News @ M-Media

Blog

  • တမန်တော်မြတ်ဗလီတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် မီးဖွား

    တမန်တော်မြတ်ဗလီတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် မီးဖွား

    နို၀င်ဘာ ၂၆၊ ၂၀၂၂
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့က တမန်တော်မြတ် ဗလီ၀တ်ကျောင်းတော်မှာ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားမှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

    ကိုယ်၀န်အရင့်အမာနဲ့ အဲဒီအမျိုးသမီးဟာ ဗလီပရု၀ုဏ်အတွင်း ၀တ်ပြုဆုတောင်းနေစဥ် ရုတ်တရက် ဗိုက်နာလာခဲ့တာပါ။

    ဗလီက ဆေး၀န်ထမ်းတွေနဲ့ ဆော်ဒီလခြမ်းနီအဖွဲ့တို့က ကူညီပေးခဲ့ပြီး ဆေးရုံကို သွားရောက်ဖို့ အချိန်မမီတော့တဲ့အတွက် ဗလီ ပရ၀ုဏ်ထဲမှာပဲ အရေးပေါ် မီးဖွားပေးခဲ့ပါတယ်။

    ဆော်ဒီလခြမ်းနီအဖွဲ့ အကြီးအကဲ အဟ်မဒ် အလ်-ဇဟ်ရာနီက ဗလီ၀န်ထမ်းတွေ၊ ဆေး၀န်ထမ်းတွေရဲ့ ဂရုတစ်စိုက် စောင့်ရှောက်မှုကြောင့် အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပြီး ကလေးရော မိခင်ပါ ကျန်းမာတယ်လို့ ပြောကြားခဲ့ပါတယ်။

    မတ်စ်ဂျစ်ဒ် နဗ၀ီလို့ အမည်ရတဲ့ ဗလီ၀တ်ကျောင်းတော်ကို အစ္စလာမ်သာသနာ အစောပိုင်းကာလမှာ တမန်တော် မုဟမ္မဒ်သခင်ကိုယ်တိုင် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Al Arabiya

    mmMuslimNews

  • ကာတာကမ္ဘာ့ဖလားက အာရပ်ကမ္ဘာကို စည်းလုံးစေခဲ့

    ကာတာကမ္ဘာ့ဖလားက အာရပ်ကမ္ဘာကို စည်းလုံးစေခဲ့

    နို၀င်ဘာ ၂၆၊ ၂၀၂၂
    M-Media

    -ကာတာမှာပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားပွဲကြောင့် အာရပ်ကမ္ဘာမှာ အရင်ကထက်ပိုပြီး စည်းလုံးညီညွတ်မှုကို မြင်လာရပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာဟာ အာရပ်ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါတဲ့ အနေအထားတစ်ခုရှိပြီး အခြား အိမ်နီးချင်း အာရပ်နိုင်ငံတစ်ချို့က အားပြိုင်တာတွေလည်း ရှိပါတယ်။

    ၂၀၁၇ ခုနှစ်က ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာကို သံတမန်ရေး အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။

    ဒီပြဿနာဟာ ၂၀၂၁ ခုနှစ်မှ အဆုံးသတ်တာပါ။

    အခု ကာတာကမ္ဘာ့ဖလားပွဲမှာတော့ အာရပ်နိုင်ငံတွေအားလုံး တစ်စိတ်တစ်၀မ်းတည်း ပိုဖြစ်လာတာကို တွေ့ရပါတယ်။ ကာတာကို ဦးဆောင်ပိတ်ဆို့ခဲ့တဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တစ်ယောက် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် အလ် သာနီက ဖက်လှဲတကင်း နှုတ်ဆက် ကြိုဆိုခဲ့ပါတယ်။

    ကမ္ဘာ့ဖလားကြောင့် အာရပ်ပြည်သူတွေကြားထဲမှာလည်း စည်းလုံးညီညွတ်မှုကို ပိုမြင်လာရပါတယ်။

    “ကာတာရှုံးလို့ ၀မ်းနည်းတာထက်။ ဆော်ဒီနိုင်လို့ ပိုပျော်ရတယ်” လို့ ကာတာကျောင်းသားတစ်ဦးဖြစ်တဲ့ ဘာဆန် မိုဟာမက်က ပြောပါတယ်။

