News @ M-Media

Blog

  • ရော်နယ်ဒို၏ မန်ယူခရီးအစမှာ ပန်းခင်းသောလမ်း မဟုတ်ဟု နဗီးလ်ပြော

    ရော်နယ်ဒို၏ မန်ယူခရီးအစမှာ ပန်းခင်းသောလမ်း မဟုတ်ဟု နဗီးလ်ပြော

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    rnd

    – ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မန်ယူတွင် ကစားခဲ့သည့် ပထမ ၃ နှစ်မှာ လွယ်ကူမှု မရှိခဲ့ဟု အသင်းဖော် မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီလ်းက ပြောကြားခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ မန်ယူကို့ ၂၀၀၃ ခုနှစ်က စပို့တင်းမှ ပြောင်းလာခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ရီးယဲလ်သို့ မပြောင်းမရွှေ့ခင် မန်ယူ၌ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသားတစ်ဦး ဖြစ်လာခဲ့သည်။

    သို့သော်လည်း နဗီးလ်ကမူ ရော်နယ်ဒို ယခုရောက်ရှိအဆင့်သို့ လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    “ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူမှာ ၂ နှစ် ၃ နှစ်လောက် တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ အဲဒီလို ရုန်းကုန်မှုကပဲ ဒီလိုအဆင့်မျိုး ရောက်လာစေတယ်လို့ သူ ပြောဖူးပါတယ်။ လူတိုင်းကို အံ့သြမှင်သက်အောက်လုပ်မယ့် ပုံစံမျိုးနဲ့ သူ မန်ယူကို ရောက်လာတာမဟုတ်ပါဘူး” ဟု နဗီးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုမှာ လေ့ကျင့်မှုမပြုလုပ်မီ နာရီဝက်စော၍ ရောက်လာကာ တစ်ယောက်တည်း လေ့ကျင့်တတ်ပြီး လေ့ကျင့်မှုပြီးနောက်လည်း နာရီဝက်နောက်ကျမှ ပြန်ကြောင်း၊ ရာသီတစ်လျှောက်လုံး တစ်ရက်မပြတ် ထိုကဲ့သို့ ဆောင်ရွက်သည့် ကစားသမားများမှာ ၂၀ လောက်သာ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal

  • ရဲတပ်ဖွဲ့က ကလေးတစ်ဦးကို ပစ်သတ်ပြီးနောက် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုဖြစ်

    ရဲတပ်ဖွဲ့က ကလေးတစ်ဦးကို ပစ်သတ်ပြီးနောက် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုဖြစ်

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    kas

    – အိန္ဒိယရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့် ပစ်ခတ်မှုများနှင့် မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွဲခဲ့ရသည်ဟု သိရသည်။

    ဂျူနိုက် အဟ်မဒ်ဆိုသည့် လူငယ်လေးဖြစ်ပြီး ယမန်နေ့က ၎င်း၏အိမ်ရှေ့ မျက်ခင်းပြင်တွင် ရဲတပ်ဖွဲ့၏ စတီးကျည်ဆံများဖြင့် ပစ်ခတ်မှုကို ခံရပြီးနောက် ဒေသတွင်းဆေးရုံတွင် ယနေ့မနက်ပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကမူ ထိုကလေးငယ်မှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆေးကုသပေးခဲ့သည့် ဆရာဝန်က အဟ်မဒ်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် စတီးကျည်ဆံများ ထိမှန်ခဲ့သည်ဟု ဆိုသည်။

    အဟ်မဒ်သေဆုံးသည့် သတင်း ပြန့်နှံ့သွားပြီးနောက် ကက်ရှ်မီးယားပြည်သူ ထောင်ပေါင်းများစွာမှာ လမ်းပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ‘အိန္ဒိယထွက်သွား။ ပြန်တော့’ ‘ငါတို့ လွတ်မြောက်မှုလိုချင်တယ်’ ဟု ကျွေးကြော်ခဲ့ကြပြီး အဟ်မဒ်၏ ရုပ်အလောင်းကို သယ်ဆောင်ကာ အာဇာနည်ဗိမာန်သို့ ချီတက်သွာခဲ့ကြသည်။

    ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆရီနာဂါဒေသ၌ ကာဇျူးအမိန့် ထုတ်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ မိမိတို့နေဖြင့် အဆိုပါ ဆန္ဒပြမှု မပြန့်နှံ့သွားစေရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    သောကြာနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နှင်းမှုကြောင့် လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လအတွင်းက နာမည်ကြီး သူပုန်တပ်မှူးတစ်ဦးကို အိန္ဒိယစစ်ပတ်က သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ဆန္ဒမပြမှုများတွင် အစိုးရတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယားပြည်သူ အနည်းဆုံး ၉၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့် ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • စီးပွားရေး ပိတ်ဆို့မှုများမှ မြန်မာနိုင်ငံလွတ်ပြီ

    စီးပွားရေး ပိတ်ဆို့မှုများမှ မြန်မာနိုင်ငံလွတ်ပြီ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    santion

    – မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။

    အမျိုးသား အရေးပေါ်အခြေအနေအောက်၌ အမေရိကန် သမ္မတအဆက်ဆက်က ဥပေဒကဲ့သို့ အာဏာတည်သော အမိန့်ဖြင့် နှစ်ပေါင်း ၂၀ ကြာ နှစ်စဉ်ပြဌာန်းခဲ့သည့် ပိတ်ဆို့မှုများဖြစ်ပြီး သမ္မတအိုဘားမားက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဖြင့် ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် မြန်မာနိုင်ငံမှ ကျောက်မြတ်ရတနာများ တင်ပို့မှု ပိတ်ဆို့ထားခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ထားခြင်း စသည်တို့ကိုလည်း ပယ်ဖျက်ပေးခဲ့သည်။

    ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်က တစ်ဖြည်းဖြည်းဖြင့် ဖယ်ရှားခဲ့ပြီး ကျန်ရှိနေသည့် ပိတ်ဆို့မှုများကိုလည်း မကြာမီ ဖယ်ရှားပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်လအတွင်း အိမ်ဖြူတော်၌ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

    ပိတ်ဆို့မှုမှ ကင်းလွတ်ခဲ့သူများတွင် ယခင် အာဏာရှင်စစ်အစိုးရ အကြီးအကဲဟောင်း ဦးသန်းရွှေ၊ နိုင်ငံ၏ အကြီးဆုံး စီးပွားရေးအုပ်စုကို တည်ထောင်ထားသည့် စတီဗင်လောတို့လည်း ပါဝင်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနကမူ စတီဗင်လော၏ ဖခင်ဖြစ်သူမှာ ကမ္ဘာ့ ဘိန်းဖြူလုပ်ငန်း၏ အဓိပတိတစ်ဦးဖြစ်သည်ဟု သတ်မှတ်ထားသည်။

    ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကဲ့သို့ မြောက်ကိုရီးယားနှင့် လက်နက် အရောင်းအ၀ယ်ပြုလုပ်သည်ဆိုသည့် စွဲချက်ဖြင့် ၂၀၁၃ ခုနှစ်ကတည်းက အမည်ပျက်စာရင်း သွင်းခံထားရသော စစ်ဖက်အရာရှိတစ်ချို့လည်း ပါဝင်သည်။

    ကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် မူးယစ်ကုန်သွယ်မှုကို တားမြစ်လိုသူများကဲ့သို့သော ပိတ်ဆို့မှုပြုလုပ်နိုင်သည့် အာဏာပိုင်များက သတ်မှတ်ထားသည့် အထူးစောင့်ကြည့်ရမည့်သူများ စာရင်းတွင် မြန်မာနိုင်ငံသားအချို့ ပါဝင်နေသည်ဟု ဖော်ပြထားသည်။

    လူ့အခွင့်အရေအဖွဲ့များကမူ ထိုကဲ့သို့ ပိတ်ဆို့မှုအားလုံး လျှော့ချပေးခြင်းအားဖြင့် ယခုအချိန်အထိ အာဏာရှိနေသည့် စစ်တပ်ကို ထိန်းချုပ်နိုင်ရေး အခွင့်အလမ်း ဆုံးရှုံးသွားမည်ဟု ထောက်ပြပြောဆိုမှုများ ရှိနေသည်။

