News @ M-Media

Blog

  • မှတ်ပုံတင် မရသေးသူများ ဆောင်ရန်၊ရှောင်ရန် နှင့် ၁၉၄၉/၅၁ လ.၀.က ဥပဒေများ အကြောင်း သိကောင်းစရာ

    မှတ်ပုံတင် မရသေးသူများ ဆောင်ရန်၊ရှောင်ရန် နှင့် ၁၉၄၉/၅၁ လ.၀.က ဥပဒေများ အကြောင်း သိကောင်းစရာ

    နိုဝင်ဘာ ၃ ၊ ၂၀၁၆
    ခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။

    ကျွန်တော်လိုက်ပါဆောင်ရွက်နေတဲ့အမှုအခင်းအတွေ့ကြုံ များအရ  ဥပဒေ အသိပညာ များကို ဝေငှလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အမျိုးသားမှတ်ပုံတင်များကို  လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၄၈ ခုနှစ်ခန့် လောက်ကစပြီး တရားဝင်ထုတ်ပေးခဲ့ပါတယ်။

    တစ်ဆက်တည်း ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအ တွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ၁၉၅၁ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများကို ပြဌာန်းခဲ့ပါတယ်။ အမျိုးသား မှတ်ပုံတင် ကိစ္စရပ်များ အတွက် ရည်ရွယ်ပြီးပြဌာန်းခဲ့တယ်ဆိုတာ အဲ့ဒီဥပဒေ အမည်များကဖော်ပြလျက်ရှိပါ တယ်။ ယခုအခါ အမျိုးသားမှတ်ပုံတင်များထုတ် ပေးခြင်းမရှိသော်လည်း အဲ့ဒီဥပဒေများကို မပယ်ဖျက်ဘဲ၊ယခုတိုင် တည်ဆဲဥပဒေများဖြစ်နေ ပါတယ်။

    အဲ့ဒီ ဥပဒေများကို ၂၀၁၅ခုနှစ်မှာ စတင်ပြီးပြန်လည်အသက်သွင်းလာတာတွေ့ရှိရပါတယ်။

    အစောဆုံးတွေ့ရှိရတာကတော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဝှိုက်ကတ် (White Card) များနဲ့ပတ်သက်ပြီး အကြံပေးဖို့ဖွဲ့စည်းတဲ့  ” ယာယီကတ်ပြားများ ကိုင်ဆောင်သူများ လေ့လာစိစစ် သုံးသပ်ရေး အကြံပေးကော်မတီ” ရဲ့ထောက်ခံချက်အရ ဝှိုက်ကတ် ယာယီ ကတ်ပြားများ အပ်နှံသူများကို NVC အစိမ်းရောင် ယာယီကတ်ပြားထုတ်ပေးရန် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ -၄( ၂) အရ ထုတ်ပေးခြင်းဖြစ်ကြောင်း ကိုးကားဖော်ပြခဲ့ ပါတယ်။

    နောက်ထပ်တွေ့ ရှိလာတာကတော့ (၃၁.၃.၂၀၁၅) မှာ ရပ်စဲလိုက်တဲ့ ဝှိုက်ကတ်များ ဆက်လက် ကိုင်ဆောင်ထားသူများ၊ နိုင်ငံသား ကတ်ပြား လက်ဝယ်မရှိသူများ၊ နိုင်/ကတ်လျှောက်ထားဆဲများ၊ နိုင်/ကတ် မလျှောက်ရသေးသူများကိုလည်း ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ ၆ ( ၂ ) ၆ ( ၃ ) အရအမှုများ စွဲဆို တင်ပို့လာတာကို တွေ့ရှိရပါတယ်။

    ပုဒ်မ ၆ ( ၂ ) နဲ့အရေးယူနိုင်ရန် ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေ တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်လျင် အရေးယူနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ ၆ ( ၃ ) ကတော့ ပြစ်ဒဏ်ပုဒ်မ ဖြစ်ပါတယ်။ ထောင်ဒဏ်( ၂ )နှစ်အထိ နဲ့ငွေဒဏ်ချ မှတ် နိုင်ပါတယ်။

