News @ M-Media

Blog

  • ဆရာတော် Phra Thep Seelawisuth (သို့) ဗုဒ္ဓသာသနာ၏ မေတ္တာတရားဖြင့် ထိုင်းပြည်သူများကို အေးချမ်းစေသူ

    ဆရာတော် Phra Thep Seelawisuth (သို့) ဗုဒ္ဓသာသနာ၏ မေတ္တာတရားဖြင့် ထိုင်းပြည်သူများကို အေးချမ်းစေသူ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    narathiwat
    ဆရာတော်ကြီး Phra Thep Seelawisuth က မွတ်စလင်ပြည်သူများအား လိုက်လံတွေ့ဆုံ နှုတ်ဆက်စဉ်

    – စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘုန်းကြီကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ပြည်သူ စုစုပေါင်း ၃၀၀၀ ခန့် စုရုံးခဲ့ကြပြီး ၎င်းတို့အကြား သဟဇာတဖြစ်မှုနှင့် ၎င်းတို့အား ကူညီဖေးမ ပေးခဲ့သည့် သံဃာတော်တစ်ပါး၏ ကျေးဇူးကို ဖော်ကျူးရန်ဖြစ်သည်။

    နရာသီဝပ်ပြည်နယ် ဆွန်ဂိုင်းပဒီ ခရိုင်ရှိ Wat Prachum Cholthara ဘုန်းကြီးကျောင်းတွင် ထိုသို့ စုရုံးသည့် အခမ်းအနားမှာ ဆရာတော်ကြီး Phra Thep Seelawisuth ၏ သက်တော် ၇၉ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားဖြစ်ပြီး တောင်ပိုင်းပြည်နယ်များမှ အစိုးရတာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

    နှစ်စဉ်ပြုလုပ်သည့် အဆိုပါ မွေးနေ့မင်္ဂလာအခမ်းအနားတွင် မွတ်စလင်ရိုးရာ အစားအသောက်များအပါအ၀င် အစားအသောက်၊ အ၀တ်အထည်၊ သစ်သီးဝလံမျိုးစုံ ခင်းကျင်းရောင်းချသည့် ပွဲဈေးတစ်ခုလည်း ပါဝင်ကာ မလေးရှားမှ မွတ်စလင်ခရီးသွားများပင် ထိုပွဲတော်သို့ တကူးတက လာရောက်ကြသည်။ အခမ်းအနားတွင် ဒေသတွင်းမှ ကျောင်းသားပေါင်း ၄၀၀ ခန့်ကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပြီး၊ ဒေသခံများကလည်း ဘုန်းတော်ကြီးများအား လှူ ဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြသည်။

    ထိုအခမ်းအနားက ဆရာတော်ကြီး Phra Thep Seelawisuth ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြိုးပမ်း အားထုတ်မှုများ၏ အသီးအပွင့်ကို မီးမောင်းထိုးပြနေသည်။ တောင်ပိုင်းခွဲထွက်ရေး ပြဿနာကြောင့် လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားနေရသော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ပြည်သူလူထုအား ကူညီလိုသည့် စိတ်ဆန္ဒကြောင့် ဆရာတော်ကြီးမှာ လွန်ခဲ့သည့် ၁၀ နှစ်အရင်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်ငန်းကို စတင်ပြုလုပ်ခဲ့သည်။

    ဆရာတော်ကြီးမှာ ရန်ပုံငွေရှာကာ တမ်ဘွန် ဆွန်ဂိုင်းပဒီတွင် မြေနေရာအများအပြားကို ၀ယ်ယူခဲ့ပြီး ရွာတည်ကာ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကို လာရောက်နေထိုင်စေခဲ့သည်။

    Ban Chalerm Prakiat ဟု အမည်ပေးထားသည့် ထိုရွာလေးက လူ့အဖွဲ့အစည်းနှစ်ခုမှာ သဟဇာတဖြစ်စွာ နေထိုင်နိုင်သည်ကို သက်သေပြနေခြင်းလည်း ဖြစ်သည်။ မတူကွဲပြားမှုများကို ဘေးဖယ်ကာ ထိုင်းပြည်သူများအကြား နားလည်မှုရရှိရေးကို အကူအညီဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆရာတော်ကြီး Phra Thep Seelawisuth က ဒေသတွင်းပဋိပက္ခများကို မကြာခဏ ကြားဝင်ဖြေရှင်းပေးလေ့လည်း ရှိပေသည်။

