News @ M-Media

Blog

  • လူမျိုးသွေးကြီးဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ မတွန်းလှန်နိုင်ပါလျှင် ….

    လူမျိုးသွေးကြီးဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ မတွန်းလှန်နိုင်ပါလျှင် ….

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    မြန်မာနိုင်ငံ၏ အသုံးတော်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

    – မြန်မာရဲတွေက လက်နက်မဲ့အမျိုးသားတွေကို ရိုက်နှက်နေကြတဲ့ ဗီဒီယိုတစ်ခု ဖေ့စ်ဘွတ်ပေါ်ကို ဇန္န၀ါရီလဆန်းပိုင်း ရောက်လာပြီး ကမ္ဘာကစောင့်ကြည့်နေကြောင်း သိရှိသွားတဲ့အခါမှာတော့ အာဏာပိုင်များက ကျူးလွန်သူလေးဦးကို အမြန်အဆန် ဖမ်းဆီးလိုက်ပါတယ်။

    လက်နက်မဲ့အနှိပ်စက်ခံများကတော့ အစိုးရရဲ့နှိပ်စက်မှုကို ဆယ်စုနှစ်များစွာ ရင်ဆိုင်နေခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်တွေပဲ ဖြစ်ပါတယ်။

    လူနည်းစုဝင်တိုင်းရင်းသားများရဲ့ အနိဌာရုံများအပေါ် အစိုးရရဲ့အလေးမထားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အသုံးတော်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထုံးစံအတိုင်း မပြတ်ဝေဖန်လာပါတော့တယ်။ သူမဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီသင်္ကေတ ဖြစ်နေသော်လည်း

    ရိုက်နှက်နှိပ်စက်မှုဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်က ရွာသားများအဖို့ ဒီလိုအကြမ်းဖက်ခံရမှုနဲ့ မစိမ်းကြပါဘူး။ ဗီဒီယိုထဲ ပုံဖော်ထားချက်က ထူးခြားမှု မရှိပေမယ့် ရိုဟင်ဂျာတွေဆိုရင် ဒီလို ဆက်ဆံခံရမယ်ဆိုတဲ့သဘောမျိုး သက်ရောက်ပေါ်လွင်နေပါတယ်။ ပြည့်ဖြိုးသွင်နဲ့ တေဇာလင်း အမည်ရှိ ရဲအရာရှိနှစ်ဦးက ရိုဟင်ဂျာရွာသားများအနက် မြေပြင်ပေါ် မလှုပ်မယှက်ထိုင်နေတဲ့ လက်နက်မဲ့အမျိုးသားနှစ်ဦးကို ဆတ်ကနဲဆွဲယူကန်ကြောက်ပုံဟာ ဗီဒီယိုထဲ အရှင်းသားတွေ့မြင်ရတယ်။ နောက်အရာရှိတစ်ဦးဖြစ်တဲ့ ဇော်မျိုးထိုက်ကတော့ သွေးအေးစွာ စီးကရက်ကို ဖွာရှိုက်ရင်း ဗီဒီယိုရိုက်ကူးနေသလို ဗိုလ်မှူးအဆင့်ရှိ ရဲထွန်းနိုင်ကလည်း ဒီလုပ်ရပ်များအပေါ် ကြီးကြပ်စီမံနေခဲ့တယ်။

    ပြည်ထဲရေးဝန်ကြီးဋ္ဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီအရာရှိလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် သူတို့ကို ပြစ်ဒဏ်စီရင်ရမယ်လို့ ဒေါ်စုကြည်က ပြောဆိုပါတယ်။ တကယ်လို့ ဒီကိစ္စမျိုး ရှေ့ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ဒေါ်စုကြည်ဟာ နိုင်ငံတကာရဲ့ဖိအားကို လည်စင်းခံရဖို့သာ ရှိပါတော့တယ်။

    အစိုးရအနေနဲ့ တရားဥပဒေဘောင်အတွင်းက ဖိဖိစီးစီးဆောင်ရွက်နေပါတယ်လို့ အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက နေပြည်တော်မှာ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားခဲ့တယ်။

    နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေအပေါ်ရှိနေတဲ့ ဆက်ဆံရေးဟာ လူမျိုးသုဉ်းရှင်းလင်းမှုအဖြစ် အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပြီးနောက်မှာပင်လျှင် အစိုးရအဖွဲ့ကတော့ လောက်လောက်လားလား အလေးထားမှု မရှိကြောင်း တွေ့ရပါတယ်။ ရိုဟင်ဂျာတွေဟာ ဦးစားပေးအလေးထားမှု မခံရပါဘူး။ သူတို့ထဲက လူအမြောက်အများကလည်း နိုင်ငံသားအဖြစ်ပင်လျှင် အသိအမှတ်ပြု မခံရပါဘူး။

    ဒေါ်စုကြည်ဟာ ရိုဟင်ဂျာများအပေါ် အားပေးစာနာမှုကို ပြသမှု မရှိတာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်နေခြင်းဟာ လွန်တယ်လို့ ဆိုမရနိုင်ပေဘူး။ သူမ ကိုယ်တိုင်ကလည်း နိုင်ငံရေးအဖိနှိပ်ခံဘ၀ ရောက်ခဲ့ပါလျက် ဘာကြောင့် တုန်လှုပ်ခြင်းကင်းမဲ့နေရသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်စရာအချို့ဖြစ်လာပါတယ်။ သို့တစေ လွန်ခဲ့တဲ့ ဆယ်စုနှစ်များတစ်လျှောက် သူမအပေါ် အရေးယူဖိနှိပ်မှုဟာ သူမရဲ့ လှုပ်ရှားဆောင်ရွက်ချက်အပေါ် အခြေခံတာဖြစ်ပြီး သူမရဲ့ လူမျိုးဖြစ်တည်မှုအပေါ် အခြေခံခဲ့တာ မဟုတ်ပါဘူး။

    သူမရဲ့လူမျိုး ဗမာများဟာ အခွင့်ထူးခံများဖြစ်နေကြောင်း သူမက လက်မခံနိုင်တာကြောင့် တိုင်းရင်းသားလူနည်းစုဝင်များရဲ့အရေးဟာလည်း လျစ်လျူရှုခံနေရပါတယ်။ မြန်မာနိုင်ငံအတွင်း ဗမာလူမျိုးတွေ ကြီးစိုးနေကြပြီး တိုင်းပြည့်လူဦးရေရဲ့ သုံးပုံနှစ်ပုံအထိ ရှိတယ်။ လူများစုဖြစ်ခြင်းအပေါ်မူတည်လို့ ဗမာလူမျိုးများက အခွင့်ထူးခံလူတန်းစားတစ်ရပ် ဖြစ်လို့နေပါတယ်။ လူများစုဝင်တွေသာ အကျိုးခံစားနေရပြီး လူနည်းစုဝင်တွေရဲ့အနိဌာရုံများမှာတော့ အလေးထားမခံရကြောင်း တွေ့မြင်နိုင်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ လူမျိုးရေးဆိုတဲ့ မျက်မှန်စိမ်းတပ်အမြင်တွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတယ်။ သို့သော် ဒေါ်စုကြည်က ဒီအချက်ကို ကိုင်တွယ်ဖို့ ပျက်ကွက်နေတယ်။ ၁၉၉၁ ခုနှစ်ထုတ် သူမရဲ့ ‘Freedom from Fear’ စာအုပ်ထဲမှာ သူမရဲ့မိန့်ခွန်းဟောင်းများကို တစေ့တစောင်း ပြန်လည်ကြည့်ရှုလိုက်ပါလေ။ တစ်ချိန်က သူမ ဒီလို ကြွေးကြော်ခဲ့ဖူးပါတယ်။

    “ငါဟာ ကချင်၊ ငါဟာ ဗမာ၊ ငါဟာ ရှမ်း ဆိုပြီး သဘောထားမျိုး မရှိရပါဘူ။ ကျွန်မတို့အားလုံးဟာ ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သွေးသောက်ရောင်းရင်းတွေ ဆိုတဲ့ သဘောထားရှိရပါမယ်။ ဒါမှသာလျှင် ကျွန်မတို့ အောင်မြင်ပါလိမ့်မယ်။ တကယ်လို့များ ကျွန်မတို့အချင်းချင်း လူမျိုးရေးအရ ခွဲခြားနေကြမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ဒီိမိုကရေစီရရှိနိုင်ဖို့ အချိန်ကြာညောင်းသွားပါလိမ့်မယ်”။

