News @ M-Media

Blog

  • အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊ ၀ါဒဖြန့်မှု ဗီဒီယိုများကို အမေရိကန်က ဖန်တီးခြင်းဖြစ်ကြောင်း ပေါ်ထွက်လာ

    အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊ ၀ါဒဖြန့်မှု ဗီဒီယိုများကို အမေရိကန်က ဖန်တီးခြင်းဖြစ်ကြောင်း ပေါ်ထွက်လာ

    အောက်တိုဘာ ၄၊ ၂၀၁၆
    M-Media

    pen

    – အမေရိကန်နဲ့ ကမ္ဘာကြီးဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်လို့ အထင်ရောက်အောင် ပြုလုပ်တဲ့ အမေရိကန်ရဲ့ လျှို့ဝှက်ဝါဒဖြန့်ချီမှု အစီအစဉ်အတွင်း အီရတ်မှာ အကြမ်းဖက်သမားတွေရဲ့ ဗီဒီယိုအတုတွေ ဖန်တီးဖို့အတွက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဟာ ယူကေ လော်ဘီလုပ်ငန်းတစ်ခုကို ဒေါ်လာ သန်း ၅၀၀ ကျာ် ပေးချေခဲ့တယ်လို့ ဗြိတိန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း The Bureau of Investigative Journalism (TBIJ) က ဖော်ထုတ်လိုက်ပါတယ်။

    Bell Pottinger လို့ခေါ်တဲ့ အဲဒီ လော်ဘီအဖွဲ့ရဲ့ ဖောက်သည်တွေထဲမှာ ဆ်ာဒီအစိုးရနဲ့ ချီလီအာဏာရှင် အော်ဂတ်စ်တို ပီနိုချက်ရဲ့ ဖောင်ဒေးရှင်းတို့လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အမေရိကန်စစ်တပ်က သူတို့ရဲ့ လျှို့ဝှက် စစ်ဆင်ရေးအတွက် ၀ါဒဖြန့်အစီအစဉ်ဖန်တီးဖို့ ဒီလုပ်ငန်းနဲ့ ပတ်သက်ခဲ့တာဖြစ်ပါတယ်။

    ဒီ လော်ဘီလုပ်နင်းရဲ့ တာဝန်ကတော့ အလ်ကိုင်းဒါးအဖွဲ့ကို မကောင်းတဲ့အမြင်နဲ့ ကမ္ဘာ့ပြည်သူလူထုက ရှုမြင်လာအောင် ပုံဖော်ဖို့၊ ဒီအဖွဲ့ကို အားပေးထောက်ခံသူတွေလို့ သံသယရှိသူတွေကို ခြေရာခံဖို့ဆိုတဲ့ တာဝန်နဲ့အတူ ဒီဝါဒဖြန့်မှု စီမံကိန်းနဲ့ပတ်သက်လို့ စီအိုင်အေ၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) နဲ့ ပင်တဂွန်တို့ကို အစီရင်ခံရတာဖြစ်ပါတယ်။

    ဒီအေဂျင်စီက ထုတ်လုပ်ပေးတဲ့ အကြောင်းအရာတွေကို ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း အီရတ်မှာ အမေရိကန် ကြပ်တပ်ရဲ့ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ် ဒေးဗစ် ပီထရီယက်စ်နဲ့ အိမ်ဖြူတော်တို့က နောက်ဆုံး စစ်ဆေးရတာ ဖြစ်ပါတယ်။

    ပင်တဂွန် ကျောထောက်နောက်ခံပြုထားတဲ့ ဒီဝါဒဖြန့်မှု အစီအစဉ်ကို Bell Pottinger က အမေရိကန် အီရတ်ကို ကျူးကျော်တိုက်ခိုက်ပြီးပြီးချင်းမှာ စတင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အီရတ်နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရားကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရေး လှုံ့ဆော်ဖို့ဖြစ်ကာ နောက်ပိုင်းမှာတော့ အတွေးအခေါ်ရိုက်သွင်းဖို့နဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေအထိ ခြေဆန့်ခဲ့ပါတယ်။

    Bell Pottinger က ၀န်ထမ်းဟောင်းဖြစ်တဲ့ မာတင်ဝဲလ်က TBIJ ကို ပြောကြားရာ ဒီလော်ဘီအဖွဲ့မှာ ဗီဒီယိုအယ်ဒီတာအဖြစ် အလုပ်ခန့်အပ်ခံရပြီးတဲ့နောက်ပိုင်း ၄၈ နာရီအတွင်းမှာပဲ ဘဂ္ဂဒတ်ကို သွားခဲ့ရပြီး နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ဖြစ်တဲ့ Camp Victory မှာ လျှို့ဝှက် ‘စိတ်ဓာတ် စစ်ဆင်ရေး’ တွေအတွက် ဗီဒီယိုအက်ဒစ် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီလော်ဘီအဖွဲ့ဟာ အလ်ကိုင်းဒါးအဖွဲ့ကို မကောင်းမြင်လာစေတဲ့ တီဗီကြေငြာတွေကို ဖန်တီးသလို၊ ဒီအကြောင်းအရာတွေကိုလည်း အရှေ့အလယ်ပိုင်းက ရုပ်သံတွေ၊ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးတဲ့ ရုပ်သံတွေ၊ ၀ဘ်ဆိုက်တွေကနေ ပေါ်ထွက်လာအောင်လည်း ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

    နောက်ပြီး ဗုံးကြဲမှုတွေကို အရည်အသွေး ခပ်ညံ့ညံ့ပုံးစံမျိုးနဲ့ ရိုက်လာဖို့ အဖွဲ့ဝင်တွေကို စေလွှတ်ပြီး နောက်ပိုင်းမှာတော့ အာရဘီဘာသာစကားပြော အကြမ်းဖက်သမားတွေပါတဲ့ သတင်းပုံစံမျိုးဖြစ်အောင် ဖန်တီးကာ သတင်းမီဒီယာတွေကို ပေးပို့တာကလည်း Bell Pottinger ရဲ့ လက်ချက်ပဲဖြစ်တယ်လို့ မာတင်ဝဲလ်က ဆိုပါတယ်။

    သူအလုပ်လုပ်ရတဲ့ အဆောက်အဦးနဲ့ပတ်သက်ပြီး မာတင်ဝဲလ်က “အင်မတန်လုံခြုံတဲ့အဆောက်ဦးပါ။ အပြင်မှာ ‘ကန့်သတ်ဧရိယာဖြစ်သည်။ မ၀င်ရ။ စစ်ဆေးခံမှု မပြုရသေးလျှင် မ၀င်ရ’ ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားပါတယ်” လို ပြောကြားခဲ့ပါတယ်။

