News @ M-Media

Blog

  • အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို

    အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ထွက်သွားရန် တာလီဘန်တို့က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်ပြီး ၁၅ နှစ်အတွင်း သွေးမြေကျမှု၊ ထိုခိုက်ပျက်ဆီးမှုတို့မှလွဲ၍ အမေရိကန်မှာ မည်သည့်အောင်မြင်မှုမှ ရရှိခြင်း မရှိဟု ပြောကြားလိုက်သည်။

    တာလီဘန်၏ ၀ဘ်ဆိုက်များတွင် လွှင့်တင်ထားသည့် ဒေါ်နယ်ထရမ့်သို့ အိတ်ဖွင့်ပေးစာတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ဆုပ်လည်းဆူး၊ စားလည်းရူးဖြစ်နေသည့် အခြေအနေတွင် ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီးနောက် ယုံကြည်မှုလည်း ဆုံးရှုံးသွားခဲ့ပြီဟု ဆိုသည်။

    “ဒါ့ကြောင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့တာဝန်ဟာ ခင်ဗျားရဲ့ ပခုံးပေါ်မှာပါ” ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

    အမေရိကန်မှာ ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲပြီးနောက် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲ ဖြစ်လာခဲ့သည်။ ထို့ပြင် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သုံးစွဲခဲ့ရကာ အကုန်အကျအများဆုံး စစ်ပွဲလည်းဖြစ်သည်။

    တာလီဘန်ကမူ ၎င်းတို့၏ သူပုန်ထမှုများမှာ ဘာသာရေးအရ၊ အသိပညာအရ၊ အမျိုသားရေးအရ တရားဝင်ပြီး ဥပဒေဘောင်အတွင်းရှိ စံချိန်စံညွှန်းများအားလုံးနှင့် ညီညွတ်သည်ဟုလည်း ဖော်ပြခဲ့သည်။

    အာဖဂန်၌ လက်ရှိတွင် နေတိုးအဖွဲ့ဦးဆာင်ပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ သီးခြား အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ရှိနေပြီး အမေရိကန်တပ်ဖွဲ့ဝင်များမှာ ၈၄၀၀ ၀န်းကျင် ရှိသည်။

    ထရမ့်ကမူ လက်ရှိတွင် အာဖဂန်နစ္စတန်နှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးသေးပေ။

    တာလီဘန်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဗိုလ်ချုပ်များက တင်ပြသော အခြေအမြစ်မရှိသည့် သတင်းများကို မှီခိုအားထားခြင်းမပြုရန် ထရမ့်ကို သတိပေးခဲ့ပြီး၊ စစ်ပွဲရှိမှ အမေရိကန်မှာ အမြတ်ထွက်ကာ အခြေအနေကောင်းမည်ဖြစ်သောကြောင့် အာဖဂန်တွင် ဆက်လက်တိုက်ခိုက်ရေး၊ ဆက်လက်သိမ်းပိုက်ရေးတို့ကို ဗိုလ်ချုပ်များက အဓိကထား တင်ပြသွားမည်ဖြစ်ကြောင်း၊ ၃၈ နှစ်ကြာ စစ်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည့် အာဖဂန်ပြည်သူများမှာ စစ်ပွဲများကို လုံးဝ အဆုံးသတ်ချင်နေပြီဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    အာဖဂန်တွင် တာလီဘန်နှင့် အစိုးရတပ်များ အသီးသီး ထိန်းချုပ်ထားသည့် နယ်မြေပြ မြေပုံ

    Ref: Aljazeera

  • အင်ဒိုအမျိုးသားတစ်ဦး ရွေ့လျား မြင်းစာကြည့်တိုက်ဖြင့် အသိပညာဖြန့်ဖြူးပေးနေ

    အင်ဒိုအမျိုးသားတစ်ဦး ရွေ့လျား မြင်းစာကြည့်တိုက်ဖြင့် အသိပညာဖြန့်ဖြူးပေးနေ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – ဒေသတွင်းမှာ စာမတတ်မှုနှုန်း လျော့ကျစေဖို့နဲ့ စာအုပ်စာပေတွေကို ချစ်ခင်တန်ဖိုးထားတတ်စေဖို့ အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဘန်တန်ပြည်နယ်၊ ဆီရန်မြို့အနီး ရွာတစ်ရွာက အင်ဒိုနီးရှား အမျိုးသားတစ်ဦးဟာ မြင်းကိုအသုံးပြုပြီး ရွေ့လျားစာကြည့်တိုက်တစ်ခုကို ဖန်းတီးပေးထားတယ်လို့ သိရပါတယ်။

