News @ M-Media

Blog

  • ရခိုင်ရှိ မွတ်စလင်အမျိုးသမီးများ အဓမ္မကျင့်ခံရမှုအတွက် ၀မ်းနည်းကြောင်း ကရင်အမျိုးသမီးအစည်းအရုံး ကြေငြာချက်ထုတ်

    ရခိုင်ရှိ မွတ်စလင်အမျိုးသမီးများ အဓမ္မကျင့်ခံရမှုအတွက် ၀မ်းနည်းကြောင်း ကရင်အမျိုးသမီးအစည်းအရုံး ကြေငြာချက်ထုတ်

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    kwo

    – အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာတွေအပါအ၀င် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ်မှာ မြန်မာအစိုးရစစ်တပ်က ကျူးလွန်မှုတွေအတွက် မိမိတို့အနေနဲ့ အလွန်အမင်း ကြေကွဲဝမ်းနည်ရပြီး အဲဒီအဖြစ်အပျက်တွေက မြန်မာစစ်တပ်လက်အောက်မှာ ကရင်အမျိုးသမီးတွေ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်လည် အမှတ်ရစေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောကြားလိုက်ပါတယ်။

    ၁၉၄၉ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူလုထုအခြေပြု KWO ရဲ့ ၀ဘ်ဆိုက် (karenwomen.org) မှာ ဒီဇင်ဘာ ၆ ရက်နေ့ နေ့စွဲနဲ့ ဒီလို ကြေငြာချက်ထုတ်ပြန် ပြောကြားလိုက်တာဖြစ်ပြီး ‘အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အသိပညာပေးရေး ၁၆ ရက် လှုပ်ရှားမှုအတွင်းမှာ မြန်မာစစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်နေမှု၊ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုအပေါ် မိမိတို့ရဲ့ သဘောထားကို ထုတ်ဖော်ဖို့ တာဝန်ရှိတယ်လို့ ခံစားရကြောင်း’ နိဒါန်း ချီထားပါတယ်။

    “ပြီးခဲ့တဲ့လတွေက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း စစ်တပ်က ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။ တစ်လဆိုတဲ့အချိန်အတွင်းမှာပဲ မြန်မာစစ်တပ်က အဓမ္မပြုကျင့်မှု ၁၉၂ မှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီသတင်းတွေအတွက် ကျွန်မတို့အနေနဲ့ အလွန်အမင်း နာကျင်ခံစားရပြီး ကျွန်မတို့ လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရတဲ့ ဒီလို ကြောက်စရာဖြစ်ရပ်ဆိုးတွေကို ပြန်ပြောင်း အမှတ်ရစေပါတယ်” လို့ KWO က ရေးသားထားပါတယ်။

    နောက်ပြီး ရိုဟင်ဂျာပြည်သူတွေဟာ အစိုးရစစ်သားတွေရဲ့ ညှင်းပမ်းမှု၊ တရားလက်လွတ်သတ်ဖြတ်မှု၊ နေရပ်က မောင်းထုတ်မှုတွေကို ခံစားနေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေကြောင်း၊ သေဆုံးမှု ၂၄၈ မှုနဲ့ မောင်းထုတ်ခံရမှု ၁၉၂ မှုတို့ကို မှတ်တမ်းတင်ထားကြောင်း မိမိတို့အနေနဲ့ ရိုဟင်ဂျာအမျိုးသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲဆို့နင့်ရပါကြောင်း KWO က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီလိုသတင်းတွေကို NLD အစိုးရက ငြင်းပယ်မှုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

