News @ M-Media

Blog

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ၊ တန်ဖိုးမြင့် အိမ်ခြံမြေ၀ယ်ယူသူ နိုင်ငံခြားသားများကို နိုင်ငံသားပေးသွားမည်ဟု တူရကီက ပြောကြားလိုက်သည်။

    ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ကန်ဒေါ်လာ ၂ သန်းဖိုး ပြုလုပ်ကာ၊ အနည်းဆုံး ကန်ဒေါ်လာ ၁ သန်းဖိုး အိမ်ခြံမြေ ၀ယ်ယူသူ၊ သို့မဟုတ် ဘဏ်စာရင်း အနည်းဆုံး ကန်ဒေါ်လာ ၃ သန်း ထည့်ထားသူများမှာ တူရကီနိုင်ငံသားရမည်ဖြစ်သည်။

    တူရကီ၏ လီရာငွေကြေးမှာ အလွန်အမင်းထိုးကျနေသည့်အချိန်တွင် ယခုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လီရာမှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စံချိန်တင် ထိုးကျခဲ့ပြီး ပြီးခဲ့သည့် ၁ လအတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း မှောင်ခိုဈေးကွက်တွင် အလုပ်လုပ်နေရသည့် ကျွမ်းကျင် ဆီးရီးယားဒုက္ခသည်များအား စီစစ်မှုများ ပြုလုပ်ပြီးလျှင် နိုင်ငံသားပေးမည်ဟု ကြေငြာခဲ့သည်။

    လီရာငွေကြေး ကျဆင်းမှုမှာ ပူးပေါင်းလုပ်ကြံမှုတစ်ခုဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သူများမှာ အကြမ်းဖက်သမားများနှင့် ထူးမခြားနားဖြစ်သည်ဟု အာဒိုဂန်က ပြောကြားထားသည်။

    “လက်နက်တွေ၊ ဗုံးတွေကိုင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ဒေါ်လာ၊ ယူရိုနဲ့ အတိုနှုန်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနေတဲ့သူတွေအကြား ဘာမှ ကွာခြားမှုမရှိပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က တူရကီကို ဒူးထောက်လာစေဖို့ပါ။ သူတို့ဟာ ငွေကြေးလဲလှယ်နှုန်းကို လက်နက်သဖွယ် အသုံးချနေတာပါ” ဟု ကြာသာပတေးနေ့တွင် အာဒိုဂန်က ပြောကြားခဲ့သည်။

    တူရကီနိုင်ငံအတွင်း မတည်ငြိမ်မှုများ၊ ငွေကြေးပေါ်လစီများတွင် အာဒိုဂန်က ၀င်ရောက်စွက်ဖက်မှုများကြောင့် တူရကီနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွာလာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသည်။

    Standard and Poor နှင့် Moody တို့က တူရကီ၏ အကြွေးအတွက် ယုံကြည်စိတ်ချရမှုအညွှန်းကိန်း (credit rating) ကို လျှော့ချခဲ့သည်။

    Ref: Arab News

  • ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    ဒုက္ခသည် သားအဖနှစ်ဦးအား လက်ဇ်လိုက ခြေထိုးခံခဲ့စဉ်

    – ၂၀၁၅ ခုနှစ်က နယ်စပ်တွင်ရှိနေသည့် ဒုက္ခသည်များအား ရဲတပ်ဖွဲ့က တားဆီးမှုအတွင်း ဒုက္ခသည်များကို ခြေထောက်ဖြင့် ကန်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီတရားရုံးက ၃ နှစ် ခံဝန်ဖြင့်နေထိုင်ရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    ရုပ်သံသတင်းထောက် ပီထရာ လက်ဇ်လိုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ဇီဂဒ်မြို့ရှိ တရားရုံးကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ပါဝင်ခဲ့ကာ တရားရုံးအမိန့်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် လက်ဇ်လိုမှာ ရဲများက လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးရသည့် ဆီးရီးယားဒုက္ခသည်များမှ အမျိုးသမီးငယ်တစ်ဦး အပါအ၀င် နှစ်ဦး ကိုခြေထောက်ဖြင့် ကန်ကျောက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကလေးငယ်တစ်ဦးကို ချီထားသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ခြေထိုးခံခဲ့သည်။