    “ကလေးတွေ ကျွန်တော့်မြင်းနောက် ပြေးလိုက်လာတာကိုမြင်ရင် ကျွန်တော် ဂုဏ်ယူမိတယ်ဗျ။ ကျွန်တော်ဟာ ကလေးတွေအတွက် လိုအပ်နေတဲ့သူ တစ်ယောက်လို့ ခံစားရတယ်။ အင်မတန် ကြည်နူးစရာကောင်းပါတယ်” လို့ မြင်းနဲ့ ရွေ့လျားစာကြည့်တိုက် လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ရစ်ဒ်ဝမ် ဆူရူရီက ပြောကြားခဲ့ပါတယ်။

    ရစ်ဒ်ဝမ်ဟာ သူ့ရဲ့ ရွာနဲ့ အနီးအနားက ရွာသုံးရွာလောက်ကို လူနာလို့ခေါ်တဲ့ မြင်းလေးနဲ့ တစ်ပတ် ၃ ရက် လှည့်လည်ကာ စာအုပ်စာပေတွေ ငှားပေးနေတာပါ။ အဲဒီဒေသတွေဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ ဖြစ်တာကြောင့် ရစ်ဒ်ဝမ်နဲ့ လူနာတို့ မရှိဘူးဆိုရင် ဒေသခံတွေဟာ စာဖတ်နိုင်မယ့် အခွင့်အလမ်း တော်တော်လေးကို နည်းပါးပါတယ်။

    “ဒီရွေ့လျား မြင်းစာကြည့်တိုက်လေးက ဒီဒေသက အမျိုးသမီးတွေအတွက် ဗဟုသုတ တိုးစေသလို ကျွန်မတို့ရဲ့ စာဖတ်မှု စွမ်းရည်တွေကိုလည်း မြင့်မားစေပါတယ်” လို့ ကျေးရွာသူတစ်ဦးဖြစ်တဲ့ ၀ါရီယန်တီက ဆိုပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ အခုနောက်ပိုင်းမှာ စာမတတ်မှုနှုန်း သိသိသာသာ ကျဆင်းလာပြီး ၂၀၀၄ ခုနှစ်မှာ ၁၅ သန်း ရှိရာကနေ ၂၀၁၀ ခုနှစ်မှတော့ ၇.၅ သန်းလောက်သာ ရှိပါတော့တယ်။

    ရစ်ဒ်ဝမ်ကတော့ သူ့ရဲ့ မြင်းအခြေပြု  ရွေ့လျားစာကြည့်တိုက်ကနေတစ်ဆင့် လူတွေကို စာဖတ်ခြင်းမှာ ပျော်မွေ့လာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    Ref : Aljazeera

  • နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်

    နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်မှာ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် မြေပြင်မှ မြေပြင်ပစ် တိုက်ချင်းပစ်ဒုံးကျည်ကို အင်္ဂါနေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု သိရသည်။

    Ababeel ဟု အမည်ပေးထားသည့် အဆိုပါဒုံးကျည်မှာ ကီလိုမီတာ ၂၂၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး ထိပ်ဖူးများစွာကို သယ်ဆောင်သွားနိုင်ကာ ထိပ်ဖူးတစ်ခုစီက ပစ်မှတ်တစ်ခုချင်းစီကို ထိအောင် ပစ်နိုင်သည့် MIRV နည်းပညာကိုလည်း အသုံးပြုထားသည်ဟု ပါကစ္စတန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခု စမ်းသပ်ပစ်လွှတ်မှုမှာ ဒုံးကျည်၏ ဒီဇိုင်းနှင့် လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် ရည်ရွယ်ခြင်ဖြစ်သည်။ နျူထိပ်ဖူး သယ်ဆောင်နိုင်သည့် အဆိုပါ Ababeel ဒုံးကျည်မှာ ပစ်မှတ်များစွာကို တိကျစွာ ပစ်ခတ်နိုင်စွမ်းလည်း ရှိသည်။

    “Ababeel လက်နက် ထုတ်လုပ်မှုဟာ ဒေသတွင်း မြင့်တက်လာတဲ့ တိုက်ချင်းပစ်ဒုံးကျည် ကာကွယ်ရေးစနစ် (BMD) ကို ပါကစ္စတန်က အမှီလိုက်ဖို့ ရည်ရွယ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပါကစ္စတန်မှာ ယခုလအစောပိုင်းကလည်း Babur-III ဟု အမည်ပေးထားပြီး နျူထိပ်ဖူးတပ်ဆင်နိုင်ကာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