    “စစ်တပ်ကတော့ အမြဲတမ်းလုပ်နေကြအတိုင်း ဒီသတင်းတွေကို ငြင်းဆိုမယ်ဆိုတာ ကျွန်မတို့ မျှော်လင့်ပြီးသားပါ။ ဒါပေမယ့် NLD (အစိုးရ) ကပါ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားပါဘူး။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကျွန်မတို့ မျှော်လင့်ချက်အများကြီး ထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက သူမဟာ ‘ကျွန်မတို့တိုင်းပြည်မှာ အခြေခံလူ့အခွင့်အရေးတွေ ရရှိချင်ကြသူတွေအပေါ်- အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ- အဓမ္မပြုကျင့်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့တယ်။ အဓမ္မပြုကျင့်မှုဟာ ကျယ်ကျယ်ပြန့်ပြန်ကို ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ ကျွန်မတို့တိုင်းပြည်ကို သွေးခွဲဖို့ စစ်တပ်က အဓမ္မပြုကျင့်မှုကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်’ လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အာဏာရခဲ့မယ်ဆိုရင် မြန်မာစစ်သားတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖ
    က်တာကို ဖြစ်ခွင့် ပြုမှာမဟုတ်ဘူး၊ ဖြစ်လာရင်လည်း အလျင်အမြန် အရေးယူသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ထားခဲ့ပါတယ်။ အခုတော့ ဒီစကားလုံးတွေဟာ လက်တွေ့မပါတဲ့ နိုင်ငံရေးသက်သက် စကားလုံးတွေသာ ဖြစ်တယ်ဆိုတာကို မြင်လိုက်ရပါပြီ” လို့ KWO ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ‘ပဋိပက္ခတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဆုံးသတ်ရေး ကြေငြာစာတမ်း’ ကို ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကလက်မှတ်ထိုးခဲ့မှုကို KWO က ထောက်ပြခဲ့ပြီး အစိုးရစစ်သားများအနေဖြင့် အရေးယူခံရခြင်းမရှိဘဲ ထိုကဲ့သို့ အဓမ္မပြုကျင့်မှုကို ဆက်လက်လုပ်ဆောင်နေပါက လက်မှတ်ရေးထိုးထားမှုအတွက် မည်ကဲ့သို့ အရေးယူမလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

    “၂၀၀၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့ ၁၁ ခုဟာ မြန်မာစစ်တပ်ကစစ်သားတွေ အမျိုးသမီးတွေအပေါ်မှာ ကျူလွန်ခဲ့တဲ့ သီးခြားအကြမ်းဖက်မှုပေါင်း အနည်းဆုံး ၃၃ ခုလောက်ကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအထောက်အထားတွေအားလုံးကို မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရတွေက ငြင်းပယ်ခဲ့ပါတယ်။ ငြင်းပယ်မှု၊ အရေးမယူမှုတွေဟာ ကျွန်မတို့ မျိုးဆက်နဲ့ချီ ကြုံတွေ့ခဲ့ရတဲ့ အပြုအမူမျိုးတွေပါ။ ဒီအမျိုးသမီးတွေအားလုံး လိမ်နေတာလား။ ဒါမှမဟုတ် မြန်မာစစ်တပ်က စစ်သားတွေ ရန်လိုတယ်၊ အာဏာအလွဲသုံးစားလုပ်တယ်၊ ပြီးတော့ အရေးယူမခံရဘူးဆိုတာ အမှန်လား”

    စစ်သားတွေက အဓမ္မပြုကျင့်မှုကို အရေးမယူရင် တပ်မှူးတွေမှာလည်းအပြစ်ရှိတယ်လို့ KWO က ထောက်ပြခဲ့ပြီး နောက်ဆုံးမှာတော့ ” မြန်မာစစ်တပ်က စစ်သားတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားမြစ်တယ်။ မြန်မာစစ်တပ်က ဘယ်စစ်သားမဆို ဒီရာဇ၀တ်မှုကျူးလွန်တယ်လို့ တွေ့ရရင် အဲဒီစစ်သားနဲ့ သူ့ရဲ့ တပ်မှူးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်” ဆိုတဲ့ ကြေငြာချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရတို့ကို ရဲရဲဝံ့ဝံ့ တောင်းဆိုလိုက်ပါတယ်လို့ နိဂုံးချုပ်ခဲ့ပါတယ်။

    Ref: karenwomen.org

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၄)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၄)

