News @ M-Media

Blog

  • အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော

    အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    mah

    – ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်က မိမိကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း မိမိအနေဖြင့် အသင်း၌သာ ဆက်နေရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။

    လက်စတာစီးတီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မဟ်ရက်ဇ်ကို အာဆင်နယ်က ခေါ်ယူရန် သိသိသာသာ ကြိုးစားခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်မလာခဲ့ပေ။

    “အာဆင်နယ်က ကျွန်တော့်အတွက် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာက ကျွန်တော့်ကို ဆက်ထိန်းထားချင်တယ်။ ကျွန်တော်ကလည်း တော်တော်ဈေးကြီးနေပြီလေ။ ကမ်းလှမ်းမှုလာတဲ့အချိန်မှာ ကျွန်တော် စိတ်ကသိကအောက် ဖြစ်တာမျိုး မဖန်တီးချင်ပါဘူး။ ဆက်နေတာ ကောင်းတယ်လို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော် သက်သေပြရမှာပါ” ဟု မဟ်ရက်ဇ်က Canal ootball Club သို့ ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်မှာ နောက်ဆုံးတွင် လက်စတာ၌ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ၃၉ ပွဲကစား ၁၈ ဂိုးသွင်းယူနိုင်ခဲ့သည့် မဟ်ရက်ဇ်မှာ လက်ရှိတွင် ၁၀ ပွဲကစား ၃ ဂိုး သွင်းယူထားသည်။

    Ref: Goal

  • ကရင်ပြည်နယ်မှ စစ်ဘေးရှောင်  ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်

    ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media
    မိုးစက်

    14568217_633393243491307_4305386226613031215_n
    ဓါတ်ပုံ-Laiza Peace Marching Group FB

    ရန်ကုန်။    ။ ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ငွေကျပ် သုံးဆယ့်ငါးသိန်းကို အောက်တိုဘာလ ၆ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

    အဆိုပါ လှူဒါန်းငွေကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကို အဓိကထား ရည်စူးလှူဒါန်းကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဆိုပါတယ်။

    “ဒုက္ခသည်တွေ စားရေးနဲ့ပတ်သတ်ပြီး တကယ်ကျပ်တည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက် သူတို့လတ်တလော အဆင်ပြေစေဖို့အတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ ဦးတင်မောင်သန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    အဆိုပါ လှူဒါန်းငွေကို အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များနှင့် ရင်းနှီးသူများမှ မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အနေနှင့် သဘာဝဘေးနှင့် အခြားလိုအပ်သည့် မည်သည့်နေရာကိုမဆို လိုအပ်ချက်များအရ ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရပါတယ်။

  • စင်ကာပူရှိ ဆူလ်တန် ဗလီ အာဏာပိုင်တွေ ချီးမြှင့်တဲ့ ဗိသုကာဆိုင်ရာ ဆုရရှိ

    စင်ကာပူရှိ ဆူလ်တန် ဗလီ အာဏာပိုင်တွေ ချီးမြှင့်တဲ့ ဗိသုကာဆိုင်ရာ ဆုရရှိ

    အောက်တိုဘာ ၁၀ ၊ ၂၀၁၆
    M-Media

    st_20161007_nzrestore07w77i_2649960

    ဆယ့်ငါးလ ကြာအောင် ပြုပြင်မွမ်းမံပြီးတဲ့နောက်မှာ  ဆူလ်တန် ဗလီခေါင်မိုးထိပ်က မှိန်ဖျော့ဖျော့ ရွှေရောင်အခုံး တစ် စုံဟာ ကမ်ပေါင် ဂလမ် ရပ်ကွက် ၀န်းကျင်ကနေကြည့်မယ်ဆိုရင် မဟာဆန်ဆန် တွေ့မြင်ရပါလိမ့်မယ်။

