News @ M-Media

Blog

  • ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    rnd

    – ကိုးမားဖြစ်နေရာမှ ရော်နယ်ဒို ဂိုးသွင်းယူသည့်အသံကိုကြား၍ ပြန်သတိလည်လာခဲ့သူ ပရိသတ်တစ်ဦးကို ရော်နယ်ဒိုက ယနေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

    အဆိုပါ ပရိတ်သတ်မှာ ပိုလန်နိုင်ငံမှ ဒေးဗစ် ပေါ်လက်ဇီဆိုသူဖြစ်ပြီး ယနေ့တွင် ရီးယဲလ်မက်ဒရစ်အသင်း တည်းခိုရာ ၀ါဆောမြို့ရှိ ဟိုတယ်တွင် ရော်နယ်ဒိုနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်မှာ ယနေ့ညတွင် ချန်ပီယံလိဂ်ပွဲအဖြစ် ပိုလန်ကလပ် လီဂီယာနှင့် ကစားရမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လက ဒေးဗစ်မှာ စက်ဘီးစီးနေစဉ် ကားဖြင့်အတိုက်ခံရသောသောကြာင့် ကိုးမားဖြစ်ကာ သတိမေ့နေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆရာဝန်၏ အကြံပေးမှုကြောင့် ပေါ်တူဂီက ဆွီဒင်အား အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား play-off ပွဲစဉ်းကို ၎င်းအနီးတွင် ပြန်လည်ဖွင့်ပြစဉ် ရော်နယ်ဒိုက ၎င်း၏ တတိယမြောက်ဂိုး သွင်းယူခဲ့သည့်အချိန်၌ ဒေးဗစ်မှာ သတိပြန်လည်လာခဲ့သည်။

    ထိုစဉ်က ဒေးဗစ်၏သတင်းမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်က ဒေးဗစ်အား ဆန်တီယာဂိုဘာနေဗျူးသို့ ဖိတ်ခေါ်ကာ ချန်ပီယံလိဂ်ပွဲတစ်ပွဲကို VIP နေရာမှ ကြည့်ရှုစေခဲ့သည်။

    ရီးယဲလ်မက်ဒရစ်ကမူ ယနေ့တွင် ဒေးဗစ်ပါအ၀င် ၎င်းမိသားစုနှင့် ရော်နယ်ဒိုတို့၏ တွေ့ဆုံမှုဓာတ်ပုံကို လွှင့်တင်ခဲ့သည်။ ၎င်းတို့မိသားစုမှာ ၀ါဆောသို့ ရောက်ရှိရန်အတွက် ၆ နာရီကြာ ကားမောင်းလာခဲ့ရခြင်းဖြစ်သည်။

    Ref: Goal

  • လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဘာရိန်းနှင့် ဂျော်ဒန်ဆွေးနွေး

    လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဘာရိန်းနှင့် ဂျော်ဒန်ဆွေးနွေး

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    br-jd

    – ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ နှင့် ဘာရိန်းပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရှိခ် ရာရှစ် ဘင် အဗ္ဗဒူလာ အလ်ခလီဖာတို့မှာ တနင်္လာနေ့က ဂျော်ဒန်မြို့တော် အမ်မမ်တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဘာရိန်းပြည်ထဲရေးဝန်ကြီးမှာ ဂျော်ဒန်သို့ ရောက်ရှိနေပြီး အိမ်နီးချင်းဖြစ်သော ၎င်းတို့နှစ်နိုင်ငံမှာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဂျော်ဒန်နန်းတော်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အလ်-ခါလီဖာမှာ ဂျော်ဒန်ပြည်ထဲရေးဝန်ကြီး ဆလ်မာဟာမက်နှင့် နှစ်နိုင်ငံကြား အထူးသဖြင့် လုံခြုံရေးကဏ္ဍ၊ ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

    ဆလ်မာဟာမက်ကမူ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် ၎င်းတို့၏ ရင်းမြစ်များကို ပိတ်ဆို့ရေး နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ကို ပိုမိုဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    Ref : IINA