    Ref: Alajazeera

  • ဟာရီကိန်း မက်သယူးနဲ့ ချွတ်ချုံကျသွားတဲ့ ဟေတီ

    ဟာရီကိန်း မက်သယူးနဲ့ ချွတ်ချုံကျသွားတဲ့ ဟေတီ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    haiti

    – ကာရစ်ဘီယံဒေသမှာ ၁၀ စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ဟာရီကိန်း မက်သယူးကြောင့် ဟေတီနိုင်ငံမှာ သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှု အခြေအနေဟာ တော်တော်လေးကို ဆိုးရွားခဲ့ပါတယ်။

    စောစောပိုင်းက သေဆုံးသူ ၅၇၂ ဦး ရှိတယ်လို့ ဟေတီအာဏာပိုင်တွေက ကြေငြာထားပေမယ့် ယမန်နေ့မှာတော့ ၈၄၂ ဦးအထိ ရှိလာခဲ့ပြီး၊ အဆက်အသွယ်မရသေးတဲ့ မုန်တိုင်းဒဏ်ခံဒေသတွေလည်း ရှိနေတာကြောင့် သေဆုံးမှုနှုန်းကလည်း ထပ်မံ မြင့်တက်လာနိုင်ပါသေးတယ်။

    အင်္ဂါနေ့က မုန်တိုင်းဝင်ရောက်ပြီးတဲ့နောက် ကျေးလက်ဆေးခန်းတွေဟာ လူနာတွေနဲ့ ပြည့်လျှံနေပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုတွေလည်း ရှိနေကာ ရေမသန့်တာကြောင့် အနည်းဆုံး လူ ၇ ဦးလောက် ၀မ်းလျှောပြီး သေဆုံးခဲ့ကြပါတယ်။

    တစ်နာရီ ၂၃၅ ကီလိုမီတာနဲ့ တိုက်ခတ်တဲ့ မုန်တိုင်းကြောင့် အထိအနာဆုံးဒေသတွေက ဟေတီအနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းတွေဖြစ်ပြီး အိမ်တွေပြိုတာ၊ အုန်းပင်တွေလဲတာတွေအထိ ဆိုးရွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ၀င်ရောက်ကာ အရှေ့ဘက်ကို ဦးတည်သွားခဲ့ပါတယ်။

    သေဆုံးသူအများစုဟာလည်း သစ်ပစ်တွေပိမိတာ၊ လွင့်စင်လာတဲ့ အကျိုးအပဲတွေ ထိမှန်တာ၊ ရေကြီးရေလျှံတာတွေကြောင့် ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ကျွဲနွားတွေ ကောက်ပဲသီးနှံတွေလည်း ဆုံးရှုံးခဲ့ပါတယ်။

    ဆင်းရဲမွဲတေမှု၊ အစိုးရယန္တရားအားနည်းမှုနဲ့ လူနေမှုအဆင့်အတန်း နိမ့်ပါးမှုကြောင့် ဟေတီရဲ့ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းဟာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း ပြင်းအား ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု မြို့တော် ပေါ့တ်အူပရင့်မှာ လှုပ်ခတ်သွားတာကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ငလျင်အပြီး ၀မ်းရောဂါကြောင့် အနည်းဆုံး လူပေါင်း ၉၀၀၀ လောက် သေဆုံးခဲ့ကာ လူသိန်းနဲ့ချီပြီး ကူးစက်ခဲ့တယ်လို့ ကုလရဲ့ မှတ်တမ်းတွေအရ သိပါတယ်။

    ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ကလည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဟာ သောက်သုံးရေ သန့်ရှင်းမှု မရှိတော့တာကြောင့် ၀မ်းရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်နှင့် ခရစ်ယာန်အကြား တူညီမှုကို မီးမောင်းထိုးပြသည့် ကုရ်အာန်ဘာသာပြန်တစ်ခု ထွက်ရှိ

    အစ္စလာမ်နှင့် ခရစ်ယာန်အကြား တူညီမှုကို မီးမောင်းထိုးပြသည့် ကုရ်အာန်ဘာသာပြန်တစ်ခု ထွက်ရှိ

