News @ M-Media

Blog

  • ၂၀၁၆ ခုနှစ်အတွင်း မွတ်စ်လင်မ့်အခွင့်အရေးကို ခုခံကာကွယ်ပေးခဲ့ကြသူများ (၂)

    ၂၀၁၆ ခုနှစ်အတွင်း မွတ်စ်လင်မ့်အခွင့်အရေးကို ခုခံကာကွယ်ပေးခဲ့ကြသူများ (၂)

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးအတွက် ၂၀၁၆ နှစ်ပတ်လည်စလုံး ပွက်လောရိုက်စေခဲ့သူများကို ယခုအခါ တခုတ်တရ ဖော်ပြလျက် ရှိကြပါသည်။ အလားတူစွာ မွတ်စ်လင်မ်များအတွက်လည်း စိန်ခေါ်မှုများစွာ ကြုံခဲ့ကြရသည်။ ဆီးရီးယား၊ ယီမင်၊ အီရတ်ရှိ ရှေ့ဆက်ဖြစ်တည်နေသည့် ပဋိပက္ခမှသည် အမေရိကန်နိုင်ငံရွေးကောက်ပွဲဝင်သူများအထိ အရှိန်တက်လာသော အစ္စလာမ်ကြောက်ရောဂါ၏ လားရာလမ်းကြောင်းထဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်ခဲ့ရသလို ရှေ့ဆက်ကြုံနိုင်ဖွယ်လည်းရှိ၏။ မည်သို့ပင်ဆိုစေ လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ သင်းပင်းစုဖွဲ့လိုက်သော်လည်းကောင်း မွတ်စ်လင်မ်တို့နှင့်ပတ်သက်ပြီး ရပ်တည်ပေးကြသော၊ အသံထုတ်ပေးခဲ့ကြသောသူများကိုမူ အသိအမှတ်ပြုကြရပေမည်။ ဤမုန်တိုင်း၏ဒဏ်အပေါ် ကြံ့ကြံ့ခံရပ်တည်ပေးခဲ့ကြသူ အများအပြားရှိကြသည့်အနက် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသူအချို့ကို အမှတ်တရ ဖော်ပြပါမည်။

    ၃။ ဘီလ် ဒီဘလာစီယို – Bill De Blasio

    ဘီလ် ဒီဘလာစီယို

    ဘီလ် ဒီဘလာစီယို က အစ္စလာမ်ကြောက်ရောဂါတွန်းလှန်ခြင်းနှင့် အလွှာအတန်းစုံသဟဇာတဖြစ်ထွန်းရေးဆိုင်ရာ မှတ်သားစရာကောင်းလောက်သည့်စွမ်းဆောင်ချက်ခြေလှမ်းများဖြင့် ကမ္ဘာကို ဆက်လက်မီးမောင်းထိုးပြလျက်ရှိသည်။ အစ္စလာမ်ကြောက်ရောဂါကို ကိုင်တွယ်နိုင်ရန် “I am Muslim, I am NYC” (ကျွန်ုပ်သည် မွတ်စ်လင်မ်၊ ကျွန်ုပ်သည် နယူးယောက်မြို့သား)ကဲ့သို့ ကြေငြာကမ်ပိန်းမျိုးနှင့် ထိရောက်အောင် အစပျိုးမိတ်ဆက်ပေးနိုင်ခဲ့သည်။ ၎င်းနှင့်တွဲ၍ ဒီ ဘလာစီယိုနှင့် သူ့အဖွဲ့သားတို့သည် လူ့အသိုင်းအ၀ိုင်းလုံခြုံရေးနှင့် သမာသမတ်ဆက်ဆံရေးဖိုရမ်များ၊ မွတ်စ်လင်မ်လူထုကိုထည့်သွင်းထားသော ယဉ်ကျေးမှုနှင့် လူထုကြားနားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ ဘာသာရေးအရှုပ်အထွေးကာကွယ်မှုဆိုင်ရာ နှိုးဆော်အားထုတ်ချက်များကိုလည်း တိုးမြှင့်ပြုလုပ်ကြသည်။ ၎င်းအပြင် ဤမြို့တော်ဝန်သည် သူနှင့်လက်ရည်တူဖြစ်သော လန်ဒန်မြို့တော်ဝန် စဒီးက်ခန်းအား ဖိတ်ခေါ်၍ လက်တွဲညီညီ ရှေ့ဆက်ချီမည့် မြို့ပြကြီးများ ဖိုရမ်တစ်ရပ်ကိုလည်း စီစဉ်ခဲ့သေးသည်။ သူသည် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရပြီး မရှေးမနှောင်းမှာပင် အနာဂတ်အခြေအနေအပေါ် စိုးရိမ်နေကြသည့် သူများကို ဤသို့ ခေါင်းဆောင်ပီသစွာ ပြောကြားခဲ့၏ “မြို့တော်ဝန်တစ်ဦးအနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို ကတိပေးပြောဆိုပါမယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့ဆန္ဒအတိုင်း ကျွန်တော်တို့ ရှိသမျှစွမ်းရည်၊ အရာများနဲ့ ရပ်တည်သွားမှာပါ။ မွတ်စ်လင်မ်အားလုံးအပေါ် (ကန့်သတ်ဖို့)မှတ်တမ်းစာရင်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ အဲ့ဒါကို ပိတ်ဆို့ဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်သွားပါမယ်။ ဂျူးဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်စေ၊ လိင်တူစုံမက်အုပ်စုဝင်တွေဖြစ်စေ ဘယ်လူ့အဖွဲ့အစည်းကိုမဆို ဓားစာခံလုပ်မယ် သို့မဟုတ် တိုက်ခိုက်ထိပါးမယ်ဆိုရင် တိုက်ခိုက်သူများကို ကျွန်တော်တို့ ရှာဖွေပြီး လက်ရဖမ်းပါမယ်၊ သူတို့ကို တရားစီရင်ပါမယ်”။