    မာတင်ဝဲလ် အလုပ်လုပ်ပေးရတဲ့ အပိုင်းက ၃ ပိုင်းရှိပြီး တစ်ပိုင်းက အလ်ကိုင်းဒါးကို မကောင်းမြင်လာစေတဲ့ ကြော်ငြာဗီဒီယိုတွေ ဖန်တီးတာဖြစ်ကာ၊ နောက်တစ်ခုကတော့ အာရဘီ ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ TV တွေက ဖန်တီးထားတဲ့ သတင်းပုံစံမျိုး အကြမ်းဖက်သမားတွေရဲ့ သတင်းတွေ ဖန်တီးရတာဖြစ်ပါတယ်။

    မာတင်ဝဲလ် အဓိကထား ဆောင်ရွက်ရတဲ့ တာဝန်တွေထဲက နောက်တစ်ခုကတော့ အလျှို့ဝှက်ဆုံး ဗီဒီယိုတွေကို ထုတ်လုပ်ရတာဖြစ်ပါတယ်။ အလ်ကိုင်းဒါးအဖွဲ့က ထုတ်တဲ့ ၀ါဒဖြန့်ဗီဒီယိုတွေလို ဗီဒီယိုမျိုး ဖန်တီးထုတ်လုပ်ရာမှာ မာတင်ဝဲလ်က ကြီးကျပ်ရတာဖြစ်ပြီး ဒီအတွက် အမေရိကန်စစ်တပ်က ဒီဗီဒီယိုတွေ ဘယ်လို ဖန်တီးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ညွှန်ကြားတာဖြစ်ပါတယ်။

    “ဒီလိုပုံစံမျိုး ဗီဒီယိုတွေကို ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ အလ်ကိုင်းဒါရဲ့ ဗီဒီယိုအဖြစ် အသုံးချမယ်။ ၁၀ မိနစ်ကြာရမယ်။ ဒီလို file format ရှိရမယ်။ ဒီလိုပုံစံနဲ့ encode လုပ်ရမယ် (ဒါမျိုးပြောတာပါ)” လို့ ၀ဲလ်က TBIJ ကို အမေရိကန်စစ်တပ်ရဲ့ ညွှန်ကြားမှုနဲ့ ပတ်သက်ပြီး ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် မရိန်းတပ်ဖွဲ့တွေ အီရတ်တစ်ခွင် ပတ္တယောင်လှည့်ရမှာတော့ ဒီဗီဒီယိုတွေပါဝင်တဲ့ DVD အခွေတွေကို သူတို့ ၀င်ရောက်စီးနင်းတဲ့ အိမ်တွေမှာ ထားရှိကာ ထောင်ချောက်ဆင်ကြတာဖြစ်တယ်လို့လည်း ၀ဲလ်က ပြောကြားခဲ့ပါတယ်။ အဲဒီ စီးနင်းတဲ့ နေရာတစ်ခုချင်းစီတိုင်းမှာ ထားရှိတဲ့ DVD တိုင်းမှာ ဂူးဂဲလ်ရဲ့ Analytics code တစ်ခုစီပါဝင်ပြီး ဖွင့်ကြည့်တဲ့နေရာစာရင်းတွေက ပင်တဂွန်မှာ သွားပေါ်တာ ဖြစ်ပါတယ်။

    “သူတို့ အိမ်တစ်လုံးကို ၀င်စီးရင် ဟိုဟာဒီဟာရှာသလို ရှုပ်မယ်၊ ဖွမယ်။ နောက်ပြီးရင် DVD တစ်ချပ်ကို ပစ်ချလိုက်မယ်” လို့ ၀ဲလ်က ပြောကြားခဲ့ပါတယ်။

    ပင်တဂွန်ကလည်း သူတို့နဲ့ Bell Pottinger တို့ရဲ့ ဆက်နွယ်မှုကို အတည်ပြုခဲ့ပြီး ‘သတင်းအချက်အလက်စစ်ဆင်ရေးလုပ်ငန်းအဖွဲ့’ (Information Operations Task Force) ဆိုတဲ့ခေါင်းစဉ်အောက်မှာ လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ကာကွယ်ရေးဌာန (DoD) က တာဝန်ရှိသူတစ်ဦးကတော့ Bell Pottinger ရဲ့ လုပ်ငန်းဟာ ‘စိတ်ဓာတ်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့’ (Joint Psychological Operations Task Force) က အသုံးပြုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    IBIJ ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၂၀၀၇ ခုနှစ် မေလကနေ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင်းမှာ သတင်းအချက်အလက် စစ်ဆင်ရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတို့ ဆောင်ရွက်ဖို့အတွက် DoD နဲ့ Bell Pottinger တို့အကြား ကန်ဒေါ်လာ သန်း ၅၄၀ အပေးအယူရှိခဲ့ပြီး ဒီပမာဏဟာ တစ်နှစ်ကို သန်း ၁၂၀ လောက် ရှိနေပါတယ်။

    ဒါပေမယ့် အမည်မဖော်လိုတဲ့ ပင်တဂွန် တာဝန်ရှိသူတစ်ဦးကတော့ Bell Pottinger ရဲ့ ဆောင်ရွက်ပေးရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “အရင်ကလုပ်ဆောင်ခဲ့တဲ့၊ အခုလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေအတွက် ထောက်လှမ်းရေးသတင်း စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT,usuncut

  • မိတ္ထီလာတွင် ပဋိပက္ခကြောင့် အိုးအိမ်မဲ့သွားသူများ မူလနေရာ ပြန်နေခွင့်ရရန် ကြိုးပမ်း

    မိတ္ထီလာတွင် ပဋိပက္ခကြောင့် အိုးအိမ်မဲ့သွားသူများ မူလနေရာ ပြန်နေခွင့်ရရန် ကြိုးပမ်း

    14502883_653383471502373_215980297047528569_n

    မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွား သည့် အစ္စလမ် ဘာသာဝင်များက ၎င်းတို့၏ မူလနေရာများတွင် ပြန်လည် နေထိုင်ခွင့်ရရန် အောက်တိုဘာ ၁ ရက် က ကြိုးပမ်း ခဲ့ကြောင်း သိရသည်။
    .
    ယင်းသို့ကြိုးပမ်းခဲ့ရာ အနီးအနားမှ လူပုဂ္ဂိုလ်အဖွဲ့အစည်းတချို့က လက်မခံဘူးဟု ဆိုကာ ကန့်ကွက်ခဲ့သည့်အတွက် အချေ အတင် ဖြစ်ခဲ့ရကြောင်း မိတ္ထီလာမြို့ ထီလာသုခ သမဂ္ဂီ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ အတွင်းရေးမှူး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

