News @ M-Media

Blog

  • စီးပွားရေး ပိတ်ဆို့မှုများမှ မြန်မာနိုင်ငံလွတ်ပြီ

    စီးပွားရေး ပိတ်ဆို့မှုများမှ မြန်မာနိုင်ငံလွတ်ပြီ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    santion

    – မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။

    အမျိုးသား အရေးပေါ်အခြေအနေအောက်၌ အမေရိကန် သမ္မတအဆက်ဆက်က ဥပေဒကဲ့သို့ အာဏာတည်သော အမိန့်ဖြင့် နှစ်ပေါင်း ၂၀ ကြာ နှစ်စဉ်ပြဌာန်းခဲ့သည့် ပိတ်ဆို့မှုများဖြစ်ပြီး သမ္မတအိုဘားမားက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဖြင့် ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် မြန်မာနိုင်ငံမှ ကျောက်မြတ်ရတနာများ တင်ပို့မှု ပိတ်ဆို့ထားခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ထားခြင်း စသည်တို့ကိုလည်း ပယ်ဖျက်ပေးခဲ့သည်။

    ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်က တစ်ဖြည်းဖြည်းဖြင့် ဖယ်ရှားခဲ့ပြီး ကျန်ရှိနေသည့် ပိတ်ဆို့မှုများကိုလည်း မကြာမီ ဖယ်ရှားပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်လအတွင်း အိမ်ဖြူတော်၌ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

    ပိတ်ဆို့မှုမှ ကင်းလွတ်ခဲ့သူများတွင် ယခင် အာဏာရှင်စစ်အစိုးရ အကြီးအကဲဟောင်း ဦးသန်းရွှေ၊ နိုင်ငံ၏ အကြီးဆုံး စီးပွားရေးအုပ်စုကို တည်ထောင်ထားသည့် စတီဗင်လောတို့လည်း ပါဝင်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနကမူ စတီဗင်လော၏ ဖခင်ဖြစ်သူမှာ ကမ္ဘာ့ ဘိန်းဖြူလုပ်ငန်း၏ အဓိပတိတစ်ဦးဖြစ်သည်ဟု သတ်မှတ်ထားသည်။

    ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကဲ့သို့ မြောက်ကိုရီးယားနှင့် လက်နက် အရောင်းအ၀ယ်ပြုလုပ်သည်ဆိုသည့် စွဲချက်ဖြင့် ၂၀၁၃ ခုနှစ်ကတည်းက အမည်ပျက်စာရင်း သွင်းခံထားရသော စစ်ဖက်အရာရှိတစ်ချို့လည်း ပါဝင်သည်။

    ကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် မူးယစ်ကုန်သွယ်မှုကို တားမြစ်လိုသူများကဲ့သို့သော ပိတ်ဆို့မှုပြုလုပ်နိုင်သည့် အာဏာပိုင်များက သတ်မှတ်ထားသည့် အထူးစောင့်ကြည့်ရမည့်သူများ စာရင်းတွင် မြန်မာနိုင်ငံသားအချို့ ပါဝင်နေသည်ဟု ဖော်ပြထားသည်။

    လူ့အခွင့်အရေအဖွဲ့များကမူ ထိုကဲ့သို့ ပိတ်ဆို့မှုအားလုံး လျှော့ချပေးခြင်းအားဖြင့် ယခုအချိန်အထိ အာဏာရှိနေသည့် စစ်တပ်ကို ထိန်းချုပ်နိုင်ရေး အခွင့်အလမ်း ဆုံးရှုံးသွားမည်ဟု ထောက်ပြပြောဆိုမှုများ ရှိနေသည်။

    Ref: Alajazeera

  • ဟာရီကိန်း မက်သယူးနဲ့ ချွတ်ချုံကျသွားတဲ့ ဟေတီ

    ဟာရီကိန်း မက်သယူးနဲ့ ချွတ်ချုံကျသွားတဲ့ ဟေတီ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    haiti

    – ကာရစ်ဘီယံဒေသမှာ ၁၀ စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ဟာရီကိန်း မက်သယူးကြောင့် ဟေတီနိုင်ငံမှာ သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှု အခြေအနေဟာ တော်တော်လေးကို ဆိုးရွားခဲ့ပါတယ်။

    စောစောပိုင်းက သေဆုံးသူ ၅၇၂ ဦး ရှိတယ်လို့ ဟေတီအာဏာပိုင်တွေက ကြေငြာထားပေမယ့် ယမန်နေ့မှာတော့ ၈၄၂ ဦးအထိ ရှိလာခဲ့ပြီး၊ အဆက်အသွယ်မရသေးတဲ့ မုန်တိုင်းဒဏ်ခံဒေသတွေလည်း ရှိနေတာကြောင့် သေဆုံးမှုနှုန်းကလည်း ထပ်မံ မြင့်တက်လာနိုင်ပါသေးတယ်။