    ၄။ မိုက်ကယ် မိုး – Michael Moore

    မိုက်ကယ် မိုး

    ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စကားအတိုင်း မွတ်စ်လင်မ်တို့အား (ကန့်သတ်ရေး)မှတ်တမ်းစာရင်းလုပ်ရပ် မွတ်စ်လင်မ်မဟုတ်သူများက အဆိုပြုလာသောအခါ အော်စကာဆုရှင် ဒါရိုက်တာ မိုက်ကယ်မိုး သည် #WeAreAllMuslims ဟူသော ကမ်ပိန်း၏ အသံထုတ်မှုအတွက် ထိပ်တန်းဦးဆောင်သူတစ်ယောက်ဖြစ်လာ၏။ သူက ဤသို့ ဖွင့်ထုတ်ရေးသားလိုက်ပါသည် “ကျွန်တော်တို့အားလုံး မွတ်စ်လင်မ်တွေပါ။ ထိုနည်းလည်းကောင်း ကျွန်တော်တို့အားလုံး မက္ကဆီကန်တွေပါ၊ ကျွန်တော်တို့အားလုံးက ကက်သလစ်ပါ၊ ဂျူးတွေပါ။ လူဖြူပါ၊ လူမည်းပါ။ ဒီအရာအားလုံးကြားမှာရှိနေတဲ့ အရိပ်အာဝါသတွေပါ။ ကျွန်တော်တို့ဟာ (မည်သည့်ယုံကြည်ချက်၊ သဘာဝတရား သို့မဟုတ်) ကိုးကွယ်ရာအရှင်သခင်ရဲ့ လက်အောက်ငယ်သားတွေပါ။ လူသားမျိုးနွယ်မိသားစုဝင်တွေပါ။ ဘာစကား ဘာလုပ်ရပ်တွေနဲ့မှ ဒီအချက်ကို တစွန်းတစ်လေးတောင် ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့များ ခင်ဗျားဟာ ဒီအမေရိကန်စည်းမျဉ်းတွေနဲ့အညီ နေထိုင်ရှင်သန်ဖို့ မနှစ်သက်ဘူးဆိုရင် ခင်ဗျားပိုင်ဆိုင်တဲ့ တာဝါအဆောက်အဦတစ်ခုခုရဲ့ နားနေခန်းကို ထွက်သွားဖို့လိုပြီ၊ အဲ့ဒီမှာထိုင်ပြီး ကိုယ်ပြောဆိုခဲ့တာတွေကို တွေးတောဆင်ခြင်ဖို့ လိုနေပါပြီ”။

    (ဆက်လက်ဖော်ပြပါမည်)

    (http://mvslim.com/ မှ 9 People Who Defended The Rights Of Muslims In 2016 ဆောင်းပါကို မင်းထွဋ်ခေါင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

    အပိုင်း (၁) 

  • ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ ဖွင့်ချခံရပြီးနောက် အစ္စရေးသံတမန်တစ်ဦး ရာထူးမှနှုတ်ထွက်

    ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ ဖွင့်ချခံရပြီးနောက် အစ္စရေးသံတမန်တစ်ဦး ရာထူးမှနှုတ်ထွက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ယူကေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဖြုတ်ချရန် ကြံစည်ခဲ့သည့် မာဆွတ်

