News @ M-Media
Blog
  • သိန်း ၅ သောင်းဖိုး မူးယစ်ဆေးဝါးနှင့် လက်နက်များ မောင်တောမှာ ဖမ်းမိ
    သိန်း ၅ သောင်းဖိုး မူးယစ်ဆေးဝါးနှင့် လက်နက်များ မောင်တောမှာ ဖမ်းမိ
    ဒီဇင်ဘာ ၉ ၊ ၂၀၁၆
    M-Media
    သီဟ
    15356610_651198615053248_8872924649660762293_n
    ရခိုင်ပြည်နယ် မောင်တောဒေသမှာ ငွေကျပ် သိန်း ၅ သောင်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိခဲ့ကြောင်း သိရပါတယ်။
    ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီမှာ နတ်မြစ်အတွင်း ကင်းလှည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက မသင်္ကာဖွယ် လှေတစင်းကို တွေ့ရှိရာကနေ ယခုလို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    ကျပ် သိန်း ၅ သောင်း ဖိုး တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၂၅ သိန်းနဲ့အတူ တစ်လုံးထိုးလုပ် သေနတ် အတို(၁) လက်၊ ၅ဒသမ ၅၆ မမကျည် ၄၂ တောင့် ၊ ၁၂ဗို့ကျည် ၈တောင့် ကို သိမ်းဆည်းရရှိပြီး စက်လှေပေါ်မှာပါတဲ့  ပေါက်တောမြို့နယ်၊ စိုးမဲကျီကျေးရွာနေ မြင့်ဦး၊ ကိုင်းဟီး ကျေးရွာနေ သိန်းထွန်းဝင်း(ခေါ်)ညီချေ နှင့် လှအောင်တင် တို့ ၃ ဦးအား ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
    ref: (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
  • ဒက်ခ်ျလက်ယာစွန်းရောက် နိုင်ငံရေးသမားတစ်ဦး အမုန်းစကားပြောမှုအတွက် အရေးယူခံရမည်
    ဒက်ခ်ျလက်ယာစွန်းရောက် နိုင်ငံရေးသမားတစ်ဦး အမုန်းစကားပြောမှုအတွက် အရေးယူခံရမည်
    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media
    dutch
    – ဟော်လန်နိုင်ငံက လက်ယာစွန်းရောက် နိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးဟာ အမုန်းစကားပြောမှု၊ လူမျိုးရေးခွဲခြားမှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ အမ်စတာဒမ် တရားရုံးက ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
    တရားသူကြီး ဟန်းဒရစ် စတင်းဟုစ်က ၀ိုင်းလ်ဒါးဟာ လွှတ်တော်အမတ်တစ်ဦး ဖြစ်နေတဲ့အတွက် အပြစ်ပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး တရားလိုရှေ့နေတွေကတော့ ယူရို ၅၀၀ (ကန်ဒေါ်လာ ၅၃၀၀) ဒဏ်ရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။
    ဒီနေ့ကြားနာမှုကို PVV Freedom ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ၀ိုင်းလ်ဒါးတစ်ယောက် တက်ရောက်ခဲ့ခြင်း မရှိဘဲ ရှေ့နေဖြစ်သူက ဒီဆုံးဖြတ်ချက်အတွက် အယူခံဝင်သွားမယ်လို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ်က သည်ဟေ့ဂ်မြို့မှာ ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း ၀ိုင်းလ်ဒါးက တိုင်းပြည်အတွင်း မော်ရိုကန်တွေကို စော်ကားပြောဆိုခဲ့တာပါ။ အဲဒီလုပ်ရပ်အတွက် တရားဝင် ကန့်ကွက်တိုင်ကြားမှုပေါင်း ၆၅၀၀ နီးပါး ရှိခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