    အင်္ဂါနေ့က မုန်တိုင်းဝင်ရောက်ပြီးတဲ့နောက် ကျေးလက်ဆေးခန်းတွေဟာ လူနာတွေနဲ့ ပြည့်လျှံနေပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုတွေလည်း ရှိနေကာ ရေမသန့်တာကြောင့် အနည်းဆုံး လူ ၇ ဦးလောက် ၀မ်းလျှောပြီး သေဆုံးခဲ့ကြပါတယ်။

    တစ်နာရီ ၂၃၅ ကီလိုမီတာနဲ့ တိုက်ခတ်တဲ့ မုန်တိုင်းကြောင့် အထိအနာဆုံးဒေသတွေက ဟေတီအနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းတွေဖြစ်ပြီး အိမ်တွေပြိုတာ၊ အုန်းပင်တွေလဲတာတွေအထိ ဆိုးရွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ၀င်ရောက်ကာ အရှေ့ဘက်ကို ဦးတည်သွားခဲ့ပါတယ်။

    သေဆုံးသူအများစုဟာလည်း သစ်ပစ်တွေပိမိတာ၊ လွင့်စင်လာတဲ့ အကျိုးအပဲတွေ ထိမှန်တာ၊ ရေကြီးရေလျှံတာတွေကြောင့် ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ကျွဲနွားတွေ ကောက်ပဲသီးနှံတွေလည်း ဆုံးရှုံးခဲ့ပါတယ်။

    ဆင်းရဲမွဲတေမှု၊ အစိုးရယန္တရားအားနည်းမှုနဲ့ လူနေမှုအဆင့်အတန်း နိမ့်ပါးမှုကြောင့် ဟေတီရဲ့ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းဟာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း ပြင်းအား ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု မြို့တော် ပေါ့တ်အူပရင့်မှာ လှုပ်ခတ်သွားတာကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ငလျင်အပြီး ၀မ်းရောဂါကြောင့် အနည်းဆုံး လူပေါင်း ၉၀၀၀ လောက် သေဆုံးခဲ့ကာ လူသိန်းနဲ့ချီပြီး ကူးစက်ခဲ့တယ်လို့ ကုလရဲ့ မှတ်တမ်းတွေအရ သိပါတယ်။

    ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ကလည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဟာ သောက်သုံးရေ သန့်ရှင်းမှု မရှိတော့တာကြောင့် ၀မ်းရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်နှင့် ခရစ်ယာန်အကြား တူညီမှုကို မီးမောင်းထိုးပြသည့် ကုရ်အာန်ဘာသာပြန်တစ်ခု ထွက်ရှိ

    အစ္စလာမ်နှင့် ခရစ်ယာန်အကြား တူညီမှုကို မီးမောင်းထိုးပြသည့် ကုရ်အာန်ဘာသာပြန်တစ်ခု ထွက်ရှိ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    quran

    – ခရစ်ယာန်သာသနာနှင့် အစ္စလာမ်သာသာနာတို့အကြား တူညီမှုများကို အဓိကထား ဖော်ပြထားသည့် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်တစ်ခုကို အမေရိကန်က မွတ်စလင်နှင့် ခရစ်ယာန်မိတ်ဆွေနှစ်ဦးက ထုတ်ဝေလိုက်သည်ဟု သိရသည်။

    ဆာဖီ ကက်စ်က်စ်နှင့် ဒေါက်တာ ဒေးဗစ် ဟန်ဂါဖို့ဒ်တို့ ဖြစ်ကြပြီး မိမိတို့၏ ထိုအားထုတ်မှုက ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား ပြန်လည်ရင်ကြားစေ့ရေး ကိရိယာတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

    အဆိုပါစာအုပ်တွင် ကုရ်အာန်နှင့် သမ္မာကျမ်းစာတို့အကြား အလိုသဘောတူညီသည့် ကျမ်းချက်ပေါင်း ၃၀၀၀ ခန့်ကို ဖော်ပြထားသည်။