    Ref: Dawn

  • မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရန်နှင့် အထောက်အထားမဲ့များကို ဖမ်းရန် ထရမ့် အမိန့်ထုတ်

    မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရန်နှင့် အထောက်အထားမဲ့များကို ဖမ်းရန် ထရမ့် အမိန့်ထုတ်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – မက္ကဆီကိုယ်နယ်စပ်တွင် တံတိုင်းကာရန်နှင့် အချို့မြို့များတွင် အထောက်အထားမရှိသော ပြောင်းရွှေ့အခြေချသူများအား လွတ်လပ်စွာနေထိုင်ခွင့်ပေးထားမှုကို ဖျက်သိမ်းရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှစ်ခုကို အမေရိကန်သမ္မတသစ် ထရမ့်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီး ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    လက်မှတ်ရေးထိုးပွဲအပြီးတွင် ထရမ့်က နယ်စပ်တွင် တံတိုင်းကာမှုမှာ နှစ်နိုင်ငံစလုံး၏ လုံခြုံရေးအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ယခုအချိန်မှစတင်၍ အမေရိကန်မှာ မိမိတို့၏ နယ်စပ်များကို ထိန်းချုပ်သွားမည်ဟု ဆိုသည်။

    “ဒါက မူးယစ်ဂိုဏ်းတွေကို ဖြိုခွဲဖို့၊ တရားမ၀င်လက်နက်တွေ သိမ်းဆည်းဖို့၊ အမေရိကန်ငွေကြေးတွေ မက္ကဆီကိုဘက် စီးဆင်းမှုကို တားဆီးဖို့ အကူအညီဖြစ်စေမှာပါ” ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။

    ဒုတိယသမ္မတ စပိုက်ဆာကလည်း အဆိုပါအမိန့်မှာ မဲဆွယ်ပွဲ ကတိကို ဖြည့်ဆည်းပေးခြင်းသာမကဘဲ၊ နယ်စပ် အမှန်တကယ်လုံခြုံရေး ပထမအဆင့်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက မူးယစ်ဆေး၊ ရာဇ၀တ်မှု၊ တရားမ၀င် ပြောင်းရွှေ့အခြေချမှုများကို ရပ်တန့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုအမိန့်ကြောင့် နယ်စပ်တွင် လုံခြုံရးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်း၊ အထောက်အထားမရှိသော ပြောင်းရွှေ့ အခြေချသူများအား ထိန်းသိမ်းထားမှု၊ နယ်နှင်ဒဏ်ပေးမှု တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်ရှိနေသည်။

    ထရမ့်၏ ထိုလုပ်ရပ်အား လက်တင်အမေရိကနိုင်ငံများမှ ခေါင်းဆောင်များက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    “ပြောင်းရွှေ့အခြေချသူတွေကို ဖိနှိပ်ချုပ်ချယ်မယ့် အဓမ္မပေါ်လစီအတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်သွားပါမယ်။ လူ့အခွင့်အရေးကို တိုက်ခိုက်မှုက ကျွန်တော်တို့ ဒီထိပ်သီးအစည်းအဝေး ကျင်းပရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ဒိုမီနီကန်နိုင်ငံတွင်ပြုလုပ်နေသည့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအဖွဲ့ CELAC ၏ နှစ်ပတ်လည်အစည်းအဝေးကို ရောက်ရှိလာသည့် အီကွေဒေါသမ္မတ ရာဖေးလ် ကိုရီယာက ပြောကြားခဲ့သည်။

    ဒိုမီနီကန်သမ္မတ ဒါနီလို မီဒီနာကလည်း ကာကွယ်ရေးဝါဒနှင့် နယ်စပ်များအား ပိတ်ပင်ခြင်းမှာ ဆိုးရွားသည့် နောက်ဆက်တွဲများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အတိတ်ခေတ်ကာလသို့ ပြန်သွားရန် ကြိုးပမ်းမှုအား တားဆီးရန် အရာအာလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်၏ ဒုတိယအမိန့်မှာ တရားမ၀င် ပြောင်းရွှေ့အခြေချသူများအား ဖမ်ဆီးခြင်းမပြုရဟု စည်းကမ်းသတ်မှတ်ထားသည့် ပြည်နယ်များနှင့် မြို့များတွင် ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။ အဆိုပါ ဒေသအများစုကို ဒီမိုကရက်များက အုပ်ချုပ်နေသည်။

