News @ M-Media

Blog

  • သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ဒုက္ခသည်ထောက်ခံပွဲ ပြုလုပ်

    သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ဒုက္ခသည်ထောက်ခံပွဲ ပြုလုပ်

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    austria

    – ဒုက္ခသည်များ ၀င်ရောက်မှုကို ပိတ်ပင်ရမည်ဟု လွှတ်တော်အမတ်တစ်ဦး၏ ပြောစကားကို ဆန့်ကျင်ကာ ဒုက္ခသည်များအား ထောက်ခံသည့်အနေဖြင့် သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟု သိရသည်။

    မြို့ပေါင်း ၂၅ မြို့ကျော်၌ ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတူညီသော ယဉ်ကျေးမှုများကို စုပေါင်းခံစားနိုင်ရေး၊ ဂရုဏာ ပွားများရေး၊ နိုင်ငံအတွင်း ညီညွတ်ရေးတို့အတွက် ရည်ရွယ်၍ Welcome to Australia အဖွဲ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “အခုလိုလမ်းလျှောက်ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်ထဲမှာ သြစတေးလျနိုင်ငံဟာ ကိုယ်ချင်းစာတရား၊ ရက်ရောမှုနဲ့ နွေးထွေးကြိုဆိုလိုစိတ်ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ ထောင်ပေါင်းများစွာသော သြစတေးလျပြည်သူတွေက ယုံကြည်တယ်လို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒုက္ခသည်ဟောင်း မိုဟာမက် အလ်-ခါဖါဂျီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါလှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဟိုဘာ့တ်မြို့တွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် တက်စ်မာနီယာ အုပ်ချုပ်ရေးမှူး အမျိုးသမီး ကိတ်ဝါနာလည်း ပါဝင်ခဲ့ပြီး သြစတေးလျပြည်သူများအနေဖြင့် လွှတ်တော်အမတ် ပေါလင်း ဟန်ဆန်၏ အစ္စလာမ်ကြောက်အမြင်များကို ရင်ဆိုင်တုံ့ပြန်ရန် တိုက်တွန်းခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များဖက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကြရန်လည်း သူမက ဆန္ဒပြသူများကို တိုက်တွန်းခဲ့သည်။

    နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း နိုင်ငံအတွင်း ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်သော မစ်စီ ဟစ်ဂင်၊ ဂျူဒစ်လူစီနှင့် တွမ် ဘာလ်လာ့ဒ်တို့လည်း ပါဝင်သည်။

    Ref : Presstv

  • အမေရိကန်၏ ရေပိုင်နက်ကျော်မှုအတွက် တရုတ်က ပြင်းထန်စွာ ရှုတ်ချ

    အမေရိကန်၏ ရေပိုင်နက်ကျော်မှုအတွက် တရုတ်က ပြင်းထန်စွာ ရှုတ်ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    china-2

    – တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အနီး အမေရိကန်စစ်သင်္ဘောတစ်စင်း သွားလာမှုကို တရုတ်က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဥပဒေဘောင်ကို ကျော်လွန်သည့်လုပ်ရပ်၊ ရန်စသည့်အပြုအမူ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ပါရာဆဲလ်ကျွန်းစုရှိ တရုတ်ရေပိုင်နက်ထဲသို့ အမေရိကန်သင်္ဘောတစ်စီး သောကြာနေ့က ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရေတပ်သင်္ဘော ၂ စင်းက သတိပေးခဲ့ရကြောင်း သောကြာနေ့ညပိုင်းက တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် ဖော်ပြထားသည်။

    တရုတ်မှာ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်သည်ဟု ပြောကြားသည့် ကျွန်းများကိုလည်း ထိန်းချုပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်မှုမှာ တရားဥပဒေကို ဆိုးရွာစွာ ချိုးဖောက်မှုဖြစ်ပြီး တင်မတကာ ရန်စခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် အမေရိကန်၏ အဆိုပါလုပ်ရပ်က တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို လုံးဝ ချိုးဖောက်ရုံသာမက တရုတ်နိုင်ငံဥပဒေနှင့် နိုင်ငံတကာဥပဒေတို့လည်း ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြခဲ့သည်။

    ပင်တဂွန်ကမူ မိမိတို့မှာ သောကြာနေ့က ဖျက်သင်္ဘော USS Decatur ကို ပါရာဆဲလ်ကျွန်းအနီးသို့ စေလွှတ်ခဲ့ကြာင်း သို့သော်လည်း နိုင်ငံတကာ ဥပဒေတွင် သတ်မှတ်ထားသည့် ရေပိုင်နက်ဖြစ်သော ရေမိုင် ၁၂ မိုင်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါသင်္ဘောမှာ အစောင့်အရှောက်မပါဘဲ တရားနည်းလမ်းတကျ ထိုဒေသသို့ ၀င်ရောက်ခဲ့ကာ၊ မည်သည့်အဖြစ်အပျက်မှ မဖြစ်ပျက်ခဲ့ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref : channenlnewsasia

  • နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ကိုရီးယားနှင့် မြန်မာ ဆရာဝန်များ ပူးပေါင်း၍ အခမဲ့ခွဲပေးမည်။

    နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ကိုရီးယားနှင့် မြန်မာ ဆရာဝန်များ ပူးပေါင်း၍ အခမဲ့ခွဲပေးမည်။

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    14650227_10208086794751227_286440916288269577_n
    ကျန်းမာရေး ဝန်ကြီးဋ္ဌာနနှင့် ကိုရီးယားနိုင်ငံ POSCO DAEWOO Corporation တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှ ပလပ်စတစ် ခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို (၀၆.၁၁.၂၀၁၆ မှ ၁၁.၁၁.၂၀၁၆)နေ့ထိ အခမဲ့ ခွဲစိတ်ကုသပေးမည် ဖြစ်ပါ၍ ခွဲစိတ်ကုသမှု ခံယူလိုသည့် လူနာများ (၀၃.၁၁.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး မျက်နှာ မေးရိုးခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဋ္ဌာနတွင် လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။

    ဆက်သွယ်ရန် – ၀၉၇၈၀၅၂၆၂၇၁၊ ၀၁-၂၅၆၁၁၂ ~ ၁၂၈ (လိုင်းခွဲနံပါတ် ၉၄၅)

    Info and image via-Myint Zaw FB

  • မုန်တိုင်းငယ်ကို အနီရောင် အဆင့် တိုးမြှင့်သတ်မှတ်

    မုန်တိုင်းငယ်ကို အနီရောင် အဆင့် တိုးမြှင့်သတ်မှတ်

    14695368_693862864102128_8883847604648305787_n

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်း ပေါ်ဒေသအနီး ကို ဦးတည်ရွေ့လျားနိုင်ကြောင်း နဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။

    အဲ့ဒီမုန်တိုင်းငယ်ဟာ ကိုကိုးကျွန်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် (၁၂၅) မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅) မိုင်ခန့်နဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅) မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှာ တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။

    ဒါ့အပြင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲ ခရိုင်တို့မှာ (၇)ပေကနေ (၁၀)ပေခန့် အထိ မြင့်တက်နိုင်ပါတယ်။

    မနေ့ကလည်း စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရပ်ကွက်အပါအ၀င် ရပ်ကွက် ၈ ခုလောက် ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ ရင်လောက်အထိ ရေဖုံးလွှမ်းခဲ့တယ် လို့ စစ်ကိုင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် က ပြောပါတယ်။

    ဒါ့အပြင် ရေတွေဝင်ရောက်မှုကြောင့် ထုံးဘိုရပ်ကွက်က နေအိမ် ၄ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် လာမယ့် ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင် တယ်လို့ သတိပေးထားပါတယ်။

    ဒါ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေ နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် သတိပြုနေထိုင်ကြဖို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း သတိပြုကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတိပေးချက်ထုတ်ထားပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။

  • အမေရိကန် အွန်လိုင်းလောက အမှောင်ကျသည့်နေ့ (သို့မဟုတ်) အောက်တိုဘာ ၂၁

    အမေရိကန် အွန်လိုင်းလောက အမှောင်ကျသည့်နေ့ (သို့မဟုတ်) အောက်တိုဘာ ၂၁

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    cyber

    – အမေရိကန်မှာ အွန်လိုင်းဒေတာအသွားအလာအတွက် ကြားခံအဖြစ်ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတစ်ခုကို ဟက်ကာတွေက တိုက်ခိုက်မှုတွေ တရစပ်ပြုလုပ်ခဲ့တဲ့အတွက် သောကြာနေ့မှာ နိုင်ငံတစ်ဝှမ်းက နာမည်ကျော် ၀ဘ်ဆိုက်တွေ ၀င်ရောက်လို့မရ ဖြစ်ခဲ့ပါတယ်။

    တိုက်ခိုက်ခံရတဲ့ ကုမ္ပဏီကတော့ Twitter၊Paypal၊ Spotify နဲ့ အခြားသော အွန်လိုင်းအခြေပြု ကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးတဲ့ နယူးဟမ့်ရှိုင်းယား အခြေစိုက်တဲ့ Dyn ကုမ္ပဏီဖြစ်ပြီး အွန်လိုင်းအသုံးပြုမှု တော်တော်များများကို စီမံခန့်ခွဲရတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

