News @ M-Media

Blog

  • ကိုယ်တိုင်လက်ခံခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဂမ်ဘီယာအာဏာရှင်ဟောင်း ပြန်လည် ငြင်းပယ်

    ကိုယ်တိုင်လက်ခံခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဂမ်ဘီယာအာဏာရှင်ဟောင်း ပြန်လည် ငြင်းပယ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    gambia-2
    ဂမ်ဘီယာအာဏာရှင်ဟောင်း ယာဟ်ယာ ဂျာမေဟ်

    – ပြိုင်ဘက်အား ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် တရားဝင် ၀န်ခံခဲ့သည့် ဂမ်ဘီယာအာဏာရှင်ဟောင်း ယာဟ်ယာ ဂျာမေဟ်က သောကြာနေ့တွင် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သည်ဟု ထပ်မံပြောကြားလိုက်သည်။

    ဂျာမေဟ်မှာ ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် အာဏာရှင်ဖြစ်ပြီး ပြိုင်ဘက်များကို ထိန်းသိမ်းခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲမှုကို ခံခဲ့ရသည်။ ပြီးခဲ့တစ်ပတ် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အဒါမာ ဘာရိုးအား ရှုံးနိမ့်ကြောင်း ၎င်းက တရားဝင် ကြေငြာခဲ့ပြီး၊ ပြည်သူများမှာ လမ်းပေါ်သို့ထွက်၍ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။

    သို့သော်လည်း ဂျာမေဟ်မှာ မနေ့က ရွေးကောက်ပွဲရလဒ်ကို လက်မခံဟုဆိုပြီး ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့သည်။

    “သေသေချာချာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ လတ်တလော ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွင်းမှာ လက်မခံနိုင်လောက်တဲ့ ဆိုးဆိုးဝါးဝါး မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် ၀မ်းနည်းမိပါတယ်။ ဘုရားသခင်ကိုကြောက်ရွံ့ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲအသစ်ကို ထပ်လုပ်ဖို့ အကြံပြုပါတယ်” ဟု ဂျာမေဟ်က ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ယခင်အာဏာရှင်ကို သစ္စာခံသည့် စစ်တပ်ကို မည်ကဲ့သို့ ထိန်းကျောင်းရမည်ဆိုသည်နှင့် ပတ်သက်၍ အခက်တွေ့နေရသည့် ဘာရိုးအတွက် ဂျာမေဟ်၏ ယခုကြေငြာမှုက ဆိုးရွားသည့်စိန်ခေါ်မှုလည်း ဖြစ်သည်။

    Ref: Aljazeera

  • ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ကြေညာ

    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ကြေညာ

    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ကြေညာ

    2017

  • ရုရှားအားကစားလောက၏ တားမြစ်ဆေးမသမာမှု အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်

    ရုရှားအားကစားလောက၏ တားမြစ်ဆေးမသမာမှု အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    russia

    – နွေရာသီ၊ ဆောင်းရာသီနှင့် မသန်စွမ်း အိုလံပစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရုရှား အားကစားသမား ၁၀၀၀ ကျော်မှာ ဆေးမအောင်မှုကို ဖုံးကွယ်ရန် အစိုးရ၏ ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သည် သို့မဟုတ် ထိုအစီအစဉ်မှ အကျိုးဖြစ်ထွန်းခဲ့သည်ဟု ကမ္ဘာ့တားမြစ်ဆေးဆန့်ကျင်ရေး အေဂျင်စီ (WADA) က ပြောကြားလိုက်သည်။

    ကနေဒါ အားကစားဆိုင်ရာ ရှေ့နေဖြစ်သူ ရစ်ချက် မက္ကလာရင်က ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်ပြီး ရုရှားအစိုးရက ကျောထောက်နောက်ခံပြုထားသော တားမြစ်ဆေး သုံးစွဲမှုအစီအစဉ် အသေးစိတ်ကို ဖော်ပြခဲ့သည်။

    ၂၀၁၂ အိုလံပစ်၊ ၂၀၁၃ ကမ္ဘာ့ အားကစား ချန်ပီယံရှစ်၊ ၂၀၁၄ ဆိုချီ ဆောင်းရာသီ အိုလံပစ်နှင့် ဘောလုံးအပါအ၀င် အားကစားနည်း ၃၀ ကျော်တွင် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိမှုကို ဖုံးကွယ်ရန်အတွက် စနစ်တကျ ပြုလုပ်ခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