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    ကျွန်မ လူမည်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို ဂုဏ်ယူစွာပြသမည်

    4
    ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို ဘာကြောင့် ရပ်တန့် လိုက်ကြောင်း ရှင်းပြနေတဲ့ Jacinda Townsend

    -ဂျေဆင်ဒါတောင်းဆန်း က အာဖရိကန်နွယ်ဖွား အမေရိကန် စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမက ဒီလိုပြောပြပါတယ်။

    ကျွန်မ အသက် ၂၀ အရွယ် ဥပဒေကျောင်းသူဘ၀မှာ ငြိမ်းချမ်းမှုတရားကို ရှာဖွေရင်း အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့ပါတယ်။ ငြိမ်းချမ်းမှုတရားကို သာသနာထဲမှာတင်မဟုတ်ဘဲ အစ္စလာမ့်ထုံးဓလေ့တွေမှာလည်း စူးစမ်းပါတယ်။ နေ့စဉ် ငါးကြိမ် ၀တ်ပြုမှုကို ကျွန်မရဲ့ ယုံကြည်ချက်ကို ခိုင်မာစေတယ်၊ ၀ူဿွူ(ကိုယ်လက်သန့်စင်ဆေးကြောခြင်း)က ကျွန်မရဲ့ စိုးရိမ်ကြောင့်ကြမှုကို သန့်စင်စေတယ်၊ ဟိဂျာ့ဗ်က ကျွန်မရဲ့ သြတပ္မတရားကို အများသိလာစေပါတယ်။

    ကျွန်မရဲ့ဆံနွယ်ကို သိမ်းပြီး ပုဝါခြုံလိုက်တဲ့ အစဦးပိုင်းမှာ ကျွန်မရဲ့လိင်အာရုံနဲ့ အဆက်ပြတ်သွားတယ်၊ မိန်းမပျိုကို ငေးမော တတ်တဲ့ ယောက်ျားသားတွေရဲ့အကြည့်ကနေ ကင်းလွတ်သွားတယ်လို့ ခံစားရပါတယ်။

    ဒါပေမယ့် တစ်နေ့တော့ ပီဘိသူစိမ်းဖြစ်တဲ့ မွတ်စ်လင်မ်အမျိုးသားတစ်ဦးက စူပါမားကက်တစ်ခုမှာ ကျွန်မကို ချဉ်းကပ်လာတယ်၊ ကျွန်မရဲ့ ဖုန်းနံပါတ်ကို တောင်းပါတယ်။

    တကယ်တမ်းကျတော့ ဟိဂျာ့ဗ်အောက်မှာ ဘာရှိနေတယ်ဆိုတာ လူတိုင်းပြောပြနိုင်ပါတယ်။ ဘယ်လိုပုံစံပြောင်းပြောင်း အမျိုးသားရဲ့ ငေးမောကြည့်ရှုမှုကတော့ မလွတ်ပါဘူး၊ အားလုံးအတူတူပဲဆိုတာကို အတွေးဝင်ရောက်လာပါတော့တယ်။

    ကျွန်မရဲ့ဦးခေါင်း ဖွင့်လှပ်ဖို့ ဘယ်အရာက နောက်ဆုံး တွန်းအားပေးခဲ့တာလဲ သိပါသလား။ ကျွန်မရဲ့ ဆံပင်ပေါ့။ ပြောင်းလဲ သက်ဝင်မှု မတိုင်မီက ဖြောင့်စင်းအောင် မထားခဲ့တဲ့ အာဖရိကန်နွယ်အမေရိကန် ဆံပင်ကောက်ကောက်တွေပေါ့။