    Ref : Bangkokpost

  • ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၄၈ သင်း ၀င်ပြိုင်ရမည်

    ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၄၈ သင်း ၀င်ပြိုင်ရမည်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    fifa-2
    ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနို

    – ၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များကို ၄၈ သင်းဖြင့် ကျင်းပသွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်ပြီး လက်ရှိ ၃၂ သင်းတွင် ၁၆ သင်း ပေါင်းထည့်ခဲ့ခြင်းဖြစ်သည်။

    ၃ သင်း ၁၆ အုပ်စုပါဝင်မည့် အဆိုပါ အစီအစဉ်မှာ ဥက္ကဌ ဂီယန်နီ အင်ဖန်တီနို နှစ်သက်သည့် အစီအစဉ်ဖြစ်ပြီး ယနေ့ ဖီဖာကောင်စီတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။ အန်ဖန်တီနိုမှာ ဖီဖာဥက္ကဌအဖြစ် ရွေးကောက်ပွဲ ၀င်စဉ်က ၎င်းအနေဖြင့် ကမ္ဘာ့ဖလား အသင်းအရေအတွက်ကို တိုးချဲ့သွားမည်ဟု ကတိပေးခဲ့သည်။

    ၂၀၂၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲမှာ မြောက်အမေရိကတွင် ပြုလုပ်ရန်ရှိနေပြီး ယခုကဲ့သို့ အသင်းတိုးချဲ့သည့် အစီအစဉ်ကြောင့် ယခင် ၆၄ ပွဲနေရာတွင် ပွဲ ၈၀ ဖြစ်လာမည်ဖြစ်သည်။

    ၂၀၁၈ ခုနှစ် ရုရှားတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာဖလားပြိုင်ပွဲအတွက် မျှော်မှန်းဝင်ငွေမှာ ၅.၅ ဘီလီယံရှိပြီး ယခု အစီအစဉ်သစ်ကြောင့် ထုတ်လွှင့်ခွင့်နှင့် စပွန်ဆာကြေးမှ အပိုဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ၊ လက်မှတ် ပိုမိုရောင်းချရမှုဝင်ငွေများ တိုးလာမည်ဟု မျှော်မှန်းထားသည်။

    တိုက်ကြီး ၆ တိုက်မှာ တိုးချဲ့လိုက်သည့် အသင်းအရေတွက်ထဲမှ နေရာမည်မျှ ရမည်ဆိုသည်ကို မေလတွင်မှ သိရမည်ဖြစ်သည်။ ဥရောပကမူ ၀င်ရောင်ယှဉ်ပြိုင်ခွင့်ရမည့် အရေအတွက်ကို ၁၆ သင်းအထိ လိုချင်နေသည်။

    ၁၉၉၄ ခုနှစ် အမေရိကန်ကမ္ဘာဖလားနောက်ပိုင်း မြောက်အမေရိကတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ထပ်မံ ကျင်းပခွင့် မရသေးသောကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲကို မြောက်အမေရိကတိုက်တွင် ကျင်းပရန် အလားအလာ ပိုများနေသည်။

    Ref: Aljazeera

  • “မတူကွဲပြားမှုရဲ့ အားဖြင့်သာ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်” (Quote)

    “မတူကွဲပြားမှုရဲ့ အားဖြင့်သာ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်” (Quote)

    aung-san-su-kyi-33

    မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။

    မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီးမှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။

    ဒေါ်အောင်ဆန်းစုကြည်
    ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သြစတြေးလျခရီးစဉ်မှ ကောက်နှုတ်ချက်

     

  • လူမျိုး၊ဘာသာ ခွဲခြားဆက်ဆံမှု အပါအဝင် လဝကဝန်ထမ်းများ ပြုပြင်ရမည့် အချက် ၃၀ ညွှန်ကြား

    လူမျိုး၊ဘာသာ ခွဲခြားဆက်ဆံမှု အပါအဝင် လဝကဝန်ထမ်းများ ပြုပြင်ရမည့် အချက် ၃၀ ညွှန်ကြား