    ဦးအောင်သိန်းက “မိသားစု လေးစုလောက်က အထုတ်အပိုးနဲ့သွားပြီး မင်္ဂလာဇေရုံထဲမှာ ကိုယ့်အကွက်ထဲသွားပြီး တဲလေး တွေ ထိုးတယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ လူပုဂ္ဂိုလ်တချို့ အဖွဲ့အစည်းတချို့ကနေ လာပြီး ဒါကိုတားတယ်။ နင်တို့ မွတ် ဆလင် တွေကို နေခွင့်မပေးဘူး ဆိုပြီး တားတယ်။ ထိပ်တိုက်တွေ ဖြစ်ကြတဲ့အခါမှာ ရန်ဖြစ်တာ၊ ဆဲတာဆိုတာတော့ မရှိ ဘူး။ နေခွင့်မပြုဘူး နေမယ်ဆိုပြီး အချေအတင်ဖြစ်ကြတာ”ဟု ပြောပြသည်။

    ဆက်လက်၍ ၎င်းက အချေအတင် ဖြစ်နေစဉ်တွင် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ရောက်လာပြီး ခွင့်ပြုချက် မပေးဟုဆိုကာ ရွှေ့ခိုင်းကြောင်း၊ ၃ ရက်အတွင်း မရွှေ့ပေးပါက လုံခြုံရေးမပေးနိုင်ဟု ပြောဆိုခဲ့သည့်အတွက် တချို့က နီး စပ်ရာ ဆွေမျိုး အသိုင်းအ၀ိုင်းဆီသို့ ရွှေ့ပြောင်းသွားပြီး တချို့မှာ အောက်တိုဘာ ၃ ရက်တွင် ရွှေ့သွားကြကြောင်းလည်း ရှင်း ပြ သည်။

    စေတနာ့ ဝန်ထမ်း ဆောင်ရွက်နေသူ ကိုဘီလာက “သူများဝိုင်းထဲသွားနေလို့ နှင်ထုတ်ခံရတဲ့ပုံစံမျိုး ရပ်ကွက်က ဆက်ဆံ လွှတ်တယ်။ ရပ်ကွက်က အဲဒီလိုလုပ်တယ်ဆိုလည်း ထားဦး။ ကျနော်တို့ဘက်က ဘာမှမဖြစ်သေးဘူး။ အဲဒီ အာဏာပိုင်က တောင်မှ ဘာပြောလည်းဆိုတော့ တရားဥပဒေ စိုးမိုးမှု အားနည်းနေသေးတဲ့ အတွက် ပြန်ဖယ်ပေးလိုက်ပါဦးတဲ့”ဟု ပြော သည်။

    ၎င်းက ဆက်လက်၍ မိတ္ထီလာ ဘာသာရေးပဋိပက္ခကြောင့် အိုးအိမ်မဲ့ဖြစ်သွားသည့် အစ္စလမ် ဘာသာဝင်များကို ထားသည့် ဒုက္ခသည်စခန်း ဖျက်သိမ်းလိုက် အပြီးတွင် တချို့မှာ ချမ်းအေးသာယာ ရပ်ကွက်တွင် ခိုကပ်နေရပြီး တချို့မှာ ခရိုင် အား ကစား ကွင်းထဲတွင် ခိုလှုံနေကြရာ ပြီးခဲ့သည့်လက ယင်းနေရာမှ ဖယ်ပေးရန် မဖယ်ပေးပါက တရားစွဲဆိုမည်ဟုဆိုကာ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က သတိပေးကြေညာစာ ထုတ်ခဲ့သည့်အတွက် ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာဇေရုံ ဟူသည့် ၎င်းတို့မူလပိုင် နေရာဟောင်းတွင် ပြန်နေရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုလည်း ရှင်းပြသည်။

    ပဋိပက္ခအပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၎င်းတို့၏ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများဖြင့် ယခင် ဦးသိန်းစိန် အစိုးရ လက်ထက် သက်ဆိုင်ရာ အာဏာပိုင်များထံ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ပြန်နေခွင့် မရ ခဲ့ကြောင်း၊ နေရပ်ဟောင်းတွင် ပြန်နေခွင့်မရစဉ် ကာလများတွင် ပတ်ဝန်းကျင်မှ ကျန်ရှိနေသေးသည့် အဆောက်အအုံများ မှ အုတ်ကအစ ခွာယူသွားကြကြောင်း ဦးအောင်သိန်းက ပြောသည်။

    ဆက်လက်၍ ဘာသာစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့အနေဖြင့် ယခုလို အစိုးရသစ်လက်ထက် တိုင်းပြည်ပြုပြင် ပြောင်းလဲ ရေး လုပ်နေစဉ်ကာလအတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ ထိန်းညှိဆောင်ရွက်ရန်နှင့် တရားဥပဒေကြောင်းအရ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ရန် မွတ်ဆလင် အသိုင်းအ၀ိုင်းကို အကြံပြုထားပြီး နောက်ဆုံး အဆင့် အနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြသွားရန် အကြံပြုထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

    ဦးအောင်သိန်းက “တဖက်ကလည်း ခရိုင်အားကစားကွင်းထဲ နေလို့မရတော့ဘူး။ တရားစွဲတော့မယ်ဆိုရင် ဘယ်မှ ပြေးစရာ မရှိရင် သူတို့အနေနဲ့ ဒီထဲပဲ ဇွတ်လာပြီး ကိုယ့်ဝိုင်းကိုယ်နေမှာပဲ။ နောက်တခု မိသားစု သုံးလေးစုက အိမ်ခန်း တခန်းထဲမှာ စုသိပ်ထားတယ်ဆိုလည်း ရေရှည်မှာ မဖြစ်နိုင်ဘူး။ ပေါက်ကွဲမှာပဲ။ အဲဒီတော့ ဒီပြဿနာတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံသားတွေ ခံစားခွင့်ဥပဒေနဲ့အညီ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ရှုထောင့်ကနေ ပြီးတော့ ဌာနဆိုင်ရာတွေက ကိုင်တွယ်သင့်တယ်လို့ ယူဆတယ်”ဟုလည်း ပြောသည်။

    ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းသင့်သော်လည်း ယခုအချိန်အထိ မည်သည့် လုပ်ဆောင်မှုမျိုးမှ မရှိသေးသည့်အတွက် တိုင်းအစိုးရအဖွဲ့အား မွတ်ဆလင် အသိုင်းအ၀ိုင်းမှ ယုံကြည်မှု မရှိ တော့ ကြောင်း၊ တိုင်းဝန်ကြီးချုပ် အနေဖြင့် ပြတ်သားသည့် အဖြေမပေးဘဲ ယခုအတိုင်း ထားမည်ဆိုပါက ပဋိပက္ခများ ဖြစ်လာမည် ကို စိုးရိမ်ကြောင်းလည်း ဦးအောင်သိန်းက ပြောဆိုသည်။

    အောက်တိုဘာ ၁ ရက်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဧရာဝတီ က ဆက်သွယ် မေးမြန်း ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ပြန်လည် ဖြေကြားပေးခြင်း မရှိပါ။