  • တောင်တရုတ်ပင်လယ်တွင် သြဇီနှင့် အင်ဒိုတို့ ပူးတွဲကင်းလှည့်မည်

    တောင်တရုတ်ပင်လယ်တွင် သြဇီနှင့် အင်ဒိုတို့ ပူးတွဲကင်းလှည့်မည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    indo

    – မိမိတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲရေကြောင်းကင်းလှည့်မှုပြုလုပ်ရန် စီစဉ်နေသည်ဟု သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဘာလီမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေးတွင် အင်ဒိုနီးရှားက ထိုကဲ့သို့ ပူးတွဲကင်းလှည့်မှုပြုလုပ်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး ဘစ်ရှော့က ထိုတင်ပြချက်မှာ မိမိတို့ကျင့်သုံးနေသည့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပေါ်လစီနှင့် ကိုက်ညီသည်ဟု ဆိုသည်။

    အမေရိကန်၏ ခိုင်မာသော မဟာမိတ်ဖြစ်သည့် သြစတေးလျမှာ ယခင်က တောင်တရုတ်ပင်လယ်အနီးတွင် ၎င်း၏ လေယာဉ်များ ပျံသန်းမှုရှိခဲ့ပြီး တရုတ်ကမူ ဝေဖန်ရှုတ်ချမှု ပြုလုပ်ခဲ့သည်။ အမေရိကန်ကမူ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ကျင့်သုံးခြင်းသာဖြစ်သည်ဟု သြဇီအား ထောက်ခံခဲ့သည်။

    တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအများစုကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့မှာ ၎င်းတို့၏ ပိုင်နက်အတွင်းရှိသည်ဟု ဆိုသည်။

    အင်ဒိုနှင့် သြစတေးလျတို့မှာ တီမောပင်လယ်တွင် ပူးတွဲ ပင်လယ်ပြင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ပြီး လူကုန်ကူးသူများ၊ တရားမ၀င်ငါးဖမ်းသူများအား တွန်းလှန်ရန် ကြိုးပမ်းမှု အစိတ်အပိုင်းလည်းဖြစ်သည်။

    ဘစ်ရှော့ကမူ တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှု ပြုလုပ်ပါက မိမိတို့အနေဖြင့် ဒေသတွင်းနိုင်ငံများကို အသိပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Channelnewsasia

  • အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်၏ အာဖဂန်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများနှင့်ပတ်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က လာမည့် ရက်သတ္တပတ်များအတွင်း ပြုလုပ်သွားမည်ဟု Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

    ယုံကြည်ရလောက်သည့် ရင်းမြစ်များ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သားများ၊ တာလီဘန် သောင်းကျန်းသူများအပြင်၊ အာဖဂန်အစိုးရနှင့်ပါ ဆက်နွယ်နိုင်သည့် စစ်ပွဲအတွင်း ဥပဒေချိုးဖောက်မှုများအတွက် ပြည့်ဝပြီး ခြွင်းချင်းကင်းသော စုံစမ်း စစ်ဆေးမှုတစ်ခု စတင်ရန် သီတင်းပတ်အနည်းငယ်သာလိုတော့ကြောင်း ICC ရှေ့နေချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    အကယ်၍ အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဆိုပါက ယင်းသို့စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ပြီး ICC မှာ ယခင်က အာဖဂန်တွင် အမေရိကန်စစ်သားများက ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အရေးယူမှုပြုလုပ်ရန် မစဉ်းစားခဲ့ဖူးချေ။

    အဆိုပါ စုံစမ်းစစ်ဆေးမှုကို ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရပြီး၊ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ မကြာသေးမီက ICC ရုံးစိုက်ရာ The Hague မြို့သို့ သွားရောက်ခဲ့ကာ စုံစမ်းစစ်ဆေးမှု၏ ဖြစ်နိုင်ချေကို သိရှိရန်ဖြစ်နိုင်သည်ဟု Foreign Policy က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref : RT

  • ဦးဖေမြင့်ရဲ့ ပြန်ကြားရေး ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံဆော်နေတာလား?

    ဦးဖေမြင့်ရဲ့ ပြန်ကြားရေး ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံဆော်နေတာလား?

