News @ M-Media
Blog
  • အစ္စရေးတောမီး ငြှိမ်းသက်ရန် ပါလက်စတိုင်းက မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကားများ စေလွှတ်
    အစ္စရေးတောမီး ငြှိမ်းသက်ရန် ပါလက်စတိုင်းက မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကားများ စေလွှတ်
    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media
    fire
    – အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် အကြီးအကျယ်လောင်ကျွမ်းနေသည့် တောမီးကို ငြှိမ်းသက်မှုတွင် ပါဝင်ကူညီရန်အတွက် ပါလက်စတိုင်းက ၎င်းတို့၏ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများကို စေလွှတ်လိုက်သည်ဟု သိရသည်။
    ပါလက်စတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်ကြီး ယူဆက် နဆာရ်ကမူ မိမိတို့၏ မီးသတ်တပ်ဖွဲ့ဝင်များမှာ အစ္စရေးတောမီး ငြှိမ်းသက်မှုတွင် ပါဝင်ရန်အတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ယမန်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။
    အစ္စရေးက ထိုသတင်းကို အတည်ပြုခဲ့ပြီး ပါလက်စတိုင်း မီးသတ်ကားများလည်း ရောက်ရှိလာမည်ဟု ဆိုသည်။
    လက်ရှိအချိန်အတွင် အစ္စရေးနိုင်ငံတစ်ဝှမ်း အကြီးအကျယ်လောင်ကျွမ်းနေသော တောမီးများကို ရုရှား၊ အီတလီ၊ ဂရိ၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်နှင့် တူရကီနိုင်ငံတို့က လေယာဉ်များ၊ မီးသတ်ကားများ၊ မီးသတ်တပ်ဖွဲ့များဖြင့် ကူညီငြှိမ်းသက်ပေးနေပြီး အမေရိကန်ကလည်း ၎င်းတို့၏ အကြီးဆုံး မီးသတ်လေယာဉ်ကို စေလွှတ်ရန် ရှိနေသည်။
    ၂ လတာ မိုးခေါင်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အဆိုပါတောမီးကြောင့် လက်ရှိတွင် လူပေါင်း ၆၀၀၀၀ ကျော်ကို ကယ်ဆယ်ထားရပြီး၊ မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။
    ပါက်စတိုင်း မီးသတ်တပ်ဖွဲ့က အစ္စရေးကို ကူညီမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဟုတ်ဘဲ ၂၀၁၀ ခုနှစ်က ကာရ်မဲလ်သစ်တောအတွင်း မီးလောင်ကျွမ်းမှုတွင်လည်း ၀င်ရောက်ငြှိမ်းသက်ပေးခဲ့သည်။
    Ref : Time of Isreal
  • မလေးရှားမှ ရိုဟင်ဂျာဒုက္ခသည်များ အလုပ်ရရှိရန် ကုလ စီစဉ်နေ
    မလေးရှားမှ ရိုဟင်ဂျာဒုက္ခသည်များ အလုပ်ရရှိရန် ကုလ စီစဉ်နေ
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    malay-2
    – ညှင်းပမ်းနှိပ်စက်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ရိုဟင်ဂျာမွတ်စလင်များ နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ရရှိရေး ရှေ့ပြေးစီမံကိန်းတစ်ခုကို မလေးရှားနှင့် ဆောင်ရွက်နေသည်ဟု ကုသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။
    ရိုဟင်ဂျာ ၅၅၀၀၀ အပါအ၀င် ဒုက္ခသည်နှင့် ခိုလှုံ့ခွင့်တောင်းခံသူ စုစုပေါင်း ၁၅၀၀၀၀ ခန့် လက်ခံထားရသည့် မလေးရှားနိုင်ငံအနေဖြင့် အဆိုပါ ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်မှု၊ မိမိကိုယ်ကို အားကိုးမှု ပိုမိုရရှိလာစေရန်အတွက် တရားဝင် အလုပ်လုပ်ခွင့်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ယခင်ကတည်းက တိုက်တွန်းမှုများ ရှိခဲ့သည်။
    UNHCR ၏ တတိယနိုင်ငံသို့ အခြေချနိုင်ရေး အစီအစဉ်မှာ နှေးကွေးနေသည့်အချိန်တွင် တရားဝင်အလုပ်လုပ်ခွင့် မရသောကြောင့် မလေးရှားရှိ ဒုက္ခသည်အများစုမှာ အခက်အခဲများနှင့် ရင်ဆိုင်နရသည်။ မလေးရှားမှာ ကုလ၏ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော နိုင်ငံဖြစ်သည်။
    ဒုက္ခသည်များမှာ သန့်ရှင်းရေး၊ ဆောက်လုပ်ရေးနှင့် စားသောက်ဆိုင်များကဲ့သို့ နေရာများတွင် အောက်ခြေသိမ်းလုပ်ငန်းများကို လုပ်ကိုနေရပြီး လစာရခြင်းကဲ့သို့ ခေါင်းပုံဖြတ်ခံရမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်။