    100-days-2

    လ၀က ၀န်ထမ်းများအနေဖြင့် ပြည်သူများထံမှ ငွေကြေး တောင်းခံခြင်း ကိစ္စအပါအ၀င် စည်းကမ်းလိုက်နာမှု အားနည်းသည့် အချက်များ ပြုပြင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အချက် ၃၀ ပါသည့် ညွန်ကြားချက်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

    ၁။ တိုက်နယ်မှူးများမှ ကာယကံရှင်အား မြို့နယ်မှူးများနှင့်တွေ့ခွင့်မပေးခြင်း။

    ၂။ မြို့နယ်မှူးများမှလည်း အတွေ့မခံခြင်း။

    ၃။ ကာယကံရှင်အား အမှုအကြောင်းအရာနှင့် လိုအပ်ချက်များကို ရှင်းလင်းပြသမှုမရှိခြင်း။

    ၄။ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှု မရှိခြင်း၊

    ၅။ လာရောက် လျှောက်ထားသူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်း။

    ၆။ ကာယကံရှင်များထံမှ တန်ဖိုး လက်ဆောင်ရယူလိုစိတ်ရှိနေခြင်း။

    ၇။ ကာယကံရှင်မှ စတင်လျှောက်ထားသည့်နေ့အား အမှုတွဲစတင်စာရင်းသွင်းသည့်နေ့ သတ်မှတ် ရမည်ဖြစ်သော်လည်း မသတ်မှတ်ဘဲထားရှိခြင်း။

    ၈။ အချို့တိုက်နယ်မှူးများမှ အမှုတွဲများအား ရုံးတွင်စာရင်းမသွင်း မှတ်ပုံမတင်ဘဲ ၎င်း၏နေအိမ်ထားခြင်း နေအိမ်တွင် အမှုတွဲတည်ဆောက်နေခြင်း။

    ၉။ အချို့တိုက်နယ်မှူးများသည် မပြည့်စုံသောအမှုတွဲအား လက်ခံမထားဘဲ လာရောက်လျှောက်ထားသည့် ကာယကံရှင်ထံပြန်ပေးထားခြင်း။

    ၁၀။ အမှုတွဲအတွက် လိုအပ်သည် အထောက်အထားများကို မိမိရုံးဌာနအချင်းချင်း တောင်းယူမည်ဖြစ်သော်လည်း ကာယကံရှင်အား စေလွှတ်ယူခိုင်းခြင်းဖြင့် အမှုတွဲများ ကြန့်ကြာနေခြင်း။

    ၁၁။ တောင်းခံချက်အရ လိုအပ်သည့်အထောက်အထား ထုတ်ပေးရမည့်မြို့နယ်ရုံးသည် ရုံးအချင်းချင်း ရုံးစာဖြင့်ပေးပို့ရမည် ဖြစ်သော်လည်း ကာယကံရှင်ဖြင့် လက်ဝယ်ပေးပို့ခိုင်းရသဖြင့်  ကာယကံရှင်မှ ၎င်းစာရွက်စာတမ်းများအား မိတ္ထူကူးယူထားခြင်း မိမိဌာန၏ စာရွက်စာတမ်း၊  လုံခြုံရေး ကျိုးပေါက်နေခြင်း။

    ၁၂။ လာရောက်လျှောက်ထားသည့် ကာယကံရှင်များနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ အတိအကျယူမထားခြင်း။

    ၁၃။ အမှုတွဲများနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများတွင် မိမိဝန်ထမ်းများ လက်မှတ်ရေးထိုးရာတွင် ရက်စွဲတပ်မထားခြင်း။

    ၁၄။ အချို့ဝန်ထမ်းများသည် ငွေမရပါက အမှုတွဲများအား သိမ်းထားခြင်း၊ မကြာ ကြာအောင်ပြု လုပ်ခြင်း။

    ၁၅။ အချို့ ခရိုင်/မြို့နယ်ရုံးများတွင် အမှုကိစ္စ လာသည့်ကာယကံရှင်များအား ရုံးအတွက်ရန်ပုံငွေ ထည့်သွားရန် မသင့်မလျော် ပြောကြားခြင်း၊ ကာယကံရှင်မှ ရန်ပုံငွေ ၁၀၀၀ိ/ ကျပ်ထည့်ပါက နည်းသည် ထပ်ထည့်ပါဦးဟု ပြောဆိုသည့်ဝန်ထမ်းများ ရှိကြောင်း ကြားသိနေရခြင်း။

