News @ M-Media

Blog

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    assand

    – ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ၎င်းတို့အစိုးရအနေဖြင့် လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မည်သည့်အရာကို မဆို ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားနှင့် တူရကီတို့က ကမကထပြုသည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်န၀ါရီနှောင်းပိုင်းတွင် ကာဇက်စတန်နိုင်ငံ အစ္စတာနာမြို့တွင် ပြုလုပ်ရန် ရှိနေခြင်းဖြစ်သည်။

    ပြင်သစ်ဂျာနယ်လစ်များနှင့် အင်တာဗျူးတွင် အာဆတ်က အခြားတစ်ဖက်တွင် မည်သူများ ပါဝင်မည်ဆိုသည့် ကိစ္စအပါအ၀င် ဆွေးနွေးပွဲအတွက် မေးခွန်းများစွာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားသို့ အလယ်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ သီယာရီ မာရီယာနီကလည်း အာဆတ်အနေဖြင့် အကြမ်းဖက်အုပ်စုများမှလွဲ၍ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အုပ်စု အားလုံးနှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ သူပုန်များ လက်နက်စွန့်လွှတ်ပါက ပြန်လည်ရင်ကြားစေရေး ဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    15826486_10206586979793739_438064879927772766_n
    photo- copy from FB

    ဇန်နဝါရီ ၉  ၊ ၂၀၁၇

    ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့သည့် ဘာသာရေးဆိုင်ရာ ပွဲများအား နှောင့်ယှက် ဟန့်တားမှုများ အပေါ် ဥပဒေအရ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

    ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ၏ တမန်တော် မိုဟာမက် မွေးနေ့ တမန်တော်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းကို အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့ (ရန်ကုန်)က ကန့်ကွက်မှု ပြုလုပ်ခဲ့ရာ ပွဲကို မိနစ် ၃၀ ခန့်သာ အကျဉ်းရုံးကျင်းပမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တမန်တော်ပွဲသည် ခရစ်သက္ကရာဇ် AD ၅၇၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဖွားမြင် ခဲ့သည့် တမန်တော် မိုဟာမက် မွေးနေ့ကို အစွဲပြု၍ ကျင်းပသည့် အခမ်းအနားဖြစ်သည်ဟု ဆိုသည်။

    ဝန်ကြီး ဦးနိုင်ငံလင်းက “ဥပဒေနဲ့အညီ ခွင့်ပြုပေးခဲ့တာပါ၊ ဒါကို နှောင့်ယှက်တဲ့ကိစ္စတွေ ရှိလာတာတော့ ကျနော်တို့ အနေနဲ့ အကောင်းဆုံး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ တဖက်ကကြည့်ရင် သူတို့ရဲ့အခွင့်အရေးဖြစ်သလို ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ လုပ်တဲ့ဟာတွေကို အနှောင့်အယှက် မပေးသင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

    မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ နှင့် မျိုးချစ်လူငယ် စသည့် အမျိုးသားရေးအဖွဲ့ ၂၀ ခန့်ပါဝင်သော အမျိုးသားရေး ညွန်ပေါင်း အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်တွင် ပြုလုပ်မည့် တမန်တော်နေ့ပွဲကို ကန့်ကွက်ခဲ့သည့် အတွက် ပွဲစီစဉ်ထားမှုအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

    ဟာဂျီ ဦးအေးလွင်က “ပစ်မှတ်က ကျနော်တို့မဟုတ်ဘူးလို့ဘဲ ခံယူတယ်၊ အဲ့ဒီတော့ အေးအေးချမ်းချမ်း ပြီးသွား အောင်ပဲ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာသာ၊ သာသနာကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကြားမညပ်အောင်ဘဲ လုပ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။