    “အနည်းဆုံး ၂၀၁၁ လောက်နေစလို့ ဖုံးကွယ်ခဲ့တာတွေ၊ ဆိုချီအိုလံပစ်နောက်ပိုင်း ဆက်လုပ်တာတွေကို ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီလိုဖုံးကွယ်မှုဟာ မကြုံစဖူး ပမာဏဖြစ်ပြီး အစီရင်ခံစာရဲ့ ဒုတိယပိုင်းမှာတော့ ကစားသမားတွေ အများအပြားပါဝင်မှု၊ တားမြစ်ဆေးသုံးစွဲမှုကို ဖုံးကွယ်ဖို့အတွက် ပူးပေါင်းစီစဉ်မှုတွေကို ဖော်ပြထားပါတယ်” ဟု မက္ကလာရင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ရုရှားအစိုးရမှာ ဆေးမအောင်သည့် အားကစားသမား ၅၀၀ ကျော်ကို ဆေးအောင်သည်ဟု ဖော်ပြခဲ့ပြီး ထိုအထဲတွင် နာမည်ကြီးနှင့် ထိပ်တန်းကစားသမားများလည်း ပါဝင်ကြောင်း၊ ၂၀၁၂ လန်ဒန်အိုလံပစ်တွင် ရုရှားမှာ ရွှေ ၂၄၊ ငွေ ၂၆ နှင့် ကြေး ၃၂ ခု ရရှိခဲ့ပြီး ယှဉ်ပြိုင်သည့်အားကစားသမားအားလုံး မည်သူမှ ဆေးမအောင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ရခိုင်ရှိမွတ်စလင်များ အကြမ်းဖက်ခံရမှုကို ထောက်ခံသည့် ရဟန်းမှာ ရဟန်းတုဟု မလေးရှား ဗုဒ္ဓဘာသာခေါင်းဆောင် ပြော

    ရခိုင်ရှိမွတ်စလင်များ အကြမ်းဖက်ခံရမှုကို ထောက်ခံသည့် ရဟန်းမှာ ရဟန်းတုဟု မလေးရှား ဗုဒ္ဓဘာသာခေါင်းဆောင် ပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    datuk
    မလေးရှားနိုင်ငံမှ ဗုဒ္ဓဘာသာအကြီးအကဲ ဘုန်းတော်ကြီး ဒါတွတ် ကေ စရီ ဓမ္မမရတ္တနာ

    – ရိုဟင်ဂျာ မွတ်စလင်များအပေါ် ပြုလုပ်နေသည့် အကြမ်းဖက်မှုကို ထောက်ခံသည့် ရဟန်းများမှာ ရဟန်းတု ရဟန်းယောင်သာ ဖြစ်သည်ဟု မလေးရှားနိုင်ငံမှ ဗုဒ္ဓဘာသာအကြီးအကဲ ဘုန်းတော်ကြီး ဒါတွတ် ကေ စရီ ဓမ္မမရတ္တနာက မိန့်ကြားလိုက်သည်။

    မွတ်စလင်များအပေါ် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်နေသော မဘသအဖွဲ့အား ဦးဆောင်နေသည်ဟု ယူဆရသော အစွန်းရောက်ဘုန်းကြီးများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုအတွက် ဘုန်တော်ကြီးက ထိုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ၏ ဟောကြားမှုမှာ အကြမ်းမဖက်ရေးဖြစ်သောကြောင့် ရဟန်းစစ်များမှာ ထိုကဲ့သို့ အကြမ်းဖက်မှုကို လစ်လျူရှုထားမည်မဟုတ်ဟုလည်း ဆိုသည်။

    “တစ်ခါတစ်လေမှာ လူဝတ်ကြောင်တွေက ရဟန်းတွေကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးချတယ်။ သင်္ကန်းရုံခိုင်းပြီး ဘုရားသားတော်အစစ်အမှန်တွေ ဘယ်တော့မှမလုပ်တဲ့ လုပ်ရပ်တွေကို လုပ်ခွင့်ပြုတယ်။ ဗုဒ္ဓ၀ါဒမှာ အကြမ်းဖက်မှုကို လုံးဝ အားမပေးထားဘူး။ တိရစ္ဆာန်တွေအပါအ၀င် သက်ရှိတွေကို သတ်ဖြတ်လို့မရပါဘူး”