    “၉/၁၁ ခေတ်နောက်ပိုင်းမှာ ခရစ်ယာန်တွေက မွတ်စလင်တွေနဲ့ သူတို့ရဲ့ကျမ်းစာ ကုရ်အာန်ကို ကြောက်ရွံ့လာကြတာကြောင့် တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။ ဒီ ဘာသာပြန်အသစ်က မွတ်စလင်တွေနဲ့ အခြားသော အီဗရာဟီမစ် ဘာသာတရားတွေ (ခရစ်ယာန်နှင့် ဂျူး) အကြား ပြန်လည်သင့်မြတ်ရေး ကိရိယာတစ်ခုအဖြစ် ဖော်ဆောင်ထားတာပါ။ တင်းမာမှုဖြစ်ပွားနေတဲ့ အခြေအနေမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးက နောက်တောင်ကျနေပါပြီ။ တယ်လို့ ကျွန်တော်တို့ဟာ ပြဿနာတွေ ထပ်မဖြစ်အောင် တားဆီးချင်တယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့နားလည်မှုရအောင် မဖြစ်မနေ လုပ်ရမှာပါ” ဟု ဆာဖီက ပြောကြားခဲ့သည်။

    ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်အား လိုရာဆွဲဘာသာပြန်မှုအချို့ကြောင့် အစ္စလာမ်မှာ အခြားသော ဘာသာတရားများအပေါ် သည်းခံနိုင်မှုမရှိဆိုသည့် အမြင်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထိုအမြင်များမှာ လုံးဝ မှားယွင်းကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ဆာဖီနှင့် ဒေါက်တာ ဒေးဗစ် ဟန်ဂါဖို့ဒ်တို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ခင်မင်လာခဲ့ခြင်းဖြစ်ပြီး ယခုစာအုပ်က ခရစ်ယာန်များအကြား အစ္စလာမ်ကြောက်ရောဂါ အပြုအမူများကို လျှော့ချရေး ရည်ရွယ်သော Bridges to Common Ground အဖွဲ့၏ စီမံကိန်းမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    “အစ္စလာမ်နဲ့ ခရစ်ယာန်အကြားမှာ မတူညီမှုတွေ ရှိနေသလို့ သိပ်အံ့သြစရာကောင်းတဲ့ ပေါင်းကူးတံတားတစ်ခု ရှိနေတယ်ဆိုတာကို ဒီဘာသာပြန်ကြောင့် လူတွေ နားလည်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာက ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်တွင် ယေရှုခရစ် (မွတ်စလင်များက တမန်တော် အီစာဟု သိကြသည်) ၏ အမည်ကို အကြိမ် ၁၀၀ ကျော် ဖော်ပြထားသည်။ ထို့ပြင် ယောရှုခရစ်၏ မယ်တော် မာရီသခင်မ (မရ်ယမ်သခင်မ) ၏ အမည်ဖြင့်လည်း ကဏ္ဍတစ်ခု ပါရှိနေသည်။

    “ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အီဗရာဟီမစ် ဘာသာတရားတွေအကြား တူညီမှုတွေကို ဘယ်သူမှ မပြောကြပါဘူး” ဟု ဒေါက်တာ ဟန်ဂါဖို့ဒ်က ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : Independent

  • “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    အာဏာပိုင်များအား သတိပြုမိသွားစေချင်သည့် လူကုန်ကူးသတင်းတစ်ပုဒ်

    အောက်တိုဘာ ၈ ၊ ၂၀၁၆
    ထင်ကျော် ရေးသည်။
    14494841_536255613240042_2796114310204571007_n

    တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ပြည်နယ်ထဲ ကျုချော့ ဆိုတဲ့မြို့ကလေးရှိ ဗဟိုဆေးရုံကို ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က လူသုံးဦးရောက်လာပြီး ကိုယ်ဝန်လာအပ်ပါတယ်။ တစ်ဦးက အသက် ၄၀ အရွယ် ခင်ပွန်းသည်လို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တစ်ဦးက ဇနီးသည်ပေါ့လေ။ ဇနီးသည်ကိုတော့ အသက် ၂၀ အရွယ်လို့ သူတို့က ပြောတယ်။ တတိယ တစ်ဦးကတော့ တရုတ်ရဲ့ မိခင်၊ ကိုယ်ဝန်ဆောင်သည်ရဲ့ ယောက္ခမ လို့ ခင်ပွန်းသည်ဆိုသူ တရုတ် အမျိုးသားက မိတ်ဆက်တယ်။ဇနီးသည် ဆိုသူ မိန်းကလေးမှာ ကိုယ်ဝန်လည်း သုံးလ ရှိလို့ လာအပ်တာလို့ သူတို့ကဆိုတယ်။