    ဒါဟာ အလွန်မြင့်မြတ်တဲ့ အတွေးအမြင်တစ်ခုပါ။ ဒါပေမယ့် လူမျိုးရေးအခြေပြု အကွက်စေ့စေ့ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာများအဖို့တော့ လူမျိုးရေးဆိုတာ အဓိကကျတဲ့ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။

    အခွင့်ထူးခံတွေအပေါ် ထင်တိုင်းကြဲခွင့်ပေးနေခြင်းဟာ မြန်မာနိုင်ငံဒီမိုကရေစီအပြောင်းအလဲတစ်လျှောက်လုံး လူများစုရဲ့ကြီးစိုးလွှမ်းမိုးရေးကို ခွင့်ပြုရာရောက်နေပါတယ်။ ဗမာလူမျိုး အရပ်ဖက်လူ့အဖွဲ့အစည်းအုပ်စုတွေ ပေါ်ထွက်လာတာနဲ့အမျှ ဗမာလူမျိုးမကြီးစိုးတဲ့နယ်မြေတွေထဲ စစ်တပ်ရဲ့စစ်ဆင်ရေးတွေက မြင့်တက်လာပါတယ်။ ဗမာလူမျိုးတွေကို နေရာပေးလေလေ လူနည်းစုဝင်တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက ရှုံ့ကျုံ့သွားလေ ဖြစ်နေပါတယ်။

    အခွင့်ထူးခံလူတန်းစား ရှိနေကြောင်း လက်ခံအသိအမှတ်ပြုခြင်း မရှိသရွေ့ လူမျိုးသွေးကြီးဝါဒလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။

    ဗမာလူမျိုးတွေ ထင်ရာစိုင်းနေသမျှကာလပတ်လုံး လူနည်းစုဝင်တိုင်းရင်းသားတွေလည်း ဆက်လက်ပြီး ဒုက္ခခံစားနေရပါဦးမယ်။ အမေရိကမှာ လူဖြူတွေက အခွင့်ထူးခံ ဖြစ်နေသလိုမျိုး ဒီအရှေ့တောင်အာရှဒေသနိုင်ငံအတွင်း ဗမာလူမျိုးက အခွင့်ထူးခံလူတန်းစား ဖြစ်လို့နေပါတယ်။

    လူမျိုးရေးကိစ္စအပေါ် ဒေါ်စုကြည်က ရှေ့ဆက် လျစ်လျူရှုနေဦးမယ်၊ ဗမာလူမျိုးတွေကိုသာ အလွန်အကျွံ ရှေ့တန်းတင်နေဦးမယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အမည်ခံရွှေရည်စိမ်သက်သက်သာ ဖြစ်နေတော့မှာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်ဖို့ သူမအနေနဲ့ လူနည်းစုဝင်တိုင်းရင်းသားများအပေါ် ကျရောက်နေတဲ့ လူမျိုးသွေးကြီးဝါဒကို မဖြစ်မနေ နိဂုံးချုပ်ပေးဖို့ လိုအပ်ပါတယ်။ သို့ပင်သို့ငြား ရိုဟင်ဂျာများရဲ့ လူမျိုးအမည်ကို အသုံးပြုဖို့ သူမက ငြင်းဆိုနေတာကို ကြည့်ရင် လူမျိုးရေးသွေးစည်းမှုကို ပုံဖော်ပေးနိုင်မယ့် အစိုးရသစ်တစ်ရပ်ကို စောင့်မျှော်နေဖို့သာ ကျန်ရှိပါကြောင်း။

    မူရင်း – Racism and the Burman privilege: Why Suu Kyi’s government deserves no praise By Matthew Abbey; Asian Correspondent
    ပြန်ဆိုသူ – Myintmo Maung Maung

    မှတ်ချက်။ မူရင်းရေးသားသူ၏ ကိုယ်ပိုင်အတွေးအမြင်သာဖြစ်ပြီး Asian Correspondent နှင့် M-Media တို့၏ အာဘော်များ မဟုတ်ပါ။

  • တရားမ၀င်အလုပ်သမားများအတွက် ယာယီလုပ်ကိုင်ခွင့်လက်မှတ် မလေးထုတ်ပေးမည်

    တရားမ၀င်အလုပ်သမားများအတွက် ယာယီလုပ်ကိုင်ခွင့်လက်မှတ် မလေးထုတ်ပေးမည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    မလေးရှားပြည်ထဲရေးဝန်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီ

    – နိုင်ငံအတွင်းရှိနေသည့် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီအလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးသွားမည်ဟု မလေးရှား ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြောကြားလိုက်သည်။

