News @ M-Media
Blog
  • “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”
    “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”
    အောက်တိုဘာ ၅ ၊ ၂၀၁၆
    ဝေမိုးနိုင် ရေးသည်။
    ဒီရက်ပိုင်း လ.၀.က နဲ့ နိုင်ငံသားစိစစ်ရေးကတ်ကိစ္စက သိပ်ခေတ်စားနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်က အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကနေ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကို လဲနေချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။ လွှတ်တော်မှာ ရန်ကုန်က အမတ်တစ်ယောက် အဆိုမတင်ခင် ရက်ပိုင်းလေးမှာပဲ ကျနော်က (၁၈)နှစ်ပြည့်ကတ်လဲဖို့ မြို့နယ်ရုံးကို သွားခဲ့ပါတယ်။ ရောက်ရောက်ချင်း စာရွက်စာတမ်းတွေကြည့်ပြီး ထားခဲ့ဖို့ပြောပါတယ်။ ဘယ်ရက်လောက်ကို ပြန်လာခဲ့ရမလဲ၊ အချိန်ဘယ်လောက်စောင့်ရမလဲမေးတော့ “သွေးနှောဖြစ်တာမို့ အထောက်အထားတွေ ပြန်လည်စိစစ်ရမယ်။ စိစစ်မှုလုပ်ငန်းစဉ်က အချိန် အကန့်အသတ် မရှိ စောင့်ရမယ်” လို့ ဖြေပါတယ်။
    ကျနော်က နိုင်ငံခြားခရီးစဉ်တစ်ခုရှိတဲ့အတွက် နိုင်ငံကူးလက်မှတ် အမြန်လုပ်ဖို့လိုအပ်နေတာမို့ ဖြစ်နိုင်ရင် တတ်နိုင်သမျှ မြန်အောင် ကူညီဆောင်ရွက်ပေးဖို့ ပြောတော့ အဲဒီလို လုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။
    ဒါနဲ့ ကျနော်က လ.၀.က တိုင်းဒေသကြီး ညွှန်ကြားရေးမှူးကို လိပ်မူပြီး စာတင်ပါတယ်။
    အဲဒီစာထဲမှာ
    – ဒီခရီးစဉ်ဟာ ပုဂ္ဂလိကခရီးစဉ်သက်သက် မဟုတ်ကြောင်း၊ အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနနဲ့ ချိတ်ဆက်နေ တာဖြစ်ကြောင်း (စေလွှတ်မဲ့လူငယ်ကိုယ်စားလှယ်ရွေးချယ်မှုကိုတော့ အစိုးရကလုပ်တာမဟုတ်ပါဘူး။ Myanmar Youth Forum 2016 လုပ်ငန်းအဖွဲ့ကို လူငယ်ကိုယ်စားလှယ်သုံးဦးရွေးချယ်ပေးဖို့ အစိုးရက ပြန်လည် လွှဲအပ်တာဖြစ်ပါတယ်။ MYF2016 working committee ထဲကမှ Application Form Check-up စနစ်၊ Interview စနစ်တွေနဲ့ စိစစ်ပြီး ရွေးချယ်ပေးတဲ့ လူငယ်ကိုယ်စားလှယ်သုံးဦးကို အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ကိုယ်စားပြု စေလွှတ်မဲ့ လူငယ်များအဖြစ် Mandate ပေးတာဖြစ်ပါတယ်)
    – သွေးနှောဖြစ်လို့ အထောက်အထားတွေကို ပြန်လည်စိစစ်ရတယ်ဆိုတာကို လုပ်ထုံးလုပ်နည်းတစ်ရပ်အနေနဲ့ လက်ခံပါတယ်။ စိစစ်ရမှာပါ။
    – ဒါပေမဲ့ အဲဒီလို စိစစ်တဲ့ လုပ်ငန်းစဉ်ဟာ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်ကတော့ သင့်တော်မှု ရှိ၊ မရှိပြန်လည်စိစစ်ပေးဖို့
    – မျိုးရိုးစဉ်ဆက် နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ ၀န်ထမ်းများရဲ့ မျိုးဆက်ဖြစ်သည့်အပြင် ကိုယ်တိုင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ရရှိရန် အကြိမ်ကြိမ်အထပ်ထပ် စိစစ်မှုခံယူကာ ကိုင်ဆောင်ထားသူဖြစ်ကြောင်း
