အောက်တိုဘာ ၈၊ ၂၀၁၆
M-Media
– အိန္ဒိယရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့် ပစ်ခတ်မှုများနှင့် မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွဲခဲ့ရသည်ဟု သိရသည်။
ဂျူနိုက် အဟ်မဒ်ဆိုသည့် လူငယ်လေးဖြစ်ပြီး ယမန်နေ့က ၎င်း၏အိမ်ရှေ့ မျက်ခင်းပြင်တွင် ရဲတပ်ဖွဲ့၏ စတီးကျည်ဆံများဖြင့် ပစ်ခတ်မှုကို ခံရပြီးနောက် ဒေသတွင်းဆေးရုံတွင် ယနေ့မနက်ပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကမူ ထိုကလေးငယ်မှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆေးကုသပေးခဲ့သည့် ဆရာဝန်က အဟ်မဒ်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် စတီးကျည်ဆံများ ထိမှန်ခဲ့သည်ဟု ဆိုသည်။
အဟ်မဒ်သေဆုံးသည့် သတင်း ပြန့်နှံ့သွားပြီးနောက် ကက်ရှ်မီးယားပြည်သူ ထောင်ပေါင်းများစွာမှာ လမ်းပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ‘အိန္ဒိယထွက်သွား။ ပြန်တော့’ ‘ငါတို့ လွတ်မြောက်မှုလိုချင်တယ်’ ဟု ကျွေးကြော်ခဲ့ကြပြီး အဟ်မဒ်၏ ရုပ်အလောင်းကို သယ်ဆောင်ကာ အာဇာနည်ဗိမာန်သို့ ချီတက်သွာခဲ့ကြသည်။
ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆရီနာဂါဒေသ၌ ကာဇျူးအမိန့် ထုတ်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ မိမိတို့နေဖြင့် အဆိုပါ ဆန္ဒပြမှု မပြန့်နှံ့သွားစေရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
သောကြာနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နှင်းမှုကြောင့် လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လအတွင်းက နာမည်ကြီး သူပုန်တပ်မှူးတစ်ဦးကို အိန္ဒိယစစ်ပတ်က သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ဆန္ဒမပြမှုများတွင် အစိုးရတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယားပြည်သူ အနည်းဆုံး ၉၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့် ချီ၍ ဒဏ်ရာရရှိခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.