    ၁၆။ မြို့နယ်ဦးစီးမှူးများမှ ၎င်းနှင့် အဆင်ပြေသည့် ဝန်ထမ်းများကို ကောင်းသည့်တိုက်နယ်များ/ ရပ်ကွက်များ ပေးထားခြင်း။

    ၁၇။ ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူးများမှ ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကို    သာ တာဝန်ပေးဆောင်ရွက်ခိုင်းထားခြင်း၊ ဝင်လာသည့်အမှုတွဲများမှာ ရုံးလုပ်ငန်းစနစ်အရ မှတ်ပုံတင်ခြင်းမပြုလုပ်ဘဲ ၎င်းဝန်ထမ်းများမှ ကိုယ်တိုင်ဆောင်ရွက်၍  ကိုယ်တိုင် မြို့နယ်မှူးများထံ တိုက်ရိုက်တင်ပြနေခြင်းဖြင့် ရုံးလုပ်ငန်းသမားစဉ်များ ပျက်ပြားနေခြင်း။

    ၁၈။ အချို့ရုံးများတွင် တင်ပြလာသည့်အမှုတွဲများတွင် ပိုက်ဆံထည့်ထားသောစာအိတ်ကြား ညှပ် ပါရှိမှ ၎င်းအမှုတွဲအား လက်ခံဆောင်ရွက်ခြင်း။

    ၁၉။ အမှုတွဲ မှတ်ပုံတင်စာရင်းစာအုပ် မထားရှိခြင်း။

    ၂၀။ နေ့အလိုက်လက်ခံရရှိသည့်အမှုတွဲများအား နံပါတ်အစီအစဉ်အလိုက် စိစစ်ဆောင်ရွက်မည့်အစား အလှည့်ကျစနစ်ကို မကျင့်သုံးဘဲ မိမိအတွက် အကျိုးအမြတ်ရှိမည့် အမှုတွဲများကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးခြင်း။

    ၂၁။ မြို့နယ်ရုံးမှ စိစစ်ပြီးသော အမှုတွဲများကို ခရိုင်/တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးနှင့် ခရိုင်ရုံးတို့မှ “ပို့ပါ” ဆိုသည့်အချိန်မှ မြို့နယ်ရုံးမှပို့ရသဖြင့် မြို့နယ်ရုံးတွင် အမှုများ စုပုံနေခြင်း။

    ၂၂။ တိုင်းဒေသကြီး/ ပြည်နယ်ရုံးမှ စစ်ဆေးပြီး မပြည့်စုံသော အမှုတွဲများကို ခရိုင်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ ခရိုင်မှစစ်ဆေးပြီး မပြည့်စုံသောအမှုတွဲများကို မြို့နယ်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ အမှုတစ်ခုချင်းအလိုက် လိုအပ်ချက်ကို တရားဝင်ရုံးစာဖြင့် ချပြညွှန်ကြားခြင်း မရှိဘဲ အမှုအားလုံးအတွက် ယေဘုယျ လိုအပ်ချက်ကို ဖုန်းဖြင့် ပြောပြီး ပြန်ပို့နေသဖြင့် မြို့နယ်ရုံးများမှ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိဖြစ်နေခြင်း။

    ၂၃။ အချို့သောဝန်ထမ်းများသည် ပုံစံ(၁၀) အဝင်မရှိဘဲ မိမိမြို့နယ်တွင် ပုံစံ(၁၀) အဝင်ပြပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးနေခြင်း။

    ၂၄။ ကိုင်ဆောင့်သင့်သည့် ကတ်အမျိုးမျိုး ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် မိတ္ထူလာလျှောက်ရာ  တွင် ငွေကြေးလက်ဆောင်ပေးသော သူအား နေ့တွင်းချင်းထုတ်ပေးခြင်း၊ မပေးနိုင်သောသူ အား ဆိုင်းငံ့ထားခြင်း။

    ၂၅။ မြို့နယ်မှူးများသည် မိမိလက်အောက်ရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို စနစ် တကျ မကြီးကြပ်နိုင်သဖြင့် ဝန်ထမ်းများမှ ထင်သလိုမြင်သလို ဆောင်ရွက်နေခြင်း။