    – အရင်အစိုးရလက်ထက်က ငြိမ်းစုစီဥပဒေအရ အမှုဖွင့်ထားတာတွေကြောင့် နိုင်ငံကူး လက်မှတ်လျှောက်လို့မရတဲ့ အတွက် နိုင်ငံခြားခရီးစဉ်တစ်ရပ် လွဲချော်ခဲ့ဖူးကြောင်း၊ အစိုးရသစ်လက်ထက်မှာ ငြိမ်းစုစီအရ အမှုဖွင့်ထားတာတွေကို ရုပ်သိမ်းပြီးဖြစ်တဲ့အတွက် ယခုတစ်ကြိမ်မှာတော့ ၁၈ နှစ်ပြည့် မှတ်ပုံတင် ထုတ်ပေးရန် ကြာမြင့်နေမှုကြောင့် ထပ်မံလွဲချော်ရတာမျိုး မဖြစ်လိုတာကို စာနာနားလည်ပေးစေလိုကြောင်း
    – တစ်ဖက်မှာလဲ လူ/ကယ်/ပြန်ဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ်ကို တောင်းနေပြီဖြစ်တာမို့ မှတ်ပုံတင်အမြန် ရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း
    အစရှိတဲ့ အချက်တွေနဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ တရားဝင်စာကိုပါ နောက်ဆက်တွဲအဖြစ် တင်ပြလိုက်ပါတယ်။
    စာသွားပေးတဲ့အချိန်မှာ တိုင်းရုံး စာဝင်စာထွက် စားပွဲကနေ ဒုညွှန်မှူးထိ အဆင့်ဆင့် လက်လွှဲပြီးတဲ့နောက် ကိုယ်တိုင်ဝင်တွေ့ပြီး ပေးပါလို့ ဆိုတာကြောင့် ညွှန်မှူးအခန်းထဲဝင်ပြီး ကိုယ်တိုင်ပေးပါတယ်။
    ညွှန်မှူးကလဲ ကျနော့်ရှေ့တင် စာကို အစအဆုံးဖတ်ကြည့်ပြီး သူသိချင်တာတွေ မေးပါတယ်။ ပြီးတဲ့နောက် မြို့နယ်ရုံးကို ချက်ချင်း ဖုန်းကောက်ဆက်ပြီး အမှုတွဲတွေ အမြန်ဆုံးတင်ပြပေးဖို့ ညွှန်ကြားပါတယ်။ ကျနော့်အမှုတွဲဖိုင်ကလဲ ကျနော်နဲ့အတူပါလာတာမို့ ဖိုင်တွဲထိပ်မှာ သူ့နာမည်၊ လက်မှတ်၊ တံဆိပ်တုံးနဲ့ နိုင်ငံခြားခရီးစဉ်ရှိသဖြင့် “အမှုတွဲများ အမြန်စိစစ်တင်ပြရန်” ဆိုတဲ့ မှတ်ချက်ကို ရေးပေးလိုက်ပါတယ်။
    ဒီနောက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရာမှာတော့ စနေ၊ တနင်္ဂနွေ နဲ့ ညွှန်မှူးရဲ့ နယ်ဝေးခရီးစဉ်တွေကို ဖယ်လိုက်ရင် ရုံးဖွင့်ရက်အတွင်း ကြာမြင့်ချိန်ဟာ စုစုပေါင်း (၆)ရက်ပဲကြာပါတယ်။ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျနော့်လက်ထဲ ရောက်လာပါတယ်။
    ဒါဆိုရင် မိခင်နိုင်ငံသား၊ ဖခင်နိုင်ငံသား၊ ဘိုးဘွား နိုင်ငံသားဖြစ်ပါလျက် နိုင်ငံသားကတ်လျှောက်ထားရာမှာဖြစ်စေ၊ ကျနော့်လို (၁၀)နှစ်ကတ်ကနေ (၁၈)နှစ်ကတ် လဲတာလေးမှာပင်ဖြစ်စေ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စိစစ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ အမှန်တကယ် လိုအပ်လို့ သတ်မှတ်ထားတာ ဟုတ်၊ မဟုတ် စဉ်းစားစရာပါ။
    ကျနော့်ကိစ္စမှာတော့ ကျနော်က ပြောစရာရှိတာကို ရဲရဲတင်းတင်းပြောဆိုခဲ့တင်ပြခဲ့တဲ့အတွက် ရခဲ့ပေမဲ့ ဒီလိုမပြောရဲတဲ့ သူတွေအတွက်ဆိုရင်ကော ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရမလဲ တွေးကြည့်နိုင်ပါတယ်။