    တရားရုံးက ဒီလို လူမျိုးရေးခွဲခြားစော်ကားမှုဟာ တမင်စီစဉ်ဆောင်ရွက်ခဲ့တယ်ဆိုတ သိသာနေပြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ လွတ်လပ်စွာပြောခွင့်ဘောင်ကို ကျော်လွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
    Ref: Telegraph
  • မက္ကာရှိ ကအ်ဘာကျောင်းတော်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်များ အသုံးပြုထား
    မက္ကာရှိ ကအ်ဘာကျောင်းတော်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်များ အသုံးပြုထား
    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကအ်ဘာကျောင်းတော်မှာ အသုံးပြုထားတဲ့ သစ်သားတွေဟာ မြန်မာနိုင်ငံကလာတဲ့ ကျွန်းသစ်တွေလို့ သိရပါတယ်။
    အဲဒီကျောင်းတော်အတွင်းက ထောက်ထားတဲ့တိုင်တွေ၊ အတွင်းမျက်နှာကျက်၊ နံရံမှာ အသုံးပြုထားတဲ့ သစ်သားတွေအားလုံးဟာ ကျွန်းသစ်ဖြစ်ပြီး ကျောင်းတော်အတွင်း အသုံးပြုလို့ရမယ့် အခြေအနေမျိုးဖြစ်အောင် ဂျစ်ဒါမှာ ဒီသစ်တွေကို ပြုပြင်ပုံသွင်းတာ ဖြစ်ပါတယ်။
    အရှေ့တောင်အာရှက အပူပိုင်းသစ်တောတွေမှာ ပေါက်လေ့ရှိတဲ့ ကျွန်းသစ်ဟာ ခိုင်ခံ့မာကျောမှုကြောင့် ကျော်ကြားပြီး ကျွန်းသစ်တစ်လုံးကို ၄၅ ပေအထိ ရှည်ပါတယ်။ အဲဒီကျွန်းသစ်တွေကို များသောအားဖြင့် သင်္ဘောဆောက်လုပ်မှုနဲ့ အဆင့်မြင့် စက်မှုလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။
    kaaba-3
    ကအ်ဘာကျောင်းတော် အတွင်းပိုင်း
    ကုန်အာန်ကျမ်းအရ အဲဒီ ကအ်ဘာကျောင်းတော်ကို ကမ္ဘာဦးတမန်တော် အာဒမ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် ပွင့်ပေါ်ခဲ့တဲ့တမန်တော်တွေထဲက တမန်တော်နူးဟ် (နောဧ)၊ တမန်တော် အီဘရာဟင် (အာဗြဟံ) တို့ကလည်း မူလအုတ်မြစ်မှာ ထပ်မံ ဆောက်လုပ်ခဲ့ကြတယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။
    သဘာဝ ဘေးအန္တရာယ်တွေကြောင့် ပျက်ဆီးမှုတွေရှိခဲ့ပြီး ခေတ်အဆက်ဆက် ပြင်ဆင်ရတာတွေ၊ ပြန်လည်ဆောက်လုပ်ရတာတွေ ရှိခဲ့ပါတယ်။ အစ္စလာမ်ဘာသာကို စတင်ဟောကြားတဲ့ တမန်တော်မုဟမ္မဒ်သခင် လက်ထက်မှာလည်း ကိုရိုက်ရှ်မျိုးနွယ်တွေက ဒီကအ်ဘာကျောင်းတော်ကို တစ်ကြိမ် ပြန်လည်ဆောက်လုပ်ခဲ့ပြီး မုဟမ္မဒ်သခင်လည်း ပါဝင်ခဲ့ပါတယ်။
    ကအ်ဘာကျောင်းတော် ထိန်းသိမ်းရေးရုံးက ဒါရိုက်တာ မူဟ်ယစ်ဒင် ဟာရှေမီက လက်ရှိ အဆောက်အဦးဟာ ကိုရိုက်ရှ်မျိုးနွယ်က ဆောက်လုပ်ထားတဲ့ အဆောက်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