    အဲ့ဒီတော့ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ နည်းဥပဒေများ ပတ်သက် ပြီး လေ့လာကြည့်လိုက်တော့ ပုဒ်မ ၂၅၊ ၂၆ ၊၂၈ တို့ကို အခြေခံပြီး အမှုခွဲများ စွဲဆိုလာတာကိုတွေ့ရှိပါတယ်။

    အဲ့ဒီဥပဒေတွေက အမျိုးသားမှတ်ပုံတင် ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဌာန်းခဲ့တာဖြစ်တော့ အမှန်တကယ်တော့ အမှုရင်ဆိုင်ရင် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမယ့် ကြိုတင်ပြီး ကာကွယ်ထားတာ ကောင်းပါတယ်။ ရပ်/ ကျေး ထောက်ခံ ချက်များပြသရင်လည်း မလုံလောက်တော့ပါ။ ရပ်/ ကျေး ထောက်ခံချက်များပြသနိုင်သော် လည်း မှတ်ပုံတင်ကတ်ပြား မပြနိုင်ရင် အဲ့ဒီဥပဒေတွေနဲ့ တရားစွဲဆိုတော့ပါဘဲ။

    အဲ့ဒီတော့ အဲဒီဥပဒေ အင်္ဂါရပ်တွေနဲ့ မငြိစွန်းအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲ့ဒီနည်းလမ်းကတော့ မိမိနေထိုင်/ တည်းခိုတဲ့ သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံးသို့ အကြောင်းကြားထားဖို့ဖြစ်ပါတယ်။ မြို့နယ် လ.ဝ.က အရာရှိ ထံလိပ်မူပြီး မိမိရဲ့ နိုင်ငံ
    သားလျှောက်ထားမှုအခြေအနေကို အကျဉ်းဖော်ပြပြီး မိမိသည် မည်သည့် လိပ်စာတွင်နေထိုင် /တည်းခို နေကြောင်း အသိပေးအကြောင်းကြားထားဖို့ဖြစ်ပါတယ်။ အကြောင်းကြားထား ကြောင်း အထောက်အထားရယူထားဖို့လည်းလိုပါတယ်။

    သို့သော် ဥပဒေက မည်သို့စေကာမူ ….

    ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး တစ်ယောက် ဧည့်စာရင်းလည်းပြ နိုင်တယ်။ နိုင်/ကတ် လည်းပြနိုင်တယ်။ ဒါပေမယ့် သူမလည်း အဲ့ဒီဥပဒေတွေနဲ့ အရေးယူ ခံထားရလို့ အမှုရင်ဆိုင်နေရပါတယ်။ အဲ့ဒီတော့ ….

    ခင်မောင်ချို (ခေတ္တ ဘန်ကောက် )

  • တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဇကာတင်စာရင်းကို ဖီဖာ ထုတ်ပြန်

    တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဇကာတင်စာရင်းကို ဖီဖာ ထုတ်ပြန်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    coach

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ရာနီယေးရီ၊ ဂွါဒီယိုလာနှင့် လူးဝစ်အန်းရစ်တို့ ပါဝင်လာသည်ဟု သိရသည်။

    Ballon d’Or ဆုအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ခဲ့ပြီး The Best FIFA Football Awards အမည်ဖြင့် ယခုနှစ်တွင် ပထမဆုံးပေးအပ်မည့် ဘောလုံးလောက အကောင်းဆုံးဆုများအတွက် နည်းပြများစာရင်းကို ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ရာနီယေးရီမှာ လက်စတာစီးတီးအတွက် သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပြီး၊ ဂွါဒီယိုလာကမူ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါနှင့် ဂျာမနီ ရှုံးထွက်ဖလားတို့ကို ရယူပေးခဲ့သည်။