    ဗလီမှာရှိတဲ့ မိန်းမကြီးတွေရဲ့စကားတွေကြောင့် ကျွန်မဆီမှာ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုတွေ အများအပြား ပျောက်ကွယ်နေပါတယ်။ သူတို့ဟာ ကျွန်မ အလျဉ်းနားမလည်ခဲ့တဲ့ ဘာသာစကားနဲ့ ဆုတောင်းဆိုရမယ်လို့ ပြောကြတယ်။ ဘာသာရေးမဟုတ်တဲ့ အခမ်းအနားနေ့ကျင်းပခြင်း/အားလပ်ရက်ဆိုတာ မိမိတို့အဖို့ ဟရာမ်ဖြစ်ကြောင်း သူတို့က ဆိုကြတယ်။

    ကျွန်မ တန်ဖိုးထားတဲ့ ဆံခွေကိုရစ်ပြီး ဟိဂျာ့ဗ် လွှမ်းခြုံလိုက်တဲ့အခါတိုင်း တစ်ခါက အမြင်အတိုင်းရှိခဲ့တဲ့ လူမည်းဖြစ်ခြင်းအမှတ်သညာကို ဖုံးကွယ်နေရတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဗလီဝတ်ကျောင်းထဲမှာ လူတွေရဲ့လက်ခံမှုရရှိဖို့ ကျွန်မဟာ ကျွန်မရဲ့ယဉ်ကျေးမှုစံပုံစံတွေကို စွန့်လွှတ်ခ၀ါချနေခဲ့ရပါတယ်။

    နောက်ဆုံးတော့ ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို ကျွန်မ ရပ်တန့်လိုက်ပါတယ်။ ဆံပင်ကို ကျစ်ဆံမြီးပြန်ကျစ်ပါတယ်။ အပြင်ကိုတော့ ထုတ်မပြထားပါဘူး။ ကျွန်မဟာ လူမည်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို ဂုဏ်ယူစွာ ပြသလိုက်ပါတယ်။ ကျွန်မရဲ့လူမည်းဖြစ်ခြင်းအပေါ် နဂိုကထက် ပိုမြတ်နိုးလာမိပါတော့တယ်။

    (မှတ်ချက် – အစ္စလာမ်သည် တစ်ပါးသောယဉ်ကျေးမှုကောင်းနှင့် ကိုယ်ပိုင်ဝိသေသများကို စွန့်လွှတ်ခိုင်းစေခြင်း အလျဉ်းမရှိပါ)

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    (ဖော်ပြခဲ့ပြီးသော အပိုင်းများ

    အပိုင်း(၁)

    အပိုင်း(၂)

    အပိုင်း(၃) ဖတ်ရှုနိုင်ပါတယ်

  • ရုရှားက ဂျာမနီကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု ဂျာမန်ထောက်လှမ်းရေးပြော

    ရုရှားက ဂျာမနီကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု ဂျာမန်ထောက်လှမ်းရေးပြော

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    germany-2

    – ဂျာမနီတွင် ရွေးကောက်ပွဲပြုလုပ်ရန် ရှိနေသည့်အချိန်တွင် ရုရှားက ၀ါဒဖြန့်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ကြိုးစားနေသည်ဟု ဂျာမနီ ထောက်လှမ်းရေးဌာန BfV က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားက ဥရောပ၏ ဒုတိယစီးပွားရေးအကြီးမားဆုံး ဂျာမနီတွင် အချက်အလက်အမှားများဖြင့် ၀ါဒဖြန့်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍ BfV ၏ မကြုံစဖူး လူသိရှင်ကြား ထုတ်ဖော်မှုလည်း ဖြစ်သည်။

    “လာမယ့်နှစ် ဖက်ဒရယ်ရွေးကောက်ပွဲမှာ လွှမ်းမိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ အထောက်အထားတွေ တော်တော်များများ ရှိနေပါတယ်” ဟု BfV အကြီးအကဲ ဟန်စ် ဂျော့ မက်ဆန်က ပြောကြားခဲ့ပြီး ဂျာမနီ၏ နိုင်ငံရေးအသင်းအဖွဲ့များအပေါ်တွင် ဆိုက်ဘာ သူလျှိုလုပ်ငန်းကို ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ဂျာမနီပြည်သူများအနေဖြင့် ဆိုရှယ်မီဒီယာများကို တိုးမြှင့်အသုံးပြုလာခြင်းက ၀ါဒဖြန့်မှု၏ သားကောင် ဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှု ရှိနေသည်ဟု မက်ဆန်က ဆိုသည်။