    တိုက်ဆိုင်တာက ကျနော်က ညွှန်မှူးဆီ စာတင်ပြီး နောက်တစ်ရက်လားမှတ်ပါတယ်။ လွှတ်တော်မှာ အဖေနိုင်ငံသား၊ အမေနိုင်ငံသားဖြစ်ပါလျက် သွေးနှောဖြစ်လို့ မှတ်ပုံတင် ထုတ်မပေးဘဲ ဆိုင်းထားတဲ့ ကိစ္စကို အမတ်တစ်ဦးက မေးပါတယ်။ ၀န်ကြီးကလဲ စိစစ်ရမဲ့ လုပ်ငန်းစဉ်လေးတွေရှိပါတယ်လို့ ပြန်ဖြေပါတယ်။ ကျနော်လက်ခံပါတယ်။ စိစစ်ပါ။ ဒါပေမဲ့ အချိန်ကန့်သတ်ချက်တစ်ခုတော့ ရှိရမယ်လို့ မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတာက “ပေးချင်တဲ့ အချိန်ပေးမယ်” ဆိုတဲ့ သဘောကို မရည်ရွယ်ဘူးဆိုတဲ့တိုင်အောင် သက်ရောက်စေပါတယ်။ ဒါဟာ အရင်အစိုးရတွေလက်ထက်မှာ နိုင်ငံသား အချင်းချင်း ကိုးကွယ်ရာ ဘာသာ ကွဲပြားရုံနဲ့ သူတို့နဲ့ – ငါတို့နဲ့၊ ငါတို့နဲ့ – သူတို့နဲ့ မတူဘူးဆိုတဲ့ အမြင်ကို အားကောင်းစေပြီး မယုံကြည်မှုနဲ့ သံသယတွေကို ဆင့်ကဲ ဖြစ်ထွန်းစေခဲ့တဲ့ အချက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။
    ကျနော်တို့ အမြဲပြောလေ့ရှိကြပါတယ်။ စစ်အာဏာရှင် လက်ထက်မှာ ချမှတ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အသားကျခဲ့တဲ့ ဗျူရိုကရေစီယန္တရားကို ပြုပြင်ပြောင်းလဲပေးရမယ်ဆိုတဲ့စကားပါ။ တစ်ဆက်တည်း ကပ်ပါလာတာက အပြောင်းအလဲမှာ လူထုကိုယ်တိုင်က ပါဝင်ရမယ်ဆိုတဲ့ စကားပါ။
    ကျနော်ကတော့ ကျနော်ရသင့်ရထိုက်တဲ့ ညီညွတ်မျှတတဲ့ ရပိုင်ခွင့်ကို ရအောင် ကျနော် တောင်းယူပါတယ်။ ကိုယ်နဲ့ အမှန်တကယ် ထိုက်တန်တဲ့ ရပိုင်ခွင့်ကို နည်းမှန်လမ်းမှန် တောင်းယူခြင်းသည်ပင်လျှင် ဒီနေ့မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီ ယန္တရား ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုလို့ ကျနော်ကတော့ မြင်ပါတယ်။ ခက်ပါလိမ့်မယ်။ အစိုးရပြောင်းတာနဲ့ စနစ်တွေ အားလုံး ၀ုန်းဒိုင်းပြောင်းမယ်လို့ မျှော်လင့်ထားရင်တော့ ရူးနှမ်းရာကျပါလိမ့်မယ်။ တဖြည်းဖြည်းချင်းနဲ့ အကောင်းဘက်ကို ပြောင်းသထက် ပြောင်းအောင် အားလုံး ၀ိုင်းဝန်းတွန်းရွှေ့ကြရမှာပါ။ ဒီလိုတွန်းရွှေ့နိုင်တဲ့အင်အားဟာ လူထုလက်ထဲမှာရှိတယ်ဆိုတာ လူထုကိုယ်တိုင်က နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် အသုံးချဖို့ လိုပါတယ်။
    တစ်ဖက်မှာလဲ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက မေးခွန်းမေးမြန်းသလို၊ လွှတ်တော်ဥက္ကဌရဲ့ လ၀က ၀န်ကြီးကို မေတ္တာရပ်ခံချက်လို၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးရဲ့ ဖြေကြားချက်လို ပြည်သူ့ကိုယ်စားလှယ်များရဲ့ မဲဆန္ဒရှင်ပြည်သူကို မျက်နှာမူမှုကိုလဲ အလေးအမြတ်ပြုရမှာဖြစ်ပါတယ်။
    တစ်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က သွေးနှောဖြစ်လို့ မှတ်ပုံတင် မရတာ၊ ကြန့်ကြာနေတာရှိရင် သူ့ကို ပြောဖို့နဲ့ သူကိုယ်တိုင် မြို့နယ်ရုံးမှာ ဘာကြောင့် ကြန့်ကြာရသလဲ၊ မရသလဲဆိုတာ လိုက်လံ ဆန်းစစ်ပေးမှာဖြစ်ကြောင်း၊ ဒီလိုပဲ ဥပဒေမဲ့ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကိုလဲ အရေးယူရမှာဖြစ်ကြောင်း ဖြေသွားတာ နားထောင်လိုက်ရပါတယ်။