    “ဒီခွင့်ပြုချက်က လက်ရှိ လိုအပ်ချက်ကို အခြေခံပြီး ထုတ်ပေးသွားမှာပါ။ သူတို့ဟာ လုပ်ငန်းအားလုံးမှာ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် အလုပ်ရှင်ရှိတဲ့ အလုပ်သမားတွေပဲ ရမှာပါ” ဟု ယမန်နေ့က ၎င်း သဘာပတိအဖြစ် ဆောင်ရွက်သည့် နိုင်ငံခြားအလုပ်သမားများနှင့် တရားမ၀င် ပြောင်းရွှေ့အခြေချသူများဆိုင်ရာ ကက်ဘိနတ်အစည်းအဝေးပြီးနောက် ဟာမီဒီက ပြောကြားခဲ့သည်။ ၎င်းမှာ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်သည်။

    အဆိုပါ အလုပ်လုပ်ခွင့် လက်မှတ်များ သို့မဟုတ် ကဒ်များမှာ နှစ်စဉ် သက်တမ်းတိုးရမည်ဖြစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားအလုပ်သမားများဆိုင်ရာ ဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

    မလေးရှားတွင် ပါမစ်ကိုင်ဆောင်ထားသည့် အလုပ်သမားများမှာ ၂၀၁၅ ခုနှစ်တွင် ၂.၁ သန်းကျော်ရှိရာမှ ၂၀၁၆ တွင် ၁.၉ သန်းအထိ ကျဆင်းသွားခဲ့ပြီး ထိုကဲ့သို့ နိုင်ငံခြားအလုပ်သမား ၃ သိန်းခန့် ကျဆင်းသွားခင်းက နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုကဏ္ဍတို့တွင် သိသိသာသာ ထိခိုက်မှု ရှိခဲ့သည်ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    သို့သော်လည်း နိုင်ငံခြားအလုပ်သမားများ အဆင့်လိုက်လျှော့ချသွားမည့် အစီအစဉ်ကို အစိုးရက မေ့မထားဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၂၀ ခုနှစ်မှ ၂၀၅၀ ခုနှစ်အတွင်း မလေးကြားအစိုးရမှာ နိုင်ငံ၏ အလုပ်သမားအင်အား၏ ၁၅ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားအလုပ်သမား ထားရှိရန် ပစ်မှတ်ထားနေသည်။

    Ref: freemalaysiatoday

  • အမုန်းဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ကုလ ပြုလုပ်မည်

    အမုန်းဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ကုလ ပြုလုပ်မည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

    – မွတ်စလင်ဆန့်ကျင်ရေး အမုန်းရာဇ၀တ်မှုများနှင့် အခြားသော အမုန်စကားများမှာ မြင့်တက်လာနေသည်ဟု အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပြီး အမုန်းဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကိုလည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကုလ၊ အမေရိကန်၊ ကနေဒါ၊ အိုအိုင်စီနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းက ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဖိုရမ်မှာ တစ်ရက်တာ ကြာမြင့်ခဲ့ပြီး အစိုးရများ၊ အရပ်ဖက်နှင့် ပုဂ္ဂလိကအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ကုလအတွင်းရေးမှူးချုပ်ကမူ နိုင်ငံခြားသားကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှုနှင့် ဂျူးဆန့်ကျင်ရေးဝါဒများ မြင့်တက်လာကြောင်း၊ မတည်ငြိမ်မှုများ မြင့်တက်လာသည့်အချိန်တွင် မတူညီသော လူ့အဖွဲ့အစည်းများမှာ ဓားစာခံဘ၀ကို လွယ်လွယ်ကူကူ ရောက်ရှိကြောင်း သတိပေးခဲ့သည်။

    ထို့ပြင် ခွဲခြားဆက်ဆံမှုမှာ လူတိုင်းကို သေးသိမ်စေပြီး၊ ပြည်သူများနှင့် လူ့အဖွဲ့အစည်းများ၏ အလားအလာကောင်းများကို အတားအဆီးဖြစ်စေသည်ဟု ဆိုကာ မတူကွဲပြားမှုကို ခြိမ်းခြောက်မှုတစ်ခုဟု မမြင်ဘဲ၊ ကြွယ်ဝမှုတစ်ခုအဖြစ် ရှုမြင်ရန်လည်း ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