    ဆေးရုံတာဝန်ရှိသူများ က အသေအချာ ကြည့်လိုက်တော့ ကိုယ်ဝန်ဆောင် မိန်းကလေးဟာ အသက် ၂၀ မဖြစ်နိုင်ဘဲ အသက် ၁၂ ၀န်းကျင်တောင် မရှိတတ်သေးတဲ့ ကလေးငယ် တစ်ဦးသာ ဖြစ်ကြောင်း ခန့်မှန်းတယ်။ ကလေးရုပ်တောင် မပျောက်သေးဘူး။ ကိုယ်ဝန်သည် ကလေးငယ်ကို မေးမြန်းကြည့်လိုက်တော့ တရုတ်ပြည်မကြီးသုံး မင်ဒရင်တရုတ်စကားကို လုံးဝကို မတတ်ကြောင်း ပေါ်လွင်လာတယ်။

    ပြီးတော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုလည်း လုံးဝမပြနိုင်ဘူး။ ကိုယ်ဝန်ဆောင်သည်ကို ဆရာဝန်တွေက မေးခွန်းတွေ အများကြီး မေးနေတာကိုလည်းခင်ပွန်း ဆိုသူက ဒေါသထွက်ပြီး ၊ ကိုယ်ဝန်ကိုလာပြတာသာဖြစ်ကြောင်း၊ မလိုအပ်တဲ့ မေးခွန်းတွေ အများကြီး မေးစရာမလိုကြောင်း စိတ်တိုပြတယ်။

    ဒီမှာပဲ ဒီကလေးငယ်ကို ကိုယ်ဝန်ရစေခဲ့တဲ့ ခင်ပွန်းဆိုသူ တရုတ်အမျိုးသားကို ရဲလက်အပ်ပြီး ဖမ်းဆီးစေခဲ့တယ်။ ကိုယ်ဝန်သုံးလကို ဆောင်ထားရတဲ့ မိန်းကလေးငယ်လေးဟာတရုတ်နိုင်ငံသား မဟုတ်ကြောင်း ပေါ်ပေါက်လာတယ်။ တရုတ်ပြည်ရဲ့ တောင်ဖက် အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံက ဖြစ်နိုင်ကြောင်းသာ ခန့်မှန်းနိုင်သေးပြီး ဘယ်နိုင်ငံက ဆိုတာ အခုထိတော့ သဲသဲကွဲကွဲ မသိရသေးဘဲ ဆက်လက် စစ်ဆေးနေဆဲပဲလို့ ဒီသတင်းအရသိရတယ်။

    သတင်းကတော့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့( ဒီနေ့) နေ့စွဲ နဲ့ ဗြိတိန်နိုင်ငံ ထုတ် Mirror သတင်းစာမှာ ပါတဲ့ သတင်းဖြစ်ပါတယ်။ ပြောချင်တာက တရုတ်ပြည်ရဲ့ တောင်ဖက်ပိုင်း အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဆိုတာ မြန်မာနိုင်ငံလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အဓိက နဲ့ အကြီးဆုံး မြို့ကြီးထဲမှာ ကမ္ဘာ့ဒုတိယအများဆုံး စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီး ရှိခဲ့တာတောင် ယနေ့ထိ လက်သည်ပိုင်ရှင် တရားခံများဟာ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးတဲ့ Law Enforcement ကိုတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဟာ ဒီလို လူကုန်ကူးခံ ကိစ္စမျိုးတွေကို လက်နဲ့မတို့မထိလောက်အောင်ပဲ လျစ်လျူရှုထားသလို ဖြစ်နေရတဲ့ အဖြစ်ကိုတော့ သိမှတ်ရှုမြင်နိုင်ကြပါစေခင်ဗျာ။

    မြန်မာနိုင်ငံက မသိဉာဏ်မကြွယ်ကြသူ မိန်းကလေးငယ်တွေရော မိန်းကလေးကြီးတွေကိုပါ တရုတ်နိုင်ငံ အမျိုးသားတွေရဲ့ဇနီမယားပြတ်လပ်မှု လိုအပ်ချက်ဈေးကွက်အတွက် ပေါ်တင်တစ်မျိုး ၊ လျှို့ဝှက်တစ်သွယ် နယ်စပ်ကနေ လူမှောင်ခိုကူး ရောင်းစားတာကို အကြီးအကျယ် ခံနေကြရရှာတယ် ဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။

    ဒီကြားထဲ ကလေးငယ်လေးတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ လက်သည်မပေါ်ဘဲ ဟိုနေရာမှာ ပျောက်သွားလိုက်၊ သည်နေရာမှာ ပျောက်သွားလိုက် နဲ့ ပျောက်သာပျောက်သွားပြီး ဘယ်ကိုရောက်သွားကြတယ်။ ဘယ်သူတွေက ခိုးယူခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိကြရဘူး။