    ကိုဘီလာက “သူတို့နေရာကို ပြန်သွားနေတဲ့သူတွေက အုပ်ချုပ်ရေးမှူးထံ တင်ပြတော့ နေပါလည်းမပြော မနေပါနဲ့လည်း မပြော။ ဒါပေမယ့် လုံခြုံရေး မပေးနိုင်ဘူး ပြောတယ်။ အဲဒီတော့ ၄ နှစ်ရှိပြီ။ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးဘူးလား။ အဓိက အဲဒီနေ့က သူတို့ပြတ်ပြတ်သားသား လုပ်လိုက်ရင် သူတို့နေရာ သူတို့လာနေတာ အဲဒီလိုပြောလိုက်ရင် ဇာတ်လမ်း ကပြတ်ရော။ တရားဥပဒေ အမြန်ဆုံးစိုးမိုးပါစေလို့ပဲ ဆုတောင်းပါတယ်”ဟု ပြောဆိုသည်။

    ယခုအခါ မိတ္ထီလာမြို့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲ လူဦးရေ ၂၀၀ ကျော်နှင့် မိသားစု ၈၀ ကျော် ရှိကြောင်း သိရ သည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
    http://burma.irrawaddy.com/news/2016/10/04/124395.html

  • ကမ္ဘာ့ဒုက္ခသည် ထက်ဝက်ကျော် လက်ခံထားသည့် ၁၀ နိုင်ငံတွင် အနောက်နိုင်ငံများမပါ

    ကမ္ဘာ့ဒုက္ခသည် ထက်ဝက်ကျော် လက်ခံထားသည့် ၁၀ နိုင်ငံတွင် အနောက်နိုင်ငံများမပါ

    အောက်တိုဘာ ၄၊ ၂၀၁၆
    M-Media

    refu-4

    – ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး လက်ခံထားရသည့် နိုင်ငံ ၁၀ နိုင်ငံမှာ ကမ္ဘာ့စီးပွားရေး၏ ၂.၅ ရာခိုင်နှုန်းသာ ရှိနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnestly International အဖွဲ့က ပြောကြားလိုက်ပြီး၊ ချမ်းသာသော နိုင်ငံများအနေဖြင့် ထိုပြဿနာကို လစ်လျူရှုထားသည်ဟုလည်း အပြစ်တင်ခဲ့သည်။

    ယနေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ချမ်းသာသည့်နိုင်ငံများက မျှတသည့် လက်ခံမှုမျိုး မရှိခြင်းမှာ ကမ္ဘာ့ဒုက္ခသည် ပြဿနာကို ပိုမိုဆိုးရွားစေကြောင်း၊ ပြဿနာဖြစ်ပွားနေသည့် နိုင်ငံများတွင် နေရာပေးစရာ မလုံမလောက်ဖြစ်နေခြင်းက ဒုက္ခသည်အများစုကို ဥရောပနှင့် သြတေးလျသို့ အန္တရာယ်ရှိသော ခရီးစဉ်များဖြင့် သွားရောက်မှုကို ဖြစ်စေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    လက်ရှိတွင် ကမ္ဘာပေါ်ရှိ ၂၁ သန်းသော ဒုက္ခသည်များမှ ၅၆ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တောင်အာရှနိုင်ငံ ၁၀ နိုင်ငံက လက်ခံထားသည်ဟု Amnestly International က ဆိုသည်။

    ထိုအထဲတွင် ဂျော်ဒန်က စုစုပေါင်း ဒုက္ခသည် ၂.၇ သန်ကို လက်ခံထားပြီး၊ တူရကီက ၂.၅ သန်း၊ ပါကစ္စတန်က ၁.၆ သန်း၊ လက်ဘနွန်က ၁.၅ သန်း အသီးအသီး လက်ခံထားသည်။ ၎င်းတို့နောက်တွင် အီရန်၊ အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန်ဒါ၊ ကွန်ဂိုနှင့် ချဒ်နိုင်ငံတို့က အစဉ်လိုက် ရှိနေကြသည်။

    “ပြဿနာဖြစ်ပွားတဲ့ နိုင်ငံတွေနဲ့ အိမ်နီးချင်းတွေ ဖြစ်နေတာကြောင့် နိုင်ငံသေးသေးလေးတွေက မနိုင်တဲ့ဝန်တွေကို ထမ်းနေရပါတယ်” ဟု Amnesty ၏ အတွင်းရေးမှူး ဆာလီလ် ရှက်တီက ပြောကြားခဲ့သည်။

    ကမ္ဘာ့ချမ်းသာသော နိုင်ငံအများစုမှာ ‘ဒုက္ခသည်အနည်းဆုံးကိုသာ လက်ခံကာ၊ ကူညီမှု အနည်းဆုံးကို လုပ်ဆောင်နေကြကြောင်း’ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် အနီးတွင်ရှိနေသည့် နိုင်ငံများက ဒုက္ခသည်လက်ခံမှုနှင့် ချမ်းသာသော နိုင်ငံများမှ လက်ခံမှုအကြား သိသိသာသာ ခြားနားနေကြာင်း Amnesty ၏ အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၁ ခုနှစ်တွင် ယူကေမှာ ဆီးရီးယားဒုက္ခခသည် ၈၀၀၀ အောက်သာ လက်ခံခဲ့သော်လည်း ယူကေထက် လူဦးရေ ၁၀ ဆ နည်းကာ ယူကေ ဂျီဒီပီ၏ ၁.၂ ရာခိုင်နှုန်းသာရှိသည့် ဂျော်ဒန်နိုင်ငံကမူ ၆၅၅၀၀၀ ကျော်ကို လက်ခံခဲ့မှုကိုလည်း Amnesty က ထောက်ပြခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့ ချမ်းသာသည့်နိုင်ငံများက ဒုက္ခသည်များ၏ ၁၀ ရာခိုင်နှုန်းကို နှစ်စဉ် လက်ခံရန် အစီအစဉ်တစ်ခုကိုလည်း Amnesty က ချပြခဲ့သည်။

    Ref: Aljazeera

  • ရာဇဝင်တွင်တဲ့ သတင်းလူသား

    ရာဇဝင်တွင်တဲ့ သတင်းလူသား

    ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကို ကိုယ်တိုင်မျက်မြင် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားဘဝ၊ ဝရမ်းပြေးဘဝနဲ့ လွှတ်တော်အမတ်ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ အသက် ၉၃ နှစ်အရွယ် သတင်းသမားတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်ကြောင်း

    tzh_pinlone_reporter5
    ဉာဏ်လှိုင်လင်း ရေးသားသည်။
    ဓာတ်ပုံ- တေဇလှိုင်

    ဈေးသူဈေးသားများလည်း ဆိုင်မဖွင့်ကြ၊ ရုံးသူရုံးသား၊ အလုပ်သမားများလည်း ရုံးမတက်ကြ၊ တောင်သူများလည်း ယာထဲမဆင်းကြ၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမသွားကြ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအပြင် ဟိုပုန်း၊ ညောင်ရွှေအစရှိသည့် မြို့များမှ လူထုပရိသတ်များကလည်း မော်တော်ယာဉ်အသီးသီးဖြင့် အအေးဒဏ်ကို အန်တုကာ တစ်ဖွဲဖွဲရောက်လာကြပြီ။