    နိုဝင်ဘာ ၂ ၊ ၂၀၁၆
    စတီဗင်ရေးသည်။

    စစ်အစိုးရလက်ထက်က အစိုးရသတင်းစာဆိုတာ အစိုးရကောင်းကြောင်းနဲ့ အတိုက်အခံ မကောင်းကြောင်း ၀ါဒဖြန့်ဖို့ အတွက်ဖြစ်ခဲ့တယ်။ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အစိုးရ သတင်းစာဟာ နည်းနည်းလေး ပုံစံပြောင်းလာပေမယ့် သွေးထိုးလှုံဆော်မှု လုပ်ဖို့ အတွက် အသုံးပြုနေတုန်းပဲ။ ဥပမာ တောင်ကုတ် လူသတ်မှုသတင်းကို မွတ်စလင်တွေက မှားလို့ပဲ အသတ်ခံရသလိုလို၊ တခြား ပဋိပက္ခတွေမှာလည်း မွတ်စလင်တွေဘက်က လွန်လို့ အလုပ်ခံရသလိုလိုနဲ့ တစ်ဖက်စောင်းနင်းတွေရေးတယ်။ တောင်ကုတ် ကိစ္စဆိုရင် ဆူပူအောင် မွတ်စလင်ကုလားလို့ တမင်ထည့်ရေးတယ်။ မွတ်စလင်ကိစ္စနဲ့ ပတ်သက်လာရင် တခြားပုဂ္ဂလိက အမည်ခံ ခရိုနီပိုင်သတင်းစာ အများစုရဲ့ ရပ်တည်ချက်ကလည်း တစ်ဖက်စောင်းနင်းဆန်တယ်။

    အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်ရောက်လာတော့ အရပ်သား အစိုးရကြီးစိုးပြီပေါ့။ မဟုတ်မမှန် မုန်းတီးရေး ၀ါဒဖြန့်တာတွေကိုလည်း ကိုင်တွယ်မယ်။ တရားဥပဒေ စိုးမိုးအောင်လည်း လုပ်မယ်ဆိုတော့ လူနည်းစုတွေခမျာ မျှော်လင့်ချက် တသီတသန်းကြီးနဲ့ပေါ့ဗျာ။ ဦးဖေမြင့် ဦးဆောင်မယ့် ပြန်ကြားရေး ၀န်ကြီးဌာနက အရင်လို သွေးထိုးလှုံဆော်တာတွေ မလုပ်တော့ဘူးလို့ အတော်လေးမျှော်လင့်မိတယ်။ အစပိုင်းမှာလည်း မီဒီယာဆိုတာ တစ်ဖက်ဖက်ကို မလိုက်ဘူးဆိုတဲ့ အနေနဲ့ ဗုဒ္ဓဘာသာအဆုံးအမတွေ၊ ဘုန်းကြီးတွေရဲ့ တရားတွေကို မျက်နှာဖုံးထိပ်စီးမှာ ထည့်တာတွေ မလုပ်တော့ဘဲ စီကျူလာဆန်ဆန် ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ သိပ်မခံပါဘူး၊ တခြား ဘာသာချစ်တွေအပါအ၀င် မဘသ အုပ်စုက အဓိက ဖိအားပေးတာကြောင့် အဲဒါတွေ ပြန်ထည့်လိုက်ရတယ်။ အင်း .. ပြည်သူအများစုရဲ့ ဆန္ဒသဘောထားနဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီဆိုတော့လည်း ဘာများ ပြောလို့ရပါ့မလဲ ပေါ့နော်။ ဒီလိုပဲ အသားကျနေခဲ့တာကြာပြီဆိုတော့ ထူးပြီး ဘာမှမခံစားရဘူး။