    ၂၀၁၅ ခုနှစ်က တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည့် လူးဝစ်အန်းရစ်မှာမူ ဘာစီလိုနာအသင်းအား ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပြည်တွင်းဖလား ၂ လုံးနှင့် ကမ္ဘာ့ကလပ်ချန်ပီယံ၊ စပိန်စူပါဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ၎င်းတို့ ၃ ဦးအပြင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရယူနိုင်ခဲ့သည့် နည်းပြ ဇီဒိန်း၊ အက်သလက်တီကို ကို ချန်ပီယံလိဂ် ဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဒီယေဂို ဆီမြွန်နီတို့လည်း အဆိုပါ ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

    နိုင်ငံအသင်းမှ နည်းပြများတွင် ပေါ်တူဂီအသင်းအား ယူရိုဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဖာနန်ဒို ဆန်းတို့စ်၊ ဒုတိယရခဲ့သည့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၊ ဝေးလ်အသင်းအား သမိုင်းဝင်ခြေစစ်ပွဲအောင်စေကာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ခရစ် ကိုးလ်မန်းတို့လည်း ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းတွင် ပါဝင်နေသည်။

    အင်္ဂလန် EFL ဖလား (လိဂ်ဖလားနှင့်) ယူရိုပါ ဖိုင်နယ်တွင် ကစားခွင့်ရခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ်အသင်း၏ နည်းပြ ယန်ဂန်ကလော့နှင့် စပါးနည်းပြ ပိုချက်တီနိုတို့မှာလည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

    ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမား ဆုများအပါအ၀င် အမျိုးသားနှင့် အမျိုးသမီးဘောလုံးလောကအတွက် ဆုပေါင်း ၈ ခုပေးအပ်မည့် The Best FIFA Football Awards ဆုပေပွဲအခမ်းအနားကို လာမည့် ဇန်န၀ါရီ ၉ ရက်နေ့တွင် ဇူးရစ်မြို့ရှိ ဖီဖာရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Goal, fifa.com

  • ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်

    ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    lottery

    – ထီအရမ်းထိုးလွန်းတဲ့ ခင်ပွန်းသည်ကို အရွဲ့တိုက်ချင်တဲ့စိတ်နဲ့ ဈေးကြီးကြီးထီတစ်စောင်ထိုးခဲ့တဲ့ ဇနီးသည်တစ်ဦးဟာ ကံကောင်းထောက်မစွာပဲ ဒေါ်လာ တစ်သန်းဆုကြီးပေါက်ခဲ့တဲ့ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်။

    မြောက်ကယ်ရိုလိုင်းနားက ဂလန်ဒါ ဘလက်ဝဲလ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက ထီတွေထိုး ပိုက်ဆံဖြုန်းတီးနေတာကို လုံးဝ မနှစ်မြို့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ သူမ အပြင်သွားကာနီး ခင်ပွန်းဖြစ်သူက ထီထိုးဖို့ မှာပါတယ်။ ဘလက်ဝဲလ်ကလည်း စိတ်ပေါက်ပေါက်နဲ့ ခါတိုင်းထက် တန်ဖိုးများတဲ့ ဒေါ်လာ ၁၀ တန် ကာရိုလိုင်းနား ခဲခြစ်သန်းထီကို ၀ယ်လာခဲ့ပါတော့တယ်။

    “ကျွန်မ တော်တော် စိတ်တိုသွားပြီး ဘာထိုးထိုး ပေါက်မှာမဟုတ်ဘူးဆိုတာကိုပြဖို့ ခဲခြစ်ထီလက်မှတ်ကို ၀ယ်လာခဲ့ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်မ စိတ်ပေါက်ပေါက်နဲ့ ‘ရှင် ပိုက်ဆံတွေ ဖြုန်းနေတာပဲ’ လို့ ဆူစောင့်ပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် သူဝယ်လာတဲ့ ဒီခဲခြစ်ထီလက်မှတ်က ကံကောင်းထောက်မစွာနဲ့ပဲ ဒေါ်လာ ၁ သန်းဆုကြီး ပေါက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ထီထိုးတဲ့အတွက် ထပ်ပြီး ကြိမ်းမောင်းအုံးမလားဆိုတဲ့အခါ သူမက