    ဘာဆန်တို့ သူငယ်ချင်းတွေဟာ ဆော်ဒီ-အာဂျင်တီးနားပွဲအပြီးမှာ ကာတာနဲ့ ဆော်ဒီအလံတွေကိုင်ပြီး လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။

    ကာတာမှာ ကျင်းပတဲ့အတွက် အာရပ်ပရိတ်သတ်တွေ သူတို့အသင်းကို အားပေးဖို့ ပိုမိုလွယ်ကူသွားပါတယ်။

    “ကာတာမှာသာ မဟုတ်ဘူးဆိုရင်။ ဒီလို လွယ်လွယ်ကူကူ ကြည့်ရမှာမဟုတ်ပါဘူး။ ကျွန်တော့်အဖို့ သွားကြည့်နိုင်မှာလည်း မဟုတ်ပါဘူး” လို့ ဆော်ဒီပရိတ်သတ် မိုဟာမက် အလ်-ဒါဘဂ်က ပြောပါတယ်။

    တူနီးရှားပရိတ်သတ် အေမင်က အာရပ်ပြည်သူတွေအကြား အခုလို ညီညွတ်မှုကို တွေ့မြင်ရတာဟာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုပါတယ်။

    “နိုင်ငံရေးက သပ်သပ်၊ လူထုက သပ်သပ်ပဲ။ ခေါင်းဆောင်တွေ မတည့်ကြရင်တောင် ပြည်သူတွေကတော့ စည်းလုံးကြတယ်”

    မော်ရိုကို၊ တူနီရှား၊ ကာတာနဲ့ ဆော်ဒီအာရေဗျစတဲ့ အာရပ်နဲ့ အာရပ်အနွယ်၀င်နိုင်ငံက ပရိတ်သတ်တွေ စုစည်းတဲ့ ပါတီ Souq Waqif မှာ ပုံမှန်ပါ၀င်လေ့ရှိတယ်လို့လည်း အေမင်က ပြောပါတယ်။

    “အီဂျစ်တွေ၊ အလ်ဂျီးရီးယားတွေ၊ လက်ဘနွန်နဲ့ အိုမန်ပရိတ်သတ်တွေတောင် ဒီမှာလာစုကြတယ်။ သူတို့အသင်း ခြေစစ်ပွဲမအောင်ပေမယ့် လာအားပေးကြတာပေါ့”

    အိမ်ရှင်ကာတာအသင်း အုပ်စုကနေ အစောဆုံး လှည့်ပြန်ခဲ့ရပေမယ့် ဆော်ဒီနဲ့ ဒေသတွင်းက အခြားအသင်းတွေကို ကာတာပြည်သူတွေက ဆက်လက်အားပေးသွားဖို့ ရှိနေပါတယ်။

    “အာရပ်အသင်းအားလုံးအတွက် ဂုဏ်ယူပါတယ်။ ပြိုင်ပွဲမှာ သူတို့ ရှိနေသမျှ ကျွန်မတို့ အားပေးသွားမှာပါ” လို့ ကာတာပြည်သူတစ်ဦးဖြစ်တဲ့ အတ်စမာက ပြောပါတယ်။

    ပါလက်စတိုင်းအရေး

    အာရပ်ကမ္ဘာမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက် ဖိနှိပ်မှုကို ခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် စာနာတဲ့ သတင်းစကားတွေကိုလည်း အများအပြား တွေ့ရပါတယ်။

    “ကာတာမှာ ဘယ်ကိုပဲသွားသွား ပါလက်စတိုင်းအလံကို မြင်ရတယ်။ ပါလက်စတိုင်းတွေနောက်မှာ ကျွန်တော်တို့ရှိတယ်ဆိုတာ ကမ္ဘာကို ပြချင်တာပါ” လို့ အေမင်က ပြောပါတယ်။

    ကာတာနဲ့ အီကွေဒေါပွဲကို သွားကြည့်ခဲ့တဲ့ အတ်စမာကလည်း သူတို့မိသားစုအားလုံး ကွင်းထဲကို ပါလက်စတိုင်းအလံတွေ ယူဆောင်သွားကြတယ်လို့ ပြောပါတယ်။

    “ပါလက်စတိုင်းကိစ္စကို လူတွေပိုသိဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကာတာနိုင်ငံကိုသာမကဘဲ အာရပ်ကမ္ဘာနဲ့ပတ်သက်တဲ့ အနောက်ကမ္ဘာကအမြင်တွေကို ဒီကမ္ဘာ့ဖလားက ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်”