    စည်းမျဉ်းဥပဒေနဲ့ မညီတဲ့ ဘယ်သူဘယ်ဝါကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုး အတွက်နဲ့မှ ဘောင်ကျော်ဆောင်ရွက်ပေးတာမျိုး မပြုသင့်သလို၊ စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီနေတဲ့ ဘယ်သူ့ကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကန့်သတ်တာမျိုးလဲ မဖြစ်သင့်ပါဘူး။ အားလုံးကို စည်းမျဉ်းဥပဒေအတိုင်းပဲ တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်တာပါ။
    ဆက်စပ်လို့ ပြောရရင် အသက် (၁၈)နှစ်ပြည့် ကတ်က ကျနော့်လက်ထဲ ရောက်တဲ့ အပြင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာပါ အသုံးပြုနေပြီဖြစ်ပေမဲ့ လ.၀.က ရုံးကို ကျနော် ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာမှ မပေးခဲ့ရပါ။ ညွှန်မှူးရုံးခန်းထဲကို စာသွားတင်ပြစဉ်ကလဲ ဘာလက်ဆောင်၊ ဘာငွေကြေးမှ မပေးခဲ့ရပါ။ ကတ်ရပြီးတဲ့အချိန်မှာလဲ လက်ဆောင်တစ်စုံတစ်ရာ သွားပေးခဲ့သော် ဒါလုပ်ပေးလို့ ဒါပေးတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ချင်တာကြောင့် လုံးဝခြေဦးမလှည့်ဖြစ်ပါ။
    ဒါပေမဲ့ ခရီးစဉ်က ပြန်လာရင်တော့ နိုင်ငံတော်သမ္မတရုံးရဲ့ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်အရ ငွေကျပ် (၂၅၀၀၀) ထက်မပိုတဲ့ တရုတ်ပြည်အမှတ်တရ ပစ္စည်းတစ်ခုခု ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသဘောအနေနဲ့ လက်ဆောင်သွားပေးမယ်လို့ စိတ်ကူးထားပါတယ်။
    ဒီလိုညွှန်မှူးမျိုးတွေ့ရခဲလို့ပါ။
    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၄င်း၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
    ဆက်စပ် ဆောင်းပါး ဖတ်ရှုရန်
    —————————-
    လ.ဝ.က သွားတောလား
    http://www.m-mediagroup.com/news/5171
  • ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူကို ထိုင်း ထိန်းသိမ်း
    ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူကို ထိုင်း ထိန်းသိမ်း
    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    wong
    – ဟောင်ကောင်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်မှုကြောင့် ထင်ရှားလာခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဟောင်ကောင်ကျောင်းသား ဂျိုရှူဝါ ၀ွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    သို့သော်လည်း ၀ွန်နှင့်တွေ့ဆုံရန်ရှိနေသည့် ထိုင်း ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ Netiwit Chotipatpaisal ကမူ ၀ွန်မှာ သုဝဏ္ဏဘူမိ လေဆိပ်တွင် ထိန်းသိမ်းခံလိုက်ရသည်ဟု ပါတီအား အကြောင်းကြားခဲ့သည်။