    Ref: Aljazeera

  • တူရကီအစိုးရ၏ ဘွဲ့လွန်ပညာတော်သင်ဆု မည်သူမဆို လျှောက်ထားနိုင်

    တူရကီအစိုးရ၏ ဘွဲ့လွန်ပညာတော်သင်ဆု မည်သူမဆို လျှောက်ထားနိုင်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက မဟာဘွဲ့တက်ချင်သူတွေ၊ ဒေါက်တာဘွဲ့တက်ချင်သူတွေအတွက် တူရကီအစိုးရက ပညာတော်သင်တွေ ခေါ်ယူနေတယ်လို့သိရပါတယ်။

    တူရကီအစိုးရဲ့ www.turkiyeburslari.gov.tr ၀ဘ်ဆိုက်မှာ သွားရောက်လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုရက်ကိုတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်ကနေ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေကို ၀ဘ်ဆိုက်မှပဲ တစ်ခါတည်း ဖြည့်သွင်းတာ၊ upload တာမျိုး ဆောင်ရွက်ရမှာပါ။

    ဒီပညာတော်သင်အစီအစဉ်အတွက် မည်သည့် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကိုမှ ကိုယ်စားလှယ်မပေးထားဘူးလို့လည်း အဲဒီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    တူရကီနိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၅၅ မြို့က တက္ကသိုလ်ပေါင်း ၁၀၅ ခုဟာ နှစ်စဉ် ပညာသင်ဆုပေါင်း ၁၆၀၀၀ လောက်ကို ပေးလေ့ရှိပြီး အခု ဘွဲ့လွန် ပညာသင်ဆုလျှောက်ထားရာမှာ သက်ဆိုင်ရာ တက္ကသိုလ်က သတ်မှတ်ထားတဲ့ GRE၊ GMAT၊ TOEFL၊ DELF၊ YDS နဲ့ ALES တို့လို အင်္ဂလိပ်အရည်အချင်းစစ် အမှတ်တွေနဲ့ ကိုက်ညီဖို့တော့ လိုပါတယ်။

    မဟာဘွဲ့ လျှောက်ထားချင်သူတွေအနေနဲ့ ၁၉၈၇ ခုနှစ် ၁ လပိုင်း ၁ ရက်နေ့ မတိုင်ခင် မွေးဖွားသူတွေ ဖြစ်ရမှာဖြစ်ပြီး၊ ဒေါက်တာဘွဲ့အတွက်ကတော့ ၁၉၈၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မတိုင်ခင် မွေးဖွားသူ ဖြစ်ရမှာပါ။

    မဟာဘွဲ့အတွက် လျှောက်ထားသူဟာ လျှောက်ထားမယ့် ဘာသာရပ်အတွက် ဘွဲ့ရထားရမှာဖြစ်ပြီး၊ ဒေါက်တာဘွဲ့ လျှောက်ထားသူကတော့ သက်ဆိုင်ရာဘာသာရပ်နဲ့ မဟာဘွဲ့ ရထားရမှာဖြစ်ပါတယ်။

    လျှောက်ထားသူအနေနဲ့ အွန်လိုင်းလျှောက်လွှာမှာ ဖော်ပြထားတဲ့ တက္ကသိုလ်တွေမှာသာ ပညာသင်ဆု လျှောက်ထားနိုင်မှာဖြစ်ပြီး တစ်ခြားတက္ကသိုလ်တွေမှာတော့ ရမှာမဟုတ်ပါဘူး။

    အသေးစိတ်သိလိုသူတွေအနေနဲ့ www.turkiyeburslari.gov.tr အင်တာနက်စာမျက်နှာမှာ ၀င်ကြည့်နိုင်သလို 0 850 455 0 982 နံပါတ်ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အီးမေးလ်နဲ့ မေးမြန်းချင်တယ်ဆိုရင်တော့ [email protected] လိပ်စာကို ဆက်သွယ်နိုင်ပါတယ်။

    တက္ကသိုလ်ကျောင်းသားတွေရဲ့ တူရကီအစိုးရအတွက် ပညာသင်ဆုလည်း မကြာမီ ကြေငြာမယ်လို့ သိရပါတယ်။