    တမန်တော် အခမ်းအနားကို လွတ်လပ်ရေးရပြီးခေတ်တွင် ယခု ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ ဗလီကျောင်းများ မှ ထွက်၍ ရပ်ကွက်အတွင်း မေတ္တာပို့မှုများ ပြုလုပ်ခဲ့ပြီး သမ္မတ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဟောပြောခြင်းများ ရှိခဲ့ကြောင်းလည်း ဟာဂျီဦးအေးလွင်က ပြောသည်။

    တမန်တော်ပွဲများ လှည့်လည် ကျင်းပလာခြင်းများကို ကန့်ကွက်ရာတွင် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း တရားဝင်စာ ပေးပို့ထားပြီး ယင်းသို့ကန့်ကွက်ရာတွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ဥပဒေဘောင်ထဲကသာ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ က ပြောဆိုသည်။

    အမျိုးသားရေးညွန့်ပေါင်း အဖွဲ့မှ အရှင် သုစိတ္တက “တမန်တော်နေ့ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာ၊ ဓမ္မသဘင် ဆိုပြီး ဟောပြောနေတာတွေကို ကန့်ကွက်တာပါ၊ အစဉ်အလာမရှိခဲ့တဲ့ ပွဲတွေကို ရှိခဲ့သယောင်ယောင် လုပ်လာတာက သွေးတိုး စမ်းလာတာလို့မြင်တယ်”ဟု ဧရာဝတီသို့ မိန့်ကြားသည်။

    ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုများတွင် မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစွာ ပါဝင်သော်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း အရှင် သုစိတ္တက မိန့်ကြားသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

  • ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    north

    – ခေါင်းဆောင်ကင်ဂျုံအန်က ရွေးချယ်သော မည်သည့်နေရာမှမဆို တိုက်ချင်းပစ်ဒုံးကျည်ကို အချိန်မရွေး စမ်းသပ် ပစ်လွှတ်နိုင်သည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားလိုက်သည်။

    နိုင်ငံခြားရေ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် နိုင်ငံပိုင် KCNA သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီ မိမိတို့၏ လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အမေရိကန်၏ ရန်လိုမှုကိုသာ အပြစ်တင်ရမည်ဟု ဆိုသည်။

    ကင်ဂျုံအန်က မိမိတို့အနေဖြင့် ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို မကြာမီ စမ်းသပ်ပစ်လွှတ်နိုင်တော့မည်ဟု ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်ကမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာရ်က မြောက်ကိုရီယား၏ နျူလက်နက်နှင့် ဒုံးကျည်အစီအစဉ်များမှာ အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုမှာ မိမိတို့ပိုင်နက်၊ မိတ်ဆွေ၊ မဟာမိတ်များ၏ ပိုင်နက်များသို့ ဦးတည်လာပါက ပစ်ချရန် စီစဉ်ထားသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ကြာသာပတေးနေ့ကလည် ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယား၏ နျူလက်နက်နှင့် ဒုံးကျည်များ၏ စွမ်းဆောင်ရည်မှာ မကြုံစဖူး တိုးတက်လာမှုကို တွေ့ခဲ့ရသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    china

    – နိုင်ငံအတွင်း ဆိုးရွားသောလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် မြို့တော်ဘေးဂျင်း၏ လေထုညစ်ညမ်းမှု ကန့်သတ်ချက်များ လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ရန်အတွက် ‘သဘာဝပတ်ဝန်းကျင် ရဲတပ်ဖွဲ့’ ကို ဖွဲ့စည်းမည်ဟု တရုတ်က ကြေငြာလိုက်သည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြီးအကဲဖြစ်ပြီး ဘေဂျင်းမြို့တော်ဝန်လည်းဖြစ်သူ ကျိုင်းကျီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန်နှင့် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းတိုက်ဖျက်ရန်အတွက် မြို့၏ ခရိုင်ပေါင်း ၁၆ ခုတွင် ပိုမိုတင်းကျပ်သော ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