    “Chotipatpaisal ရဲ့ ပြောကြားမှုအရ ထိုင်းအာဏာပိုင်တွေဟာ ၀ွန်ရဲ့ လာရောက်လည်ပတ်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရဆီက စာတစ်စောင်ကို စောစာပိုင်းက ရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ထိန်းသိမ်းခံထားရတဲ့ ၀ွန်ကို သူသွားတွေ့ဖို့ တောင်းဆိုမှုကိုလည်း ငြင်းပယ်ခံလိုက်ရတယ်လို့ သိရပါတယ်” ဟု Demosistō က Facebook ပို့စ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ထိုင်းအာဏာပိုင်များက ၀ွန်၏ နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ကို ကျိုကြောင်းမဆီလျော်ဘဲ ဖမ်းဆီးမှုအတွက် မိမိတို့အနေဖြင့် ရှုတ်ချသည်ဟုဆိုပြီး ချက်ချင်းလွှတ်ပေးရန်လည်း ပါတီက တောင်းဆိုခဲ့သည်။
    “လက်ရှိအချိန်မှာ ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေးအနေနဲ့ ၀ွန်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    Ref: guardian
  • ၂၀၃၀ တွင် ဆင်းရဲမွဲတေမှုမှ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်နိုင်
    ၂၀၃၀ တွင် ဆင်းရဲမွဲတေမှုမှ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်နိုင်
    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    bang
    – ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ဆင်းရဲမွဲတေမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထူးထူးခြားခြား လျှော့ချနိုင်ခဲ့ပြီး တိုးတက်မှုကို နိုင်ငံသားများအားလုံး ခံစားနိုင်စေရန် ခိုင်မာသည့် ခြေလှမ်းများ ဆက်လှမ်းသွားမည်ဆိုပါက ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်မည့် အလားအလာ ရှိနေသည်ဟု ကမ္ဘာဘဏ်က ပြောကြားလိုက်သည်။
    အောက်တိုဘာ ၃ ရက်နေ့က ‘Bangladesh Development Update’ နှင့် ‘Poverty and Shared Prosperity 2016: Taking on Inequality’ ခေါင်းစဉ်များဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ ဘင်္ဂလားဒေ့ရှ်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် တည်တံ့သော တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်ပြီး အခွင့်အလမ်းများကိုလည်း တိုးမြှင့် ဖန်တီးနိုင်ကြောင်း ဖော်ပြခဲ့သည်။
    ၂၀၁၁ ခုနှစ် ငွေကြေးတန်ဖိုး (purchasing power) ကို အခြေပြု၍ တွက်ချက်ထားသည့် ဆင်းရဲမွေတေမှု အခြေခံသတ်မှတ်မျဉ်း ၁.၉၀ ဒေါ်လာအရ ၂၀၁၀ ခုနှစ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ လူဦးရေ၏ ၁၈.၅ ရာခိုင်နှုန်းဖြစ်သော ၂၈ သန်းမှာ အလွန်အမင်းဆင်းရဲမွဲတေသည့် အခြေနေအနေမျိုးတွင် ရှိနေပြီး၊ ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ပြည်သူ ၁၆ သန်းမှာ ထိုအခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်ဟု အစီရင်ခံစာများက ဆိုသည်။