    “ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရတော့မှာပေါ့ရှင်။ ဒါပေမယ့် ၀င်ရကျိုးနပ်ပါတယ်” လို့ အပြုံးတစ်ပိုင်းနဲ့ ဘလက်ဝဲလ်က ပြောကြားခဲ့ပါတယ်။

    သူမက ဒီငွေတွေနဲ့ အိမ်တွေ၊ မြေတွေဝယ်ဖို့စိတ်ကူးထားပြီး မြေးနှစ်ယောက် ကောလိပ်တက်ဖို့နဲ့ သမီးဖြစ်သူကို ကူညီဖို့ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

    Ref : CNN

  • ပြည်သူ့ရဲ ဆိုသူများက “လဝက ” ဌာနမှ ထုတ်ပေးသော မှတ်ပုံတင်ကတ်ကို ဘာကြောင့် အသိအမှတ်မပြုရတာလဲ?

    ပြည်သူ့ရဲ ဆိုသူများက “လဝက ” ဌာနမှ ထုတ်ပေးသော မှတ်ပုံတင်ကတ်ကို ဘာကြောင့် အသိအမှတ်မပြုရတာလဲ?

    နိုဝင်ဘာ ၂ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် )

    မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။ ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို တခဲနက်ထောက်ခံအတည်ပြု
    လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံများတွင်လည်း မြန်မာနိုင်ငံပါဝင်နေပေသည်။ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်းတွင် အပိုဒ်ပေါင်း( ၃၀ )ပါဝင်သည်။

    အပိုဒ် ( ၉ )အရ “ မည်သူမျှဥပဒေအရမဟုတ်သော၊ ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင် ဒဏ်ပေးခြင်းကိုဖြစ်စေ၊မခံစေရ” ဟူ၍သော်လည်းကောင်း၊ အပိုဒ် ( ၁၃ ) (၁)အရ “လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ်တွင်း၌ လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်” ဟူ၍လည်းကောင်း၊ အပိုဒ် ( ၁၅ ) ( ၁ ) အရ “ လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” အပိုဒ် ( ၁၅ ) ( ၂ ) အရ “ ဥပဒေအရ မဟုတ်လျှင်မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ”ဟူ၍ဖော်ပြထားချက်များကို ပြည်သူလူထုကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေး အာဏာပိုင်များသည် အထူးလေးစားလိုက်နာကျင့်သုံးရမည်ဖြစ်သည်။ သို့သော် စာရေးသူ တုန်လှုပ်ခြောက်ခြားခဲ့ရသည့် ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်သော ဖြစ်ရပ်တစ်ခုကို စာရေးသူထံရောက်ရှိလာခဲ့သည်။