    Ref: Aljazeera

  • ကမ္ဘာ့အကြီးဆုံး ရေပေါ်မြို့တော်ကို ဆော်ဒီတွင် တည်ဆောက်မည်

    ကမ္ဘာ့အကြီးဆုံး ရေပေါ်မြို့တော်ကို ဆော်ဒီတွင် တည်ဆောက်မည်

    နို၀င်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    -လူပေါင်း ၆ သောင်းလောက် နေထိုင်နိုင်မယ့် ဧရာမရွက်လှေကြီးတစ်စီးကို ဆော်ဒီအာရေဗျမှာ တည်ဆောက်ဖို့ အီတလီ ဗိသုကာကုမ္ပဏီ Lazzarini က စီစဥ်နေပါတယ်။ 

    ကမ္ဘာ့လိပ်ကြီးပုံသဏ္ဍာန်ရှိမယ့် အဲဒီရွက်လှေကို Pangeos လို့ အမည်ပေးထားပါတယ်။ ဆောက်လုပ်ရေးကုန်ကျစားရိတ်က ကန်ဒေါ်လာ သန်းပေါင်း ၆ ထောင် ရှိမှာဖြစ်ပါတယ်။ 

    သင်္ဘောဟာ အလျား ပေ ၂ ထောင်၊ အနံ ပေ ၁၈၀၀ ရှိမှာဖြစ်ပါတယ်။ HTS လျှပ်စစ်အင်ဂျင် ၉ လုံး တပ်ဆင်ကာ တစ်နာရီကို ရေမိုင် ၅ မိုင် ခုတ်မောင်းနိုင်မယ်လို့ ဆိုပါတယ်။ 

    ဇိမ်ခံအိမ်တွေ၊ တိုက်ခန်းတွေ၊ တော်၀င်မိသားစုတွေအတွက် နန်းတော်ကြီးတွေ ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။ ဟိုတယ်တွေ၊ ပန်းခြံ၊ ကမ်းခြေတွေ၊ ကလပ်၊ အပန်းဖြေစင်တာ၊ စျေး၀ယ်စင်တာတွေ အများအပြားပါ၀င်ကာ သင်္ဘောတွေကပ်ဖို့ ဆိပ်ကမ်းနဲ့ လေယာဥ်ငယ်တွေဆင်းဖို့ လေယာဥ်ကွင်းလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 

    ဆောက်လုပ်ရေးလုပ်ငန်းဟာ ၈ နှစ်လောက်ကြာမှာပါ။

    သင်္ဘောသွားတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ရေလှိုင်းတွေကနေ စွမ်းအင်ရယူတဲ့ နည်းပညာ ပါ၀င်မှာဖြစ်ပြီး သင်္ဘောရဲ့အမိုးမှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကနေလည်း စွမ်းအင် ရရှိမှာဖြစ်ပါတယ်။ ရွက်လှေကြီးဟာ ကာဘွန်ထုတ်လွှတ်မှု လုံး၀ရှိမှာမဟုတ်ဘူးလို့ ဆောက်လုပ်မယ့် အီတလီကုမ္ပဏီက ပြောပါတယ်။ 

    ဆောက်လုပ်ပြီးသွားရင် ကမ္ဘာ့အကြီးဆုံး ရေပေါ်မြို့တော်ဖြစ်လာမယ့် Pangeos ဟာ ကမ္ဘာတစ်၀ှမ်းကို ရွက်လွှင့်မှာ ဖြစ်ပါတယ်။ 

    Ref: luxurylaunches.com

  • တစ်ကျော့ပြန် လ,ခရီးစဥ်၏ ရှေ့ပြေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်

    တစ်ကျော့ပြန် လ,ခရီးစဥ်၏ ရှေ့ပြေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်

    နို၀င်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    -လပေါ်ကို လူပြန်လွှတ်မယ့် အစီအစဥ်ရဲ့ ရှေ့ပြေးအဖြစ် စူးစမ်းလေ့လာရေးယာဥ်ငယ်တစ်ခုကို အမေရိကန်အာကာသအေဂျင်စီ (နာဆာ) က ဒီကနေ့မှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ 

    Artemis လို့ အမည်ပေးထားတဲ့ အဲဒီဒုံးပျံကို သြဂုတ်လကတည်းက လွှတ်တင်ဖို့ စီစဥ်ထားပေမယ့် နည်းပညာနဲ့ ရာသီဥတု ပြဿနာကြောင့် ၃ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။ 