    ဟော ခုတော့ ဒါမျိုးသတင်းမျိုးတွေကို ကြားလာရတယ်။ မြန်မာပြည်က ကလေးငယ်လေးတွေ ဘယ်လောက်များများများ ဒီလိုပုံဒီလိုနည်းနဲ့ မိဘရင်ခွင်ထဲက ရက်ရက်စက်စက် ယူဆောင်သွားခြင်းကို ခံလိုက်ကြရပြီး မိမိတို့လည်း အလိုမတူပါပဲလျက် တစ်ပြည်ရပ်ခြားမှာ ကူသူကယ်သူမရှိ၊ စကားတောင် မပြောတတ်ရှာကြပဲ အတင်းအကြပ် လူကျွန်၊ လိင်ကျွန် အပြုခံနေကြရသလဲဆိုတာကိုတော့ မေတ္တာမခေါင်းပါးကြသူများ အလေးအနက်ထား စဉ်းစားပေးကြပါ။

    တာဝန်ရှိကြသူ အာဏာပိုင်များ အနေနဲ့လည်း အခုဒီသတင်းထဲပါတဲ့ ကလေးမငယ်လေးဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုတာကို နိုင်ငံအစိုးရချင်း ဆက်သွယ်စိစစ်ပြီး မေးမြန်းစုံစမ်းပေးပြီး ဟုတ်ရင် ကယ်တင်ပေးကြပါ။ နောက်ထပ် အလားတူကိစ္စမျိုးတွေလည်း ရှိနေနိုင်ပြီး အပြစ်မဲ့ကြရှာသူလေးတွေကို ကယ်တင်ပြီး နောင်မှာလည်း ဒါမျိုးတွေ မဖြစ်ပေါ်အောင် တားဆီးပေးကြစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ် ။ ဒီကလေးငယ်ကို မိမိသမီးလေးသာ ဖြစ်ခဲ့ရင်ဆိုတဲ့ မိဘမေတ္တာစိတ် လေးနဲ့ စာနာနိုင်ကြပါစေခင်ဗျာ။

    ထင်ကျော်
    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

    (မူရင်းသတင်းကို လေ့လာလိုသူများ ယခုလင့်တွင် သွားရောက် လေ့လာနိုင်ကြပါသည်။
    http://www.mirror.co.uk/news/world-news/pregnant-12-year-old-girl-9001329?ICID=FB_mirror_main

  • ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ – ၂ (အေဒီ ၁၉၀၀ မှ ၁၉၂၀)

    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ – ၂ (အေဒီ ၁၉၀၀ မှ ၁၉၂၀)

    အောက်တိုဘာ ၈၊ ၂၀၁၆

    M-Media
    ja-1

    – စုလ်တာန် အဗ်ဒုလ် ဟာမစ်ရဲ့ သံတမန်တစ်ဦး မုဟမ္မဒ် အလီက ၁၉၀၂ ခုနှစ်မှာ ဂျပန်နိုင်ငံကို ရောက်လာပါတယ်။ သူဟာ ယိုကိုဟားမားမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ပေးရေး ရည်ရွယ်ချက်ရှိခဲ့သော်လည်း အထမမြောက်ခဲ့ဘူးလို့ အချက်အလက်အချို့က ဖော်ပြထားပါတယ်။

    နောက်ထပ်သံတမန်တစ်ဦးဖြစ်သူ တူရကီဗိုလ်ချုပ် ပါတဗ်ပါးရှားလည်း ရုရှား-ဂျပန်စစ်ပွဲ(၁၉၀၄-၀၅) ကို လေ့လာစောင့်ကြည့်ဖို့ ဂျပန်ကို ရောက်လာပြီး နှစ်နှစ်နေထိုင်ခဲ့တယ်။ အော်တိုမန်ပြည့်ရှင်ကို ပြန်လာတွေ့ပြီးနောက် တူရကီဘာသာနဲ့ ကျမ်းသုံးတွဲ ရေးသားပြုစုခဲ့တယ်။

    ja-2
    အော်တိုမန်အင်ပါယာ၏ ၃၄ ဆက်မြောက်ဘုရင် အဗ်ဒုလ် ဟာမစ်(၂)