    ၂၆။ ဝန်ထမ်းများ နေ့စဉ်ရုံးတက်ချိန်နောက်ကျပြီး ရုံးဆင်းချိန်စောနေသည်ကို မြို့နယ်မှူးများက သိလျှက်နှင့် ခွင့်ပြုနေခြင်း။

    ၂၇။ အချို့သော မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် နားလည်မှုဖြင့် ခွင့်ရက်ရှည် ပေးထားခြင်း၊ အကြီးဆုံးတာဝန်ရှိသူအရာရှိမှ ၎င်းကိစ္စမသိရှိခြင်း။

    ၂၈။ အချို့သော ရုံးများတွင် ရုံးအတွက် ရန်ပုံငွေထည့်ပေးသော ဝန်ထမ်းများကို ရုံးဖွင့်ရက်ဖြစ်စေ ကာမူ နားလည်မှုဖြင့် ခွင့်ပေးထားခြင်း။

    ၂၉။ အချို့သောရုံးများတွင် တစ်ရုံးထဲတွင် ခင်ပွန်းနှင့်ဇနီး အတူတူတာဝန်ထမ်းဆောင်နေပြီး မြို့ နယ်မှူးဖြစ်သူ (ခင်ပွန်း)မှ ဇနီးဖြစ်သူ (လက်အောက်ဝန်ထမ်း)အား နားလည်မှုဖြင့် ရုံးနောက် ကျမှုကို ခွင့်လွှတ်မှုပေးထားခြင်း။ ရုံးတွင်ပြုလုပ်သည့် အစည်းအဝေးများတွင် ၎င်း၏ဇနီးအား မခေါ်ဘဲ ပြင်ပ လုပ်ငန်းတွင် တာဝန်ပေးထားခြင်း၊ တခါတရံ တစ်နေကုန်ရုံးမတက်ဘဲ နေ သည်ကို မြို့နယ်မှူးမှ လက်ခံနေခြင်း။

    ၃၀။ မြို့နယ်မှူးများသည် ဝန်ထမ်းများ၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စနှင့် သက်သာချောင်ချိရေး အတွက် စည်းကမ်းဘောင် အတွင်းမှ ဆောင်ရွက်ပေးခြင်းမရှိဘဲ ကြုံသလိုဆောင်ရွက်ပေးနေ ခြင်း တစ်ရုံးထဲရှိ ဝန်ထမ်းအချင်းချင်းအပေါ်တွင် မျှမျှတတ  ဆောင်ရွက်ပေးမှုမရှိခြင်း။

  • နောက်ကျောဓားနဲ့ထိုးမယ့် အစ္စရေးအကြံကို ယူကေလွှတ်တော်အမတ်များ ရှုတ်ချ

    နောက်ကျောဓားနဲ့ထိုးမယ့် အစ္စရေးအကြံကို ယူကေလွှတ်တော်အမတ်များ ရှုတ်ချ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    uk
    အလ်ဂျာဇီးရားမှ လျှို့ဝှက် ရိုက်ကူးနိုင်ခဲ့သည့် ဗီဒီယိုမှ အစ္စရေးသံရုံးတာဝန်ရှိသူ မာဆွတ်။ ၎င်းမှာ ဗြိတိန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို ဖြုတ်ချရန် ကြံစည်သူဖြစ်သည်။

    – ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက ကျူးကျော်ဆောက်လုပ်နေတဲ့ အိမ်ယာတွေနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ယူကေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ‘ပြုတ်သွားအောင်’ ပြုလုပ်ဖို့ စီစဉ်ချင်တဲ့ အစ္စရေး သံတမန်တစ်ဦးရဲ့ စကားကို ယူကေ ပါလီမန်ရဲ့ အကြီးတန်းတာဝန်ရှိသူတွေက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