    စင်္ကာပူဒေါ်လာ (၄.၆) သန်းလောက် ကုန်ကျတဲ့ မွမ်းမံပြင်ဆင်မှု့မှာ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ နဂိုရှိပြီးသား ကျွန်းသစ် တံခါးမကြီးတွေနဲ့ ပြတင်းပေါက်တွေလည်း ပါဝင်သလို၊ ဝတ်ပြုဆောင် ခန်းမဆောင်ထဲက မုတ်ဦးခုံးတွေ မဟာဆန်ဆန်လှသော အခုံးများ ပေါ်လွင်စေဖို့ အတွက်  အစိမ်းရောင် ဆေးများဖြင့် ချယ်သခဲ့ပါတယ်။

    သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ အဆင်ပြေစေဖို့အတွက်ကို ဓာတ်လှေကား အသစ်တွေနဲ့ ဘီးတပ်ကုလားထိုင် တွေသွားဖို့ ဆင်ခြေလျော လမ်းတွေကိုလည်း ပင်မဝတ်ပြုဆောင် နဲ့ သူ့ဘေးနားက တိုးချဲ့ဆောင်အထိပါ သွားလို့ရအောင် အသစ်ထပ်မံထည့်ထား ပါတယ်။

    အဆိုပါ ဗလီဟာ  မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်တွေ Urban Redevelopment Authority’s (URA) ရဲ့ ချီးမြှင့်တဲ့ ထိပ်တန်း ဗိသုကာ ဆု ၄ ဆုမှာ တခုဖြစ်တဲ့  ဗိသုကာအမွေနှစ်ဆုကို မနေ့က ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ နိုင်ငံရဲ့ သမိုင်း ၀င် အဆောက်အအုံတွေကို ထိန်းသိမ်းခြင်းနှင့် တိုးတက်ကောင်းမွန်အောင် မွမ်းမံခြင်းတို့အတွက် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

    ဆုချီးမြှင့်တဲ့ အဖွဲ့အစည်းဟာ  နှစ်ဆယ့်နှစ်နှစ် သက်တမ်းအတွင်းမှာ အဆိုပါဆုကို- အဆောက်အုံ ပိုင်ရှင်တွေ၊ ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီ ယာတွေ၊ ကန်ထရိုက်တာတွေနဲ့ သဘာဝထိမ်းသိမ်းစောက်ရှောက်ရေး ကျွမ်းကျင်သူတွေကိုသာ ပေးအပ်ခဲ့တာ ဖြစ်ပါ တယ်။

    သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေနဲ့ အဆောက်အုံတွေကို ဒီမှာရှိတဲ့ ပြုပြင်မွမ်းမံထိန်းသိမ်းအခြေနေများ ဖြင့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု့ဖြစ်စဉ် “လို့ URA က ယူဆခဲ့ကြပါတယ်။

    ဗလီရဲ့ ဂေါပကအဖွဲ့နှင့် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ ဥက္ကဌ မစ္စတာမိုဟာမဒ်ပတေးက အဆိုပါဆုမှာ ဆုလတန် ဗလီရဲ့ ဂုဏ်အင် ဟာ စံနမူနာပြရှေးဟောင်း အဆောက်အအုံတစ်ခုအနေနဲ့ သက်သေခံလိုက်ခြင်းပါပဲလို့ ဆိုပါတယ်။ “ယင်းဗလီရဲ့ တည်ရှိ နေမှု့ ဟာ စင်္ကာပူနိုင်ငံအတွက်သာမက၊ ကမ္ဘာ့စင်မြင့်ထက်ဆီသို့ပါ ရောက်ရှိလာပါလိမ့်မယ် လို့ သူက ပြောခဲ့ပါတယ်။

    မတ်စ်ကတ် လမ်းဗလီ The Muscat Street mosque ကတော့ ပြုပြင်မွမ်းမံမှု့အပိုင်းမှာ ဆုရရှိခဲ့ပါတယ်။ ယင်းက ထိလွယ်ခိုက်လွယ်တဲ့ ယဉ်ကျေးမှု့ အမွေနှစ် အဆောက်အအုံတွေကို ဂရုတစိုက်ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့သူတွေကို ဂုဏ်ပြု ပေးအပ်တာ ဖြစ်ပါတယ်။