    ယခု ရှေ့ပြေးအစီအစဉ်အရ ရိုဟင်ဂျာ ၃၀၀ ကို စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးမည်ဟု မလေးရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
    ကွာလာလမ်ပူရှိ UNHCR ရုံးကမူ အဆိုပါ ရှေ့ပြေးအစီအစဉ်မှာ မလေးရှားရှိ ဒုက္ခသည်များအတွက် အလုပ်အကိုင်များ တိုးမြှင့်ဖန်တီးပေးရေး လမ်းဖွင့်ပေးနိုင်မည်ဖြစ်ပြီး နှစ်ဖက်စလုံးအတွက် win-win အခြေအနေဖြစ်သည်ဟု ပြောကြားခဲ့သည်။
    UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ ယန်တီ အစ္စမာအီလ်ကမူ ဒုက္ခသည်များက မလေးရှား၏ စီးပွားရေးအတွက် တန်ဖိုးရှိသည့် ရင်းမြစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့အား တရားဝင် အလုပ်လုပ်ခွင့်ပေးခြင်းက ၎င်းတို့နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုပိုင်းတွင် အစိုးရက ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။
    မလေးရှားအာဏာပိုင်များကမူ ယခင်က မိမိတို့အနေဖြင့် ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်ပေးရန် စဉ်းစားခဲ့သော်လည်း အသေးစိတ် ဖြစ်မလာခဲ့ပေ။ အချို့တာဝန်ရှိသူများကမူ ထိုကဲ့သို့ ဖြေလျော့ပေးလိုက်ပါက ရွှေ့ပြောင်းလုပ်သားများ အမြောက်အများ ၀င်ရောက်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။
    Ref: Channelnewsasia
  • တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု ၆၀ ကျော် သေဆုံး
    တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု ၆၀ ကျော် သေဆုံး
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    china-3
    – စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများ အဖြစ်များသော တရုတ်နိုင်ငံတွင် ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ၏ အစိတ်အပိုင်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    နိုင်ငံအလယ်ပိုင်း ကျန်ရှီပြည်နယ် ဖုန်ချန်းမြို့တွင် ယနေ့မနက်ပိုင်းက ဓာတ်အားပေးစက်ရုံ၏ အအေးခံမျှော်စင် ပြိုကျခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးများအောက်တွင် ပိတ်မိနေသူများလည်း ရှိနေသည်။
    လက်ရှိတွယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မီးသတ်ကားများ၊ စစ်သားများကိုလည်း တပ်ဖြန့်ချထားသည်ဟု ပြည်နယ် မီးသတ်ဌာနက ပြောကြားခဲ့သည်။
    စောစောပိုင်းတွင် သေဆုံးသူ ၄၀ ရှိသည်ဟု ရှင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးမှာလည်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။ ပြိုကျမှုဖြစ်ပွားချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၆၈ ဦး ရှိနေသည်။
    အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ပြီးခဲ့သည့်ဇူလိုင်လက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ပြီးမည်ဟု ခန့်မှန်းထားသည်။
    ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို လိုက်နာမှု အားနည်းသောကြောင့် တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများမှာ ပုံမှန်လိုလို ဖြစ်ပွားနေသည်။
    Ref: Aljazeera
  • ကန်ရွေးကောက်ပွဲရလဒ်တစ်ချို့ ပြန်ဆန်းစစ်ခံရမှာလား
    ကန်ရွေးကောက်ပွဲရလဒ်တစ်ချို့ ပြန်ဆန်းစစ်ခံရမှာလား
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    election
    – နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မရွေးကောက်ပွဲမှာ ပြည်နယ် ၃ ခုက မဲရလဒ်တွေနဲ့ပတ်သက်လို့ စစ်ဆေးပေးဖို့အတွက် ဟီလာရီကလင်တန်ရဲ့ မဲဆွယ်ရေးအဖွဲ့က ထိပ်တန်း ကွန်ပျူတာပညာရှင်တွေကို တိုက်တွန်းလိုက်တယ်လို့ အဲဒီအဖွဲ့နဲ့ နည်းစပ်တဲ့ သတင်းရင်းမြစ်က ပြောကြားလိုက်ပါတယ်။