    ရုရှ-ဂျပန်စစ်ပွဲပြီးဆုံးတဲ့နောက် ဂျပန်လူမျိုးများဟာ အစ္စလာမ်သာသနာနဲ့ မွတ်စ်လင်မ်လောကအကြောင်းကို စိတ်ဝင်စားမှု ပြသလာကြောင်း သတင်းတွေမှာ ဖော်ပြလာကြတယ်။ ဂျပန်လူမျိုးတွေကို အစ္စလာမ်ဖိတ်ခေါ်ရေးအတွက် မွတ်စ်လင်မ်များထံ တိုက်တွန်းချက်တစ်ရပ် ဖြစ်လာစေတယ်။ အီဂျစ်စစ်အရာရှိအချို့ဟာ ဂျပန်တပ်မတော်ထဲ စေတနာ့ဝန်ထမ်းအပျော်တမ်းတပ်ဖွဲ့ဝင်များအဖြစ် ၀င်ရောက်အမှုထမ်းပေးခဲ့ပြီး ရုရှတပ်ဖွဲ့များကို အနိုင်တိုက်နိုင်ခဲ့ကြတဲ့အတွက် ဂျပန်လူမျိုးရဲ့ လေးစားမှုကို ခံယူရရှိခဲ့ကြတယ်။ နောက်ပိုင်း ဂျပန်အမျိုးသမီးများနဲ့ အိမ်ထောင်ထူပြီး သားသမီးတွေ ရရှိလာကြတယ်။ တစ်ချို့က ပြည်တော်ပြန်ခဲ့ကြပေမယ့် တစ်ချို့ကတော ဂျပန်မှာပဲ နေထိုင်ကျန်ရစ်ခဲ့တယ်လို့ ကျော်ကြားထင်ရှားတဲ့ အီဂျစ်ပညာရှင် Abbas Mahmoud Al Aqqad က ဖော်ပြခဲ့ပါတယ်။ နာမည်ကြီး အိန္ဒိယပညာရှင် Qari Sarfaraz Hussein ကလည်း ၁၉၀၅ နှစ်ကုန်နဲ့ ၁၉၀၆ နှစ်ဦးပိုင်းမှာ ဂျပန်ကို ရောက်လာပြီး နာဂါဆဂီနဲ့ တိုကျိုမြို့မှာ အစ္စလာမ်အကြောင်း ဟောပြောတင်ပြခဲ့တယ်။ ၁၉၀၅ ခုနှစ်မှာ ရုရှမွတ်စ်လင်မ် အကျဉ်းသားများအတွက် ဗလီတစ်လုံးကို တည်ဆောက်တယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာခဲ့ပါတယ်။

     

    ၁၉၀၆ ခုနှစ် တိုကျိုမြို့မှာ ဘာသာပေါင်းစုံကွန်ဖရင့်တစ်ရပ်ကျင်းပမယ့်အကြောင်း၊ အဲ့ဒီမှာ ဂျပန်လူမျိုးများက နှိုင်းယှဉ်သုံးသပ်ပြီး မိမိတို့နှစ်သက်ရာ ဘာသာတရားကို ရွေးချယ်လိုတဲ့အကြောင်း မွတ်စ်လင်မ်လောကထဲ သတင်းကြီးသွားခဲ့တယ်။ ဒီသတင်းက ထက်သန်သူမွတ်စ်လင်မ်များအတွက် ဂျပန်ကွန်ဖရင့်တက်ဖို့ ခရီးလမ်းတစ်ခု ဖြစ်သွားစေပါတယ်။

    ja-3
    ၁၉၀၀ ပြည့်နှစ်များက အိုဆာကာမြို့ပုံ

    အလ်အဇ်ဟရ်တက္ကသိုလ်ဘွဲ့ရ ရှရီအဟ်ဥပဒေပညာရှင် အလီအဟ်မဒ် အလ်ဂျရ်ဂျာဝီက သူဟာ အဲ့ဒီ ကွန်ဖရင့်ကို တက်ရောက်ပြီး ဂျပန်ခရီးစဉ် ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ကြောင်း ဆိုပါတယ်။ အလ်ဂျရ်ဂျာဝီက တရုတ်လူမျိုး စုလိုင်မာန်၊ ရုရှားလူမျိုး မုခ်လိစ် မဟ်မူးဒ်၊ အိန္ဒိယလူမျိုး ဟုစိုင်းန် အဗ်ဒုလ် မုနီးမ်တို့နဲ့အတူ တိုကျိုမှာ လူ့အသိုင်းအ၀ိုင်းတစ်ခု တည်ထောင်ခဲ့တယ်။ ဂျပန်လူမျိုး တစ်သောင်းနှစ်ထောင်ကို အစ္စလာမ့်စည်းဝိုင်းထဲ ၀င်လာအောင် ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