    တစ်ခြားအပိုင်းမှာ ဆုရရှိကြသူတွေကတော့ ဂိုလိုး ကလပ် Goh Loo Club – ကလပ်လမ်းမှာ ရှိတဲ့ အိမ်ဆိုင်တစ်ခု – ယင်းမှာ ၁၉၀၅ ခုနှစ်ကတည်းက ပြည်တွင်းတရုပ်အသိုင်းအ၀ိုင်းအတွက် ဆုံဆည်းရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထား သည်- နှင့် ကွင်းလမ်းမထက်မှာရှိသည် စိန့်ပီတာနှင့် ပေါလ် ရိုမန် ကသိုလစ် ဘုရားရှိခိုးကျောင်း တို့ဖြစ်သည်။ ကလပ် ကတော့ အနက်-စိမ်းရောက် လှေခါးလက်တန်းများကဲ့သို့သော ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းထားမှု့အတွက် ဂုဏ် ပြုချီးကျူးခံရခြင်း ဖြစ်ပြီး ချာ့ခ်ျကတော့ ဂိုးသစ်စတိုင် ဗိသုကာလက်ရာကို အနုစိတ်ထိန်းသိမ်းထားခြင်းအတွက်ကြောင့် ယင်းဆုကို ချီးမြှင့်ရခြင်း ဖြစ်သည်။

    ရှေးဟောင်းအဆောက်အအုံ သုံးလုံးရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ စတမ်းဖိုဒ်လမ်းက ကပ်ပီတယ်စင်္ကာပူ Capitol Singapore –  ကပ်ပီတယ် ဇာတ်ရုံ၊ ကပ်ပီတယ် အဆောက်အအုံနှင့် စတမ်းဖိုဒ် အိမ်တော် တို့မှာလည်း ပြုပြင်ထိမ်းသိမ်းခြင်းနှင့် ဆန်း သစ်တီထွင်ခြင်းအပိုင်းတွင် ဆုရရှိခဲ့ကြသည်။

    ဘီခ်ျလမ်းမကြီး Beach Road က စုပေါင်းသုံး အဆောက်အအုံ South Beach ကလည်း ရှေးဟောင်းအဆောက်အအုံ လေးလုံး ပြုပြင်ထိန်းသိမ်းမှု့အတွက် အထူးဆုရရှိခဲ့သည်။

    ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းမှု့နှင့်ဆိုင်သော URA စီနီယာ ဒါရိုက်တာတစ်ဦးဖြစ်သူ မစ္စ တေ လိုင် ယိပ် Mrs Teh Lai Yip က ပြောကြားရာတွင် “မနှစ်က အနိုင်ရရှိသွားသူများကို စံအနေနှင့် အသုံးချပြီး” ပြိုင်ပွဲဝင်များ၏ တင်ပြလာ သော အရည်သွေးများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ကြသည်ဟု ပြောပါသည်။ ဒီနှစ်မှာတော့ ပရောဂျက် ကိုးခုကို တင်ပြခဲ့ကြပြီး အဆင့်မြင့် အစိုးရ ကိုယ်စားလှယ်တော်ကြီးများ၊ ပညာရှင်များ နှင့် စင်္ကာပူ ယဉ်ကျေးမှု့ အမွေနှစ် အဖွဲ့စည်း Singapore Heritage Society မှ တာဝန်ရှိသူများ အပါအ၀င် ကော်မတီ အဖွဲ့ဝင် ဆယ့်သုံးယောက်က အကဲဖြတ်ခဲ့ကြပါသည်။ ယနေ့ထိ၊ ပရော ဂျက်ပေါင်း တစ်ရာနှစ်ဆယ့်ရှစ်ခုအထိ ဆုလက်ခံရခဲ့ကြပြီး ဖြစ်သည်။

    ref: straitstimes
    Sultan Mosque among winners of architectural awards ကို ဘာသာပြန်ဆိုသည်။
    ရဲဗလမင်းထင်

