News @ M-Media
Blog
  • ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို တောင်းဆို
    ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို တောင်းဆို
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာ
    – ညှင်းပမ်းနှိပ်စက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရန်အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက တောင်းဆိုလိုက်သည်ဟု သိရသည်။
    ဒါကာသို့ ရောက်ရှိနေသည့် မြန်မာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ညနေပိုင်းက တွေ့ဆုံစဉ် ၀န်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံအနေဖြင့် အဆိုပါဒုက္ခသည်ပြဿနာကို ဆွေးနွေးမှုများမှတစ်ဆင့် အမြဲတမ်းအတွက် ဖြေရှင်းရမည်ဟုလည်း ဆိုသည်။
    တွေ့ဆုံစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကျော်တင်က နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်လိုက်သည့်စာကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာသို့ ပေးခဲ့သည်။
    “အိမ်နီးချင်းနိုင်ငံတွေက ဘယ်လိုလက်နက်ကိုင် သူပုန်အဖွဲ့ကိုမှ ဘင်္ဂလားဒေ့ရှ်က ပိုင်နက်အသုံးပြုခွင့် မပေးပါဘူး” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ကရင်မ်က ဆိုသည်။
    မြန်မာနိုင်ငံနှင့် လက်ရှိဆက်ဆံရေးကို ကျေနပ်ပြီး အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ဘင်္ဂလားဒေ့ရှ်က တန်ဖိုထားကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေးတွင် ဘင်္ဂလားဒေ့ရှ်၏ အတွေ့အကြုံများကို အသုံးပြုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ရန် ဖိတ်ခေါ်ကြောင်း ဟာဆီနာက ထည့်သွင်းပြောကြားခဲ့သည်။
    “မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးခိုင်မာဖို့ ကျွန်မ ဘာမဆို ပြုလုပ်သွားမှာပါ”
    နိုင်ငံခြားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ
    မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့နေ့လည်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ရှာဟီဒွလ် ဟက် အပါအ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
    ထိုသို့တွေ့စုံစဉ်အတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ အစုလိုက်အပြုံလိုက် ဆက်လက်ဝင်ရောက်နေမှုအတွက် မိမိတို့က အလွန်အမင်း စိုးရိမ်ပါကြောင်း၊ ထိုကဲ့သို့ ထွက်ပြေးမှု ရပ်တန့်ရန်နှင့် နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာနိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ယူရန်အတွက် ဆောင်ရွက်ရန် တောင်းဆိုပါကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ရင်ဆိုင်နေရသော ပြဿနာများအတွက် ရေရှည်အကျိုးရှိမည့် အဖြေရရေး နေရပ်ပြန်ပို့ခြင်း လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးရန် အသင့်ရှိသည်ဟုလည်း ဘင်္ဂလာဒေ့ရှ်က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှ အထူးကိုယ်စားလှယ်အဖွဲ့ကမူ မိမိတို့နိုင်ငံသား ၂၄၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ခေါ်ယူမည်ဟု ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး စာရင်းသွင်းခြင်း မခံရသည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မှ မချခဲ့ဟု ဆွေးနွေးပွဲ သတင်းရင်မြစ်က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည့် မြန်မာဒုက္ခသည်အရေအတွက်မှာ ၃ သိန်းခန့် ရှိနေသည်။
    အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများမှာ အနည်းဆုံး ၆၅၀၀၀ ရှိနေပြီး၊ ရခိုင်ပြည်နယ်မှ မွတ်စလင်များ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရသည့်ဘ၀ မရောက်အောင် ရခိုင်ပြည်နယ်ပြဿနာ၏ အရင်းအမြစ်ကို အလျင်အမြင် ဖြေရှင်းရန်လည်း ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းခဲ့သည်။
    ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ တာဝန်သာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး ရေရှည်အဖြေတစ်ခု ရရှိရန်အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်က ထပ်မံပြောကြားခဲ့သည်ဟု သိရသည်။
    အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ချုပ်ချယ်မှုများ၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုများကို မြန်မာနိုင်ငံက ချက်ခြင်းရပ်တန့်ရမည်ဖြစ်ပြီး သို့မှသာ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှု ရပ်တန့်ကာ အိမ်ပြန်နိုင်ရေးအတွက် ယုံကြည်ချက်ရှိလာမည်ဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မြန်မာကိုယ်စားလှယ်များအား ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
    Ref: The Daily Star
  • ဒူဘိုင်းဈေးရောင်းပွဲတော်မှာ ဒေါ်လာ ၁.၇ သန်းတန် ရွှေကောဇော လူကြိုက်များနေ
    ဒူဘိုင်းဈေးရောင်းပွဲတော်မှာ ဒေါ်လာ ၁.၇ သန်းတန် ရွှေကောဇော လူကြိုက်များနေ
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    – ဒူဘိုင်းမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ဒူဘိုင်းဈေးရောင်းပွဲတော် (DSF) မှာ ဒီရ်ဟမ် ၅ သန်း (ဒေါ်လာ ၁.၇ သန်း) လောက်တန်တဲ့ ပါရှန်းရွှေကောဇောတစ်ခုကို ခင်းကျင်းပြသထားပြီး ပရိတ်သတ်စိတ်ဝင်စားမှု အထူးများပြားနေပါတယ်။
    DSF ရဲ့ Carpet and Art Oasis အခန်းမှာ ပြသထားတာဖြစ်ပြီး ဒီကောဇောကို ပိုးအစစ်၊ ရွှေသားအစစ် ၄.၂ ကီလိုဂရမ် ပေါင်းစပ်ကာ လက်နဲ့ ရက်လုပ်ထားတာပါ။
    “ဒီကောဇောကို လူ ၆ ယောက်က ၇ နှစ်ခွဲကြာအောင် လုပ်ခဲ့ရတာပါ။ တစ်ယောက်တည်း လုပ်မယ်ဆိုရင်တော့ တစ်သက်လောက် ကြာသွားနိုင်ပါတယ်” လို့ Haritage Carpet အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာ အက်ဖ်ရှင် ဂန်ဘာရီနီယာက ပြောကြားခဲ့ပါတယ်။
    သုံးဖက်လှဖြစ်ပြီး အနံ ၆ မီတာ၊ အလျား ၁၀ မီတာရှိတဲ့ ဒီကောဇာဟာ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ရှားပါး ကောဇောပေါင်း ၂ သိန်းထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒီကောဇောတွေဟာ ပိုး၊ သိုးမွှေးသီးသန့်နဲ့ ရက်လုပ်ထားတာတွေဖြစ်ပြီး စုစုပေါင်း ဒီရ်ဟမ် ၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး) လောက် တန်ဖိုးရှိပါတယ်။
    ဒီ DSF အခမ်းအနားကို ဒူဘိုင်းအကောက်အခွန်ဌာနက ကျင်းပတာဖြစ်ပါတယ်။ အကောက်ခွန်ညွှန်ကြားရေးမှူး အဟ်မဒ် မဟ်ဘွဘ် မူဆာဘီက ကောဇောတွေကို ခင်းကျင်းပြသမှုဟာ DSF ကို ပြည်စုံခဲ့ပြီး လာရောက်လည်ပတ်သူတွေကို စွဲဆောင်နိုင်သလို ဒူဘိုင်းကိုလည်း ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး အချက်အခြာအဖြစ် မြှင့်တင်ပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ဇန်န၀ါရီ ၂၈ ရက်နေ့အထိ ရောင်းချမယ့် ဒီ ဒူဘိုင်းဈေးပွဲတော်မှာ လက်ရှိအချိန်အထိ ကောဇောပေါင်း ၃၀၀၊ ဒီရ်ဟမ် ၅ သန်းဖိုး ရောင်းချရပြီး ဖြစ်တယ်လို့လည်း မူဆာဘီက ဆိုပါတယ်။
    “ဒီကောဇောကြီးဟာ ပါရှားပြည်ရဲ့ ဒီဇိုင်းဆန်းသစ်မှုနဲ့ အနုပညာတွေကို ဖော်ကျူးနေပါတယ်။ ဒီကောဇောမှာ အရောင်ပေါင်း ၈၀၀ ကျော်ကို အသုံးပြုထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က အနုပညာကို ဖော်ကျူးထားတာပါ” လို့ ဒေါက်တာ ဂန်ဘာရီနီယာက ပြောကြားခဲ့ပါတယ်။
    ကောဇောရဲ့အောက်ခြေပိုင်းကို ရွှေနဲ့ယက်လုပ်ထားတာဖြစ်ပြီး အပေါ်ပိုင်းကိုတော့ ပိုးနဲ့ ရက်လုပ်ထားတာပါ။