    လန်ဒန်က အစ္စရေးသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရေးအကြီးတန်းတာဝန်ရှိသူ ရှာအီ မာဆွတ်က လောဘာပါတီရဲ့ နိုင်ငံခြားရေးရာအတွက် အရေးပါသူ အီမီလီ သွန်ဘာရီကို ဖြုတ်ချပစ်မယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ကြုံးဝါးခဲ့တာပါ။ ဒါဟာ ‘အင်မတန် ခံပြင်းစရာကောင်းတဲ့’ စကားဖြစ်ပြီး အစ္စရေးက ယူကေနိုင်ငံရေးစနစ်မှာ ဒီလို ၀င်ရောက်နှောက်ယှက်မှု အတိုင်းအတာကို စုံစမ်းစစ်ဆေးဖို့ ပါလီမန်အမတ်တွေက တောင်းဆိုခဲ့ပါတယ်။

    မာဆွတ်ရဲ့ ဒီလိုခြိမ်းခြောက်ပြောကြားမှုကို အစ္စရေးသံအမတ်နဲ့ ဗြိတိန် အစိုးရ၀န်ထမ်းပေါင်းပြီး နိုင်ငံရေးသမားကြီးတွေကို ဘ၀ပျက်စေဖို့ ဆောင်ရွက်မယ့် အစီအစဉ်ကို ဖော်ထုတ်ခဲ့တဲ့ အလ်ဂျာဇီးရားသတင်းဌာန စုံစမ်းရေးအဖွဲ့ရဲ့ ၆ လကြာ လုပ်ငန်းအတွင်း လျှို့ဝှက်ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “နိုင်ငံခြားရေးဝန်ကြီးဌာအနေနဲ့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့ ပြောလိုက်တာနဲ့ မလုံလောက်ပါဘူး။ ဒါဟာ အမျိုးသားလုံခြုံရေးပြဿနာပါ။ ဒီကိစ္စမှာပါဝင်တဲ့ အာဏာပိုင်တွေဟာ နှုတ်ထွက်သင့်ပါတယ်။ ပြီးတော့ မရိုးမသား နှောက်ယှက်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရက ချက်ခြင်းစုံစမ်းစစ်ဆေးသင့်ပြီး၊ ဒါမျိုးတွေကို အဆုံးသတ်ဖို့ အစ္စရေးအစိုးရကိုလည်း တောင်းဆိုပါတယ်” လို့ သွန်ဘာရီက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်ဂျာဇီးရားအဖွဲ့က ရိုက်ကူးနိုင်ခဲ့တဲ့ ဗီဒီယိုမှာ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ လွှတ်တော်အမတ် ရောဘာ့တ် ဟဲလ်ဖွန်ရဲ့ ကိုယ်ရေးအရာရှိ မာရီယာ ထရစ်ဇိုလိုနဲ့တွေ့စုံစဉ်မှာ မာဆွတ်က သူတို့ပြုတ်သွားစေချင်တဲ့ လွှတ်တော်အမတ် အမည်စာရင်းတွေကို ပေးမယ်လို့ မာရီယာကို ပြောခဲ့တာပါ။

    အဲဒီနောက်မှာတော့ ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက ပြုလုပ်နေတဲ့ တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုတွေဟာ နိုင်ငံတကာမှာ အစ္စရေးပုံရိပ်ကို စွန်းထင်းမှု ပိုကြီးစေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တဲ့ ယူကေ ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဆာ အလန် ဒွန်ကန်ရဲ့ အမည်ကို ပေးခဲ့ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အစ္စရေးရဲ့ လုပ်ရပ်တွေကို လူမျိုးရေး ခွဲခြားဆက်ဆံမှုအဖြစ် ဝေဖန်ခဲ့တဲ့ ဒွန်ကန်ဟာ အစ္စရေးရဲ့ တည်ရှိခွင့်ကို လုံးဝထောက်ခံတယ်လို့ ၂၀၁၄ ခုနှစ်မှာ ပြောဆိုခဲ့ဖူးပါတယ်။

    မာရီယာက ဒွန်ကန် ပြုတ်ကျသွားဖို့အတွက် နည်းနည်းပါးပါး လှည့်ကွက်ဆင်ရမယ်လို့လည်း မာဆွတ်ကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