    “တိုက်ခိုက်မှုက လှိုင်းလုံးကို တစ်ခုပြီးတစ်ခု လာတာပါ။ ပထမဆုံး အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ကမ်းရိုးတမ်းကို ပစ်မှတ်ထားပြီး နောက်ပိုင်းမှာ နိုင်ငံရဲ့ အခြားအစိတ်အပိုင်းတွေကိုရောက်ခဲ့ကာ ဥရောပအနောက်ခြမ်းအထိ သက်ရောက်ခဲ့ပါတယ်” လို့ အလ်ဂျာဇီးရား သတင်းထောက် ရော့ဘ် ရိန်နိုးက ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခဲ့တဲ့ ၀ဘ်ဆိုက်တွေထဲမှာ CNN နဲ့ New Yourk Times ၊ AirBnB၊ Reddit၊ HBO တွေလို နာမည်ကြီး ၀ဘ်ဆိုက်အချို့ ပါဝင်ခဲ့ပြီး၊ အခြားဆိုက်တော်တော်များများလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ Dyn ကုမ္ပဏီဟာ အသုံးပြုသူတွေကို မတူညီတဲ့ ၀ဘ်ဆိုက်တွေကို ပို့ဆောင်ပေးတဲ့၊ ဆာဗာတစ်ခုကနေ တစ်ခုကို ရှုပ်ထွေးတဲ့နည်းလမ်းနဲ့ အွန်လိုင်း ဒေတာတွေ အပြောင်းအရွှေ့လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ”

    တိုက်ခိုက်သူတွေဟာ အင်တာနက်ချိတ်ဆက်ထားတဲ့ ကိရိယာ သိန်းနဲ့ချီအသုံးပြုခဲ့တာဖြစ်ပြီး အဲဒီကိရိယာတွေထဲမှာ အရင်က Mira လို့ခေါ်ပြီး အဝေးလှမ်းထိန်းချုပ်လို့ရတဲ့ ကုဒ်တစ်ခု ထည့်ထားတာဖြစ်ပါတယ်။

    အဲဒီတိုက်ခိုက်မှုမျိုးကို DDoS လိုခေါ်ပြီး အဲဒီကုဒ်ထည့်ထားတဲ့ ကိရိယာတွေကနေ Dyn ရဲ့ ဆာဗာတွေဆီကို အချက်အလက်တွေ တစ်ပြိုင်နက် လှမ်းတောင်းတာပါ။

    “ဒီတိုက်ခိုက်မှုရဲ့ ရှုပ်ထွေးမှုဟာ ကျွန်တော်တို့အတွက် တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုကို ဖြစ်စေပါတယ်” လို့ Dyn ရဲ့ မဟာဗျူဟာအကြီးအကဲ ကီလီယော့ခ်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီတိုက်ခိုက်မှုတွေဟာ ၀ဘ်ကင်မရာ၊ ဗီဒီယိုကင်မရာတွေအပါအ၀င် Mirai ကုဒ်ရှိနေတဲ့ အင်တာနက်အသုံးပြု ကိရိယာတွေကနေ လာတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်တွေက Internet of Things လို့ခေါ်တဲ့ အဲဒီ ကိရိယာတွေဟာ သင့်လျော်တဲ့ လုံခြုံရေး မရှိဘူးလို့ အရင်က သတိပေးဖူးပါတယ်။

    Mirai ကုဒ်ဟာ လွန်ခဲ့တဲ့ တစ်လအရင်လောက်ကတည်းက အင်တာနက်မှာ ပြန့်နှံ့နေတာဖြစ်ပြီး အခုအချိန်မှာတော့ ရာဇ၀တ်မှုအဖွဲ့တွေက ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အတွက် ဒီကုဒ်ကို အသုံးပြုနေကြတယ်လို့ Dyn ကုမ္ပဏီတိုက်ခိုက်မှုအကြောင်း ဆန်းစစ်ရာမှာ ပါဝင်နေတဲ့ Flashpoint အဖွဲ့က လုံခြုံရေး သုတေသနဆိုင်ရာ ဒါရိုက်တာ အလီဆန် နီဇွန်က ပြောကြားခဲ့ပါတယ်။

    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက Mirai ကုဒ် ထွက်လာပြီးတဲ့နောက်ပိုင်းမှာ Internet of Things ကိရိယာတွေဟာ တိုက်ခိုက်ခံရနိုင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    တစ်ကြိမ်တည်းမဟုတ်

    သောကြာနေ့က Dyn ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မိမိတို့အနေနဲ့ လုပ်ငန်းစဉ်တွေ ၂ နာရီလောက် ရပ်တန့်သွားခဲ့တဲ့ အဲဒီမနက်ပိုင်းတိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမ့် နောက်ထပ် နာရီအနည်းငယ် အကြာမှာတော့ ဒီလို ၀င်ကြည့်လို့မရတဲ့ အဖြစ်အပျက်တွေ ထပ်ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ ညနေပိုင်းမှာလည်း နောက်တစ်ကြိမ် ထပ်ဖြစ်ပါတယ်။