    ဓမ္မရတ္တနာ၏ ရပ်တည်ချက်မှာ မဘသကို အတည်ပြုရန် ငြင်းပယ်သော မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၏ သဘောထားနှင့်လည်း တူညီနေသည်။

    မြန်မာနိုင်ငံ၏ သံဃမဟာနာယကကော်မတီကမူ ဇူလိုင်လက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မဘသအဖွဲ့မှာ မိမိတို့ကော်မတီ၏ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များအောက်တွင် ဖွဲ့စည်းထားခြင်းမဟုတ်ဟု ကြေငြာခဲ့သည်။

    ဓမ္မရတ္တနာကမူ ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့ လွန်ခဲ့သည့် ၃ နှစ်က သွားရောက်ခဲ့ဖူးသည်ဟု ဆိုသည်။

    “အဲဒီဒေသကပြဿနာဟာ လူသားရဲ့အားနည်းမှုကြောင့် ဖြစ်လာတာပါ။ ဒါက ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ပြီး ဘာသာရေး ပြဿနာဖြစ်အောင် လွဲမှားစွာ အရှိန်တင်ခဲ့တာပါ။ ဘာသာရေးပြဿနာအဖြစ် ကမ္ဘာကြီးကိုလည်း မှားယွင်းဖော်ပြနေတယ်။ ဘာသာရေးနဲ့ ဘာမှ မဆိုင်ပါဘူး။ လူသားရဲ့ အားနည်းချက်ကြောင့် ဖြစ်လာတာပါ။ ဘယ်နေရာမှာမဆို အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခံစားမှုက အတူတူပါပဲ” ဟု မြန်မာနိုင်ငံတွင် ဘာသာမတူသူများအကြား ချစ်ကြိုက်လက်ထပ်မှုက အကြမ်းဖက်မှု၏ အဓိကပြဿနာဖြစ်နေမှုကို ရည်ညွှန်းကာ ရပ်တန့်ရန် ဆရာတော်က မိန့်ကြားခဲ့သည်။

    ထို့ပြင် မြေပြင်တွင် နောက်ဆုံးဖြစ်ပျက်နေသည့် အချက်အလက်များရရန် တောင်းဆိုခဲ့ပြီး၊ ငြိမ်းချမ်းပြီး သဟဇာတဖြစ်သော အဖြေကို အမြန်ဆုံးရှာဖွေရေး သက်ဆိုင်သူများအားလုံး စားပွဲဝိုင်းတွင် ဆွေးနွေးရန်လည်း တိုက်တွန်းခဲ့သည်။

    “ဒီလိုမှမဟုတ်ရင်တော့ ဗုဒ္ဓသာသနာဟာ ညှိုးနွမ်းသွားပါလိမ့်မယ်”

    Ref: The Star

  • ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ရခိုင်ပို့မည့် လက်နက်များ ဘားအံမှာ မိ

    ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ရခိုင်ပို့မည့် လက်နက်များ ဘားအံမှာ မိ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media
    alp
    ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ် မှာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မယ့် လက်နက်တွေ နဲ့အတူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

    ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်၌ လုံခြုံရေးပူးပေါင်း အဖွဲ့ များက မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မှ ဘားအံဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 2G/——- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော် ယာဉ်ပေါ်မှ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်နှင့် ငွေကျပ် သိန်း ၆၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဖမ်းဆီးရမိသူများတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှ ဗိုလ်မှူးကြီး အဆင့်ရှိ ခိုင်မိုးချမ်း(ခ) မောင်သာမြင့်၊ စီးပွားရေးတာဝန်ခံ ခိုင်သိန်းဦး ပါဝင်ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ခိုင်မိုးချမ်း(ခ)မောင်သာမြင့် သည် မြ၀တီ-မဲဆောက်သို့ ဒီဇင်ဘာ ၇ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးအား ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်-မြ၀တီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာ သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ ထံမှ အဆိုပါ လက်နက်ခဲယမ်းများအား ယူဆောင်ပြီး ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှာ ပြည်ထောင်စုအစိုးရ အဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ်ချုပ်ကို  ယခင် အစိုးရ သမ္မတဦးသိန်းစိန်လက်ထက်တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

    ref: ဧရာဝတီ