    ၂၆.၁၀.၂၀၁၆ ရက်နေ့ ၊ ညနေ ( ၅ ) နာရီအချိန်တွင် ရန်ကုန်မြို့မှမြိတ်မြို့သို့ “ အောင်ရတနာ”  ခရီးသည်တင် မှန်လုံယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည် ( ၃ )ဦး သည် ၂၇.၁၀.၂၀၁၆ ရက်နေ့ ည( ၇ )နာရီတွင် ညမြိတ်မြို့၊ကန်ခေါင်းရပ်ကွက်၊ ပန်းဝတ်ရည်လမ်းရှိ တိမ်လွှာထွန်းတည်းခိုခန်း တွင် တည်းခိုနေစဉ် “ခိုးဝင်ဘင်္ဂါလီ သုံးဦး ထိုတည်းခိုခန်းတွင် ရောက်ရှိနေသည်”  ဟူသော အကြောင်းပြချက်ဖြင့် မြိတ်ခရိုင် ရဲအုပ်ခင်မောင်လေး၊ ဒုရဲအုပ် ကျော်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ တရားဝင်ဝန်ကြီးဌာန တစ်ခုဖြစ်သည့် “ အလုပ် သမား၊ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန” မှ တည်ဆဲဥပဒေအရ တရားဝင်စိစစ် စစ်ဆေးပြီးထုတ်ပေးထားသော ခိုင်လုံသည့် နိုင်ငံသားဖြစ်မှု့ အထောက်အထားများ ရှိနေသူများကို တစ်ဘက်သတ် စွပ်စွဲတိုင်တန်းချက်များကြောင့် မတရားဖမ်းစီး စစ်ဆေးခံရသည့် သတင်းသည် နိုင်ငံသူနိုင်ငံသားများ၏ မလုံခြုံမှုကိုပြနေကြောင်း စာရေးသူသတိထားမိသည်။

    ထို့ကြောင့်လည်း စေ့စေ့တွေး ရေးရေးပေါ် ဆိုသည့်အတွက် ထိုဖမ်းဆီးခံပြည်သူ ( ၃ )ဦးအား လေ့လာကြည့်ရာ တွင် ၁။ ဒေါ်သီတာ ( ၄၇ ) နှစ်၊ မှတ်ပုံတင် ၁၂/ ဒဂတ(ယ)**** (ဘ) ဦးမောင်တင်  ၂။ဒေါ်သန်းသန်းအေး ( ၄၉ ) နှစ် မှတ်ပုံတင် ၁၂/ဒဂတ(ယ)****** (ဘ) ဦးအဗ်ဒွလ်ဂျဗား၊ ၃။မရွှေစင် ( ၂၀ ) နှစ် (ဘ) ဦးရွှေလာ ကရင်လူမျိုး (၃)ဦးတို့ဖြစ်ပြီး၊ လက်ရှိ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

    လူဝင်မှု့ကြီးကြပ်ရေး “ လဝက” ဌာနမှ တရားဝင်ထုတ်ပေးထားသော မှတ်ပုံတင်ဖြင့် စစ်မဲ့ဇုန်နယ်မြေ တစ်ခုရှိ တရားဝင် ဖွင့်လှစ်ထားသော ဟိုတယ်တစ်ခုတွင် အနားယူနေသည်ကို ရခိုင်ပြည်နယ်ရှိမောင်းတော၊ ဘူးသီးတောင် နယ်မြေရှိ လူမျိုးများ ပုံစံရောသမ မွေကာ ဥပဒေမဲ့ ဖမ်းဆီး အရေးယူနေခြင်းသည် ကမ္ဘာ့အလယ်မြန်မာပြည်တွင် နေထိုင်နေကြသော တရားဝင်မှတ်ပုံတင် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် တရားဥပဒေ၏ အကာအကွယ်မရရှိသေးကြောင်း ကမ္ဘာက သိသွားခဲ့လျှင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ်များတွင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ စီးပွား ရေး ရင်းနှီးမြှုပ်နှံသူများကို မြန်မာပြည်တွင်း စီးပွားရေးလာလုပ်ကြရန် အာမခံပြောဆို ဖိတ်ခေါ်သည့် စာချွန်လွှာ များရေးထိုးခဲ့ကြသည့် လုပ်ငန်းစဉ် အားလုံးသည် အောက်ခြေရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့၏လုပ်ရပ်ကြောင့် “သဲထဲရေသွန်” အချည်းနှီးလုပ်ရပ်များ ဖြစ်သွားနိုင်သည်ကို အစိုးရသစ်အားထောက်ပြလိုပါသည်။