    အဲ… ၀မ်းသာမိတာက အစိုးရ သတင်းစာတွေမှာ အရင်လို သွေးထိုးလှုံဆော်တာတွေ၊ မှိုင်းတိုက်တာတွေ မပါတော့ဘူးဆိုတာပဲ။ ဒါပေမဲ့ မြ၀တီက စစ်တပ် သတင်းတွေကိုထည့်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲသတင်းတွေ၊ နယ်မြေ သတင်းတွေဖော်ပြပုံကို သိပ်စိတ်တိုင်းမကျဘူး။ အင်း… ဒါလည်း တပ်မတော်နဲ့ ပလဲနံပသင့်အောင် လုပ်ဖို့ လိုတာကိုးပေါ့။ ဘာသာရေးသွေးထိုးလှုံဆော်တာမျိုးကို အစိုးရသတင်းစာတွေကပဲဖြစ်ဖြစ် တရားဝင် ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာကပဲ ဖြစ်ဖြစ် မလုပ်တော့ရင် ကျေနပ်ပါပြီပေါ့။

    ကဲဗျာ.. စကားတောင်မဆုံးသေးဘူး၊ ဒေါက်တာဖေမြင့်ဝန်ကြီးလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ဒီနေ့ထုတ် ကြေးမုံသတင်းစာက ပြည်ပက ရာဇ၀တ်မှုတစ်ခုကို ဘာသာတရားတွေခေါင်းစဉ်တပ်ပြီး ဟီးနေအောင် ရေးသဗျ။

    ဘာတဲ့ … “ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်ဘာသာဝင်များက ဟိန္ဒူဘုရား ရှိခိုးကျောင်းနှင့် နေအိမ်များ တိုက်ခိုက်ဖျက်ဆီး” တဲ့။

    14959070_1243772865695407_410897045_o
    ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ အဆိုပါသတင်းကို ထပ်ဆင့်ဖြန့်ဝေခဲ့ပါတယ်။

     

    မူရင်း အင်္ဂလိပ်သတင်းကို Arab News ဆိုပြီး အကိုးအကားပေးထားတာတွေ့ရတယ်။

    ဒါ့အပြင် မူရင်း အင်္ဂလိပ် သတင်းခေါင်းစဉ်မှာ “Hundreds attack Hindu homes, temples in Bangladesh” လို့ သာ ထည့်ထားပြီး MOI က ခေါင်းစဉ်ပေးထားသလို “အစ္စလာမ်ဘာသာဝင်များက ဟိန္ဒူဘုရားရှိခိုးကျောင်း …” ဆိုတာမျိုး တိုက်ရိုက်မရေးထားပါ။

    ဒါနဲ့ မူရင်း အင်္ဂလိပ်နဲ့ ပြန်ကြားရေးက ဘာသာပြန်ကို တိုက်ကြည့်မိတယ်။ ( http://www.arabnews.com/node/1004751/world )အဲဒီမှာ ပြန်ကြားရေးရဲ့ ရည်ရွယ်ချက် ပေါ်လာတာပဲ။ မူရင်း သတင်းမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိတဲ့ အောက်ဆုံးအပိုဒ် …

    “၂ဝ၁၂ ခုနှစ်ကလည်း ပင်လယ်ကမ်းခြေမြို့ဖြစ်သော ကော့ဘဇားမြို့တွင် အစ္စလာမ်ဘာသာဝင်များ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်”

    …. ကို ထည့်ထားတယ်။

    14907256_1878043982426006_4691483064186847087_n

    ဒါဟာ သတင်းသိမှုကို ဖော်ပြချင်လို့ ဘက်ဂရောင်းထည့်တယ်လို့ ကျနော်တော့ မမြင်ပါဘူး။ ဒါတမင် သက်သက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ပြီး လှုံဆော်ထားတာပါ။

    ပုံနှစ်ပုံကို ယှဉ်တွဲဖော်ပြထားပါတယ်။

    ဒါအပြင် ပြန်ကြားရေးက ဖျက်ဆီးတာကို ထည့်ပြီး ဘင်္ဂလားဒေရှ်အစိုးရက အားလုံး အသစ် ပြန်ဆောက်ပေးတာကို ချန်ရစ်ခဲ့ပါသေးတယ်။

    bk01487
    ဘင်္ဂလားဒေရှ်အစိုးရ အသစ်ပြန်ဆောက်ပေးခဲ့သော ဘုန်းကြိးကျောင်း

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး ပန်းဝါ ဒေသမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က မီးရှို ဖျက်ဆီး ခံရတဲ့ ဗုဒ္ဓ ဘာသာ ဘုန်းကြီး ကျောင်း ၁၉ ကျောင်း ကို တာကာငွေ ကုဋေ ၂၀ အကုန် အကျ ခံပြီး ၈ လ နဲ့ အပြီး တည်ဆောက် ပြီး နိုဝင်ဘာ ၂၀၁၄ မှာ  ဝန်ကြီးချူပ် ရှိတ်ဟာဆီးနာ ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့တာပါ။

    သတင်းမီဒီယာ ကျင့်ဝတ် အကုန်ပလုံ။ သတင်းခေါင်းစဉ်ကို ဒီလိုပြူးတူးပြူးတဲ တပ်လိုက်ရင် နလပိန်းတုန်း အများစုရှိတဲ့ မြန်မာဖေ့စ်ဘုတ် ယူဇာတွေ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ မသိလေရော့သလား။ မုန်းတီးရေးအခံ အများစုရှိတဲ့ လူတွေရဲ့ စိတ်ထဲမှာ ဘာအစိုင်အခဲတွေ ဆက်လက်ကြီးထွားလာမလဲ မသိဘူးလား။ ခေါင်းစဉ်ကို ခပ်ယဉ်ယဉ်တပ်ပြီး သတင်းစာ ကိုယ်ထဲရောက်မှာ ဖြစ်စဉ်ကို ထည့်ရေးလို့ရော မရဘူးလား။ အမှန်တော့ ပဋိပက္ခတွေ ပြသနာတွေ ငြိမ်စေချင်တယ်ဆိုရင် ဒီလိုသတင်းမျိုးတွေက ရှောင်သင့်တယ်။ မထည့်လည်း ဘာမှထူးပြီးဖြစ်လာမှာ မဟုတ်ဘူး။ ထည့်မှ ရိုက်ခတ်မှုဖြစ်မှာလေ။ နောက်ပြီးတော့ ပြည်ပ သတင်းလေ။ စဉ်းစားလေလေ၊ တမင်သက်သက် လုပ်တာပါလို့ အဖြေထွက်လေလေပဲ။ ဘာရည်ရွယ်ချက်နဲ့လဲ၊ ဘာသဘောလဲ။

    သူရဲသူမိန်နဲ့ လုံခင်းမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အဆောက်အအုံတစ်ချို့ကို ဖျက်ဆီးချိန်မှာတော့ “ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်နှင့် နေအိမ်များ တိုက်ခိုက်ဖျက်ဆီး” လို့ ခေါင်းစဉ်မတပ်ပါလားဗျ။ အဲဒီတုန်းက Conflict Journalism ကို နားလည်ပြီး အခုကျတော့ ထင်တိုင်းကျဲနေပါရော့လား။

    မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီနဲ့ မြန်မာနည်းမြန်မာ့ဟန် မီဒီယာ ကျင့်ဝတ် ကျဆုံးပါစေ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ ဘယ်ကိုဦးတည်နေပြီလဲ။ တုန်လည်းတုန်လှုပ်မိသလို အံ့လည်း သြမိပါကြောင်း။

    ပြန်ကြားရေး သတင်းထုတ်ပြန်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ လှုံဆော်တယ်လို့ ပြောချင်ပါတယ်။

    ဆက်စပ် သတင်းနှင့် ဆောင်းပါးများဖတ်ရန်
    ———————————————–

    ရာမူးပန်းဝါ ဘုန်းကြီးကျောင်းသစ် ပြန်တည်ဆောက်
    http://www.m-mediagroup.com/news/17807
    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ် ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ
    http://www.m-mediagroup.com/news/6170

    နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ
    http://www.m-mediagroup.com/news/6191

    ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ
    http://www.m-mediagroup.com/news/6225

    ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို
    http://www.m-mediagroup.com/news/6164

    ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်
    http://www.m-mediagroup.com/news/6222

    ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား
    http://www.m-mediagroup.com/news/6151

    ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး
    http://www.m-mediagroup.com/news/6123

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ
    http://www.m-mediagroup.com/news/6115