    Artemis ဟာ နာဆာသမိုင်းတစ်လျှောက် ပြင်းအားအကောင်းဆုံး  ဒုံးပျံဖြစ်ပြီး Orion လို့ခေါ်တဲ့ လစူးစမ်းလေ့လာရေးယာဥ်ငယ်ကို တင်ဆောင်သွားပါတယ်။ 

    Orion ဟာ လပတ်လမ်းမှာ ၂၆ ရက်တာ လှည့်ပတ်ကာ စူးစမ်းလေ့လာမှုပြုပြီး ကမ္ဘာကို ပြန်လာမှာဖြစ်ပါတယ်။ 

    အခုလွှတ်တင်မှုဟာ ၂၀၂၅ ခုနှစ်မှာ လပေါ်ကို လူတွေပြန်လွှတ်ရေး နာဆာရဲ့စီမံကိန်းအတွက် ရှေ့ပြေးလေ့လာမှုပါ။

    ၁၉၇၂ ခုနှစ်မှာ အပိုလိုအာကာသယာဥ်ရဲ့ ယဥ်မှူး ဂျီနီကာရ်နန် လပေါ်ကနေ ပြန်လာပြီးတဲ့နောက် နှစ်ပေါင်း ၅၀ အကြာမှာ နာဆာက လပေါ်ကို ပထမဆုံးအကြိမ် လူပြန်လွှတ်ဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။

    လပေါ်မှာအခြေစိုက်ပြီး အာကာသအတွင်းပိုင်းထဲအထိ လူတွေ သွားရောက်လေ့လာဖို့ကိုပါ နာဆာက စီစဥ်ထားပါတယ်။  

    Ref: BBC 

  • တိုင်းပြည်ကို ကယ်တင်ရန် သမ္မတအဖြစ်ပြန်လာမည်ဟု ထရမ့်ကြုံး၀ါး

    တိုင်းပြည်ကို ကယ်တင်ရန် သမ္မတအဖြစ်ပြန်လာမည်ဟု ထရမ့်ကြုံး၀ါး

    နို၀င်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    -၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လာမယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ရွေးကောက်ပွဲကော်မရှင်မှာ သမ္မတအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ဖို့ မနေ့က စာရင်းသွင်းခဲ့ပြီး ညပိုင်းမှာ ဖလော်ရီဒါက သူပိုင်တဲ့ Mar-a-Lago ကလပ်မှာ ဟောပြောပွဲလုပ်ခဲ့ပါတယ်။ 

    သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ တိုင်းပြည်ဟာ အဖက်ဖက်က ကျဆင်းနေပြီး၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ ဆင်းရဲဒုက္ခ ခံစားနေရတယ်လို့ ထရမ့်က ပြောပါတယ်။ 

    “အမေရိကကို ကြီးကျယ်မြင့်မြတ်အောင် ပြန်လုပ်ဖို့အတွက် သမ္မတအဖြစ် ၀င်ရောက်ယှဥ်ပြိုင်မှာဖြစ်ကြောင်း ကျွန်တော် ကြေငြာလိုပါတယ်”

    နာရီ၀က်ကြာမြင့်တဲ့ သူ့ရဲ့ ဟောပြောပွဲမှာ ဘိုင်ဒန်အစိုးရလက်ထက် နယ်စပ်လုံခြုံရေး လျော့ရဲပြီး၊ စွမ်းအင် မလုံလောက်မှုတွေရှိလာကာ၊ ရာဇ၀တ်မှုတွေ ထူပြောလာတယ်လို့ ထရမ့်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သက်တမ်း၀က်ရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းတွေ အခြေအနေမကောင်းခဲ့ဘဲ ပါတီတာ၀န်ရှိသူတွေက ထရမ့်ရဲ့ လုပ်ရပ်တွေကြောင့် ပါတီရဲ့ပုံရိပ် ကျဆင်းသွားတဲ့အတွက် ဒီလိုဖြစ်တာလို့ ၀ေဖန်ခဲ့ကြပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ G20 အစည်းအ၀ေး တက်ရောက်နေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ထပ်မံ ၀င်ရောက်ယှဥ်ပြိုင်သွားမယ်လို့ မနေ့က ကြေငြာခဲ့ပါတယ်။

    Ref: BBC