    Dyn လို ကုမ္ပဏီမျိုးဟာ အင်တာနက်အသုံးပြုမှု ဧရာမပမာဏကို တာဝန်ယူ ကိုင်တွယ်နေတာဖြစ်တာကြောင့် ဒီလိုတိုက်ခိုက်မှုကာ အွန်လိုင်းမှာ ကြီးမားတဲ့ အနှောက်အယှက်မျိုး ဖြစ်စေနိုင်ပါတယ်။

    ဟက်ကာတွေက နိုင်ငံရေးအသင်းအဖွဲ့တွေ၊ ရွေးကောက်ပွဲ အေဂျင်စီတွေကို တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အမေရိကန်မှာ ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး မကြုံစဖူး ကြောက်ရွံ့မှုတွေ ရှိနေတဲ့အချိန် ဒီလို တိုက်ခိုက်မှု ပေါ်ထွက်လာတာပါ။

    ဒီမိုကရက်တစ်ပါတီရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းမှုအပါအ၀င် နိုဝင်ဘာ ၈ ရက်နေ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပြုလုပ်နေတဲ့အချိန်မှာ အမေရိကန်နိုင်ငံရေးအသင်းအဖွဲ့တွေကို ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုပ်ရှားက ပြုလုပ်တာဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင် စွပ်စွဲထားပါတယ်။

    အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနနဲ့ FBI တို့က Dyn တိုက်ခိုက်မှုကို မိမိတို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားထားပါတယ်။

    “ဒီတိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့် ဒါဟာ စနစ်တကျပြုလုပ်တဲ့၊ ရင်းမြစ်တော်တော်များများပါဝင်တဲ့ တိုက်ခိုက်မှုဖြစ်တာကတော့ သေချာပုံရပါတယ်။ ဒါ့ကြောင့် ဒါဟာ မြေအောက်ခန်းလို နေရာမျိုးကနေ ဆယ်ကျော်သက်ကလေးတွေက အပျော်သက်သက် လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ရိန်နိုးက ပြောကြားခဲ့ပါတယ်။

    “တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းအရင်းက တော်တော်လေး မရှင်းမလင်းဖြစ်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘာမှ မပါသွားလို့ပါ။ ဒါက အဖျက်သဘောပါ။ တစ်ယောက်ယောက်က အင်တာနက် ဘယ်လောက် ပြတ်သွားသလဲဆိုတာကို စမ်းသပ်ချင်လို့ လုပ်တာဆိုတဲ့ ပြောဆိုသူတွေလည်း ရှိနေပါတယ်”

    cyber-1

    ဒီမိုရက်တစ်သမ္မလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်ရေးအကြီးအကဲ ဂျွန် ပိုဒက်ဆာရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းပြီး ဖွင့်ချခဲ့တဲ့ ဟက်ကာအဖွဲ့ ၀ီကီလိခ်ကတော့ သူတို့ကို ထောက်ခံသူတွေဟာ ဒီတိုက်ခိုက်မှုနောက်ကွယ်က ရှိနေနိုင်တဲ့ပုံစံမျိုး Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး တိုက်ခိုက်မှုရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အဖွဲ့တည်ထောင်သူ ဂျူလီယန် အက်ဆန်ဂီရဲ့ အင်တာနက် အသုံးပြုမှုကို အမည်မသိ အစိုးရက ဖြတ်တောက်ခဲ့တယ်လို့ မကြာသေးမီကဘဲ ၀ီကီလိခ်က သတင်းထုတ်ပြန်ခဲ့တာပါ။

    အီကွေဒေါအစိုးရကတော့ အက်ဆန်ဂီရဲ့ အင်တာနက်အသုံးပြုမှုကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ခဲ့တယ်လို့ နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ အက်ဆန်ဂီဟာ အီကွေဒေါမှာ ရှိနေတာဖြစ်ပြီး ဆွီဒင်ကို လွှဲပြောင်းပေးပို့မှာကို ရှောင်ရှားဖို့အတွက် ယူကေသံရုံးမှာ ၂၀၁၂ နှစ်အလယ်ပိုင်းကတည်းက ခိုလှုံခဲ့တာဖြစ်ပါတယ်။

    အမေရိကန်ရွေးကောက်ပွဲကို ထိခိုက်စေမယ့် စာရွက်စာတမ်းတွေကို ထုတ်ပြန်တဲ့ ၀ီကီလိခ်ရဲ့ဆုံးဖြတ်ချက်အတွက် အဖွဲ့ကသာ လုံးဝ တာဝန်ယူရမှာဖြစ်ပြီး မိမိတို့နိုင်ငံအနေနဲ့ အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ၀င်ရောက် စွက်ဖက်လိုစိတ် မရှိဘူးလို့ အီကွေဒေါက ပြောကြားထားပါတယ်။

    Ref: Aljazeera