    BfV ကလည်း ဂျာမနီရှိ ရုရှားစကားပြော လူ့အဖွဲ့အစည်း၊ နိုင်ငံရေးလှုပ်ရှားမှု၊ ပါတီများနှင့် အခြား အရေးပါအရာရောက်သူများကို ရည်ရွယ်သည့် အချက်အလက်အမှားများ ၀ါဒဖြန့်ခြင်းကို ရုရှားက ငွေအလုံးအရင်းသုံး၍ နည်းလမ်းများစွာဖြင့် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ရုရှား၏ ထိုသို့ပြုလုပ်သည့် ရည်ရွယ်ချက်မှာ လူထုအတွင်း မသေချာစိတ်များဖြစ်ပေါ်စေကာ ဂျာမနီအား တည်ငြိမ်မှု ပျက်ပြားစေရန်၊ အစွန်းရောက်အုပ်စုများ၊ ပါတီများ၊ အားကောင်းစေရန်၊ ဂျာမနီအစိုးရ၏ လုပ်ကိုင်မှုများ ရှုပ်ထွေးစေရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် လွှမ်းမိုးနိုင်စေရန်တို့ ဖြစ်သည်ဟုလည်း ထောက်လှမ်းရေးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

    ဂျာမနီရှိ ရုရှားအစိုးရက ထိန်းချုပ်ထားသော မီဒီယာများနှင့် ရုရှားလိုလားသော ဘလော့ဂ်များကမူ နိုင်ငံအတွင်း ခိုလှုံခဲ့သည့် ဒုက္ခသည်များကျူးလွန်သော ရာဇ၀တ်မှုများကို ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြီးခဲ့သည့်နှစ်အတွင်း ဒုက္ခသည်သိန်းချီ ၀င်ရောက်ခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်နှင့် ချိတ်ဆက်ကာ ဖော်ပြလေ့ရှိသည်။

    Ref: Aljazeera

  • သမ္မတ ပက်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် တောင်ကိုရီးယားလွှတ်တော် ဆုံးဖြတ်

    သမ္မတ ပက်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် တောင်ကိုရီးယားလွှတ်တော် ဆုံးဖြတ်

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    south-3

    – ခြစားမှုရှိသည်ဆိုသည်သော သတင်းများကြောင့် ပြည်သူများ၏ ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရသည့် သမ္မတ ပက်ဂျုံဟေးအား ရာထူးမှ ဖြုတ်ချရန်အတွက် တောင်ကိုရီးယားလွှတ်တော်က ယနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    သမ္မတအား ဖြုတ်ချရေး မဲခွဲရာတွင် ထောက်ခံမဲ ၂၃၄ မဲနှင့် ကန့်ကွက်မဲ ၅၄ မဲရရှိခဲ့ပြီး၊ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် လွှတ်တော်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် ဆန္ဒပြသူများက အောင်ပွဲခံခဲ့ကြသည်။

    တောင်ကိုရီးယား အခြေခံဥပဒေခုံရုံးကမူ လွှတ်တော်၏ မဲခွဲမှုကို လက်ခံမည်လား သို့မဟုတ် ပယ်ချကာ ပက်ဂျုံဟေးကို သမ္မတအဖြစ် ပြန်လည်တာဝန်ယူစေမည်လားဆိုသည်ကို ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ ထိုဆုံးဖြတ်ချက်က ပတ်ဂျုံဟေး၏ အနာဂတ် ဖြစ်မည်ဖြစ်သည်။

    ယခုအခြေအနေကြောင့် ပက်ဂျုံဟေးမှာ တောင်ကိုရီးယားသမိုင်းတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရပြီးနောက် ရာထူးမှ ဖြုတ်ချခံရသည့် ပထမဆုံးသမ္မ ဖြစ်လာဖွယ် ရှိနေသည်။