    တရားရုံးကမူ မိမိတို့အနေဖြင့် သူမ၏ အဖြစ်အပျက်တစ်ခုချင်းစီကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ဇ်လို၏လုပ်ရပ်မှာ လူမှုကျင့်ဝတ်နှင့်မညီဟု ဆုံးဖြတ်ခဲ့သည်။ လက်ဇ်လိုကမူ မိမိမှာ မိမိကိုယ်ကို ခုခံကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ချေပခဲ့သော်လည်း တွေ့ရှိရသည့် အထောက်အထားများက ထိုချေပမှုနှင့် အံဝင်မှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    လက်ဇ်လို၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ ထွက်လာခဲ့ပြီးနောက် ၎င်းအလုပ်လုပ်နေသည့် N1TV ရုပ်သံလိုင်းက သူမအား အလုပ်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းသားကလေးများအား အဓမ္မဘာသာပြောင်းခိုင်းသည့် ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ် ဖြိုခွင်း

    တိုင်းရင်းသားကလေးများအား အဓမ္မဘာသာပြောင်းခိုင်းသည့် ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ် ဖြိုခွင်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ရဲတပ်ဖွဲ့က ကယ်တင်ခဲ့သည့် တိုင်းရင်းသားကလေးများ

    – လူနည်းစု လူ့အဖွဲ့အစည်း၏ ဆင်းရဲသောမိသားစုမှ ကလေးငယ်များကို ဖမ်းဆီးကာ အဓမ္မဘာသာပြောင်းခိုင်းသည့် ရာဇ၀တ်ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်ဟု သိရသည်။

    Machiavellian ဂိုဏ်းဖြစ်ပြီး လွန်ခဲ့သည့် ၇ နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့က ၎င်းတို့ထံမှ ကလေးငယ် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။

    စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့အဖွဲ့မှာ ဝေးလံခေါင်ဖျားသော ဒေသများရှိ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းများမှ ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ ချဉ်းကပ်၍ ငွေကြးအထောက်ပံ့များ၊ မက်လုံးများပေးကာ ကလေးများကို ခေါ်ယူခြင်းဖြစ်သည်။

    ထိုနောက် အဆိုပါဂိုဏ်းမှာ ကလေးများကို နိုင်ငံတစ်ဝှမ်းရှိ မဒ်ရာဆာများသို့ ပို့ဆောင်ကာ မိသားစုများကို အသိမပေးဘဲ ကလေးမျာအား ဘာသာပြောင်းပစ်ကြသည်။

    တနင်္ဂနွေနေ့က နိုင်ငံအရှေ့တောင်းပိုင်း ဘန်ဒါဘန်ခရိုင်ရှိ ဟိုတယ်တစ်ခုကို ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်းခဲ့ပြီး တိုင်းရင်းသားကလေးငယ် ၄ ဦးကို ကယ်တင်ခဲ့သည်။ စီးနင်းမှုအတွင်း လူ ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည်။

    အဆိုပါ ကလေးလူကုန်ကူးဂိုဏ်း ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကည်း ဘန်ဒါဘန်တွင် ဗုဒ္ဓဘာသာဝင်ကလေးငယ် ၃၃ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကာ လူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလတွင်လည်း တိုင်းရင်းသား ကလေးငယ် ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

    ၂၀၁၃ ခုနှစ်က တိုင်းရင်းသား ကျောင်းသားတက်ကြွလှုပ်ရှားသူများမှာ ဒါကာရှိ ဘတ်စ်ကားဂိတ်တစ်ခုတွင် ထရီပူရာ ကလေးငယ် ၆ ဦးကို အသီးသီး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့မှာ ချင်မ်ဘွတ်မြို့မှ ပီရ်ရို့ဂ်ျပူးရ်ရှိ မဒ်ရာဆာသို့ ပို့ဆောင်ခံရသည့် ကလေးငယ် ၁၉ ဦးအုပ်စုတွင် ပါဝင်သည်။ ကျန် ၁၃ ဦးကိုမူ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကယ်ဆယ်ပေးခဲ့သည်။

    ဘန်ဒါဘန်ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဆန်ဂျစ် ကူးမားရ်က ဘင်္ဂလားဒေ့ရှ်တွင် လူကုန်ကူးသူများက ဆင်းရဲနွမ်းပါးသော မိသားစုများထံ ချဉ်းကပ်၍ ဖျားယောင်းသိမ်းသွင်းကာ ကလေးငယ်များအား ခေါ်ဆောင်မှုမှာ အမြဲလိုလိုဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Dhakatribune

  • ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ပရဟိတအသင်းအဖွဲ့ အမျိုးမျိုးအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေး တူရကီအဆိုတော် အာရ်ဆင် ဖိုက်ဇာဒီမှာ ကမ္ဘာတစ်ဝှမ်းတွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံတွင်လည်း ဖျော်ဖြေမှုပြုလုပ်မည်ဟု သိရသည်။

    “ဒီရှိုးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ပညာရေးအတွက် ထောက်ပံ့ပေးဖို့ပါပဲ” ဟု မြို့တော် အစ္စလာမ်မာဘတ်ရှိ စာသင်ကျောင်းများသို့ ယမန်နေ့က လည်ပတ်စဉ်အတွင်း ဖိုက်ဇာဒီက ပြောကြားခဲ့သည်။

    Diamond of Turkey (တူရကီမှ စိန်တစ်ပွင့်) ဟု ကျော်ကြားသည့် ဖိုက်ဇာဒီမှာ နိုင်ငံတကာ ချစ်ကျည်ရေးသံတမန်တစ်ဦး၊ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

    “ပါကစ္စတန်အတွက် ကျွန်တော့်ရဲ့ ခံစားရမှုက ပြောစရာစကားလုံးတောင် မရှိပါဘူး။ ဒါပေမယ် ကျွန်တော့်ကို ချစ်တဲ့၊ အားပေးတဲ့ ပါကစ္စတန်ကို ကျေးဇူးတင်ပါတယ်လို့တော့ ကျွန်တော် ပြောလို့ရပါတယ်” ဟု ဖိုက်ဇာဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Tha Nation

  • ဆရာလေး ကေတုမာလာ (သို့) သာသနာ့ဘောင်မှ မဟာဖိုဝါဒကို တွန်းလှန်နေသူ

    ဆရာလေး ကေတုမာလာ (သို့) သာသနာ့ဘောင်မှ မဟာဖိုဝါဒကို တွန်းလှန်နေသူ

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ဆရာလေး ကေတုမာလာ

    – မြန်မာနိုင်ငံတွင် သီတင်းသုံးနေထိုင်ကြသည့် သီလရှင်အရေအတွက်မှာ ၆ သောင်းဝန်းကျင်ရှိသည်။ ဦးပြည်ခေါင်းတုံးတုံး၍ သာသနာ့ဘောင်ဝင်ကြသည့် အဆိုပါ ဘိက္ခုနီ (ရဟန်းမ) များက အမျိုးသားရဟန်းများနှင့် တန်းတူအဆင့်ရှိသည်ဟု သတ်မှတ်ခြင်းမခံရ။

    ထေရ၀ါဒ ဗုဒ္ဓသာသနာထွန်းကားသော မြန်မာနိုင်ငံတွင် ပြည်သူများက ဘုန်းကြီးရဟန်းများကို ဘတ်စ်ကားပေါ်တွင် နေရာဖယ်ပေးခြင်း၊ လမ်းမများတွင် လက်စုံမိုး၍ ရှိခိုးကန်တော့ခြင်း၊ နေ့စဉ် ဆွမ်းကွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုကြသည်။ သို့သော်လည်း ‘ရဟန်းမ’ ဟုခ်ါသည့် သီလရှင်များကတော့ တရားဓမ္မကို တရားဝင်သင်ယူခြင်း ပိတ်ပင်ခံထာရပြီး၊ အရာသွင်းခြင်းလည်း မခံရ။ နိုင်ငံအတွင်း ထင်ရှားသည့် ဆရာလေး ကေတုမာလာကတော့ အဆိုပါ အစွဲများကို ချေဖျက်နေသည်။

    “ဆရာလေးတို့ ရင်ဆိုင်ကြတာပေါ့လေ။ မြန်မာနိုင်ငံမှာ မဟာဖိုဝါဒက ကြီးစိုးပြီး၊ ယောင်္ကျားတွေကသာ သြဇာရှိတော့ သသနာ့ဘောင်မှာလည်း အမျိုးသားတွေကသာ လွှမ်းမိုးပါတယ်။ မဟာဖိုဝါဒက ဒီမှာ တအားအမြစ်တွယ်နေပြီ” ဟု သက်တော် ၃၆ နှစ်ရှိပြီဖြစ်သည့် ဆရာလေး ကေတုမာလာက မိန့်ကြားခဲ့သည်။