    အခုလက်ရှိ ဆော်ဒီကို အုပ်စိုးနေတဲ့ ဆအူးဒ်မင်းဆက် လက်ထက်မှာတော့ ကျောင်းတောကို ပြင်ဆင်မှုတွေ တော်တော်များများ ပြုလုပ်ခဲ့ပါတယ်။
    Ref: Alarabiya
  • အင်္ဂလိပ်ဘောလုံးလောက လိင်ပြဿနာတွင် ပရီးမီးယားလိဂ်မှ အပါအ၀င် ၉၈ သင်းရှိနေ
    အင်္ဂလိပ်ဘောလုံးလောက လိင်ပြဿနာတွင် ပရီးမီးယားလိဂ်မှ အပါအ၀င် ၉၈ သင်းရှိနေ
    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media
    Former footballers (L-R) Mark Williams, Andy Woodward, Steve Walters, Jason Dunford and Matt Monaghan pose for a photograph after a news conference at the launch of The Offside Trust, an independent group set up to support players and their families who have suffered abuse, in Manchester northern England December 5, 2016. REUTERS/Phil Noble
    လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံခဲ့ရသည့်ဘောလုံးသမားများအား ကူညီရန် ဖွဲ့စည်းထားသည့် အဖွဲ့ (၀ဲမှယာ-မာ့ခ်ဝီလီယံ၊ အန်ဒီ ၀ုဒ်ဝါ့ဒ်၊ စတီဗင်ဝေါလ်တာ၊ ဂျေဆန် ဒန်းဖို့ဒ်နှင့် မတ် မိုနဂ်ဟန်)
    – အင်္ဂလိပ်ဘောလုံးလလောကတွင် ၁၉၇၀ ပြည့်နှစ်များမှစ၍ ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာများနှင့် ဆက်စပ်နေသော ကလပ်အသင်းပေါင်း ၉၈ သင်းရှိနေပြီး ပရီးမီးယားလိဂ်မှ အသင်းအချို့လည်း ပါဝင်သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    လွန်ခဲ့သည့် တစ်လအရင်က ယခင်ဘောလုံးကစားသမားဟောင်း အန်ဒီ ၀ုဒ်ဝါ့ဒ်မှာ ၎င်းအနေဖြင့် လူငယ်ကစားသမားဘ၀တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံခဲ့ရသည်ဟု လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ထပ်မံပေါ်ထွက်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။
    နိုင်ငံတော်ရဲတပ်ဖွဲ့အကြီအကဲများကောင်စီ (NPCC) ကမူ ထိုကိစ္စအတွက် စီစဉ်ပေးထားသော ဖုန်းလိုင်းများမှ တိုင်ကြားမှု ၆၃၉ ခုကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီး ထိခိုက်ခံစားရသူ ၃၅၀ ခန့် ပါဝင်နိုင်သည်ဟု ဆိုသည်။ ထို့ပြင် မိမိတို့အနေဖြင့် FA နှင့် အနီးကပ်ပူးပေါင်းကာ တုန့်ပြန်မှုများကို အလျင်မြန်ပြုလုပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။
    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း ထိုပြဿနာမှာ အားကစားလောက၏ အကြီးဆုံး အကြပ်အတည်းမှ တစ်ခုဖြစ်သည်ဟု ၀န်ခံခဲ့ပြီး အဖွဲ့အတွင်း သုံးသပ်မှုများကို ပြုလုပ်နေသည်။