    Ref: Aljazeera

  • ဒိုင်နိုဆောသမိုင်းကို တုန်လှုပ်စေခဲ့သည့် မြန်မာ့ ပယင်းကျောက်

    ဒိုင်နိုဆောသမိုင်းကို တုန်လှုပ်စေခဲ့သည့် မြန်မာ့ ပယင်းကျောက်

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    payin

    – တရုတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ဦးက မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ၀ယ်သွားတဲ့ ပယင်းကျောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းက ဒိုင်နိုဆောရဲ့အမြီးရုပ်ကြွင်း ပါဝင်နေတာကို တွေ့ခဲ့ရပြီး သိပ္ပံပညာရှင်တွေက ဆက်လက်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

    ရှင်းလီဒါဆိုတဲ့ ပညာရှင်က မြစ်ကြီးနားမြို့ကနေ အဲဒီပယင်းကျောက်ကို အလှထားဖို့၊ ဒါမှမဟုတ် စူးစမ်းဖို့ ၀ယ်သွားတာ ဖြစ်ပါတယ်။ မြန်မာကုန်သည်တွေကလည်း ဒီပယင်းကျောက်ထဲမှာ နစ်မြုပ်နေတဲ့အရာဟာ သစ်ပင်ရဲ့ အပိုင်းအစတွေသာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။

    “အဲဒီရုပ်ကြွင်းက အပင်ဆိုတာထက် သီရိုပေါ့ဒ် ဒိုင်နိုဆောရဲ့ ကျောရိုးအစစ်ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆခဲ့တာပါ။ ဒီကုန်သည်က ဒီလို ရုပ်ကြွင်းဟာ ဘယ်လောက်အရေးပါလဲဆိုတာ သိလား၊ မသိဘူးလားဆိုတာ ကျွန်တော်လည်း မပြောတ်ဘူးဗျ။ ဈေးကတော့ တော်တော်ပေါပေါနဲ့ ပေးလိုက်တာ” လို ရှင်းက ပြောကြားခဲ့ပါတယ်။

    တစ်သက်မှာတစ်ခါ

    ဒီဇင်ဘာလထုတ် Current Biology ဂျာနယ်ကတော့ ဒီတွေ့ရှိမှုဟာ ဒိုင်နိုဆောတွေရဲ့ ပုံပန်းသွင်ပြင် ဘယ်လိုရှိလဲဆိုတာနဲ့ ပတ်သက်ပြီး အမြင်အသစ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။

    ကနေဒါ Royal Saskatchwan ပြတိုက်က ရုပ်ကြွင်းပညာရှင်ဖြစ်ပြီး ဂျာနယ်နဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သူ ရိုင်ယန် မက်ကဲလားကတော့ ရှင်းလီဒါက သူ့ကို ဒီရုပ်ကြွင်း ပြတဲ့အချိန်မှာ သူ့အနေနဲ့ လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တစ်သက်မှတစ်ခါ ရှာတွေ့တတ်တာမျိုးဗျ။ ၃ ဖက်မြင်နဲ့ အနုစိတ်ကျကျ မြင်နိုင်တယ်”

    ဒီပယင်းကျောက်ကြောင့် ဒိုင်နိုဆောတော်တော်များများဟာ အကြေးခွံတွေထက် အမွှေးတွေရှိတယ်ဆိုတဲ့ အထောက်အထားကို ပိုပြီး ခိုင်မာသွားစေပါတယ်။

    ဒိုင်နိုဆောခေတ်က ငှက်တွေရဲ့ တောင်ပံရုပ်ကြွင်းကို အရင်က ပယင်းကျောက်တွေမှာ တွေ့ရှိခဲ့ပေမယ့်၊ ဒိုင်နိုဆောရဲ့ ရုပ်ကြွင်းကို ပယင်းကျောက်မှာ တွေ့ရှိရတာကတော့ ဒါ ပထမဆုံးဖြစ်ပါတယ်။

    Ref: CNN