  • တူရကီ၏ ပထမဆုံး ရေအောက်လှိုင်ခေါင်းကားလမ်း ဖွင့်လှစ်ရန် အသင့်ဖြစ်နေ

    တူရကီ၏ ပထမဆုံး ရေအောက်လှိုင်ခေါင်းကားလမ်း ဖွင့်လှစ်ရန် အသင့်ဖြစ်နေ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    turkey-tunnel-2

    – ဘော့စ်ဖရက် ရေလက်ကြားကို ဖြတ်ကာ အစ္စတန်ဘူလ်၏ ဥရောပအခြမ်းနှင့် အာရှအခြမ်းကို ဆက်သွယ်ထားသည့် နိုင်ငံ၏ ပထမဆုံး ရေအောက်လှိုဏ်ခေါင်း ကားလမ်းကို တူရကီသမ္မတ အာဒိုဂန်က စနေနေ့တွင် ဖြန်သန်းမောင်းနှင်ခဲ့သည်ဟု သိရသည်။

    ၂ ထပ်လမ်းဖြစ်သည့် အဆိုပါ ရေအောက်လှိုဏ်ခေါင်းကို ယူရေရှားဟု အမည်ပေးထားပြီး အများပြည်သူများအတွက် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ဖွင့်လှစ်ပေးမည်ဖြစ်သည်။ စနေနေ့တွင် တူရကီသမ္မတ အာဒိုဂန်၊ ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး အဟ်မတ် အာစလန်တို့က အာရှဘက်ခြမ်းမှ ဥရောပဘက်ခြမ်းသို့ ပထမဆုံး ကားဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ရေအောက်လှိုဏ်ခေါင်းမှာ ၅ ကီလိုမီတာ ရှည်လျားပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့သည်။

    ယခင်က အစ္စတန်ဘူလ်၏ အာရှဘက်ခြမ်းရှိ ဂေါ့ဇ်တီပီဒေသမှ ဥရောပဘက်ခြမ်းရှိ ကာဇီလီဆက်မီမြို့ကို ၁ နာရီခွဲကျော် ကြာမြင့်သော်လည်း ယခု ရေအောက်လှိုဏ်ခေါင်းကို အသုံးပြုပါက ၁၅ မိနစ်သာ ကြာမြင့်မည်ဖြစ်သည်။

    အဆိုပါ ရေအောက်လှိုင်ခေါင်းမှာ ဘော့စ်ဖရက်ရေလက်ကြားအောက်မှဖြတ်၍ ဆောက်လုပ်ထားသော ဒုတိယမြောက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ပထမ လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည့် မာမာရေး ရေအောက်ရထားလမ်းဖြစ်သည်။

    Ref: Straitstimes

  • ကန်သမ္မတလောင်းများ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ဘာတွေပြောခဲ့သလဲ

    ကန်သမ္မတလောင်းများ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ဘာတွေပြောခဲ့သလဲ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    debate

    – အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးမှုအဖြစ် မနေ့မှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ခါမှာတော့ ပရိတ်သတ်တွေနဲ့ အမေးအဖြေတွေပါ ပါဝင်ခဲ့ပါတယ်။

    မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စကားစစ်ထိုးပွဲကို တက်ရောက်လာကြတဲ့ ပြည်သူတွေဟာ အကြိုစစ်တမ်း ကောက်ယူမှုအရ ဘယ်သူ့ကို ရွေးချယ်ရမယ်မှန်း မသိသေးတဲ့သူတွေဖြစ်ပြီး ‘ပြည်သူ့အကျိုးစီးပွား’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မေးခွန်းတွေရဲ့ တစ်ဝက်ကို မေးမြန်းခဲ့ကြပါတယ်။ နောက်ထပ် မေးခွန်းတစ်ဝက်ကိုတော့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။

    သမ္မတလောင်းနှစ်ဦး တွေ့ဆုံစဉ်မှာ တစ်ဦးနဲ့တစ်ဦး ပြုံးပြခဲ့ကြပေမယ့် လက်ဆွဲနှုတ်ဆက်ခြင်းတော့ မရှိပါဘူး။