    အဲဒီ သိပ္ပံပညာရှင်တွေထဲမှာ မီချီဂန်တက္ကသိုလ်က ကွန်ပျူတာလုံခြုံရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စင်တာက ဒါရိုက်တာဂျေ အဲလက်စ် ဟဲလ်ဒါမန်လည်း ပါဝင်ပြီး၊ သူက စာရွက်၊ စကန်နာတွေနဲ့မဲထည့်တဲ့ ကောင်တီတွေထက် ကွန်ပျူတာစနစ် အသုံးပြုတဲ့ ကောင်တီတွေမှာ ကလင်တန်ရဲ့ မဲရလဒ် ဆိုးဝါးခဲ့တာနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ အခြေအနေတွေရှိတယ်လို့ ကလင်တန်ရဲ့ အကြံပေးတွေကို ပြောပြခဲ့တာပါ။
    အဲဒီသိပ္ပံပညာရှင်အုပ်စုဟာ ကလင်တန်မဲဆွယ်ရေးအဖွဲ့ ဥက္ကဌ ဂျွန် ပိုဒက်ဆာနဲ့ အထွေထွေအကြံပေး မာ့ခ် အီလီယက်စ်တို့ကို အသိပေးခဲ့တာဖြစ်ပြီး ကွန်ပျူတာအသုံးပြုတဲ့ ခရိုင်တွေမှာ ကလင်တန်ဟာ ၇ ရာခိုင်နှုန်းအောက်ပဲ မဲရခဲ့တယ်ဆိုတာဟာ ဟက်ခံရတယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် သေချာတဲ့ အထောက်အထားတော့ မတွေ့ရသေးဘဲ လွတ်လပ်တဲ့ သုံးသပ်မှုမျိုး လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
    ဒီလို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းအတွက် ဟဲလ်ဒါမန်နဲ့ ဒီကိစ္စမှာပါဝင်တဲ့ ရှေ့နေ ဂျွန် ဘိုနီဖက်ဇ်တို့ကတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိသလို ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကလည်း ဘာမှ မတုန့်န်ပြန်ခဲ့ပါဘူး။
    ဒီရွေးကောက်ပွဲမှာ ကွန်ပျူတာစနစ်တွေ ဟက်ခံရတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီး အိုဘားမားအစိုးရဟာ မဲပေးခွင့်ရှိသူတွေရဲ့ အချက်တွေကို ဖောက်ယူဖို့ ကြိုးစားတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေကတော့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်လောက်အောင် ရုရှားက မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
    ဒီလို မဲရလဒ်တွေကို ပြန်လည်စစ်ဆေးဖို့ တိုက်တွန်းခဲ့သလားဆိုတာနဲ့ပတ်သက်လို့ မေးမြန်းမှုကိုတော့ ကလင်တန်ရဲ့ အကြံပေးဟောင်းတစ်ဦးက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
    Ref: CNN
  • အာဇာဘိုင်ဂျန်အမျိုးသမီး ကုရ်အာန်ကို ပိုးသားပေါ်တွင် ရေးသားကာ မှတ်တိုင်သစ်စိုက်ထူ
    အာဇာဘိုင်ဂျန်အမျိုးသမီး ကုရ်အာန်ကို ပိုးသားပေါ်တွင် ရေးသားကာ မှတ်တိုင်သစ်စိုက်ထူ
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    silk
    – အဇာဘိုင်ဂျန်မှ ပန်းချီပညာရှင် အမျိုးသမီး တွန်ဇာလီ မမ်မဒ်ဇာဒီမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ပိုးသားအပါးပေါ်တွင် ရေးသားကာ အစ္စလာမ့်သမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်ဟု သိရသည်။
    အသက် ၃၃ နှစ်အရွယ် သူမမှာ မီတာ ၅၀ အရှည်ရှိသည့် ပိုးသား အပါးပေါ်တွင် ရွှေမှင်၊ ငွေမှင်များဖြင့် ကုရ်အာန်ကျမ်းတော်မြတ် အစ၊ အဆုံး ရေးသားခဲ့ခြင်းဖြစ်ပြီး ၃ နှစ်တာ ကြာမြင့်ခဲ့သည်။
    သူမကမူ တူရကီသာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုရ်အာန်ကျမ်းတော်မြတ် ဗားရှင်းအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်၏ စာမျက်နှာတစ်မျက်နှာချင်းစီမှာ ၂၉x၃၃ စင်တီမီတာ ရှိသည်။
    ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းကြောင်းကို လေ့လာခဲ့သည့်အခါ အခြားသော ပုံစံအမျိုးမျိုးဖြင့် ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသော်လည်း ပိုးသားပေါ်တွင် ရေးသားထားမှု မရှိသောကြာင့် မိမိအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း၊ မိမိ၏ ထိုလက်ရာကို အကောင်းဆုံးလက်ရာဖြစ်စေရန် စဉ်းစားခဲ့ကြောင်း သူမက ထည့်သွင်းပြောကြားခဲ့သည်။
    မမ်မဒ်ဇာဒီမှာ တူရကီရှိ မာမာရာ တက္ကသိုလ်တွင် သမိုင်းပညာရပ်ဖြင့် ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ သူမကမူ မိမိအနေဖြင့် ထိုကဲ့သို့ ၃ နှစ်တာ ကြိုးပမ်းအားထုတ်မှု အောင်မြင်ခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်မိကြောင်း၊ ထိုကဲ့သို့ ပထမဆုံးဆောင်ရွက်နိုင်သူ ဖြစ်သည့်အတွက်လည်း ပျော်ရွှင်မိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Dailysabah