    NPCC က အဆိုပါ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြဿနာနှင့် ဆက်စပ်နေသည့် အသင်းများမှာ ၉၈ သင်းရှိနေပြီး ပရီးမီးယားလိဂ်ကလပ်များမှ အပျော်တမ်းကလပ်အသင်းများအထိ ပါဝင်ကြောင်း၊ စော်ကားခံရသူ ၉၈ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြပြီး အသက် ၇ နှစ်မှ အသက် ၂၀ ကြား ကာလတွင် ကျူးလွန်ခံရခြင်းဖြစ်ကြောင်း ယမန်နေ့ ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    ကျူးလွန်ခံရသူများကမူ ၎င်းတို့ ခံစားရသည်မှာ ဘီဘီစီ တီဗီစတား ဂျင်မီ ဆဗီလီက နှစ်ပေါင်း ၆၀ ကြာ ကလေးငယ် ရာပေါင်းများစွာကို ကျူးလွန်ခဲ့မှုထက် ပိုမို ဆိုးရွားကြောင်း ပြောကြားခဲ့ကြသည်။
    Ref: Reuters
  • မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …
    မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …
    myit
    ကချင်ပြည်နယ် မြစ်ဆုံဆည်နေရာတွင် လမ်းလျှောက်သွားလာနေသည့် အမျိုးသမီးတစ်ဦး (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)
    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media
    – ၂၀၁၆ ဧပြီလတွင် အာဏာရရှိလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် တရုတ်ကျောထောက်နောက်ခံ အငြင်းပွားဖွယ် မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း၏ကံကြမ္မာကို အဆောတလျင် ဆုံးဖြတ်ကိုင်တွယ်လိမ့်မည်ဟု သုတေသီအချို့က ခန့်မှန်းခဲ့ကြသည်။
    အဆိုပါ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှာ အများပြည်သူတို့၏ကန့်ကွက်ဆန္ဒပြမှု ကြီးမားလာချိန် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းစေလိုက်ခြင်းဖြစ်သည်။ မရေရာသည့်အခြေအနေ၌ရှိနေသော ၎င်းမြစ်ဆုံဆည်အရေးနှင့်စပ်လျဉ်းပြီး အဖြေရှာသွားမည်ဟု သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောကြားသည့်အပေါ် ဘေဂျင်းအစိုးရမှ ကြိုဆိုမှု ရှိနိုင်ပေမည်။
    နှစ်ဦးနှစ်ဖက်စလုံးက အခက်အခဲကို ဖောက်ထွက်ပြီး အပြန်အလှန်ဆက်စပ်နေသော ဤပြဿနာကို အပေးအယူမျှတစွာ အပြီးသတ်ဖြေရှင်းရန် အခြေအနေအချိန်အခါ မသင့်ပါလျှင် နောက်ထပ်ပြဿနာတစ်ရပ်ဖြင့် ထပ်မံရှုပ်ထွေးသွားနိုင်ပေသည်။ အကြောင်းမှာ ၎င်းသည် ကချင်၊ မြန်မာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ပိုင်းခြားပစ်နိုင်သောကြောင့်ဖြစ်သည်။
    သို့သော် အဖြေထွက်ရန် မဖြစ်နိုင်သေး။ နှစ်နိုင်ငံစလုံးကလည်း ရှေ့ဆက်ရမည့်လမ်းကြောင်းအတွက် အတိတ်ကာလကို တွက်ဆ၍ တရုတ်-မြန်မာ နယ်စပ်ပဋိညာဉ်ကို သတိပြုသုံးသပ်ထားရန် လိုအပ်သည်။