    ဒေါက်တာကတော့ အီရန်မှာ အများစုရက်လုပ်တဲ့ ဒီကောဇောတွေဟာ စိန်တွေလို တန်ဖိုးရှိပြီး နိုင်ငံပေါင်းစုံက ၀ယ်လိုအားရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဒူဘိုင်းဈေးရောင်းပွဲတော်ကို ကျင်းပလာတာဟာ အခုဆိုရင် ၂၂ နှစ် ရှိပြီဖြစ်ပြီး Carpet Oasis ကျင်းပရေးကော်မတီက ဥက္ကဌ အဘ်ဒူလ် ရဟ်မန် အီစာက အခုနှစ်ပွဲတော်မှာ ကောဇောထုတ်လုပ်ရာမှာ နာမည်ကျော်တဲ့ ကမ္ဘာ့နိုင်ငံတွေက ရှားပါး ကောဇောများစွာကို စုဆောင်းပြသထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “လက်နဲ့ရက်လုပ်တဲ့ ကောဇောတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ပိုးသီးသန့်နဲ့ လုပ်ထားတာပါ။ တစ်ချို့ ကောဇောတွေဆိုရင် ၁၅ နှစ်လောက် ရက်လုပ်ခဲ့ရတာပါ။ လူတိုင်းအတွက် သင့်တော်ဖို့လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကောဇောရဲ့တန်ဖိုးက ဒီရ်ဟမ် ၂၀၀၀ ကနေ ၅ သန်းအထိ ရှိပါတယ်” လို့ အီဆာက ဆိုပါတယ်။
    အဲဒီ ကောဇောပြခန်းမှာ ရောင်းဖို့မဟုတ်ဘဲ ကြည့်ရှုဖို့ သီးသန့်ပြထားတဲ့ ကောဇောတွေလည်းရှိနေပြီး အဲဒီအထဲမှာ နှစ်ပေါင်း ၄၀၀ နဲ့ ၁၅၀ အသီးသီး သက်တမ်းရှိကြတဲ့ ကောဇောနှစ်ခုလည်းပါဝင်ကာ အီရန်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။
    “ကောဇောတစ်ခုက အီရန်ရဲ့ ကက်စ်ဟန်ရွာက ရက်လုပ်တာဖြစ်ပြီး လူများများလျှောက်လေလေ အရောင်ပိုတောက်လေလေပါပဲ”
    Ref : Gulfnews
  • ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့
    ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့
    ၁၉၃၆ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့၏ ဓါတ်ပုံ
    ဓါတ်ပုံ- ဦးမောင်မောင်ကြီး(မန်း)
    Image via- ကိုယ် ရံ တော် FB
  • တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ
    တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ
    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    .
    (၁၄၉၁)နှစ်မြောက် တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲ တရပ်ကို ဇန်နဝါရီ ၁၂ နေ့တွင်  ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
    .
    ပြင်ဦးလွင်မြို့နယ်လုံးဆိုင်ရာ မဟာ တမန်တော်နေ့ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီး၍ ပြင်ဦးလွင်မြို့နယ် ဗိုလ်ချုပ်လမ်း”Royal Diamond ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၃၀ ကျော် ပါဝင်၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ယခုကဲ့သို့ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရှိရသည်။
    ဓါတ်ပုံများကို Khin Mg Aye ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။
  • ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ ယမန်နေ့က ပန်ဂျပ်ပြည်နယ်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းပြည်ရှိ လူနည်းစုများအပေါ် စာနာသည့် သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။
    တောင်အာရှတွင် ဟိန္ဒူများအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ Katas Raj ဘုရားကျောင်းဖြစ်ကာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော့်ရဲ့အမြင်အရ ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ။ မွတ်စလင်၊ ဟိန္ဒူ၊ ဆစ်ခ်၊ ခရစ်ယာန်နဲ့ အခြားသော ဘာသာဝင်တွေပေါ့။ ကျွန်တော်တို့အားလုံးဟာ လူသားတွေပါပဲ” ဟု ၀န်ကြီးချုပ်က ဟိန္ဒူဘာသာရေးဆိုင်ရာ အခမ်းအနားပြီးနောက် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရစ်ယာန်၊ ဆစ်ခ်နှင့် ဟိန္ဒူခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးချုပ် ရှရစ်ဖ်က အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်၍ အမုန်းတရား ဖြန့်ဖြူးနေသူများကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။
    “ဒါမျိုးပြောဆိုတာက ဥပဒေနဲ့မညီဘူးဗျ။ ဒါမျိုး သင်ယူ၊ သင်ကြားတာတွေ မပြုလုပ်ရဘူး။ ပါကစ္စတန်ရဲ့ပုံရိပ်၊ စီးပွားရေး၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပှ်နှံမှု၊ လုံခြုံရေး စတာတွေနဲ့ ဆက်စပ်နေတယ်” ဟု ၀န်ကြီး၏ အကြံပေးတစ်ဦက ပြောကြားခဲ့သည်။
    ပါကစ္စတန်နိုင်ငံ၏ သန်း ၁၉၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူ ၃ ရာခိုင်နှုန်း ရှိနေသည်။
    Ref : Brecorder