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    quran

    – ခရစ်ယာန်သာသနာနှင့် အစ္စလာမ်သာသာနာတို့အကြား တူညီမှုများကို အဓိကထား ဖော်ပြထားသည့် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်တစ်ခုကို အမေရိကန်က မွတ်စလင်နှင့် ခရစ်ယာန်မိတ်ဆွေနှစ်ဦးက ထုတ်ဝေလိုက်သည်ဟု သိရသည်။

    ဆာဖီ ကက်စ်က်စ်နှင့် ဒေါက်တာ ဒေးဗစ် ဟန်ဂါဖို့ဒ်တို့ ဖြစ်ကြပြီး မိမိတို့၏ ထိုအားထုတ်မှုက ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား ပြန်လည်ရင်ကြားစေ့ရေး ကိရိယာတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

    အဆိုပါစာအုပ်တွင် ကုရ်အာန်နှင့် သမ္မာကျမ်းစာတို့အကြား အလိုသဘောတူညီသည့် ကျမ်းချက်ပေါင်း ၃၀၀၀ ခန့်ကို ဖော်ပြထားသည်။

    “၉/၁၁ ခေတ်နောက်ပိုင်းမှာ ခရစ်ယာန်တွေက မွတ်စလင်တွေနဲ့ သူတို့ရဲ့ကျမ်းစာ ကုရ်အာန်ကို ကြောက်ရွံ့လာကြတာကြောင့် တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။ ဒီ ဘာသာပြန်အသစ်က မွတ်စလင်တွေနဲ့ အခြားသော အီဗရာဟီမစ် ဘာသာတရားတွေ (ခရစ်ယာန်နှင့် ဂျူး) အကြား ပြန်လည်သင့်မြတ်ရေး ကိရိယာတစ်ခုအဖြစ် ဖော်ဆောင်ထားတာပါ။ တင်းမာမှုဖြစ်ပွားနေတဲ့ အခြေအနေမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးက နောက်တောင်ကျနေပါပြီ။ တယ်လို့ ကျွန်တော်တို့ဟာ ပြဿနာတွေ ထပ်မဖြစ်အောင် တားဆီးချင်တယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့နားလည်မှုရအောင် မဖြစ်မနေ လုပ်ရမှာပါ” ဟု ဆာဖီက ပြောကြားခဲ့သည်။

    ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်အား လိုရာဆွဲဘာသာပြန်မှုအချို့ကြောင့် အစ္စလာမ်မှာ အခြားသော ဘာသာတရားများအပေါ် သည်းခံနိုင်မှုမရှိဆိုသည့် အမြင်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထိုအမြင်များမှာ လုံးဝ မှားယွင်းကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ဆာဖီနှင့် ဒေါက်တာ ဒေးဗစ် ဟန်ဂါဖို့ဒ်တို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ခင်မင်လာခဲ့ခြင်းဖြစ်ပြီး ယခုစာအုပ်က ခရစ်ယာန်များအကြား အစ္စလာမ်ကြောက်ရောဂါ အပြုအမူများကို လျှော့ချရေး ရည်ရွယ်သော Bridges to Common Ground အဖွဲ့၏ စီမံကိန်းမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    “အစ္စလာမ်နဲ့ ခရစ်ယာန်အကြားမှာ မတူညီမှုတွေ ရှိနေသလို့ သိပ်အံ့သြစရာကောင်းတဲ့ ပေါင်းကူးတံတားတစ်ခု ရှိနေတယ်ဆိုတာကို ဒီဘာသာပြန်ကြောင့် လူတွေ နားလည်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာက ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်တွင် ယေရှုခရစ် (မွတ်စလင်များက တမန်တော် အီစာဟု သိကြသည်) ၏ အမည်ကို အကြိမ် ၁၀၀ ကျော် ဖော်ပြထားသည်။ ထို့ပြင် ယောရှုခရစ်၏ မယ်တော် မာရီသခင်မ (မရ်ယမ်သခင်မ) ၏ အမည်ဖြင့်လည်း ကဏ္ဍတစ်ခု ပါရှိနေသည်။

    “ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အီဗရာဟီမစ် ဘာသာတရားတွေအကြား တူညီမှုတွေကို ဘယ်သူမှ မပြောကြပါဘူး” ဟု ဒေါက်တာ ဟန်ဂါဖို့ဒ်က ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : Independent