    “လမ်းဘေး အကင်ဆိုင်တွေ၊ အမှိုက်မီးရှို့တာတွေ၊ ဇီဝဒြပ်ထု မီးရှို့တာတွေနဲ့ ကားလမ်းတွေက အမှုန်တွေလို တားမြစ်ချက်တွေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေဟာ ကြီးကြပ်မှုနဲ့ တရားဥပဒေ အားနည်းမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တစ်ချို့တွေလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း မနက်မိုးလင်းတာနဲ့ ရာသီဥတု၊ လေထုအရည်အသွေးအညွှန်းကိန်းတွေကို စစ်ဆေးလေ့ ရှိပါတယ်။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှု၊ တိုင်ကြားမှုတွေကို ကျွန်
    တော် လုံးဝ နားလည်ပါတယ်” ဟု မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အိမ်နီးချင်းပြည်နယ်များဖြစ်သော ဟီဘေး၊ တန်ဂျင်းပြည်နယ်တို့နှင့်လည်း ယခုကိစ္စကို ပိုမိုပူးပေါငးဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ အမျာဆုံး ထုတ်လွှတ်သော တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း လေထု ညစ်ညမ်းမှုကို တိုက်ဖျက်ရန် သိသိသာသာ ဆောင်ရွက်လာရပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ လေထုညစ်ညမ်းမှုများပြားသော စက်ရုံများကို ပိတ်ပစ်ခြင်း၊ ယာဉ်အသွားအလာ ကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။

    Ref : Aljazeera

  • အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ကွယ်လွန်သွားခဲ့သည့် အိရန်သမ္မတဟောင်း အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ

    – အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး အီရန် အစ္စလာမ့်သမ္မတနိုင်ငံ ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၂ နှစ်အရွယ်ရှိ ရက်ဖ်ဆန်ဂျာနီမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အီရန်သမ္မတအဖြစ်လည်း တာဝန်ထမ်းဆာင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော် အကြံပေးကောင်စီဖြစ်သော Expediency Council တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

    ၎င်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက နှလုံးရောဂါခံစားခဲ့ရပြီနောက် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

    ရက်ဖ်ဆန်ဂျာနီကွယ်လွန်မှုမှာ တိုင်းပြည်အတွင်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ကွယ်လွန်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူမျာကလည်း တီဟီရန်မြို့ တက်ဂ်ျရစ်ရှ်ရပ်ကွက်ရှိ ရက်ဖ်ဆန်ဂျာနီ၏ ရုပ်ကလပ်ထားရှိရာ ဆေးရုံအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

    အီရန်နိုင်ငံတောင်ပိုင်း Nough ရွာတွင် ချမ်းသာသော မိသားစုမှ ၁၉၃၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မွေးဖွားလာသည့် အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ဘသာရေးဆိုင်ရာ ပညာရပ်ကို နာမည်ကျော် ကွမ်မြို့တွင် သင်ယူခဲ့ပြီး အာဏာရှင် ရှားဘုရင်က ၁၉၆၃ ခုနှစ်တွင် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်ဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီအား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့သည်။

    နောက်ပိုင်းတွင် အဓိပတိ ခိုမေနီ၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပြီး ခိုမေနီကွယ်လွန်ချိန် ၁၉၈၉ ခုနှစ်အထိ လွှတ်တော်ဥက္ကဌအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ဆောင်ရွက်ခဲ့သည်။

    “လွန်ခဲ့တဲ့ ၅၉ နှစ်အရင်ကတည်းက ကျွန်တော်နဲ့အတူ ရုန်ကန်ခဲ့တဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးမှုအတွက် အလွန် ၀မ်းနည်းကြေကွဲရပါတယ်။ ဒီလို ရှည်လျားတဲ့ကာလမှာ ကျွန်တော်တို့အကြား အမြင်တွေ၊ သဘောထားတွေ မတူတာက ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှုကို ဖျက်ဆီးလို့ မရခဲ့ပါဘူး” ဟု လက်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Aljazeera