    ထို့အပြင် ၂၀၁၆ ခုနှစ် မူဆယ်မြို့နယ်နေ မောင်ဖြိုးသူရအား ရဲစခန်းတွင် စစ်ဆေးစဉ် ကွယ်လွန်သွားသည့်ဖြစ်ရပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် အချုပ်သားတစ်ဦး  အချုပ်ခန်းအတွင်းသေဆုံးနေသည့်ဖြစ်ရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ရသည့်ဖြစ်စဉ်များသည် လူအခွင့်အရေးကို ဦးထိပ်ပန်ဆင် ကျင့်သုံးသည့် အနောက်နိုင်ငံများ အတွက် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုအစုစုတို့ကို စိန်ခေါ်လျက်ရှိပေသည်။ “ကျီးလန့်စား၊ စားရသလို” မျိုးဖြစ်နေခြင်းသည် နိုင်ငံ၏အနာဂတ် အတွက် ဆူးညှောင့် ခလုတ်များဖြစ်နေသည်။

    “ကူညီပါရစေ” ဟူသောဆောင်ပုဒ်ဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ပဋိဥာဉ်ပြုထားသော သစ္စာခံထားသော ပြည်သူ့ရဲတပ်ဖွဲ့ သည် ၅၁.၄ သန်းကျော် ပြည်သူလူထု၏အခွန်ကိုစားနေရသော ဝန်ထမ်းသက်သက် မျှသာ ဖြစ်သည်။ ပြည်သူလူထုအား ဟိန်းဟောက် ခြိမ်းခြောက်ရန် တာဝန်မရှိပြီ။ ဥပဒေမဲ့လုပ်ရပ် များကို တားဆီး ဟန့်တား အရေးယူရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်က ချမှတ်ထားသော တရားဥပဒေများ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေများ နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာရန် လုံးဝ တာဝန်ရှိပေသည်။

    “ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဟူသည် နိုင်ငံတော် အုပ်ချုပ်သူတို့နှင့် အုပ်ချုပ်ခံပြည်သူလူထု တို့အကြား ချုပ်ဆိုထားသော “ပဋိဥာဉ်”စာချုပ်ကြီးဖြစ်ပေသည်။ အုပ်ချုပ်သူ အစိုးရ ဌာနဆိုင်ရာများ နှင့် အုပ်ချုပ်ခံပြည်သူလူထု တို့ အကြားလေးစား လိုက်နာဖို့လိုသည်။ ဥပမာ ပြရလျှင် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ နှင့် ၃၄၈ တို့တွင် “မည်သူမဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီ မျှ ရယူပိုင်ခွင့်ပေးရမည်” ဟူ၍လည်းကောင်း၊  “မည်သည့်နိုင်ငံသားကိုမျှ လူမျိုးဇာတိ ကိုးကွယ် သည့်ဘာသာ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှုတို့ကို  အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမပြုရ” ဟူ၍ ဖော်ပြထားကြောင်းတွေ့ရပါသည်။

    ဖွဲ့စည်းပုံ ပုဒ်မ( ၃၆၂ )တွင် “ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ် သောဘာသာတို့ကို နိုင်ငံတော်တွင် တည်ရှိနေသော ကိုးကွယ်ယုံကြည်ရာဘာသာများ” ဟူ၍ အသိအမှတ်ပြုထားကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် ပုဒ်မ( ၃၆၃ ) တွင် နိုင်ငံတော်တွင်  အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဟူ၍လည်း ဖော်ပြထားပါသည်။

    လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ၁၉၄၄ ခုနှစ် မတ်လ ( ၁၃ )ရက်နေ့၌ မြန်မာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ၌ မိန့်ကြားခဲ့သည်မှာ “ ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဆဲဖို့မဟုတ် လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ် စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်စေရဘူး” ဟူသော မိန့်ကြားချက်များနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည့် အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည် အကျိုးကိုဆောင်ရွက်ဖို့ အချိန်ကန့်သတ် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းဖြစ်ပါတယ် ဆိုတာကို နှလုံးသွင်းကာ လိုက်နာကျင့်သုံးလျှင်အုပ်ချုပ်ရေး စနစ်များတောင့်တင်း ခိုင်မာလာမည်။ တရားဥပဒေစိုးမိုးမှု အသက်ဝင်လာပေမည်။