    ၂-၃ နှစ်လွန်မြောက်တဲ့အခါ အစ္စလာမ်ဖက်ဖိတ်ခေါ်သူနဲ့ ခရီးသည်အာဂန္တုအဖြစ် လူသိများတဲ့ ရုရှားလူမျိုး အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်ဟာ ဂျပန်ကို ၁၉၀၉ ခုနှစ်မှာ ရောက်ရှိတယ်။ အလ်ဂျရ်ဂျာဝီရဲ့ ပြောကြားမှုတွေကို သူက ငြင်းဆိုခဲ့ပါတယ်။ အလားတူစွာပဲ ၁၉၀၉ မှ ၁၉၁၄ ခုနှစ်အထိ ဂျပန်မှာ ငါးနှစ်တာ နေထိုင်ခဲ့တဲ့ အိန္ဒိယလူမျိုးပညာရှင် မုဟမ္မဒ် ဘရကာသုလ္လာဟ်ကလည်း ငြင်းဆိုခဲ့ပါတယ်။ ယခုစာရေးသူအနေနဲ့လည်း အလ်ဂျရ်ဂျာဝီဟာ သူ့ရေးသားဖော်ပြချက်အတိုင်း ဂျပန်ကို အမှန်တကယ် ရောက်ခဲ့ခြင်းရှိမရှိကို ယနေ့တိုင် ရှာဖွေလေ့လာနေဆဲဖြစ်ပြီး ဖော်ပြပါအကျိုးသက်ရောက်မှုကို ခိုင်လုံထင်ရှားစွာ မတွေ့ရသေးပါဘူး။

    အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ် က ဂျပန်ကို ၁၉၀၉ ခုနှစ်မှာ ရောက်ရှိပြီး ၆ လ နေထိုင်ပါတယ်။ အဲ့ဒီကာလအတွင်း သူက ၀န်ကြီးများကနေ လယ်သမားများအထိ ဂျပန်လူမျိုး အများအပြားကို တွေ့ဆုံခဲ့တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အစ္စလာမ်သာသနာကို လက်ခံခဲ့ကြတဲ့ ပညာတတ်လူငယ်တွေ၊ အရာရှိတွေ၊ စာနယ်ဇင်းသမားတွေ တော်တော်များပြားခဲ့တယ်။ ဒါ့အပြင် တရုတ်ပြည်၊ ကိုးရီးယား၊ အိန္ဒိယနဲ့ ဟိဂျာ့ဇ်၊ စအူဒီအာရေဗျကိုလည်း ခရီးသွားခဲ့ပါသေးတယ်။ စာမျက်နှာထောင်ချီရှိတဲ့ ခရီးသွားမှတ်တမ်းကျမ်းတစ်စောင်ကို အော်တိုမန်ဘာသာစကားနဲ့ ရေးသားပြုစုခဲ့တယ်။ အဲ့ဒီစာအုပ်ကို လက်ရှိစာရေးသူက အရဗီဘာသာစကားနဲ့ ဘာသာပြန်ပြီး ပြန်လည်စိစစ်ရေးသားထားပါတယ်။

    ja-4
    အလီအဟ်မဒ် အလ်ဂျရ်ဂျာဝီ (၁၉၆၁ တွင် ကွယ်လွန်)

    အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ် ဟာ အမှန်ထူးခြားထင်ရှားတဲ့ အာဂန္တု၊ အစ္စလာမ့်ဖိတ်ခေါ်သူ၊ နိုင်ငံရေးကျွမ်းကျင်သူ၊ စာရေးသူ စွယ်စုံပညာရှင်တစ်ဦးပါ။ အီဂျစ်က ကွယ်လွန်သူ ဒေါက် အဗ်ဒုလ် ၀ဟာ့ဗ် အာ့ဇန်က အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ် ရေးသားတဲ့ကျမ်းဟာ ဘင်န် ဘတူတာရဲ့ကျမ်းထက် သာလွန်တယ်လို့ ပြောကြားဖူးကြောင်း အလ်အဇ်ဟရ်မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒေါက်တာ ရဂျဗ် ဘိုင်ယူမီက ရေးသားဖော်ပြထားပါတယ်။

    အိန္ဒိယနိုင်ငံ ဘိုပါးလ်မြို့က မုဟမ္မဒ် ဘရကသုလ္လာဟ်က တိုကျိုနိုင်ငံရပ်ခြားဘာသာစကားတက္ကသိုလ်မှာ ပထမဆုံး အုရ်ဒူဘာသာစကား သင်ကြားပေးသူဖြစ်တယ်။ အစ္စလာမ့်ချစ်ညီနောင် Islamic Fraternity ဆိုတဲ့ မဂ္ဂဇင်းကိုလည်း ၁၉၁၀ မှ ၁၉၁၂ ခုနှစ်အထိ သုံးနှစ် ထုတ်ဝေခဲ့တဲ့အပြင် ဂျပန်လူမျိုး များစွာကိုလည်း အစ္စလာမ့်စည်းဝိုင်းထဲ ၀င်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