    အချိန်ကား ရှမ်းပြည်နယ်အတွင်း အလွန်ချမ်းအေးလေ့ရှိသော ဇန်နဝါရီလ၏ နံနက် ၈ နာရီ၊ ၁၉၄၇ ခုနှစ်။

    ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးမှာ တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း (ယခုညဈေးတန်း ဆောက်လုပ်ထားသောနေရာတွင်) သို့ စုရုံးရန် ရောက်ရှိလာခြင်းပင်။ ခေါင်းဆောင်သူများက “လုံးဝလွတ်လပ်ရေး၊ တိုင်းရင်းသားချင်း သွေးစည်းရေး၊ နယ်ချဲ့စနစ် တိုက်ဖျက်ရေး၊ တပ်ဦး ညီညွတ်ရေး” အဆိုများ တင်သွင်းကြပြီး တက်ရောက်လာသူ လူထုကြီးက တစ်ခဲနက်ထောက်ခံကြောင်း ကြွေးကြော်ကြလေသည်။

    အဆိုပါ လူထုအစည်းအဝေးကြီးသည် မြန်မာ့လွတ်လပ်ရေးခရီးလမ်းတွင် တားဆီး ပိတ်ဆို့နေသည်များကို တမဟုတ်ချင်း ပြောင်းလဲပေးနိုင်စွမ်းရှိခဲ့သည်။ အကြောင်းမှာ ဗြိတိသျှတို့၏ မြို့တော်လန်ဒန်တွင် နန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် အကြပ်ရိုက်စေသော ကိစ္စရပ်ကြီးကို ဖြေရှင်းပေးနိုင်၍ပင်ဖြစ်သည်။

    ဆွေးနွေးပွဲအတွင်း တောင်တန်းပြည်မ မချန်လှပ်ပဲ လွတ်လပ်ရေးပေးရန် ဗြိတိသျှနှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကို ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ဟူ၍ ရေးသားထားသော မြန်မာပြည်မှ လန်ဒန်သို့ ရောက်ရှိလာသည့် ကြေးနန်းတစ်စောင်ကို ဤစုဝေးပွဲကြီးက ချေဖျက်လိုက်ခြင်းဖြစ်သည်။

    tzh_pinlone_reporter14

    ထိုသို့သော သမိုင်းဝင်အကြောင်းအရာများနှင့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သလို ကျန်းမာရေးအရ အလုံးစုံ တောက်လျှောက် မပြောနိုင်သည်မှအပ ခုနှစ်သက္ကရာဇ် လုံးဝမမှားအောင် ယနေ့တိုင် ပြန်ပြောပြနိုင်သူတစ်ဦး မြန်မာပြည်တွင် သက်ရှိထင်ရှားရှိနေပါသည်။

    ထိုသူကား ၁၉၄၇ ခုနှစ်၊ သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲတွင်လည်း မြန်မာ့အလင်းသတင်းစာအတွက် တာဝန်ယူပေးခဲ့သူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သား ဦးစံအောင်ပင်ဖြစ်သည်။

    ၁၉၂၄ ခုနှစ်တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သော ဦးစံအောင်သည် အသက် ၁၅ နှစ်အရွယ်တွင် American Baptist Missionary School ၌ အထက်တန်းပညာ ဆည်းပူးနေစဉ်အချိန်ကပင် မြန်မာ့အလင်းသတင်းစာသို့ သတင်းများ စမ်းသပ် ရေးသားပေးပို့ရင်း အကျိုးတော်ဆောင်သတင်းထောက်အဖြစ် ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။
    tzh_pinlone_reporter6
    “သတင်းတစ်ပုဒ် ရေးပို့ကြည့်လိုက်တော့ ပါလာတယ်။ အဲဒီနောက်သူတို့က အကျိုးဆောင်သတင်းထောက် လုပ်ပါဆိုပြီး ချိတ်မိသွားတာ” ဟု ယနေ့တွင် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးစံအောင်က ပြောသည်။

    ဗြိတိသျှခေတ် နယ်မြေဖွံ့ဖြိုးမှုမရှိသေးချိန်နှင့် နယ်စားပယ်စား အရေးပိုင်များကို စိုးကြောက်ရသည့်ခေတ်တွင် နယ်မြို့အခြေစိုက် သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့ရသူ ဦးစံအောင်၏ စွန့်စားခန်းများ နည်းလှသည်တော့ မဟုတ်။ သို့တိုင် သူ၏ အသက်အရွယ်နှင့် အချက်အလက် မှားယွင်းနိုင်စွမ်းတို့ကို ထောက်ချင့်ကာ နှုတ်အားဖြင့် ထုတ်ဖော်ပြောဆိုရန် ဝန်လေးကြောင်း ပါးပါးနပ်နပ် ပြောဆိုအသိပေးလေသည်။

    ထို့ကြောင့် သူကိုယ်တိုင်ရေး၍ ၁၉၇၃ ခုနှစ်မှသည် ၂၀၁၃ ခုနှစ်အထိ လေးကြိမ် ရိုက်နှိပ် ထုတ်ဝေထားသည့် ညီညွတ်ရေး အရေးတော်ပုံ (ပင်လုံအတွင်းရေး)စာအုပ်ကို ကိုးကား၍ စိစစ်ရန် ၎င်းက အထပ်ထပ် မှာကြားလေသည်။

    ထိုမျှမကသေး ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သို့တွေ့သည်၊ မည်သို့ပြောဆိုကြသည် စသည်ဖြင့် ကြွားဝါပြောဆိုလျှင် သူ့အသက်ထက် ဆယ်စုနှစ် ငါးခုကျော်ငယ်သော ကျွန်တော့်အတွက် အထင်ကြီးဖွယ်ရှိသော်လည်း ယင်းနှင့် စပ်လျဉ်း၍ မေးလိုက်တိုင်း “ဘာမှမရှိဘူး၊ ဘာမှမရှိဘူး” ဟူ၍သာ ဦးစံအောင်က တွင်တွင်ဆိုလေသည်။