    – ယူကေနိုင်ငံရေးတွင် ၀င်ရောက်နှောက်ယှက်ရန် ကြံစည်ခဲ့သည့် လန်ဒန်အစ္စရေးသံရုံးမှ နိုင်ငံရေးအရာရှိ ရှာအီမာဆွတ်မှာ ရာထူးမှနှုတ်ထွက်သွားခဲ့ပြီဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အစ္စရေးက ယူကေနိုင်ငံရေးတွင် ၀င်ရောက်နှောက်ယှက် ခြေထိုးမှုများကို The Lobby အမည်ရှိခေါင်းစဉ်ဖြင့် အလ်ဂျာဇီးရားသတင်းဌာက ဖော်ထုတ်မှုတွင် မာဆွတ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် ယူကေ၀ါရင့်နိုင်ငံရေးသမားများကို ဖြုတ်ချရန် ဗြိတိန် အစိုးရ၀န်ထမ်းတစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်ပြီး အလ်ဂျာဇီးရားက ၎င်းတို့နှစ်ဦး တွေ့ဆုံမှုကို လျှို့ဝှက် ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ထုတ်ပြန်မှုတွင် မာဆွတ်မှာ ရာထူးမှ ယခုသီတင်းပတ်အစောပိုင်းကတည်းက နှုတ်ထွက်သွားခဲ့ပြီဟု ပြောကြားခဲ့သည်။

    ယူကေရှိ အစ္စရေးသံရုံးကမူ မာဆွတ်၏ ထိုသို့ဆောင်ရွက်မှုမှာ လက်မခံနိုင်စရာဖြစ်ပြီး၊ ၎င်းမှာ သံတမန်မဟုတ်ဘဲ အငယ်တန်းဝန်ထမ်းသာဖြစ်ကြောင်း တင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

    The Lobby မှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုများ၊ ပါလက်စတိုင်းပြည်သူများအပေါ် ညှင်းပမ်းနှိပ်စက်မှု ပေါ်လစီများကို ယူကေနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုလျော့ကျစေရန် အစ္စရေးက ငွေကြေအင်အားသုံး၍ ၀ါဒဖြန့်မှုများ၊ ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ၊ ယူကေလူငယ် တက်ကြွလှုပ်ရှားသူများအား သိမ်းသွင်းမှုများကို ဖော်ထုတ်ထားခြင်းဖြစ်သည်။

    ၆ လတာ ကြာမြင့်ခဲ့သည့် အဆိုပါစုံစမ်းဖော်ထုတ်မှုကို ရော်ဘင်ဟု အမည်ပေးထားသည့် လျှို့ဝှက်သတင်းထောက်တစ်ဦးက ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးသမားများအတွက် ၀ါဒဖြန့်ပေးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အစ္စရေးသံရုံးတာဝန်ရှိသူများအထိ ထိုးဖောက်ဝင်ရောက် သတင်းရယူခဲ့ခြင်းဖြစ်သည်။

    အစ္စရေး၏ ထိုခြေထိုးမှုအများစုမှာ လန်ဒန်ရှိ အစ္စရေးသံရုံးက ငွေကြေးနှင့် မဟာဗျူမှာ အထောက်အပံ့များ ရရှိခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာ့ ATM အသုံးပြုမှုစာရင်းတွင် မြန်မာ အောက်ဆုံးရောက်

    ကမ္ဘာ့ ATM အသုံးပြုမှုစာရင်းတွင် မြန်မာ အောက်ဆုံးရောက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ၁၉၆၉ ခုနှစ် စက်တက်ဘာ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ စတင်အသုံးပြုခဲ့တဲ့ အလိုအလျောက် ငွေထုတ်စက် (ATM) တွေရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၅၀ အတွင်းကို ချဉ်နင်း ၀င်ရောက်လာခဲ့ပြီး နိုင်ငံပေါင်းများစွာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။

    ဒီနေ့ခေတ် ATM အများဆုံးအသုံးပြုတဲ့ နိုင်ငံတွေကို ကမ္ဘာ့ဘဏ်က စာရင်းပြုစုရာမှာ တောင်ကိုရီးယားက ထိပ်ဆုံးမှာ ရှိနေပြီး လူတစ်သိန်းအတွက် ATM ၂၇၈ လုံး ရှိနေပါတယ်။ ဒုတိယနေရာမှာ သြစတေးလျရှိနေကာ လူတစ်သိန်းအတွက် ၁၆၄ လုံး၊ တတိယနေရာက ဂျပန်က ၁၂၇လုံး၊ စတုတ္တနေရာမှာတော့ လူတစ်သိန်းမှာ ၇၉ လုံးနဲ့ ဘရူနိုင်းက ရှိနေပါတယ်။