    ထိုသို့မဟုတ်ဘဲ ကိုယ်စီးသည့်မြင်းသည် အထီး၊ အမ ဟူ၍ မခွဲခြားဘဲ ဇွတ်စီးပြီး ခရီးနှင် လျှင် စစ်ခင်းလျှင် စစ်ပွဲတွင် ရှုံးနိမ့်မည်သာဖြစ်သည်။

    နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ က မိန့်တော်မူသည်မှာ “လူဆိုး၊ လူကောင်းဆိုတာ လူမျိုးနဲ့မဆိုင် ဘာသာနဲ့မဆိုင် ထိုသူတို့ပြုမူ သော လုပ်ရပ်အပေါ်တွင်သာ မူတည်ပြီး လူဆိုးလား လူကောင်းလား သတ်မှတ်ရတယ်” ဟူသော တရားရတနာကိုရင်ဝယ်ပိုက်ကာ လူတိုင်းကျင့်သုံးပါက မြန်မာပြည်ကြီးဘာသာ ပေါင်းစုံ ညီညွတ်ရေးမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိပေမည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ရလျှင် ပြည်တွင်းပြည်ပရန် ကာကွယ်ရန် စစ်အသုံးစရိတ်များ လျှော့ချနိုင် ပြီး ပညာရေးအသုံးစရိတ်များတွင် နိုင်ငံတော်ဘဏ္ဍာငွေများကို ပုံအောနိုင်မည်။ ပညာရေးဖွံ့ဖြိုး တိုးတက်လာမည်။ လူ့စွမ်းအား အရင်းအမြစ်များစွာ မွေးထုတ်နိုင်မည်။

    ထိုစွမ်းအားများဖြင့် မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ဦးမော့လာအောင် လုပ်နိုင်ပါမည် ဟု အကြံပြု တိုက်တွန်း လိုက်ရပေတော့သည်။

    ဂျက်ဖရီ တင်အုန်း R.I.T ရန်ကုန်စက်မှုတက္ကသိုလ်

  • ဂျပန်က ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ကန် ၇ ဘီလီယံကျော် ကူညီမည်

    ဂျပန်က ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ကန် ၇ ဘီလီယံကျော် ကူညီမည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    – မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ၅ နှစ်အတွင်း ယန်းငွေ ဘီလီယံ ၈၀၀ (ကန်ဒေါ်လာ ၇.၇၃ ဘီလီယံ) ထောက်ပံ့ကူညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    အစိုးရနှင့် ပုဂ္ဂလိကတို့မှ ပေးအပ်မည့် အဆိုပါအကူအညီမှ ယန်း ၄၀ ဘီလီယံကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများအား တိုက်ရိုက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

    “ဒီအကူအညီက ငြိမ်းချမ်းမှုတည်ဆောက်ရေး အသီးအပွင့်တွေကို မြန်မာနိုင်ငံက ဒေသအသီးသီးကို ပြန့်နှံ့စေဖို့နဲ့ ရှေ့ဆက်ရှောက်လှမ်းသွားဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု မြို့တော်တိုကျို၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်အာဘေးက ပြောကြားခဲ့သည်။

    ထိုအကူအညီမှ ကျန်ငွေများကို လေယာဉ်ကွင်းနှင့် လျှစ်ဓာတ်အားစီမံကိန်းများကဲ့သို့ နယ်ပယ်များတွင် သုံးစွဲရမည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံက ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသို့ အကူအညီပေးမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

    Ref: Reuters