    ၂၀၃၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၌ အလွန်အမင်း ဆင်းရဲမွဲတေသူ ၃ ရာခိုင်နှုန်းအောက်ရောက်ရေး ရည်မှန်းချက် အောင်မြင်ရန်အတွက်မူ ပိုမိုပြည့်ဝသည့် စီးပွားရေးတိုးတက်မှုနှင့် ထိဖွံဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို လူ့အဖွဲ့အစည်းအတွင်းမှ ၄၀ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေမှုသူများ ပိုမိုခံစားနိုင်ရေး ဆောင်ရွက်ရန် လိုအပ်နေသည်။
    ကမ္ဘာ့ အဆင်းရဲဆုံး ၁၅၄ နိုင်ငံတွင် အဆင့် ၅၆ နေရာ၌ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လုံခြုံရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ဆောင်ရွက်စရာ အများအပြား ကျန်ရှိနေသေးသည်ဟုလည်း အစီအရင်ခံစာများက ထောက်ပြခဲ့သည်။
    ၂၀၂၁ ခုနှစ်တွင် ၀င်ငွေအလယ်အလတ် ရရှိသည့် နိုင်ငံဖြစ်ရေးနှင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် လက်ရှိ စီးပွားရေးနှင့် လုပ်ခလစာများ တိုးတက်ရေး၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်များကို များများစားစား ဖန်တီးရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရး အခြေခံအဆောက်အဦးများကို အဓိက အာရုံစိုက်ရး၊ ကျန်းမာရေးနှင့် ပညာရေးအရည်အသွေး တိုးတက်စေရေးတို့ကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ထောက်ပြခဲ့သည်။
    Ref: Thedailystar
  • မလေးရှားနိုင်ငံသူတစ်ဦး ကမ္ဘာတစ်ပတ် ဆိုင်ကယ်ဖြင့်ပတ်သည့် ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်လာ
    မလေးရှားနိုင်ငံသူတစ်ဦး ကမ္ဘာတစ်ပတ် ဆိုင်ကယ်ဖြင့်ပတ်သည့် ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်လာ
    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media
    malay-2
    – မလေးရှားနိုင်ငံသူ အမျိုးသမီး အန်နီတာ ယူစွဖ်မှာ ကမ္ဘာတစ်ပတ် ဆိုင်ကယ်ဖြင့်ပတ်နိုင်ခဲ့သည့် ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်လာခဲ့ပြီး အိမ်အပြန်တွင် မလေးရှားပြည်သူများက ၎င်းအား သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
    အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး တက္ကသိုလ်မှ နည်းပြဆရာမဖြစ်သူ အန်နီတာမှာ တစ်နှစ်ကြာ ကမ္ဘာတစ်ပတ် ဆိုင်ကယ်ဖြင့် ပတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့က မလေးရှားနိုင်ငံသို့ ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။
    “ကျွန်မ စာပြန်သင်ဖို့၊ တစ်နှစ်လောက် ခွဲခွာရတဲ့ ကျောင်းသားတွေကို ပြန်တွေ့ဖို့ စိတ်အားထက်သန်နေပါတယ်” ဟု အန်နီတာက ပြောကြားခဲ့သည်။
    ထို့ပြင် Yamaha FZ150 ဆိုင်ကယ်ဖြင့် စွန့်စွန့်စားစား ခရီးသွားလာခဲ့မှုအကြောင်းကို ‘If this is the destiny that I choose’ (ကျွန်မရွေးချယ်ခဲ့သော ကံတရားလား) ဆိုသည့် ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ် ရေးသွားမည်ဟုလည်း သူမက ပြောကြားခဲ့သည်။
