝမ်းနည်းရပါသည်။”

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်းစာလှယ် မစ္စစ် ယန်းဟီလီက အထင်ရှားဆုံးနဲ့ အလေးစားခံရဆုံး မွတ်စလင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီ သေဆုံးမှုအတွက် အလွန်အမင်း ကြေကွဲဝမ်းနည်းရကြောင်း၊ အမြဲတမ်း သတိရနေမှာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

    “ဦးကိုနီရဲ့မိသားစုအတွက် အဖြေတစ်ခု ပေးရပါမယ်။ ကျွန်မတို့အားလုံးအတွက်ရောပေါ့။ တရားမျှတမှုကို ဆောင်ကျဉ်းရမယ်။ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာရမှာပါ”

    “ဦးကိုနီ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကိုသာ မကပါဘူး၊ မြန်မာနိုင်ငံက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သူတွေ၊ ညှင်းပမ်းနှိပ်စက်သူတွေ၊ အဓမ္မပြုကျင့်သူတွေ အားလုံးကို တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာရမှာပါ” လို့လည်း ယန်းဟီးလီက ရေးသားခဲ့ပါတယ်။

    နောက်ပြီး ဦးကိုနီကို မြန်မာနိုင်ငံက သူမ ပြန်မလာသေးခင်ပဲ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသတ်ဖြတ်မှုအတွက် အောက်ခြေအထိ လိုက်ရမှာဖြစ်ကြောင်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    အမေရိကန်သံရုံးကတော့ ၀မ်းနည်းကြောင်းကို အင်္ဂလိပ်ဘာသာစကားနဲ့ အခုလို ရေးသားခဲ့ပါတယ်။

    “ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ညနေက ဦးကိုနီ အသတ်ခံရသည့်သတင်းကို ကြားသည့်အတွက် တုန်လှုပ်မိပါသည်။ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ မိမိတို့လည်း အလွန်အမင်းဝမ်းနည်းရကြောင်း ပြောကြားလိုပါသည်။ ဦးကိုနီမှာ မြန်မာပြည်သူများအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို နှစ်မြှုပ်ဆောင်ရွက် လုပ်ကိုင်မှုကြောင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားမှ လူများစွာ၏ လေးစားချီးကျူးမှုကို ခံရသောသူ ဖြစ်ပါသည်”

    ဦးကိုနီမှာ ပြန်ကြားရေးဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားသို့ ၁၀ ရက်တာ အလည်ပတ်ခရီးသွားရောက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာတဲ့အချိန် လုပ်ကြံခံလိုက်ရတာဖြစ်ပါတယ်။ သေနတ်သမားကို လိုက်လံဖမ်းဆီးရင်း သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ တက္ကဆီယဉ်မောင်း ကိုနေ၀င်းလည်း ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအအကြံပေးဖြစ်တဲ့ ဦးကိုနီဟာ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရတဲ့ လက်ရုံးတစ်ဆူလည်း ဖြစ်ပါတယ်။

  • လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ရှေ့တပတ်စဖွင့်ပြီ

    လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ရှေ့တပတ်စဖွင့်ပြီ

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့မှာ၇ှိတဲ့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ရန်ပုံငွေ အဖွဲ့မှ ဦးစီးဖွင့်လှစ်တဲ့ ၁၇ ကြိမ်မြောက် ပညာဒါန သင်တန်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်းများကို ဖေဖော်ဝါရီလ ၁ ၇က်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

    ဖွင့်လှစ်မည့်သင်တန်းများမှာ ကွန်ပျူတာ သင်တန်းများ၊ အင်္ဂလိပ်စာ နှင့် စက်ချူပ်/မောင်တာစက်ချူပ် သင်တန်းများဖြစ်ကြောင်း သိရှိရပါတယ်။

    အဆိုပါ သင်တန်းများသို့ လူမျိုး ၊ ဘာသာမရွေး တက်ေ၇ာက်နိုင်ကြောင်း သိရှိရပါတယ်။

    အဆိုပါ သင်တန်းလိပ်စာကတော့ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

    သင်တန်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ၀၁-၅၇၇၄၇၃၊ ၀၁-၈၅၅၁၁၉၁၊ ၀၉-၂၅၉၂၉၁၅၅၃၊ ၀၉-၂၅၉၂၉၁၅၅၄၊ ၀၉-၃၂၃၄၃၀၂၄၊ ၀၉-၇၃၁၃၇၅၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

  • အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူ ဦးကိုနီ (ကြေးမုံ သတင်းစာ အယ်ဒီတာ့အာဘော်)

    အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူ ဦးကိုနီ (ကြေးမုံ သတင်းစာ အယ်ဒီတာ့အာဘော်)

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၇
    .
    မည်သည့် လူ့အဖွဲ့အစည်းမဆို ပြည်သူတို့အကြား လွတ်လွတ်လပ်လပ် ဆန္ဒအလျောက် ထုတ်ဖော်ဆွေးနွေးမှုအရ အများစု၏ သဘောတူညီချက်ဖြင့် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းတို့ကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။ သို့မှသာ လူ့အဖွဲ့အစည်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားမည်ဖြစ်ပါသည်။ လောကပါလ တရားများ ထွန်းကားမှသာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
    .
    သို့သော် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လျစ်လျူရှုလျက် ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော အဖျက်အမှောင့်အင်အားစုတို့သည် အများပြည်သူ၏ သဘောတူညီမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို ရှောင်ရှားပစ်ပယ်လိုကြပါသည်။ ကိုယ်ကျိုးစီးပွားဆိုရာ၌ ဓနဥစ္စာ ပစ္စည်း အကျိုးစီးပွားပါဝင်သကဲ့သို့ အသေဆုပ်ကိုင်ထားသည့် အယူအဆ သဘောထားတို့၏အကျိုးစီးပွားလည်း ပါဝင်ပါသည်။ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော ဤအဖျက်အမှောင့်အင်အားစုတို့သည် ပြည်သူလူထုကို ရင်ဆိုင်စည်းရုံးရန် သတ္တိမရှိသော သူရဲဘောကြောင်သူများသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ဤသတ္တိ မရှိ၊ သူရဲဘောကြောင်သော အဖျက်အမှောင့်သမားများသည် ၎င်းတို့၏ ဆန္ဒသဘောထားကို အများပြည်သူတို့က ကြောက်ရွံ့လက်ခံလာစေရန် လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာစရာလုပ်ရပ်တို့ကို ကျူးလွန်လေ့ရှိပါသည်။
    .
    ဝမ်းနည်းစရာကောင်းသည်မှာ ဤကဲ့သို့သော စက်ဆုပ်ရွံရှာ စရာကောင်းသည့် အဖျက်အမှောင့်သမားတို့၏ လုပ်ကြံမှုဖြင့် တရားလွှတ်တော်ရှေ့နေဦးကိုနီ ကျဆုံးခဲ့ရခြင်းဖြစ်ပါသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီသည် တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် တရားမျှတမှုအတွက် သန္နိဋ္ဌာန်ခိုင်မာစွာ ဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ သားကောင်းတစ်ဦးဖြစ်ပါသည်။ ဒီမိုကရေစီရေးနှင့် တရားမျှတမှုဟူသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော အမျိုးသားရေးဦးတည်ချက်များ ဖြစ်ပါသည်။ ဦးကိုနီအား လုပ်ကြံသော အဖျက်အမှောင့်သမားတို့သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဤအမျိုးသားရေးဦးတည်ချက်တို့ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည်မှာ အထင်အရှားဖြစ်ပါသည်။
    .
    သို့သော် ပြည်သူလူထု၏ဆန္ဒလိုလားချက်ကို ချေမှုန်းဖျက်ဆီးနိုင်သည့် အဖျက်အမှောင့်အင်အားစုဟူသည် ကမ္ဘာ့သမိုင်း၌ အတိတ်ကာလကမရှိခဲ့သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ရှိမည် မဟုတ်ပါ။ အနာဂတ်ကာလတွင်လည်း ဖြစ်နိုင်စရာအကြောင်း ယုတ္တိတရားတို့ တည်ရှိခြင်းမရှိပါ။ ဦးကိုနီကဲ့သို့သော အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူများသည်သာ အချိန်ကာလ၏ကန့်သတ်ချက်ကိုကျော်လွှား၍ ကမ္ဘာတည်သရွေ့ ကမ္ဘာ့ပြည်သူတို့၏ နှလုံးသား၌ တည်ရှိနေမည်ဖြစ်ပါသည်။ ။
    .
    https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/1094317067362825/?type=3&theater

  • ဦးကိုနီ လုပ်ကြံခံရမှု့ နှင့်ပတ်သက်ပြီး NLD ထုတ်ပြန်ကြေညာချက်

    ဦးကိုနီ လုပ်ကြံခံရမှု့ နှင့်ပတ်သက်ပြီး NLD ထုတ်ပြန်ကြေညာချက်

    ဦးကိုနီ လုပ်ကြံခံရမှု့ နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။