    ဓမ္မစကူးလ်ဖောင်ဒေးရှင်းကို တည်ထောင်သူဖြစ်သည့် ဆရာလေးမှာ မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ဗုဒ္ဓသာသနာ၏ အဆုံးအများကို ထည့်သွင်း သင်ကြားရာ၌ အောင်မြင်မှု သိသိသာသာ ရရှိခဲ့သည်။ ဆရာလေး၏ အဆိုပါ ဖောင်ဒေးရှင်းက နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်း ထောင်ပေါင်းများစွာနှင့် ကွန်ယက်ချိတ်ဆက်ထားပြီး၊ ကျောင်းသူကျောင်းသားပေါင်း သန်းဝက်ခန့်က အကျိုးခံစားနေရသည်။ ဆရာလေး ကေတုမာလာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်ကပင် သတိထားမိခဲ့ပြီး မကြာသေးမီက ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။ ဆရာလေးမှာ ကမ္ဘာတစ်ဝှမ်း ဗုဒ္ဓတရားတော်များကို ဟောပြောပို့ချလေ့ရှိပြီး လူကြိုက်များသည်။

    ဆရာလေးကေတုမာလာက အသက် ၁၃ နှစ်အရွယ်တွင် ကြုံတွေ့ခဲ့ရသည့် ကျား၊ မ ခွဲခြားမှုကို ပြန်ပြောင်းပြောပြခဲ့သည်။ သူမ၏ မွေးရပ်မြေ မော်လမြိုင်တွင် ဦးလေးနှင့် ၀မ်းကွဲအစ်ကိုတို့က ပဉ္စင်းတက်သည့်အချိန် သူမအပါအ၀င် မိသားစုအတွင်းရှိ အမျိုးသမီးများမှာ ဘုန်းကြီးကျောင်းရှိ ပဉ္စင်းခံသည့် နေရာသို့ ၀င်ရောက်ခွင့်မရခဲ့။

    “ဆရာလေးတို့ဟာ အမျိုးသားတွေနဲ့ မတူညီပါလားဆိုပြီး ပထမဆုံး ခံစားခဲ့ရပါတယ်။ နောက် ‘ယောက်ျားတွေက ဒါမျိုးလုပ်နိုင်ပြီး ငါတို့ကတာ့ ဘာဖြစ်လို့ မလုပ်နိုင်တာလဲ’ ဆိုပြီး ဆရာလေး တွေးခဲ့ပါတယ်”

    ဖားအောက်တောရတရားစခန်းတွင် သီတင်းသုံးခဲ့သည့် ဆရာလေးမှာ ထိုအဖြစ်အပျက်နောက်ပိုင်း နှစ်အတော်ကြာသည်အထိ သာသနာ့ဘောင်အတွင်း ကျား၊ မခွဲခြားမှုကို မကြုံရတော့။ အမြင်ကျယ်သည့် ကျောင်းထိုင်းဘုန်းတော်ကြီးကြောင့် အဆိုပါတရားစခန်း၌ အမျိုးသမီးများ အလိုရှိရာနေရာသို့ သွားလာနိုင်ကြသည်။ ယခုအချိန်တွင်တော့ ဖားအောက်တောရ တရားစခန်းမှာ ဆရာလေး ကေတုမာလာအတွက် သီတင်းသုံးရာနေရာ ဖြစ်နေပြီဖြစ်သည်။ ဆရာလေးမှာ ယောဂီဝတ်စုံဝတ်သည်။ မြန်မာနိုင်ငံရှိ နာမည်ကျော် ရဟန်းသံဃာများက အဆိုပါ ယောဂီဝတ်စုံကို လက်ခံသော်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူကြသည်။

    “သံဃာတွေကို လျှောက်တင်တဲ့အခါမှာ အလိမ္မာလေးသုံးပြီး ချက်ကျလက်ကျ လျှောက်တင်ရတယ်။ တစ်ချို့ သံဃာတွေက ကျား၊ မ ခွဲခြားမှုအကြောင်းပြောရင် သူတို့ကို ပြိုင်ချင်တယ်လို့ ထင်ကြပါတယ်။ အဲဒီအခါကျရင် ဆရာလေးက ‘ဒါ ဘုန်းဘုန်းတို့ကို ပြိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်ပါ ဘုရား’ လို့ ပြန်လျှောက်ရပါတယ်” ဟု ဆရာလေးက ဆိုပြီး ဘုန်းကြီးများနှင့် တွေ့ဆုံသည့်အခါတွင် မိမိတို့က ဦးချရကာ ၎င်းတို့ထက် နိမ့်သည့်နေရာတွင် ထိုင်ရသည်ဟုလည်း ဖွင့်ဟခဲ့သည်။

    ‘ဘိက္ခုနီသံဃာ’ စနစ် ပြန်လည် ပေါ်ပေါက်လာမည်ကို သံဃာများက ကြောက်ရွံ့ကြသည်ဟုလည်း ဆရာလေးက ဆိုသည်။ အမျိုးသမီးများအား ရဟန်းပြုခွင့်ပေးသည့်အဆိုပါ ‘ဘိက္ခုနီသံဃာ’ စနစ်မှာ မြန်မာနှင့် အခြားသော ထေရ၀ါဒနိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အရင်ကပင် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ ပညတ်များအရ ဘိက္ခုနီဖြစ်ချင်သော အမျိုးသမီးမှာ ဘိက္ခု (အမျိုးသားရဟန်း)၊ ဘိက္ခုနီ (အမျိုးသမီးရဟန်း) နှစ်ဦးလုံးတွင် ရဟန်းခံရမည်ဖြစ်သောကြာင့် ဘိက္ခုနီသံဃာစနစ် ကွယ်ပျောက်ခဲ့ပြီးနောက်ပိုင်း ထေရ၀ါဒဗုဒ္ဓဘာသာတွင် အမျိုးသမီးများမှာ ရဟန်းဖြစ်ခွင့် မရတော့။

    တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်တို့ကဲ့သို့ မဟာယန ဗုဒ္ဓဘာသာနိုင်ငံများတွင် ဘိက္ခုနီသံဃာစနစ်က တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သည်။ ထေရ၀ါဒနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံတွင်လည်း ဘိက္ခုနီ သံဃာစနစ်မှာ ပြန်လည်စတင်နေသည်။ သို့သော်လည်း ဘိက္ခုနီသံဃာစနစ်ကို မြန်မာနိုင်ငံတွင် ဟ,လို့မရဟု ဆရာလေးက ပြောကြားခဲ့သည်။

    ဆရာလေးက အသိ၊ သတိပြတ်သူမဟုတ်။ ယခင် အာဏာရှင်စနစ်တွင် နိုင်ငံရပ်ခြား၌ ဘိက္ခုနီအဖြစ်ခံယူသော အမျိုးသမီးများ မြန်မာနိုင်ငံပြန်လာသည့်အခါ ထောင်ချခံရသည်ကိုလည်း ဆရာလေးက သိနေသည်။

    “ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လိင်ခွဲခြားမှုအကြောင်း ပြောတာဟာ သိပ်တော့မလွယ်ဘူးပေါ့။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အချိန်ကာလ တရားဒေသနာ ဟောကြားတဲ့အခါမှာ တစ်ဖက်မှာ အမျိုးသားရဟန်းတွေရှိပြီး၊ တစ်ဖက်မှာ အမျိုးသမီးရဟန်းတွေ ရှိပါတယ်။ ဘုရားက တန်းတူညီမျှထားခဲ့တယ်”ဟု ဆရာလေးက ပြောကြားခဲ့သည်။

    ဆရာလေး ကေတုမာလာအတွက် ထိုကဲ့သို့ တန်းတူညီမျှရှိမှုက အလွန်ဝေးကွာနေသေးသည်ဟု အထင်ရောက်စေသည့် အဖြစ်အပျက်တစ်ခုရှိပြီး၊ တရားဒေသနာဟောကြားမှုတစ်ခုတွင် ဘုန်ကြီးတစ်ပါးနှင့် အခြေအတင်ပြောဆိုရခြင်းဖြစ်သည်။ အဆိုပါ ဘုန်းကြီးက ကုသိုလ် ရသည့်ဖြစ်စေ မရသည်ဖြစ်စေ လူသားအားလုံးအပေါ် မေတ္တာထားရမည်ဆိုသည့် ဗုဒ္ဓ၏ အယူအဆကို မယုံကြည်ဟု ပြောကြားခဲ့သည်။

    “ဒါက မှားတယ်လေ။ ရဟန်းတစ်ပါးအနေနဲ့ ဒီလို မပြောရဘူး။ ဘုရားကလည်း ဒီလိုမျိုး ဘယ်တုန်းကမှ မဟောခဲ့ဘူး။ လူသားအားလုံးအပါ် မေတ္တာထားဖို့ပဲ ပြောခဲ့တာပါ”

    သို့သော်လည်း ထိုကိစ္စက သာမန် အမြင်မတူခြင်းဆိုသည်ထက် ပို၍ နက်ရှိုင်းခဲ့ပုံရသည်။

    “သီလရှင်တစ်ပါးက အပေါ်ရောက်နေပြီး၊ သူက ပရိတ်သတ်ထဲမှာ ရှိနေတဲ့အတွက် ဒီကိုယ်တော် သဘောသိပ်မကျဘူးလို့ ဆရာလေးထင်တယ်လေ။ မြန်မာနိုင်ငံက မဟာဖိုဝါဒ ကြီးစိုးတဲ့ နိုင်ငံပါ။ ဘုန်းကြီးတွေက အမြဲတမ်း နေရာပိုရပါတယ်”

    ထိုအဖြစ်အပျက်မှာ သတင်းစာများနှင့် ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားသည်။

    သီလရှင်ဆိုသည်က သိက္ခာပုဒ်များကို ပိုင်ဆိုင်သူ၊ စောင့်ထိန်းသူဟု အဓိပ္ပါယ်ရသည်။ ပရိသတ်ထဲမှ ဘုန်းကြီးတစ်ပါးကို ဆရာလေးကေတုမာလာ၏ တည်တည်ငြိမ်ငြိမ်ဖြင့် မေတ္တာရှေ့ထား တုန့်ပြန်မှုမှာ ‘သီလရှင်’ ဆိုသည့်ဂုဏ်ပုဒ်နှင့် ကိုက်ညီနေသည်။ သို့သော်လည်း သီလရှင်များကတော့ အရေးပေးခြင်းမခံရ။

    “သီလရှင်တွေလို့ အခေါ်ခံရပေမယ့် လူ့အဖွဲ့အစည်းမှာ သူတို့ဟာ လေးစားမှု မရကြပါဘူး။ ပိုက်ဆံမရှိတာ၊ ဒါမမှဟုတ် မိသားစုမရှိတာလို ဒုက္ခတွေကြောင့် မိန်းကလေးတွေက သီလရှင် ၀တ်ကြတယ်လို့ လူတော်တော်များများက ထင်နေကြပါတယ်” ဟု ဆရာလေးက ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုသို့သောအမြင်များကို ပြောင်းလဲရခြင်းမှာ လွယ်ကူသည့်အလုပ်မျိုးမဟုတ်၊ ဆရာလေးကေတုမာလကတော့ ထိုအခြေအနေမျိုးအတွက် တိုက်ပွဲဝင်သွားရန် သန္ဓိဌာန်ချထားလေသည်။

    “မြန်မာပြည်သူတွေက အခုအချိန်မှာ အမျိုးသမီးအခွင့်အရေးအပေါ် ပိုပြီး စိတ်ဝင်စားလာပါပြီ။ သီလရှင်တွေဟာလည်း အမျိုးသမီးတွေပါပဲ။ သူတို့ဟာ ရုန်းကန်နေရတယ်။ ဘာသာရေးကဏ္ဍမှာလည်း ခွဲခြားခံနေရပါတယ်။ လူ့အဖွဲ့အစည်းက သီလရှင်တွေကို မေ့နေကြပါတယ်။ ဒ့ါကြောင့် အခြားအမျိုးသမီးတွေအနေနဲ့ သီလရှင်တွေကို သတိရစေချင်ပါတယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်က ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ ဆရာလေးတို့ ပြရမယ်။ လူတွေက ဒါကို လက်ခံလာရင် ဆရာလေးတို့ နောက်ထပ်တော်တော်များများကိုလည်း လုပ်နိုင်လာပါလိမ့်မယ်”

    Ref : Tricycle

    (Tricycle တွင် ဖော်ပြထားသည့် Meet Burma’s Feminist Buddhist Nun ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)