    “ကျွန်မရဲ့ ရည်မှန်းချက်က မွတ်စလင်အမျိုးသမီးတွေဟာ ဖိနှိပ်ချုပ်ချယ်ခံရသူတွေ၊ ခွဲခြားခံရသူတွေ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ပြည်သူလူထု – အထူးသဖြင့် အစ္စလာမ်ကြောက်ရောဂါ ရှိနေသူတွေကို သက်သေပြချင်တာပါ”
    သူမ၏ အဆိုပါ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို Global Dream Ride ဟု အမည်ပေးထားပြီး ထို ခရီးစဉ်က မွတ်စလင်အမျိုးသမီးတစ်ဦးမှာ ရက်ပေါင်း ၃၇၀ အတွင်း နိုင်ငံပေါင်း ၄၀ ကို ဆိုင်ကယ်ဖြင့် သွားရောက်နိုင်နိုင်သည်ကို သက်သေပြနိုင်ခဲ့သည်ဟုလည်း အန်နီတာက ထပ်လောင်း ပြောကြားခဲ့သည်။
    သူမမှာ ထိုခရီးစဉ်အတွက် Givi နှင့် Yamaha တို့၏ စပွန်ဆာအပြင် သူမ၏ စုဆောင်းငွေ မလေးရှားရင်းဂစ် ၁၂၀၀၀၀ ကိုလည်း အသုံးပြုခဲ့သည်။
    “ဒါပေမယ့် ကျွန်မရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ ကျွန်မရောက်ရှိတဲ့ နိုင်ငံက ပြည်သူတွေကလည်း ကူညီခဲ့ကြပါတယ်။ နိုင်ငံအများစုက ကြင်နာတတ်သူတွေဟာ ကျွန်မကို အခမဲ့တည်းခိုဖို့၊ စားသောက်ဖို့ စီစဉ်ပေးတယ်။ သူတို့ရဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ အမြင်တွေကိုလည်း ကျွန်မ ပြောင်းလဲပေးခဲ့ပါတယ်” ဟု အန်နီတာက သူမ၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။
    အန်နီတာ၏ နောက်ထပ် ဆိုင်ကယ်ဖြင့် ခရီးသွားရန် ရည်မှန်းထားသည့် နေရာမှာ ဟိမ၀န္တာတောင်တန်း ဖြစ်လေသည်။
    “ဆိုင်ကယ်စီးတာက စွဲပါတယ်။ ကျွန်မ ကျောင်းက ကလေးတွေကိုလည်း စိတ်ဓာတ်မြှင့်ရေးစကားတွေ ပြောခဲ့ပါတယ်”
    အန်နီတာကမူ သူမ၏ ခရီးစဉ်တစ်လျှောက်တွင် ဘုရားသခင်နှင့် နီးကပ်မှုကို ခံစားခဲ့ရပြီး၊ လမ်းများက ဘ၀တက္ကသိုလ်များ ဖြစ်သည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် လူငယ်များအနေဖြင့် အခြားသောနိုင်ငံများထက် ပိုမိုကောင်းမွန်သည့် မိမိတို့နိုင်ငံတွင် စံစားရမှုများကို ကျေနပ်ကာ
    ၎င်းတို့၏ အိပ်မက်ကို မမှိတ်မသုန် အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
    Ref nst.com
  • သွေးနှောများ၏ နိုင်ငံသားကတ် လျှောက်ထားမှုများကို တိုင်း‌လ၀က ရုံးများတွင်‌သာ ထုတ်ပေးလျက်ရှိ
    သွေးနှောများ၏ နိုင်ငံသားကတ် လျှောက်ထားမှုများကို တိုင်း‌လ၀က ရုံးများတွင်‌သာ ထုတ်ပေးလျက်ရှိ
    အောက်တိုဘာ- ၄ ၊ ၂၀၁၆
    u-zaw-aye-maung
    ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆/၇အရ သွေးနှောများ၏ နိုင်ငံသားကတ်လျှောက်ထားမှုများကို မြို့နယ်ရုံးများတွင် လုပ်ပိုင်ခွင့်ပေးထားခြင်းမရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး လ၀ကဦးစီးမှူးရုံးများကသာ စိစစ်ခွင့်ပြုပြီး ဥပဒေနှင့်ညီညွတ်ပါက ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
    .