    စင်ကာပူက ၅၉ လုံးနဲ့ ပဉ္စမလိုက်ကာ၊ မလေးရှားက ၅၁ လုံးနဲ့ ဆဌမနေရာမှာ ရှိနေပါတယ်။

    ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ တရုတ်နိုင်ငံမှာ လူတစ်သိန်းအတွက် ATM စက် ၅၅ လုံးသာ ရှိတယ်လို့ ဆိုပေမယ့်၊ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကတော့ တရုတ်ပြည်သူ ၁ သိန်းအတွက် ATM ၂၅၄ လုံး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အိန္ဒိယကတော့ အခြားသော တောင်အာရှနိုင်ငံတွေလိုပဲ ATM စက် နည်းပါးတဲ့ နိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး လူတစ်သိန်းအတွက် ၁၈ လုံးသာ ရှိပါတယ်။ ကမ္ဘာ့ ATM စက်အသုံးပြုမှုစာရင်းမှာ မြန်မာက အောက်ဆုံးဖြစ်ပြီး လူတစ်သိန်းအတွက် စက် ၁ လုံးသာ ရှိနေတာ ဖြစ်ပါတယ်။

    Ref : The Star

  • ဆီးရီးယားအစိုးရ လေတပ်စခန်းကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

    ဆီးရီးယားအစိုးရ လေတပ်စခန်းကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ဒမတ်စကတ်အနောက်ပိုင်းရှိ ဆီးရီးယားအစိုးရ၏ မက်ဇာလေတပ်စခန်းကို အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားသတင်းအေဂျင်စီ SANA က ဖော်ပြခဲ့ပြီး အစ္စရေးမှာ အကြမ်းဖက်ဝါဒကို အားပေးနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

    တိုက်ခိုက်မှုကြောင့် လေဆိပ်တွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် လက်စားချေမည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို ကိုးကား၍ အဆိုပါသတင်းဌာနက ထည့်သွင်းဖော်ပြခဲ့သည်။

    ဆီးရီးယားစစ်တပ်ကမူ အစ္စရေးမှာ နိုင်ငံမြောက်ပိုင်း တိုက်ဘရီယက်စ်ရေကန်အနီးမှ မက်ဇာလေဆိပ်ကို သောကြာနေ့မနက် ၁၂ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါလေဆိပ်မှာ ဒမတ်စကတ်ရှိ သမ္မတအိမ်တော်မှ ၅ ကီလိုမီတာအကွာအဝေးတွင် တည်ရှိသည်။

    ဆီးရီးယား ပြည်သူ့အစောင့်တပ်နှင့် အထူးတပ်ဖွဲ့များမှာ အဆိုပါလေဆိပ်တွင် တပ်စွဲထားပြီး တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုသတင်းများ ထွက်ပေါ်မလာသေးပေ။

    ထိုတိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း အစ္စရေးလေတပ်က ဆီးရီးယားရှိ အစိုးရပစ်မှတ်များကို ၂ လအတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးမှာ ယခင်ကလည်း ဆီးရီးစိုးရတပ်များကို လေကြောင်းဖြင့်လည်းကောင်း၊ ဒုံးကျည်များဖြင့်လည်းကောင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

    Ref: RT

  • မြန်မာ ၅ ဦးသတ်ခံရမှု သံသယရှိသူ မလေး ၁၅ ဦးကို ထိန်းသိမ်း

    မြန်မာ ၅ ဦးသတ်ခံရမှု သံသယရှိသူ မလေး ၁၅ ဦးကို ထိန်းသိမ်း

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇

    ပြီးခဲ့တဲ့ အပတ်က မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ယောက် အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့က မလေးရှားနိုင်ငံသား ၁၅ ယောက်ကို ထိန်းသိမ်းထားတဲ့အကြောင်း The Strait Times သတင်းစာကရေးပါတယ်။

    အသက် ၁၉ နှစ်နဲ့ ၅၀ အကြား လူ ၁၅ ယောက်ကို မြန်မာနိုင်ငံသားတွေ အတိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံအနီးမှာ မလေးရှားရဲတွေက ကြာသာပတေးနေ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ၆ ရက် ရမန်ယူ ချုပ်နှောင်မှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ဆာဒန်းမြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လက်နက်ကိုင်လူတစုက ဓားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၅ ယောက်သေဆုံးခဲ့ပါတယ်။

    ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၇ ယောက်ကိုလည်း ရဲက ဖမ်းဆီးခဲ့ပါတယ်။

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

    ဒါပေမယ့် မလေးရှားရဲတွေကတော့ ဒီ တိုက်ခိုက်မှုဟာ ရိုဟင်ဂျာကိစ္စနဲ့ မဆိုင်ဘဲ၊ နှစ်ဖက် အဖွဲ့နှစ်ခု ခိုက်ရန်ဖြစ်ပွားရာက စခဲ့တာဆိုပြီး ပြောဆိုနေပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူသည်။