    ထိုသို့ သမိုင်းဝင် သတင်းတင်ဆက်မှုများကို ဝေဝေဆာဆာ ဖွဲ့ဖွဲ့နွဲ့နွဲ ထုတ်ဖော်ပြောဆိုသည်ထက် သတင်းထောက်တစ်ဦးပီပီ စိတ်လှုပ်ရှားဖွယ်၊ သည်းထိတ်ရင်ဖို အတွေ့အကြုံများပေါ်တွင် ပို၍ အာရုံ တိမ်ညွှတ်ဟန်လည်း ဦးစံအောင်ထံတွင် တွေ့ရသည်။
    tzh_pinlone_reporter1_0
    စကားပြောနေရင်း နိုင်ငံရေး၊ သတင်းစာပညာတို့နှင့် စပ်ဆက်သော အကြောင်းအရာများပါလာလျှင် လက်သီးကို ကျစ်ကျစ်ဆုပ်၊ မာန်ပါပါဖြင့်ပြောတတ်ပြီး စကားအပိုအလို ပါမည်ကို သတိထားထိန်းတတ်သည့် အဖိုးအိုကိုယ်တိုင် အားတက်သရော အစဖော်ပြောဆိုလိုက်သည့် စကားမှာ “ကျွန်တော်က ဝရမ်းပြေးလည်း ဖြစ်ခဲ့တယ်”ဟူ၍ပင်။

    အကြောင်းအရင်းခံမှာ ဟိုပုန်း မွေတော်ဘုရားကြီးထံ ခရီးသွားရာမှ စတင်လေသည်။ ဘုရားကြီးတွင် ဆပ်ကပ်ပြီးနောက် စွန့်ပစ်ထားသော စားသောက်ဖွယ်ရာတို့ကို ပအို့ဝ်အမျိုးသား၊ အမျိုးသမီး၊ ကလေးများမကျန် လူဦးရေ ၅၀ ခန့် အလုအယက် ကောက်ယူ စားသောက်နေသည်ကို မှတ်တမ်းဓာတ်ပုံရိုက်၊ အချက်အလက်စုဆောင်းကာ ၁၉၄၆ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်သို့ ပေးပို့လိုက်သော သတင်းတစ်ပုဒ်ကြောင့် ဖြစ်၏။

    ထိုသတင်းမှာ အလွန်ထူးခြားပြီး အများပြည်သူ သိသင့်သည့် သတင်းဖြစ်၍  မြန်မာ့အလင်းသတင်းစာကလည်း “ရှမ်းပြည်ရှိ တိုင်းရင်းသား ပအို့ဝ်များ ဆန်မရှိ၊ ထမင်းငတ်၍ စွန့်ထားသော ဆွမ်းတော်များ ကောက်စားနေရကြောင်း” ဟူ၍ စာလုံးအမည်းကြီးများဖြင့် မျက်နှာဖုံးခေါင်းစည်းတင်ကာ ရိုက်နှိပ် ဖြန့်ချိလိုက်လေသည်။

    ထို့ကြောင့် ဗြိတိသျှကော်မရှင်နာမင်းကြီးများ၊ အရေးပိုင်များ ဒေါသပုန်ထပြီး ၎င်းတို့ကို နယ်ခြားဒေသအတွင်းဝန်က ထုချေလွှာတောင်း၊ အတွင်းဝန်ကို ဘုရင်ခံက ထုချေလွှာ တောင်းလေပြီကိုး။ သို့နှင့် တောင်ကြီးမြို့တွင် ပုလိပ်စုံထောက်များ ခြေချင်းလိမ်နေချေပြီ။ မြန်မာ့အလင်းသတင်းစာကိုလည်း နှစ်ပတ်အတွင်း အခြေအမြစ် တိတိကျကျ ခိုင်ခိုင်လုံလုံ မဖော်ပြနိုင်ပါက အရေးယူမည်ဟု စာပို့လာလေသည်။

    ထိုမျှမကသေး သတင်းရေးသူ ဦးစံအောင်ထံသို့လည်း နို့တစ်စာတစ်စောင် ရောက်လာသည်။ မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပါက ရှမ်းပြည်နယ်၌ မလိုလားအပ်သူအဖြစ် နယ်နှင်ဒဏ်ခတ်ရုံမက ကလေးမြို့တွင် ခြေချုပ်ဖြင့် နေရမည်ဟူ၏။ သတင်းစာတိုက်ကမူ နောက်ဆက်တွဲသတင်း ရယူ၍ အတိအကျ ထပ်မံဖော်ပြသော နည်းလမ်းဖြင့် ဖြေရှင်းရန် ဦးစံအောင်ထံ ညွှန်ကြားပါပြီ။

    သို့နှင့် ၁၂ မိုင်ဝေးသော ဟိုပုန်းမြို့သို့ စက်ဘီးဖြင့် တစ်တန်၊ ယင်းမှ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈,၀၀၀ ကျော်ရှိသည့် အငတ်ဘေးကျရာ မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများသို့ ခြေလျင်ဖြင့် တစ်ဖုံခရီးနှင်ရပြီပေါ့။ မြူနှင်းများ ရွှဲရွှဲစိုနေသည့်ကြား နံနက်လင်းအားကြီးအချိန်တွင်တော့ သွားလိုသည့် စငေါရွာသို့ ဦးစံအောင် ရောက်ရှိသွားလေသည်။

    ထိုနေ့ နံနက်လင်းသည်နှင့် ရွာသူကြီးထံသွား၍ အကျိုးအကြောင်းပြော အကူအညီတောင်းရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ မြို့မှ ဆန်များ မရောက်သည့်အကြောင်း၊ ငတ်၍သေသူ၊ သစ်ဥသစ်ဖုရှာဖွေစားသောက်ရင်း အစာအဆိပ်သင့်၍ သေသူများရှိကြောင်းသိရ၍ သူကြီးထံတွင်ရှိသော သေဆုံးသူ လူ ၈၀ ကျော်ပါဝင်သော စာရင်းကို ကူးယူခွင့် တောင်းယူလိုက်နိုင်၏။

    ထို့ပြင် စာရင်းမှန်ကန်ကြောင်းကိုလည်း သူကြီး ဦးဖိုးဟိန်အပါအဝင် ရပ်ရွာလူကြီးများကို လက်မှတ်ထိုးစေပြီးနောက် ဦးစံအောင်တစ်ယောက် တောင်ကြီးသို့ ပြန်ဆင်း၊ ရန်ကုန်သို့ သတင်းပို့၊ နောက်တစ်နေ့တွင် တောင်ကြီးမှတစ်ဆင့် ကုန်ကားတစ်စီးဖြင့် ရန်ကုန်သို့ ချက်ခြင်းဆင်းရလေသည်။

    ရန်ကုန်ရောက်ပြီး နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင်တော့ “ငတ်သေသူများ၊ အဆိပ်သင့်၍ သေသူများစာရင်း” ဟူ၍ သတင်းထူးအဖြစ် ဦးစံအောင်၏ နောက်ဆက်တွဲသတင်း ထပ်ပါလာလေသည်။

    အဆိုပါနည်းဖြင့် သတင်းစာတိုက်တရားစွဲခံရမည့်အရေး၊ သတင်းထောက်ကိုယ်တိုင် အပြစ်ကျမည့်ဘေးတို့ကို ရှောင်ကွင်းနိုင်ခဲ့သလို အငတ်ဘေးကျရာဒေသသို့လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ တင်ဆောင်ထားသည့် စစ်လော်ရီကားအစီး ၂၀၀ ရောက်ရှိအောင် စွမ်းဆောင်လိုက်နိုင်ပါသည်။