    အောက်တိုဘာ ၄ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတတိယနေ့တွင် တာမွေမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၏ နိုင်ငံသားကတ် လွယ်ကူလျှင်မြန်စွာပြုလုပ်ပေးရန် အစီအစဉ်ရှိမရှိ။ ဧည့်နိုင်ငံသားနှင့်ပြည်ပနို‌င်ငံသားများ အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေဆိုရာတွင် ၀န်ကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
    သွေးနှောများနှင့်ပတ်သက်ပြီး ကြန့်ကြာသည့်အမှုများစွာရှိပြီး အချက်အလက်များ ပြည့်စုံ မှန်ကန်၍ ဥပဒေနှင့် ညီညွတ်ပါက နိုင်ငံသားကတ်ကို မလွဲမသွေ ရရှိမည်ဖြစ်ကြောင်း ဦးဇော်အေးမောင်က ”၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၅အရ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ဆောင်ရွက်ထုတ်ပေးကြောင်း ၊ပုဒ်မ ၆/၇အရ သွေးနှော ဥပမာ(တရုတ်+ဗမာ၊ဗမာ+အိန္ဒိယ)များကို ဥပဒေနှင့်အညီ စိစစ်၍ သတ်မှတ်အရည်အချင်းပြည့်မီသူများအား တိုင်းရုံးကပဲထုတ်ပေးပါတယ်။ သွေးနှောဆိုလို့ရှိရင်။မြို့နယ်ကို အာဏာပေးမထားပါဘူး။ ‌သွေးနှောဖြစ်နေရင် တိုင်းအဆင့်ထိတင်ရပါတယ်။” ဟုဆိုသည်။
    .
    ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ၂၃ အရ သတ်မှတ် အရည်အချင်းနှင့်ပြည့်မီသူများအား ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်များကို ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိပြီး ရသင့်ရထိုက်သူများအနေဖြင့် အချက်အလက်ပြည့်စုံ မှန်ကန်စွာလျှောက်ထား ပါလျက်နှင့်မရရှိပါက ၄င်းထံသို့တိုင်ကြားနိုင်ကြောင်းနှင့် ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေပုဒ်မ၄၂၊၄၃၊၄၅၊၄၇နှင့်၆၅ အရ စီစစ်၍ သတ်မှတ် အရည်အချင်းနှင့်ပြည့်မီသူများအား မြန်မာနိုင်ငံသားပြုခွင့် စီစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့် လက်မှတ်များကို ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
    .
    ၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း (၅၁၄၈၆၂၅၃)ဦးရှိပြီးနိုင်ငံသား စိစစ်ရေး ကတ်ကိုင်ဆောင်သူ(၂၈၃၉၇၅၁၉)ဦး၊ ဧည့်နိုင်ငံသားကတ်ကိုင်ဆောင်သူ(၃၇၄၂၉)ဦး ၊နိုင်ငံသားပြုခွင့်ရသူကတ် ကိုင်ဆောင်သူ(၁၇၀၃၅၂)ဦး၊အမျိုးသားမှတ်ပုံတင်ကတ်ကိုင်ဆောင်သူ (၆၉၂၂၈၈)ဦး၊သာသနာဝင်ကတ် ကိုင်ဆောင်သူ(၂၄၇၇၆၅)ဦး၊ ယာယီ သက်သေခံကတ်ကိုင်ဆောင်သူ (၁၈၁၉၈၂)ဦးနှင့်မည်သည့်ကတ်မျှ မကိုင်ဆောင်သူ(၁၁၂၀၇၇၆၉)ဦးရှိသည်ဟုဖော်ပြထားသည်။
    ‌အောင်‌နိုင်‌ဦး
    ပြည်သူ့ခေတ် ဂျာနယ်မှ ကူးယူဖော်ပြသည်။
    https://www.facebook.com/peoplesagenews/posts/1215883795150739
    ဆက်စပ်သတင်းဖတ်ရန်
    ————————
    လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်
    လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်