    “လူ့အဖွဲ့အစည်းတွေက လူမျိုးစုံ၊ ဘာသာစုံ ပိုပြီး ဖြစ်လာတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး ယဉ်ကျေးမှု၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေမှာ အစေးကပ်ဖို့လိုတယ်။ ဒါမှသာ မတူကွဲပြားမှုကို ခြိမ်းခြောက်မှုလို့ မမြင်ဘဲ၊ ကြွယ်ဝမှုလို့ မြင်မှာပါ။ ကုလအနေနဲ့ လူတိုင်းအပေါ် လေးစားမှု၊ လုံခြုံမှုနဲ့ ဂုဏ်ပေးမှုတို့ကို မြှင့်တင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ။ ဒီလှုပ်ရှားမှုကို Together လှုပ်ရှားမှုလို့ခေါ်ပါတယ်။ အမုန်းတရားကို ဆန့်ကျင်ဖို့နဲ့ လူ့အခွင့်အရေးအတွက် ကျွန်တော်တို့ အတူတကွ ရပ်တည်ကြပါစို့။ အတူတကွ ပေါင်းကူးကြပါစို့။ ကြောက်ရွံ့မှုတွေကို မျှော်လင့်ချက်အဖြစ် အတူတကွ ပြောင်းလဲကြပါစို့။ ကျွန်တော်တို့ မွတ်စလင် ညီအစ်ကိုမောင်နှမတွေနဲ့ လူသားအားလုံးအတွက်ပေါ့ဗျာ” ဟု အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

    Ref: unmultimedia.org

  • မြန်မာနိုင်ငံသားများ အသတ်ခံရမှုကိစ္စအတွက် မလေးရှားက လူ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ

    မြန်မာနိုင်ငံသားများ အသတ်ခံရမှုကိစ္စအတွက် မလေးရှားက လူ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    – ယခုလအစောပိုင်းတွင် ကွာလာလမ်ပူမြို့ ဆာဒန်းစက်မှုဇုန်အနီးတွင် မြန်မာနိုင်ငံသားများ ဓားခုတ်ခံရမှုနှင့်ပတ်သက်၍ လူ ၂၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရသည်။

    ဆီလန်ဂေါပြည်နယ် စီအိုင်ဒီအကြီးအကဲ ဖဒ်ဇီလ် အဟ်မတ်က ဖမ်းဆီးထားသူများတွင် အသက် ၂၀ မှ ၅၀ အတွင်းရှိပြီး စက်မှုဇုန်တွင် အလုပ်အလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် ဒေသခံများပါဝင်သည်ဟု ပြောကြားခဲ့သည်။

    “လောလောဆယ်တော့ စုံစမ်းစစ်ဆေးနတုန်းပါ။ မကြာခင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်အထိ အသုံပြုတဲ့လက်တွေကို မသိမ်းမိသေးဘူး။ ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုလည်း ဆုံးဖြတ်လို့ မရသေးပါဘူး” ဟု ယမန်နေ့က ဆာဒန်းခရိုင် ရဲဌာနချုပ်တွင် သိမ်းဆည်းရမိသည့် လောင်းကစားစက်များအတွက် ရှင်းလင်းပွဲပြုလုပ်ပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဓားခုတ်ခံရမှုတွင် ဒဏ်ရာရရှိသူ ၂ ဦးမှာလည်း အခြေအနေ တည်ငြိမ်လာပြီဟုလည်း အဟ်မတ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဇန်န၀ါရီ ၆ ရက်န့မှာ မြန်မာအလုပ်သမားများမှာ အလုပ်မှပြန်လာစဉ် လူတစ်စု၏ ဓားဖြင့် ၀ိုင်းခုတ်မှုကို ခံခဲ့ရပြီး ၄ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

    Ref: Freemalaysiatoday

  • ဘုရားသခင်ကို ရှာတွေ့နိုင်ဖို့ (Quote)

    ဘုရားသခင်ကို ရှာတွေ့နိုင်ဖို့ (Quote)

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    ဘုရားကျောင်းမျာ၊ ချာ့ခ်ျကျောင်းများနှင့် ဗလီများတွင် ခေတ္တ ခိုနားကြည့်ခဲ့ဖူးသည်။
    ဘုရားသခင်ကိုတော့ မိမိ၏ နှလုံးသား၌သာ တွေ့ရှိလေ၏။ (ရူမီ)

    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။