    စကားစစ်ထိုးပွဲစစချင်းမှာပဲ ထရမ့်ရဲ့ အမျိုးသမီးတွေအပေါ်မှာ စော်ကားပြောဆိုမှုတွေကြောင့် သူဟာ ကာကွယ်ရေးဦး စီးချုပ်နေရာနဲ့ သင့်တော်ပါ့မလားဆိုတဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ ထွက်ပေါ်လာခဲ့ ရာဂကျူးမှတ်ချက်နဲ့ပတ်သက်ပြီး ထရမ့်က ဒါဟာ ယောက်ျားတွေ ပြောနေကြစကားဖြစ်ပြီး မိမိအနေနဲ့ ဂုဏ်ယူခဲ့တာမဟုတ်ကြောင်း ကာကွယ်ခဲ့ပါတယ်။

    အစီအစဉ်တင်ဆက်သူဖြစ်တဲ့ CNN က အန်ဒါဆန် ကူးပါးက “အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ခင်ဗျား ကြွားလုံးထုတ်တာမဟုတ်လား” လို့ မေးမြန်းရမှာ ထရမ့်က “ကျုပ်အဲလို လုံးဝ မပြောခဲ့ဘူးဗျ” လို့ ဖြေကြားခဲ့ပြီးနောက်ပိုင်းမှာ IS အဖွဲ့ဘက်ကို စကားလမ်းကြောင်း လွှဲခဲ့ပါတယ်။

    “ဒီစကားအတွက် ကျွန်တော်ရှက်မိတယ်။ မုန်းလည်းမုန်းပါတယ်။ ဒါပေမယ့် ဒါက ယောက်ျားအချင်းချင်းပြောတတ်တဲ့ စကားမျိုးပါ။ ကျွန်တော် IS ကို ဖြိုမှာဗျ။ ကျွန်တော်တို့ IS ကို ချေမှုန်းနိုင်မှာပါ။ ကျွန်တော်တို့ ပိုပြီးအရေးပါတဲ့ အရာတွေကို စီမံခန့်ခွဲရပါမယ်”

    ကူးပါးက ထပ်ပြီး “ခင်ဗျား အဲဒါမျိုးတွ လုပ်ခဲ့လား” လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရည်ညွှန်းမေးမြန်းခဲ့ရာမှာတော့ ထရမ့်က “မလုပ်ရပါဘူးဗျာ” လို့ ပြန်ဖြေခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ထရမ့်က ဟီလာရီကလင်တန်ကို စကားနာထိုးခဲ့ပြီး သူမရဲ့ယောက်ျား ကန်သမ္မတဟောင်း ဘီလ်ကလင်တန်လောက် “အမျိုးသမီးတွေအပေါ် စော်ကားခဲ့တဲ့တဲ့ နိုင်ငံရေးသမားမျိုး ဒီနိုင်ငံရဲ့သမိုင်းမှာ မရှိခဲ့ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

    လက်မလျှော့

    အရင်ကတည်းက အမျိုးသမီးတွေကို စော်ကားမှု၊ လူမျိုးရေးခွဲခြားမှုတွေကြောင့် အပုပ်နှံတွေလှိုင်ခဲ့တဲ့ ထရမ့်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ပြောခဲ့တဲ့ သူ့ရဲ့ ရာဂကျူးစကားတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သူ့ရဲ့ ပါတီဝင်တွေအပါအ၀င် လူတော်တော်များများက သမ္မတလောင်းအဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒါပေမယ့် ထရမ့်ကတော့ သူအနေနဲ့ ဒီလိုဖြစ်လာမှာဟုတ်ဘူးလို့ ဆိုပါတယ်။