    အဲဒီတွေ့ဆုံမှုအတွင်းမှာ မာဆွတ်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီ ဘောရစ် ဂျွန်ဆင်ကို ‘အသုံးမကျသူ’ ‘တာဝန်ယူမှု မရှိသူလို့လည်း’ လည်း ပြောကြာခဲ့ပြီး မာရီယာကတော့ ၀န်ကြီးဟာ ‘အစ္စရေးအမာခံ’ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အလ်ဂျာဇီးရားက ဒီတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံတကာမီဒီယာတွေကလည်း ထပ်ဆင့်ဖော်ပြခဲ့ပြီးတဲ့နောက်မှာ အစ္စရေးသံရုံးက မာဆွတ်ဟာ မကြာခင်မှာ ‘သက်တမ်း အဆုံးသတ်တော့မှာ’ ဖြစ်တယ်လို့ Twitter စာမျက်နှာကနေ တုန့်ပြန် ပြောကြားခဲ့ပြီး၊ ယူကေဆိုင်ရာ အစ္စရေးသံအမတ် မာ့က် ရီဂျီဗ်ကလည်း ယူကေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒွန်ကန်ကို တောင်းပန်ကြောင်း၊ မာဆွတ်ရဲ့ ဒီမှတ်ချက်တွေဟာ လုံးဝ လက်ခံနိုင်စရာမရှိကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    တနင်္ဂနွေနေ့မှာတော့ မာရီယာ စထရစ်ဇိုလိုကလည်း သူမရဲ့ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    စကော့တစ်ရှ်အမျိုးသားပါတီက လွှတ်တော်အမတ် အဲလက် ဆဲလ်မွန်က မာဆွတ်ကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုခဲ့ပါတယ်။

    နောက်ပြီး ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေ သူတို့ရဲ့ အလုပ်တွေကို အကောင်းဆုံး စွမ်ရည်တွေနဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့၊ အမြင်မတူတဲ့ တခြားနိုင်ငံသံရုံး တာဝန်ရှိသူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွှမ်းအောင် လုပ်မလားဆိုတဲ့ စိုးရိမ်မှုမျိုး အမတ်တွေမှာ ရှိမလာဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင် စုံစမ်းစစ်ဆေးမှု ပြု လုပ်ဖို့ ထောက်ခံတယ်လို့လည်း ဆဲလ်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအကြောင်းရေးသားခဲ့တဲ့ သုတေသနပညာရှင် ဂျာနယ်လစ် ဘန်ဝှိုက်က ဗြိတိန်နိုင်ငံရေးသမားတွေပေါ်မှာ အစ္စရေးက ဒီလို လွှမ်းမိုးဖို့ ကြိုးစားတာဟာ အံ့သြစရာမဟုတ်ပေမယ့်၊ ဒီလို လျှို့ဝှက်ဗီဒီယို လူသိရှင်ကြား ထွက်လာတာက ထူးခြားတယ်လို့ ဆိုပါတယ်။

    “မာဆွတ်လိုလူမျိုး အလုပ်လုပ်နေတဲ့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစ္စရေးရဲ့ မဟာဗျူဟာရေးရာ ၀န်ကြီးဌာနလို့ ပြောလို့ရပြီး အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားမှု Boycott Divest and Sanctions ကို လမ်းကြောင်းပြောင်းဖို့၊ ဖျက်ဆီးဖို့အတွက် သူတို့ရဲ့ မျက်စိထဲမှာ အန္တရာယ်ရှိတယ်၊ ဒီလှုပ်ရှားမှုအပေါ်မှာ အလေးထားပြီး တက်တက်ကြွကြွလှုပ်ရှားတယ်လို့ ယူဆသူတွေကို တိုက်ခိုက်ဖို့ တော်တော်လေး အားစိုက်ဆောင်ရွက်ပါတယ် ” လို့ ၀ှိုက်က ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ The Lobby လို့အမည်ပေးထားပြီး ဇန်န၀ါရီ ၁၁ ရက်နေ့ကနေ နေ့စဉ်ပြသသွားမယ့် အပိုင်းလေးပိုင်းပါ ဗီဒီယိုစီးရီးမှာ အလ်ဂျာဇီးရား စုံစမ်းဖော်ထုတ်ရေးအဖွဲ့ရဲ့ တွေရှိမှုများစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။

    အဲဒီဗီဒီယိုတွေမှာ အစ္စရေးအစိုးရအနေနဲ့ ဗြိတိန်နိုင်ငံရေးလောကမှာ ဘယ်လို ၀င်ရောက်လှုပ်ရှားနေသလဲဆိုတာကို ဖော်ထုတ်ထားပါတယ်။