    မြန်မာနှင့် တရုတ်မှ ယနေ့ခေါင်းဆောင်များသည် သမိုင်းတွင် အလွန်ထင်ရှားအချင်းများခဲ့ရသော ၁၉၅၀ ခုနှစ်များက တရုတ်-မြန်မာ နယ်စပ်သတ်မှတ်မှုသဘောတူညီချက်များကို အမွေခံ၍ အတူတစ်ကွ ရပ်တည်နေကြရသူများ ဖြစ်ကြသည်။
    ၁၉၆၀ ခုနှစ်က နောက်ဆုံးလက်မှတ်ထိုးခဲ့သည့် စာချုပ်အရ လက်ရှိနှင့်နောင်လာမည့် တရုတ်-မြန်မာနယ်စပ် အနေအထားကို တရုတ်အစိုးရက လေးစားအသိအမှတ်ပြုခဲ့ပြီး၊ ကနဦးက ပိုင်နက်ကြေငြာချက်များဖြစ်သော “McMahon Line” နှင့် “1941 Line” ကို စွန့်လွှတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် Hpimaw (片马), Gawlum (古浪) , Kangfang (岗房) ကျေးရွာများ၊ Panhuang (班洪), Panlao (班老) နယ်ခံတိုင်းရင်းဒေသများကို ဘေဂျင်းမှ ပြန်လည်ရရှိခဲ့သည်။
    ပဋိညာဉ်အရ တရုတ်ပြည်အဖို့ မတည်ငြိမ်သောပိုင်နက်အပေါ် ကနဦးပိုင်းကြေငြာချက်ကို ရုပ်သိမ်းပေးခဲ့သည်။ အခိုင်အမာဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၎င်းအား အစပိုင်းတွင် ထိုစဉ်က မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ယခုချိန်ထိတိုင် အမျိုးသားရေးဝါဒီများ၊ သုတေသီများက အခါအားလျော်စွာ ဝေဖန်နေဆဲဖြစ်၏။
    မြန်မာနိုင်ငံအတွက်မူ ၈၅ မိုင်ပတ်လည်ပိုင်နက် ပြန်ရရန်တွက် ၁၃၂ စတုရန်းမိုင်နယ်မြေအား တရုတ်ပြည်သို့ လက်လျှော့ပေးခဲ့ရသည်။ ကြီးမားပြင်းထန်သော နားလည်မှုလွဲမှားခြင်းနှင့် ရန်ငြိုးအာဃာတအား ကာကွယ်နိုင်ရန် ပိုင်နက်အစိတ်အပိုင်း အနည်းအကျဉ်းအား စတေးပေးလိုက်ခြင်းက ပိုမိုသင့်လျော်ခဲ့ပေသည်။
    ထိုစဉ်က တရုတ်အကြီးအကဲ ချူအင်လိုင်းသည် အဆိုပါ တရုတ်-မြန်မာနယ်စပ်သဘောတူစာချုပ်ကို နိုင်ငံ့ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပုံစံချရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ၏ လက်တွေ့ကျ၍ ပြတ်သားသောမူဝါဒအား ဖော်ပြလျက်ရှိသည်။ “အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားလျက်ရှိသော တရုတ်နယ်စပ်အားလုံးအရေးကို တစ်ခါတည်းအပြီးသတ် ဖြေရှင်းနိုင်ရေးအတွက် ကျွန်ုပ်တို့ဖက်မှ အသင်တို့အား အလျှော့ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စီမံချက်များ ပြည့်ဝရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်မည့် မည်သည့်အားထုတ်ချက်ကိုမဆို ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ၎င်းက ၀န်ကြီးချုပ်ဦးဘဆွေအား ပြောကြားခဲ့၏။
    သူ၏ အမျှော်အမြင်ကြီးမားသည့် ၎င်းနိုင်ငံရေးမူဝါဒမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စည်းမျဉ်းငါးရပ်” ၏ စဦးခြေလှမ်းတစ်ရပ်ဖြစ်သည်။ ၎င်းအားဖြင့် နယ်စပ်အရေးဖြေရှင်းမှုကြောင့် မြန်မာနှင့်တရုတ်၏ အပြန်အလှန် ကောင်းကျိုးဖြစ်ထွန်းမှုများ ဖြစ်ထွန်းလာခဲ့သည်။