    ဦးစံအောင်သည် သတင်းထောက်တစ်ဦးအဖြစ်သာ ယင်းသို့ တာဝန်ကျေခဲ့သူတစ်ဦး မဟုတ်၊ လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ပအိုဝ်မဲဆန္ဒနယ်အမှတ် ၃ မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ၍ ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိ ဥပဒေပြုအမတ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။

    ဆယ်ကျော်သက်အရွယ်ကတည်းက သတင်းထောက်အဖြစ်ရပ်တည်ခဲ့သော ဦးစံအောင်၏ အသွေးအသားထဲတွင် ပျော်ဝင်နေသော ဖြတ်လတ်တက်ကြွ၊ စွန့်လွှတ်စွန့်စားမှုတို့က အမတ်တစ်ဦးဖြစ်လာသည့်တိုင် ဆိတ်ငြိမ်မသွားသေးပေ။ တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂတွင် မြန်မာအစိုးရက သက်သေပြရန် ၁၉၅၃ခုနှစ်အတွင်း ပြင်ဆင်ရာတွင် ပါဝင်သည့် ဇာတ်လိုက်များထဲမှတစ်ယောက်အဖြစ် ဦးစံအောင်ပါဝင်နေခြင်းက သက်သေဖြစ်သည်။

    “သူတို့ဒီမှာရှိတယ်ဆိုတာကို ကုလသမဂ္ဂကိုတင်ပြဖို့ အထောက်အထားရဖို့ လုပ်တာ။ ဓာတ်ပုံအပြင် သူတို့ရဲ့ ကျောပိုးအိတ်မှာ လေယာဉ်ပျံစီးရင် ကပ်ပေးတဲ့ အမှတ်အသား တံဆိပ်လေးတစ်ခုကို ဝှက်ယူပြီး သက်သေပြဖို့ လုပ်နိုင်ခဲ့တယ်” ဟု ၎င်းက ပြန်လည်ပြောကြားသည်။ သို့သော် နေရာနှင့် အချက်အလက်အသေးစိတ်ကိုမူ သူသေချာစွာ ထုတ်မပြောနိုင်တော့ပေ။

    သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့သည့် လုပ်သက်ကို မေးသောအခါ “အခုလည်း သတင်းထောက်ပဲလေ”ဟု ထက်ထက်သန်သန်ကြီး ပြောချလိုက်သည်။ ထို့အတူ ဘဝရပ်တည်မှုမှာလည်း ဘိုးဘွားအစဉ်အဆက် ချန်ထားခဲ့သော တောင်ကြီးမြို့ဈေးကြီးအနီးရှိ အိမ်ကြီးကို ဈေးဆိုင်ခန်းများ၊ ဂိုဒေါင်များအဖြစ် ငှားရမ်းထားခြင်းဖြင့် နေနိုင်သည်ဖြစ်၍ အထူးတလည် ပြောရန်မရှိဟု ဆိုလေသည်။

    တက်ကြွသော၊ ထက်မြတ်သော သတင်းထောက်၊ အမတ်တစ်ဦးအဖြစ် တိုင်းပြည်တာဝန် ထမ်းခဲ့သော ဦးစံအောင်သည် ယခုအခါ သူ၏အချိန်များကို ပထမထပ်ရှိ သူ့အိမ်ခန်း၏ အပြင်ဖက် အလင်းရောင်ကောင်းကောင်းရသော ပြူတင်းပေါက်ရှေ့ အလုပ်စားပွဲတစ်လုံးပေါ်တွင် နံနက်စာစားရင်း စတင်လေ့ရှိသည်။

    ရောဂါကြီးကြီးမားမား ထွေထွေထူးထူး ခံစားနေရခြင်းမရှိတော့သော်လည်း ကြီးမြင့်နေသည့် အသက်အရွယ်ကြောင့် ဘီးတပ်ကုလားထိုင်ကို အားပြုနေရပြီမို့ သူ့ထံ လာရောက်တွေဆုံသည့် မိတ်ဆွေ အပေါင်းအသင်း၊ တပည့်တပန်းများကို ဧည့်ထောက်ခံ စကားပြောဆိုခြင်းဖြင့်သာ တစ်နေ့တာကို ကုန်ဆုံးနေစေ၏။

    သို့သော် ဦးစံအောင်၏ အသံအားနှင့် တက်ကြွသော လက်ဟန်ခြေဟန်တို့ကမူ အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင် မာန်ပါ၊ ဟန်ပါဆဲပင် ဖြစ်သည်။

    ထိုသို့သော အသံနေအသံထား ကိုယ်ဟန်အမူအရာဖြင့် လူငယ် သတင်းစာဆရာများကို တိုက်တွန်းလိုက်သည့် စကားမှာ စုံစမ်းဖော်ထုတ်ရေးသားခြင်းများ လုပ်ကြရန်ဟူ၍ဖြစ်ပါသည်။ “လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့ စကားက ဂျာနယ်လစ်တွေအတွက်” ဟူ၍လည်း ၎င်းက ဖြည့်စွက်သတိပေးလိုက်ပါသေးသည်။

    ၁၉၄၇ ခုနှစ် ပင်လုံကို ကိုယ်တွေ့မှတ်တမ်းတင်ဖူးသော အဆိုပါ သတင်းထောက်ကြီးက နှစ်ပေါင်း ၆၀ ကျော် မချုပ်ငြိမ်းနိုင်သေးသော ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းစေလိုလျှင် အခြေခံဥပဒေ ပြင်မှသာရမည်ဟူ၍ အခိုင်အမာယုံကြည်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။

    အခြေခံဥပဒေ မပြင်ဆင်နိုင်သေးသမျှ အချိန်အတောအတွင်း တိုင်းပြည်၏ အခြေအနေကို ဖော်ညွှန်းပြသော ဦးစံအောင်၏ တစ်ခွန်းတည်း မှတ်ချက်မှာ“ဗရုသုက္ခ တိုင်းပြည်”ဟူ၍ပင်။

    Frontier မှ ကူးယူဖော်ပြပါသည်။
    မူရင်းလင့်ခ် => http://frontiermyanmar.net/mm/news/2860

    M-Media ဖြည့်စွက်ချက်- သတင်းထောက် ဦးစံအောင်သည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

    ဆက်စပ်သတင်းဖတ်ရန်
    ———————
    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

  • အစွန်းရောက်ဝါဒအတွက် ဘုရားနာမတော်ကို အသုံးမပြုသင့်ဟု ပုပ်ရဟန်းမင်းကြီးက အဇာဘိုင်ဂျန် ဗလီဝတ်ကျောင်းတော်တွင် ပြော

    အစွန်းရောက်ဝါဒအတွက် ဘုရားနာမတော်ကို အသုံးမပြုသင့်ဟု ပုပ်ရဟန်းမင်းကြီးက အဇာဘိုင်ဂျန် ဗလီဝတ်ကျောင်းတော်တွင် ပြော

    အောက်တိုဘာ ၄၊ ၂၀၁၆
    M-Media

    – အစွန်းရောက်ဝါဒကို တန်းညှိဖို့အတွက် ဘုရားသခင်ရဲ့ အမည်နာမကို အလွဲသုံးစား မလုပ်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မွတ်စလင်အများစုရှိရာ အဇာဘိုင်ဂျန်မှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။

    တနင်္ဂနွေနေ့မှာ မြို့တော်ဘာကူက ဟေဒါ ဗလီဝတ်ကျောင်းတော် (Heydar Mosque) က မိန့်ခွန်းမှာ ဒီလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပြီး အမုန်းတရား၊ လူသားဝါဒနဲ့ ဆန့်ကျင်ဖက် ပုံစံမျိုးနဲ့ ဘုရားသခင်ရဲ့ နာမတော်ကို မထိလေးစားပြုတာ၊ အသုံးပြုတာမျိုး မဖြစ်ရဘူးလို့လည်း ဆိုပါတယ်။

    “ကြီးကျယ်တဲ့ အထိမ်းအမှတ်နေရာတစ်ခုဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော်ကနေ စိတ်ခံစားမှုအပြည့်နဲ့ ပြောချင်တာက – ဘုရားသခင်ရဲ့ နာမတော်ကိုသုံးပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်ဖို့ပါပဲ။ ဘုရားသခင်ရဲ့ နာမတော်မြတ်ကို အမုန်းတရား ပုံစံ၊ လူသားဝါဒနဲ့ ဆန့်ကျင်တဲ့ ပုံစံမျိုးတွေကနေတစ်ဆင့် အသုံးချခံပစ္စည်းမျိုးအဖြစ် မရိုမသေ မလေးမစား လုပ်တာမျိုး ဒါမှမဟုတ် ခိုင်းနှိုင်းပြောဆိုတာမျိုးမှာ အသုံးပြုရမှာ မဟုတ်ပါဘူး”

    “ဘုရားသခင်ကို ကိုယ့်အကျိုးစီးပွားနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုလို့မရသလို အစွန်းရောက်ဝါဒ၊ အရင်းရှင်ဝါဒ၊ ကိုလိုနီဝါဒ ဘယ်လိုပုံစံမျိုးနဲ့မဆို တန်းညှိတာမျိုးမှာ အသုံးပြုလို့မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    ဟေဒါ ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အဲဒီ မိန့်ခွန်းပြောကြားမှု အခမ်းအနားမှာ မွတ်စလင်၊ ခရစ်ယာန်၊ ဂျူးနဲ့ အခြားသော ဘာသာတရားများမှ အဖွဲ့ဝင်တွေက တက်ရောက်ခဲ့ကြပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အရင်ကလည်း ဒီလိုစကားမျိုးတွေ ပြောခဲ့ဖူးပြီး ကမ္ဘာတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေကိုလည်း သွားရောက် လည်ပတ်ခဲ့ဖူးပါတယ်။

    ဒါပေမယ့် လူဦးရေ ၉ သန်းရှိပြီး အများစုဟာ ရှီယိုက်မွတ်စလင်တွေဖြစ်ကြတဲ့ အဇာဘိုင်ဂျန်နိုင်ငံက ဒီမိန့်ခွန်းကတော့ ဗလီဝတ်ကျောင်းတော်ထဲက အဓိက၀တ်ပြုဆောင်မှာ အခြားဘာသာဝင်တွေရဲ့ ကိုယ်စားလှယ်တွေအရှေ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး ဒီလိုပြောကြားမှု ဖြစ်ပါတယ်။

    ဖရန်စစ်ဟာ အဇာဘိုင်ဂျန်ရဲ့ မြို့တော်ဘာကူကို ရောက်ပြီးနောက်မှာ ပထမဆုံး ကက်သလစ်ဘုရားကျောင်းကို သွားရောက်ခဲ့ပြီး ကက်သလစ်လူ့အဖွဲ့အစည်းကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝပြီး ရုရှား၊ အီရန်၊ တူရကီတို့နဲ့ ထိစပ်နေတဲ့ အဇာဘိုင်ဂျန်မှာ ကက်သလစ်ဘာသာဝင် ၇၀၀ လောက်သာရှိပြီး အများစုက နိုင်ငံအတွင်း သံရုံးတွေက ၀န်ထမ်းတွေ၊ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေ ဖြစ်ပါတယ်။

    Virgin Mary’s Immaculate Conception လို့ အမည်ရတဲ့ ကက်သလစ်ဘုရားကျောင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအများစုကို ပုပ်ရဟန်းမင်းကြီးက အင်္ဂလိပ်လို ပြောကြားခဲ့တာဖြစ်ပြီး ညီညွတ်ရေးကို ရှေ့ရှုတဲ့မိန့်ခွန်း ဖြစ်ပါတယ်။

    အဲဒီဘုရားကျောင်းဟာ ဆိုဗီယက်အုပ်ချုပ်မှုလက်ထက် ၁၉၃၁ ခုနှစ်မှာ ဖြိုချဖျက်စီးခံလိုက်ရတဲ့ ဘုရားကျောင်းအမည်ကို ပြန်ပေးထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။

    မတူကွဲပြားမှုအင်အားကို ယုံကြည်ပါ

    “သတ္တိရှိပါ။ ကြောက်ရွံ့မှုမရှိဘဲ ရှေ့ဆက်လျှောက်ပါ။ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံမှု ခံရပြီးနောက်ပိုင်းမှာ ယုံကြည်မှုဟာ အံ့သြစရာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်အပ်နှံထားတဲ့၊ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့် ယုံကြည်မှုကို မစွန့်လွှတ်ခဲ့တဲ့ ခရစ်ယာန်တွေရဲ့ သူရသတ္တိကို ကျွန်တော် ပြန်ပြောင်း အမှတ်ရစေချင်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    ဖရန်စစ်ဟာ ဂျော်ဂျီယာကနေ အဇာဘိုင်ဂျန်ကို ရောက်ရှိလာတာဖြစ်ပြီး၊ တနင်္ဂနွေနေ့ညက ရောမကို ပြန်သွားခဲ့ပါတယ်။

    ဟေဒါ ဗလီဝတ်ကျောင်းတော်က ဘာသာပေါင်းစုံတွေ့ဆုံပွဲကို မတက်ရောက်မီမှာ ပုပ်ရဟန်းမင်းကြီးဟာ သမ္မတ အစ်လ်ဟမ် အလီယဗ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အလွန်အမင်း စိတ်မေကာင်းဖြစ်မတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref : Huffingtonpost