    အလ်ဂျာဇီးရား စုံစမ်းဖော်ထုတ်မှုအဖွဲ့နဲ့ အလုပ်အလုပ်နေတဲ့ လျှို့ဝှက် သတင်းသမား ရော်ဘင် (အမည်လွှဲ) ဟာ ၆ လတာ ကာလအတွင်းမှာ လန်ဒန် အစ္စရေးသံရုံးကနေတစ်ဆင့် အစ္စရေးအစိုးကနေ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်က ၀ါဒဖြန့်ချီရေးကွန်ယက် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    နိုင်ငံရေး ပေါ်လစီတွင် ၀င်ရောက်လွှမ်းမိုးခြင်း

    ရော်ဘင်နဲ့ တွေ့ဆုံစဉ်အတွင်းမှာ မာရီယာ စထရစ်ဇိုလိုက သူမအနေနဲ့ ယူကေရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အစ္စရေးက ထိပ်ဆုံးမှာ ရှိနေဖို့အတွက် ကိုယ်တွယ်ဆောင်ရွက်တဲ့ မဟာဗျူဟာ ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အနည်းဆုံး လွှတ်တော်အမတ် တစ်စုလောက်ကို ကိုင်ထားနိုင်ရင် သူတို့ကို ဦးတည်လှုပ်ရှားလို့ရတယ်ဆိုတာ ရှင်လည်းသိမှာပါ။ လွှတ်တော်မှာ ပြဿနာတစ်ခုရောက်လာရင် ‘ရှင်တို့ ဘာမှ လုပ်စရာမလိုဘူး၊ ရှင်တို့ ဘာပြောရမလဲဆိုတာ ကျွန်မတို့ပေးမယ်၊ သတင်းအချက်အလက်အားလုံး၊ လိုတာအားလုံးပေးမယ်’ လို့ ကျွန်မတို့က လမ်းကြောင်းချပေးတာပါ” လို့ မာရီယာက ပြောကြားခဲ့ပါတယ်။

    အပတ်စဉ်ပြုလုပ်တဲ့ လွှတ်တော်အမတ်တွေနဲ့ ၀န်ကြီးချုပ် အမေးအဖြေအစီအစဉ်အတွက် မေးခွန်းတွေကို ချဉ်းကပ်ရယူဖို့လည်း သူမက အကြံပြုခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကို တီဗီကနေ တိုက်ရိုက်လွှင့်တာ ဖြစ်ပါတယ်။

    နောက်ပြီး နိုင်ငံတော်အဆင့် အဲဒီဆွေးနွေးမှုမှာ ဗြိတိန်အစိုးရက အစ္စရေးကို ပစားပေးဖို့အတွက် သူမ လုပ်နိုင်ခဲ့မမှုကိုလည်း မာရီယာက ရော်ဘင်ကို ကြွားဝါပြောပြခဲ့ပါသေးတယ်။

    ဒါကတော့ ၂၀၁၄ ခုနှစ်က ဗြိတိန်လွှတ်တော်က အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Conservative Friends of Israel နဲ့အတူ အစ္စရေးကို သူမ ရောက်ရှိနေချိန်မှာ ဗြိတိန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဟဲလ်ဖွန်ကို ပျောက်ဆုံးပြီး အသတ်ခံလိုက်ရတယ်လို့ ယူဆရတဲ့ အစ္စရေး လူငယ် ၃ ဦးအတွက် အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို မေးမြန်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဟဲလ်ဖွန်ဟာ ဒီမေးခွန်းကိုမေးခဲ့ပြီးတဲ့နောက် ‘ဟားမက်အကြမ်းဖက်ကွန်ယက်တွေကို ချေမှုန်းဖို့ ဘာမဆိုလုပ်ရမယ့်’
    အစ္စရေးအစိုးရကို အပြည့်အ၀ထောက်ခံဖို့လည်း ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီမေးမြန်မှုအတွက် ၀န်ကြီးချုပ်ကင်မရွန်းဟာ အစ္စရေးဖက်က ရပ်တည်ပေးမယ်လို့ ပြန်လည်ဖြေကြားခဲ့ရပါတယ်။

    Ref: Aljazeera

    (အလ်ဂျာဇီးရားသတင်းဌာနမှ UK MPs urge probe into Israeli plot against politicians ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)