    သို့ဖြစ်ပေရာ တရုတ်ပြည်သည် မြစ်ဆုံဆည်၏ ပကတိအနေအထားအား လေးစားတန်ဖိုးထားအပ်သည်။ သမိုင်းသင်ခန်းစာကိုယူ၍ ဘေဂျင်းအစိုးရအနေဖြင့် NLD အစိုးရမှ မြစ်ဆုံဆည်တည်ဆောက်ရေးကို တွန်းအားပေးခြင်းထက် ယင်းစီမံကိန်းအား တုန့်ဆိုင်းထားရန် မဖြစ်မနေ လက်ခံအသိအမှတ်ပြုရပေမည်။
    ဦးစားပေးသုံးသပ်ရမည့်အချက် သုံးရပ်ရှိသည်။
    ပထမအချက်မှာ ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်သည် လူကြိုက်နည်းလှသည့်အပြင် ၂၀၁၁ ခုနှစ်ကတည်းက ဗဟိုအစိုးရအား ဆန့်ကျင်စရာကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ စီမံကိန်းအား ပြန်လည်အသက်သွင်းမည့် မည်သည့်လုပ်ဆောင်ချက်မဆို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဘေးသင့်စေလိမ့်မည်။ ထိုမှတဆင့်တက်ကာ ကချင်ပြည်နယ်လူဦးရေပမာဏ လေးပုံတစ်ပုံ ၁.၆ သန်းကျော်အား ကိုယ်စားပြုထားသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။
    ဒုတိယမှာ – မြစ်ဆုံဆည်သည် မြန်မာတို့၏တိုင်းချစ်ပြည်ချစ်စိတ်နှင့် သဘာ၀၀န်းကျင်ဆိုင်ရာအဖွဲ့အစည်းများအတွက် အဓိက ပစ်မှတ်တစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုစီမံကိန်းပြန်လည်စတင်စေလိုသည့် တရုတ်၏ဆန္ဒကို လိုက်လျောပါက သူမ၏ကျဆင်းစပြုနေသောပုံရိပ်နှင့်အတူ လူထုထောက်ခံမှုလက်လွှတ်လိုက်ရပြီး နိုင်ငံရေးကျဆုံးခန်းသို့ ဆိုက်ရောက်သွားနိုင်ချေ များပြားနေသည်။
    တတိယမှာ – မြစ်ဆုံအရေးနှင့်ပတ်သက်သော မည်သည့်ဆုံးဖြတ်ချက်ပင်ဖြစ်စေ မြန်မာနိုင်ငံအပေါ် အနောက်တိုင်း၏မျက်စေ့ကျမှု စံနှုန်းနှင့်လည်းကောင်း၊ တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု၏ ဥပမာစံထားချက်နှင့်လည်းကောင်း မတိုင်းတာမရှုမြင်သင့်ပေ။ ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အဖြစ်သာ အမြင်ထားရှိအပ်ပေသည်။ ဤပြဿနာအတွင်း ဘက်မလိုက်သော လုပ်ဆောင်ချက်၌ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံစလုံးအတွက် တိုင်းပြည်ကောင်းကျိုးများ တည်ရှိနေပါသည်။
    အငြင်းပွားဖွယ်မြစ်ဆုံဆည်နှင့်ပတ်သက်၍ နောက်ဆုံးသဘောတူညီချက်သည် နှစ်ဖက်စလုံး၏ စောင့်ထိန်းနားလည်လိုက်လျောမှုများမှ အဖြေထုတ်ယူရပေမည်။ မြန်မာနိုင်ငံအနေနှင့် လိပ်ခဲတည်းလည်းအခြေအနေအား ကျော်လွန်စေရန်အတွက် အပြန်အလှန်လေးစားလိုက်နာအပ်သော အပေးအယူကို ရရှိဖို့ လိုအပ်နေသည့်အပြင် တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်ရန်ကိုလည်း ရှေ့ရှုဦးတည်ရဦးမည်ဖြစ်၏။
    (တရုတ်နိုင်ငံအခြေစိုက် အလွတ်တန်းသုတေသီ Liu Yun ၏ Moving beyond the Myitsone dam dilemma နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)