    အီဂျစ်အရာရှိ အဟ်မဒ် ဖဒ်လီဟာ ဂျပန်မှာ နေထိုင်ခဲ့ပြီး ၁၉၀၈ ခုနှစ်မှာ ဂျပန်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ထူတယ်။ သူနဲ့ အဘ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်တို့ ဆုံတွေ့တယ်။ အနီးကပ်လက်တွဲလုပ်ကိုင်မှုတွေ ရှိခဲ့တယ်။ ဒါ့အပြင် ဘရကာသုလ္လာဟ်နဲ့ ၆ လတာ အတူလက်တွဲအလုပ်လုပ်ပြီး သူ့မဂ္ဂဇင်း ထုတ်ဝေရေးမှာ ကူညီပေးတယ်။ ဖဒ်လီဟာ ၁၉၁၁ ခုနှစ်မှာ အရဗီဘာသာစကားနဲ့ The Secret behind the Japanese Progress စာအုပ်ကို ရေးသားပြုစုပြီး Soul of Japanese စာအုပ်ကို ဘာသာပြန်ခဲ့သူဖြစ်တယ်။ အဘ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်နဲ့အတူ Waseda တက္ကသိုလ်ကို ရောက်ရှိခဲ့သလို သူ့ရဲ့ သုံးနာရီကြာ အစ္စလာမ့်ဟောပြောချက်တစ်ခုကိုလည်း ဘာသာပြန်ပေးခဲ့ပါသေးတယ်။ Waseda တက္ကသိုလ်မှာ တရုတ်လူမျိုး တစ်ထောင်ခန့်ရှိပြီး သူတို့ထဲက ၃၉ ဦးဟာ မွတ်စ်လင်မ်တွေဖြစ်ကြယုံမက Islamic Awakening အမည်ရှိ အရဗီစာပေခေါင်းစဉ်တပ် မဂ္ဂဇင်းကိုလည်း တရုတ်ဘာသာစကားနဲ့ ထုတ်ဝေနေကြသူတွေဖြစ်တယ်လို့ အဘ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်က ဖော်ပြခဲ့ပါတယ်။

    Hasan UHO Hatano ဆိုသူကလည်း ဘရကာသုလ္လာဟ်ကတဆင့် အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး၊ ၁၉၁၂ ခုနှစ်မှာ Islam အမည်ရှိ မဂ္ဂဇင်းကို ဂျပန်နဲ့အင်္ဂလိပ် ဘာသာစကား ၂ မျိုးစလုံးနဲ့ထုတ်ဝေခဲ့တဲ့အပြင် ၁၉၁၈ ခုနှစ်မှာ Islamic Brotherhood အမည်ရှိ ရုပ်ပြမဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီမဂ္ဂဇင်းနှစ်မျိုးကို ရှာမတွေ့သေးပါဘူး။

    ၁၉၀၉ ခုနှစ်မှာ ဟဂ်ျခရီးစဉ် စတင်သွားရောက်တဲ့ ဂျပန်လူမျိုးကတော့ အုမရ် ယာမာအိုကာ ဖြစ်ပါတယ်။ အဘ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်နဲ့အတူ သွားခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်ကိုလည်း ရောက်ခဲ့ပါတယ်။

    ja-6
    ဟဂ်ျခရီးစဉ်ကို ပထမဆုံးသွားရောက်ခဲ့သူ ဂျပန်မွတ်စ်လင်မ် ကိုတာရို အုမရ် ယာမာအိုကာ

    တရုတ်ပြည်မှာ နေထိုင်ခဲ့တဲ့ ဂျပန်လူမျိုးနှစ်ဦးဟာ အစ္စလာမ်ကို သက်ဝင်လက်ခံပြီးနောက် အစ္စလာမ်ဖြန့်ချိရေးရည်ရွယ်ချက်နဲ့ ဇာတိဂျပန်နိုင်ငံကို ပြန်သွားတဲ့အကြောင်း ၁၉၁၁ ခုနှစ်ထုတ် Le Monde Musulman ပြင်သစ်မဂ္ဂဇင်းထဲ ဖော်ပြထားပါတယ်။

    (ဂျပန်အစ္စလာမ်စင်တာဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Salih Mahdi S. Al Samarrai ၏ Islam in Japan Between 1900 and 1920 ကို မင်းထွဋ်ခေါင်မှ ပြန်ဆိုသည်။)

    ja-5
    ဂျပန်ရောက် အဗ်ဒုရ် ရရှီးဒ် အိဗ်ရာဟီမ်

    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ

    အပိုင်း-၁ ဖတ်ရန် Link

    အပိုင်း၂  ဖတ်ရန်  Link,

    အပိုင်း ၃ ဖတ်ရန် Link

    အပိုင်း ၄ ဖတ်ရန် Link