    စကားစစ်ထိုးပွဲရဲ့ နောက်ပိုင်းမှာ ထရမ့်က သူ့အနေနဲ့ သမ္မတဖြစ်လာရင် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးဘ၀က အီးမေလ်းပြဿနာနဲ့ပတသ်က်ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သူ့သက်တမ်းအတွင်း ဟီလာရီကို ထောင်ထဲမှာ မြင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “ကျုပ်နိုင်ရင် ရှေ့နချုပ်ကို ခင်းဗျားရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထူးတရားစီရင်မှုလုပ်ဖို့ ညွှန်ကြားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီလို လိမ်လည်တာမျိုး၊ လှည့်စားတာမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ပရိတ်သတ်ထဲက မွတ်စလင်အမျိုးသမီးတစ်ဦးက အစ္စလာမ်ကြောက်ရောဂါ၊ ထရမ့်က မွတ်စလင်တွေကို အမေရိကန်ထဲ ၀င်ခွင့်ပိတ်ပစ်မယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာတော့ ထရမ့်က သူ့ရဲ့ မွတ်စလင်ရွှေ့ပြောင်းအခြေချချသူ ပေါ်လစီဟာ အစွန်းရောက် နောက်ကြောင်းကို ပုံပြောင်းစေခဲ့တယ်လို့ ဆိုပြီး ကလင်တန်အနေနဲ့ “အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်” လို့ မခေါ်တဲ့အတွင် အကြမ်းဖက်ဝါဒကို တိုက်ဖျက်နိုင်မှာမဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စကားစစ်ထိုးပွဲတစ်လျှောက်လုံးမှာ ထရမ့်ဟာ ပွဲတင်ဆက်သူတွေအနေနဲ့ ကလင်တန်ကို အချိန်ပိုပေးတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

    အလ်ဂျာဇီးရားက သုံးသပ်သူတစ်ဦးဖြစ်တဲ့ အလန်ဖစ်ရှာက အခု စကားစစ်ထိုးပွဲမှာ ဟီလာရီကလင်တန်ဟာ အီးမေးလ်တွေ ဖျက်ပစ်တာလို အဓိကပြဿနာတွေနဲ့ပတ်သက်ပြီး ဖိအားရခဲ့ပြီး၊ ထရမ့်ကလည်း ဟီလာရီမေးတဲ့ မေးခွန်းတွေကို သိပ်မဖြေခဲ့ဘူးလို့ ဆိုပါတယ်။

    “ထရမ့်က သူ့ဉာဉ်အတိုင်းပဲ လုပ်သွားတာပါ။ သူက မေးခွန်းအမေးခံတယ်။ ပြီးရင် သူ့ထောက်ခံသူတွေရဲ့ သည်းခြေကြိုက်ကိစ္စတွေဖက်ကို ဆွဲပြောသွားတယ်။ ကလင်တန်ဟာ နှစ်ပေါင်း ၃၀ လောက် နိုင်ငံရေးသမားဘ၀နဲ့ ဘာမှ အောင်မြင်မှု မယ်မယ်ရရ မရခဲ့ဘူးလို့ပြောရင်၊ ကုန်သွယ်ရေးအကြောင်း၊ IS အကြောင်းပြောရင် သူ့ကို ထောက်ခံသူတွေ သည်းခြေကြိုက်ဖြစ်မယ်ဆိုတာ သူက ကောင်းကောင်းသိပါတယ်”

    “သူက သူပြောချင်တာကို အဓိကထားပြောသွားပြီး ပထမ စကားစစ်ထိုးပွဲတုန်းကလို ဆတ်ဆတ်ထိမခံတာ၊ စိတ်ဆိုးတာတွေ မရှိတော့ပါဘူး။ သူ့ပရိတ်သတ် စိတ်ကျေနပ်အောင်ပဲ လုပ်သွားပြီး၊ ဒီရွေးကောက်ပွဲမှာ သူနိုင်ရင် ထောက်ခံသူ နယ်ပယ်ကို ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်”

    စကားစစ်ထိုးပွဲရဲ့ နောက်ဆုံးမှာ ပရိတ်သတ်ထဲကတစ်ယောက်က သမ္မတလောင်းတွေအနေနဲ့ အချင်းချင်း လေးစားတဲ့အချက်ရှိရင် ပြောပါလို့ ဆိုတဲ့အခါ ဟီလာရီက ထရမ့်ရဲ့ ကလေးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ကတော့ ဟီလာရီဟာ ဘယ်တော့မှာ အရှုံးပေးမှာမဟုတ်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera