News @ M-Media
Blog
  • ပဲရစ်တွင် ၀တ်လစ်စလစ် သွားလာနိုင်မည့်နေရာ ဖန်တီးမည်
    ပဲရစ်တွင် ၀တ်လစ်စလစ် သွားလာနိုင်မည့်နေရာ ဖန်တီးမည်
    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    – မွတ်စလင်အမျိးသမီးတွေရဲ့ ခန္ဓာကိုယ်လုံခြုံတဲ့ ရေကူးဝတ်စုံ Burkinis ၀တ်ဆင်မှုကို မြို့တွေတော်တော်များများမှာ ပိတ်ပင်ခဲ့တာကြောင့် ပြင်သစ်ဟာ နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုတွေကို ပြီးခဲ့တဲ့လတွေမှာ တော်တော်လေး ခံခဲ့ရပါတယ်။
    လုံလုံခြုံခြုံဝတ်စားပြီး သွားတာလာတာကို ပိတ်ပင်တယ်ဆိုရင် ၀တ်လစ်စလစ် သွားရမှာလား။ ဟုတ်ပါတယ်။ မကြာခင် ၀တ်လစ်စလစ်သွားတာဟာ ပြင်သစ်ရဲ့ မြို့တော်ကြီးဖြစ်တဲ့ ပဲရစ်မှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ပါဘူး။
    ဘာ့ကြောင့်လည်းဆိုတော့ ပြင်သစ်က ၀တ်လစ်စလစ်သာသွားရမယ့် နေရာတစ်ခုကို သတ်မှတ်ဖန်တီးပေးဖို့ ရှိနေလို့ပါပဲ။ မြို့တော်ပဲရစ်မှာ နောက်နှစ် နွေရာသီ အစောဆုံးထားပြီး ၀တ်လစ်စလစ်လည်ပတ်ရမယ့် ပန်းခြုံလို နေရာကို သတ်မှတ်မှာဖြစ်ပြီး လက်ရှိ ကနဦးစမ်းသပ်မှုအတွက် မြို့တော်ကောင်စီက ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။
    ကောင်စီဝင်တစ်ဦးဖြစ်သူ ဒေဗစ် ဘီလီယာ့ဒ်ကတော့ ပြင်သစ်နိုင်ငံမှာ မိမွေးဖမွေးအတိုင်း နေချင်သူ (nudist) ၂ သန်းလောက်ရှိပြီး ခရီးသွားလာမှုများတဲ့ ပွင့်လင်းရာသီမှာ ၂ ဆလောက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။
    “သူတို့အတွက် ပဲရစ်ဟာ ကမ္ဘာ့ထိပ်တန်း လည်ပတ်ရာနေရာဖြစ်ပေ့မယ်၊ ၀တ်လစ်စလစ် သွားဖို့နေရာတော့ မရှိပါဘူး။ ဒီ nudist တွေ အ၀တ်တွေချွတ်ပြီး လွတ်လွတ်လပ်လပ် သွားလာလို့ရမယ့် အပန်းဖြေနေရာလေးတစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးဖို့ ကြိုးစားနေပါတယ်” လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။
    ပဲရစ်ရဲ့ ဒုတိယမြို့တော်န် ဘရူနို ဂျူးလီယာ့ဒ်ကလည်း သူနဲ့ မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုတို့ဟာ ဒီနေရာကို မြို့စွန်မှာထားမယ်ဆိုရင် လက်မခံစရာမရှိဘဲ၊ ရေကန်တစ်ကန်နားမှာ၊ ဒါမှမဟုတ် ပြည်သူလူထုကို စိတ်အနှောက်အယှက် မဖြစ်နိုင်တဲ့ သတ်မှတ်ဧရိယာမျိုး ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
    Ref: foreingnpolicy
  • အစ္စရေးဝန်ကြီးချုပ်ဟောင်း ရှီမွန်ပဲရီစ် ကွယ်လွန်
    အစ္စရေးဝန်ကြီးချုပ်ဟောင်း ရှီမွန်ပဲရီစ် ကွယ်လွန်
    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    shimon
    – ပြီးခဲ့သည့် ၂ ပတ်က လေဖြတ်သွားခဲ့သည့် အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှိမွန်ပဲရီးစ်မှာ ယမန်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    အသက် ၉၃ နှစ်အရွယ်ရှိ ပဲရီစ်မှာ ၀န်ကြီးချုပ်အဖြစ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံ၏ ၉ယောက်မြောက်သမ္မတ ဖြစ်လာခဲ့သည်။ လေဖြတ်ပြီးနောက်ပိုင်း တလ်အဗီးရှိ ဆေးရုံတစ်ခုတွင် အသက်ရှုကိရိယာဖြင့် အသက်ဆက်နေရပြီးနောက် အခြေအနေမှာ အလွန်အမင်းဆိုးရွားလာကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
    အစ္စရေး၏ ပေါ်လစီရေးရာများ ချမှတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ပဲရီစ်၏ ဆောင်ရွက်မှုများတွင် ထင်ရှားသည့် အောင်မြင်မှုမှာ ပါလက်စတိုင်း-အစ္စရေး ပြဿနာအတွက် အော်စလိုတွင် ချုပ်ဆိုခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး ထိုစဉ်က အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ခ် ရာဘင်၊ ပါလက်စတိုင်းခေါင်းဆောင် ရာဇာအာရာဖတ်တို့နှင့်အတူ နိုဘယ် ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိခဲ့သည်။
    ၎င်း၏ သေဆုံးမှုကို သားဖြစ်သူ ချီမီက ယနေ့မနက်ပိုင်းတွင် ဆေးရုံ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
    အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ပဲရီစ်၏ ရုပ်အလောင်းကို ပါလီမန်တွင် ထားရှိမည်ဖြစ်ပြီး သောကြာနေ့တွင် ဈာပနာအခမ်းအနား ပြုလုပ်သွားမည်ဟု ဖော်ပြခဲ့ကြသည်။
    Ref: The Guardian
  • ရခိုင်မှ ဗလီများ ဖျက်သိမ်းမည့် အစီအစဉ် ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်း ညီညွတ်ရေးအဖွဲ့ တောင်းဆို
    ရခိုင်မှ ဗလီများ ဖျက်သိမ်းမည့် အစီအစဉ် ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်း ညီညွတ်ရေးအဖွဲ့ တောင်းဆို
    စက်တင်ဘာ ၂၈ ၊ ၂၀၁၆
    shawfi-khan-mosque
    ရခိုင်ပြည်နယ်မှ ဗလီတလုံး
    စက်တင်ဘာ ၂၇ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) ၏ ကြေ ညာချက်တွင် တရားမ၀င် ဆောက်လုပ်ထားသည်ဟု စွပ်စွဲခံထားရသည့် ရိုဟင်ဂျာလူမျိုးများ ၀တ်ပြုနေသော ဘာသာရေး ဆိုင်ရာ အဆောက်အအုံပေါင်းအပါအဝင် အဆောက်အအုံ သုံးထောင်ခန့်အား ဖျက်သိမ်းမည့် အစီစဉ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့ပါသည်။ ယင်း အစီစဉ်တွင် မွတ်စလင်အများစု နေထိုင်ရာ မောင်းတောနှင့် ဘူးသီးတောင်ခရိုင်များမှ ဗလီ ၁၂ လုံးနှင့် ဘာသာရေး စာသင်ကျောင်း ၃၅ ခု တို့လည်း အပါဝင်ဖြစ်သည်။
    ယင်း ဖျက်သိမ်းမည့် အမိန့်ကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဖြစ်သော ဗိုလ်မှူးကြီး ထိန်လင်းမှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး မောင်းတော ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်မှ ထပ်မံအတည်ပြု ပြော ကြားခဲ့ပါသည်။ သို့သော် မြန်မာတိုင်းမှ သတင်းပေးပို့ရာ၌ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်မူ ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် အနေဖြင့် မောင်းတောတွင်ရှိနေသည့် ဘာသာရေး အဆောက်အုံများကိုသာ တရားဝင်ဆောက်ထားခြင်း ဟုတ်/မဟုတ်ကိုသာ စုံစမ်းစစ်ဆေးမှု့ ပြုလုပ်ရန်သာ အစီစဉ်ရှိပြီး ဖြိုချဖျက်ဆီးမှု့ကိုတော့ မစတင်ရသေးကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါသည်။
    ပြည်တွင်းပြည်ပရှိ ရိုဟင်ဂျာ မွတ်စလင်အုပ်စုများ၏ စက်တင်ဘာလ ၂၃ရက်နေ့က ထုတ်ပြန်သော ပူးတွဲကြေညာချက် တစ် စောင်တွင် အဆိုပါအစီစဉ်မှာ ” ရိုဟင်ဂျာအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက် အံ့သြတုန်လှုပ်စရာ ဖြစ်ခဲ့ရသည်” ဟု ဖေါ်ပြ ထားပြီး ယင်းသို့ ဘာသာရေး အဆောက်အုံများအား ဖြိုချဖျက်ဆီးပစ်မည့် အစီစဉ်မှာ အကာကွယ်မဲ့နေသော ရိုဟင်ဂျာ လူမျိုးများကို အမြစ်ပြတ်ချေမှုန်းရန် နှင့် လူမျိုးတုန်းသန့်စင်ရန်အတွက်သာ စနစ်တကျရေးဆွဲထားသော သူတို့ (ရခိုင်အစိုး ရ၏) ရေရှည်စီမံကိန်းများထဲမှ တစ်ခုသာဖြစ်သည်ဟု ထပ်မံဖေါ်ပြထားပါသည်။
    ဘာသာရေးဆိုင်ရာ ၀တ္တိက သာသနနယ်မြေရှိ အဆောက်အအုံများကို အကာကွယ်ပေးရန်နှင့် ဘာသာရေးလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာယုံကြည်မှု့ကို မြှင်တင်ရန် အတွက် ဘာသာရေးအဆောက်အအုံများကို ဖြိုချဖျက်ဆီးပစ်မည့် အစီစဉ်များ ကို ရပ်တန့်ရန် အဆိုပါကြေညာချက်က တိုက်တွန်းထားသည်။ ဒေသတွင်း ပြောင်းရွေ့နေရာချခံထားရသော သူများ၏ နေအိမ်များကို နဂိုအတိုင်း ပြန်လည်နေရာချထားပေးရန်၊ သူတို့၏ သိမ်းဆည်းခံလိုက်ရသော ဥစ္စာပစ္စည်းများကို မူလပိုင် ရှင်ထံသို့ လက်ရောက်ပြန်လည်ပေးအပ်ရန်နှင့် အကူညီပေး၍မရအောင် ကန့်သတ်ပိတ်ပင်ထားမှု့များအား ဖယ်ရှားပစ်ခြင်း ဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင် အသိုင်းဝိုင်း၏ အခြေခံရပိုင်ခွင့် အခွင့်ရေးများကို ပြန်လည်ပေးအပ်ရန် အခြားကျန်ရှိသည့် ကြေညာချက်တွင် အခုလိုဖေါ်ပြထားပါသည်။
    မြန်မာပြည်မှ ရိုဟင်ဂျာများမှာ ၂၀၁၅-ခုနှစ်က ကျင်းပသည့် မြန်မာနိုင်ငံရွေးကောက်ပွဲတွင် သူတို့၏ မဲပေးသည့် အခွင့် ရေးများကို ဆုံးရှုံးခဲ့ရပြီး မကြာသေးခင်ကမှ ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင်လည်း ချန်လှပ် ထားခြင်းကို ခံခဲ့ရသည့်အပြင်၊ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ဆက်လက် ငြင်းဆန်ခံရနေဆဲဖြစ်သည်။ မေလ ၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ ပေးပို့ခဲ့သော ကြေညာချက်၌ CSW  က မြန်မာအစိုးရအား ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့နှင့် ဘာသာရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်မှု့ကို အားလုံးတို့အား အာမခံ ချက်ပေးဖို့ ဖေါ်ပြထားသည်။
    မကြာသေးခင်နှစ်များအတွင်း ရိုဟင်ဂျာတို့အပေါ်တွင် လူ့အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှု့များ၊ အလွဲသုံးစားလုပ်မှု့များ၊ ဖိနှိပ် ချုပ်ချယ်မှု့များ၊ ခွဲခြားဆက်ဆံမှု့များနှင့် အကြမ်းဖက်မှု့များမှာ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်။ ခန့်မှန်း ခြေ လူပေါင်း တစ်သိန်းခွဲခန့်မျှ ပြောင်းရွေ့နေရာချထားခြင်းကို ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အခြေနေတစ်ချို့ ရှိနေ သည်ဟု ကုလသမ္မဂ္ဂအရာရှိငယ်တစ်ချို့က ပြောကြားထားသည့် ယာယီစခန်းအတွင်းမှာသာ သူတို့ နေကြရလေသည်။ ရိုဟင်ဂျာ လူဦးရေ၏ ဆယ်ရာခိုင်နှုန်းကျော်မျှရှိသော၊ လူပေါင်း တစ်သိန်းကျော်ခန့်မှာလည်း ဖိနှိပ်ချုပ်ခြယ်မှု့များနှင့် ရင် ဆိုင်ခံခဲ့ရခြင်းကြောင့် တိုင်းပြည်တွင်းမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး သူတို့အနက်မှ ထောင်ပေါင်းများစွာမှာ လှေဖြင့် ထွက်ပြေး သွားစဉ်ကာလအတွင်း ပင်လယ်ထဲတွင် နစ်မြုပ်ခဲ့ကြရသည်။
    ” ရခိုင်ပြည်နယ်တွင်းက ဗလီတွေနဲ့ ဘာသာရေးစာသင်ကျောင်းတွေကို ဖျက်ဆီးပစ်မဲ့အကြံစည်တွေကို ကျွန်တော်တို့ အတော်လေးကို စိုးရိမ်ပူပန်မိပြီး မြန်မာအစိုးရကို ဒီလုပ်ရပ်တွေကနေ ရပ်တန်းကရပ်ပစ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပြော ကြားလိုပါတယ်။ ယင်းအဆောက်အအုံတွေကို ဖြိုချဖျက်ဆီးလိုက်ခြင်းက တိုင်းပြည်အတွင်းမှာ နောက်ထပ် ဆူပူအုံကြွမှု့ တွေကိုသာ ဆွပေးရာရောက်စေပြီး ဆိုးဆိုးဝါးဝါး ပထုတ်ဖယ်ကြဉ်ခံထားရလို့ လူမဆန်အောင် နှိပ်ကွပ်ခံထားရတဲ့ လူတစ် စုကို လူမျိုးတုန်းသုတ်သင်ဖို့အတွက် လောင်စာပစ်ထည့်လိုက်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်တို့က ဘာသာရေးလွတ်လပ် ခွင့်(ဒါမှမဟုတ်) အားလုံးနှင့်ဆိုင်တဲ့ ဘာသာရေးဆိုင်ရာယုံကြည်ချက်ကို မြှင့်တင်ပေးရန်နဲ့ အကာကွယ်ပေးရန်အတွက် မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်အပါအ၀င် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသအချို့တို့မှာ လူသားချင်းစာနာတဲ့ အကူညီတွေ ပေးအပ်နေမှု့တို့ကို တားဆီးနေတာတွေကို ဖယ်ရှားပစ်ဖို့နဲ့ ပဋိပက္ခ ကြောင့် ပြောင်းရွေ့လာရတဲ့ အိုးမဲ့အိမ်မဲ့နေသူတွေကို သူတို့ အမှန်တကယ်အရေးတကြီး လိုအပ်နေတဲ့ လူသား ချင်း စာနာထောက်ထားတဲ့  အကူညီတွေကို လက်ခံလာနိုင်တဲ့အထိ စိတ်ချယုံကြည်မှု့ရှိအောင်လို့ ကျွန်ုပ်တို့က အစိုးရကို တိုက် တွန်းအပ်ပါတယ်။ ” ဟု CSW ၏ အလုပ်အမှု့ဆောင်ချုပ်အဖွဲ့ အကြီးအကဲဖြစ်သူ မာဗင် သောမတ်စ် (Mervyn Thomas ) က ပြောကြားခဲ့ပါသည်။
    Mizzima English News တွင် ပါရှိသည့် Christian organisation calls for halt to plans to demolish mosques ကိုဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
    ရဲသူရိန်
  • အခြေခံ ကျန်းမာရေး စင်တာများ ဆောက်လုပ်မှု အော်ရီဒူးက ငွေကြေးထောက်ပံ့မည်
    အခြေခံ ကျန်းမာရေး စင်တာများ ဆောက်လုပ်မှု အော်ရီဒူးက ငွေကြေးထောက်ပံ့မည်
    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    ooredoo
    – မြန်မာနိုင်ငံတစ်ဝှမ်းတွင် အခြေခံ ကျန်မာရေး စောင့်ရှောက်မှုစင်တာ ၁၄ ခုမှ ၁၈ ခုအထိ တည်ဆောက် ဖွင့်လှစ်နိုင်ရန်အတွက် မိုဘိုင်းဖုန်း အော်ပရေတာတစ်ခုဖြစ်သော Ooredoo Myanmar က ငွေကြေး ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
    UNOPS ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်သွားမည့် အဆိုပါ စင်တာများမှာ ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ရေး၊ မွေးကင်းစနှင့် ကလေးများအတွက် ကျန်းမာရေးစောင့်ကြည်မှုတို့ကို အဓိကထားကာ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးအပ်သွားမည်ဟုဆိုသည်။
    ထို့ပြင် တီဘီရောဂါနှင့် ငှက်ဖျားတို့ကဲ့သို့ ကူးစက်ရောဂါများအား တိုက်ဖျက်ရေးတွင်လည်း ထိုစင်တာများက ကူညီသွားမည်ဖြစ်သည်။
    အော်ရီဒူးမှာ UNOPS ၏ ဖွံ့ဖြိုးရေးစီမံကိန်းအောက်၌ ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဦးများတွင်လည်း မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုကို တပ်ဆင်ပေးသွားရန် ရှိနေပြီး ကျန်မာရေးဝန်ထန်များအနေဖြင့် လူနာများအား အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနိုင်ရေးအတွက် အကူအညီဖြစ်စေမည် ဖြစ်သည်။
    “မရှိမဖြစ် လိုအပ်နေတဲ့ အဆောက်အဦးတွေကို ဒီလို ဆောက်လုပ်ပေးတဲ့ ကျွန်တော်တို့ရဲ့ ထောက်ပံ့ကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူတွေ အထူးသဖြင့် ချို့တဲ့နေသူတွေဟာ အရည်အသွင်းကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံစားရပါလိမ့်မယ်” ဟု Ooredoo Myanmar ၏ စီအီးအိုဖြစ်သူ မစ္စတာ ရီနီ မီဇာက ပြောကြားခဲ့သည်။
    UNOPS Myanmar ၏ ယာယီညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာ နီကိုလက်စ် ဂျော့ဂ်ျကလည်း မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရန် အော်ရီဒူး၏ နှစ်မြှုပ်ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    “အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတစ်ဝှမ်းက အဆင်းရဲဆုံး၊ အချို့တဲ့ဆုံး ပြည်သူတွေထဲက တစ်ချို့ရဲ့ ဘ၀တွေကို ထူးခြားအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်”
    Ref: unops.org
  • စစ်အုပ်ချုပ်ရေးစနစ်အောက် အိန္ဒိယ ဘာကြောင့် မကျရောက်ခဲ့သလဲ
    စစ်အုပ်ချုပ်ရေးစနစ်အောက် အိန္ဒိယ ဘာကြောင့် မကျရောက်ခဲ့သလဲ
    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    india
    – ၁၉၅၇ ခုနှစ်။ အိန္ဒိယ၀န်ကြီးချုပ် ဂျာဝဟလာနေရူး က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် သိမေယရဲ့ ရုံးခန်းထဲ ရောက်ခဲ့တယ်။ သူ့စားပွဲနောက်မှာ သံထည်ဘီရိုကြီးတစ်လုံးတွေ့တော့ အထဲမှာ ဘာတွေရှိနေလဲလို့ ၀န်ကြီးချုပ်က ဗိုလ်ချုပ်ကို မေးမြန်းတယ်။
    ဘီရိုရဲ့ အပေါ်ဆုံးအဆင့်ထဲမှာ ကာကွယ်ရေးအစီအစဉ်တွေ၊ ဒုတိယဆင့်ထဲမှာ နိုင်ငံ့ထိပ်တန်းဗိုလ်ချုပ်များရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်စာတွဲတွေ ရှိနေတယ်လို့ ဗိုလ်ချုပ်က ဖြေကြားတယ်။
    ဘီရိုရဲ့တတိယဆင့်ထဲမှာ ဘာတွေရှိနေသေးလဲလို့ နေရူးက မေးမြန်းတယ်။
    ဒီတော့ ဗိုလ်ချုပ်က “ခင်ဗျားကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့အတွက် ကျုပ်ရဲ့ လျှို့ဝှက်အစီအမံတွေ အဲ့ဒီထဲမှာ ရှိနေတယ်” လို့ မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။ ဒီတော့ နေရူးက တစ်ဖက်သားကို မခံချိမခံသာမဖြစ်စေဘဲ ပေါ့ပေါ့ပါးပါးနဲ့သာ ရယ်မောတုန့်ပြန်ခဲ့ပါတယ်။
    ကိုလိုနီခေတ်လွန် အာရှနဲ့ အာဖရိကနိုင်ငံများအတွင်း စစ်အာဏာသိမ်းမှုတွေက မထူးဆန်းတဲ့ အစဉ်အလာတစ်ရပ်လို ဖြစ်နေခဲ့ကြအတိုင်း ၁၉၅၀-၆၀ ခုနှစ်များအတွင်း အိန္ဒိယမှာလည်း ဒီကိစ္စက ဖြစ်မလာဘူးလို့ ပြောမရနိုင်ပါဘူး။ Times သတင်းထောက် Neville Maxwell ကလည်း လာမယ့်ရွေးကောက်ပွဲဟာ အိန္ဒိယအတွက် နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။
    အိန္ဒိယနိုင်ငံဟာ အနှေးနဲ့အမြန်ဆိုသလို စစ်အုပ်ချုပ်ရေးအောက် ရောက်လိမ့်မယ်လို့ ယုံကြည်နေသူက သူတစ်ဦးတည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အဆုံးသတ်တော့ စစ်အာဏာသိမ်းမှုဟာ အလျဉ်း ဖြစ်မလာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။
    ဘာကြောင့်လဲ ?
    —————–
    ဗြိတိသျှထံက နှစ်ပေါင်း ၂၅၀ ထိကြာအောင် အမွေခံခဲ့တဲ့ စည်းကမ်းကောင်းမှု၊ အရည်အသွေးမြင့်မားမှု၊ ဂုဏ်အရှိန်အ၀ါကြီးမှုတွေ ပိုင်ဆိုင်ထားပါလျက် အိန္ဒိယစစ်တပ်ဟာ အာဏာသိမ်းရေး ကြိုးပမ်းဖို့ အလျဉ်း မကြိုးစားခဲ့ဘူး။ စစ်တပ်က တစ်ချိန်ချိန်မှာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ ဒီပုံသေယူဆချက်က အလုပ်မဖြစ်လာခဲ့ဘူး။ အလားတူအစဉ်အလာထဲကနေ ကွဲထွက်လာတဲ့ ပါကစ္စတန်စစ်တပ်ရဲ့အင်အားစု ကြီးထွားလာမှုကို မဟန့်တားနိုင်တာကြောင့်လို့ ထင်စရာအကြောင်းရှိပါတယ်။
    ပါကစ္စတန်စစ်တပ်ဟာ အလားတူ အထူးတင်းပြည့်ကျပ်ပြည့် အင်အားစုတစ်ရပ်ဖြစ်ခဲ့တာကြောင့် တကယ်တမ်းမှာလည်း တိုင်းပြည် ချောက်ထဲကျတဲ့အခါ ကယ်တင်ဖို့တာဝန်ရှိနေတယ်ဆိုပြီး လက်လျှိုလှမ်းဝင်ခဲ့တယ်။ အဲ့ဒီလိုမျိုး စောဒက၀င်စရာ ရှိပါလိမ့်မယ်။
    စစ်အုပ်ချုပ်ရေးစနစ်အောက် အိန္ဒိယ ဘာကြောင့် မကျရောက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို စေ့စေ့စပ်စပ် လေ့လာပြီး အဖြေရှာကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံရေးသိပ္ပံပညာရှင် စတီဗင် ၀ီလ်ကင်ဆင်က သူ့ရဲ့ “တပ်မတော်နဲ့ နိုင်ငံတော်” စာအုပ်မှာ အကောင်းဆုံး တင်ပြထားပါတယ်။
    အိန္ဒိယမှာ အာဏာသိမ်းမှုမဖြစ်ပွားခဲ့တဲ့အပေါ် နားလည်နိုင်ဖို့ ပါကစ္စတန်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း လက်ဦးလေ့လာကြည့်ရင်လည်း မမှားပါဘူး။ ပါကစ္စတန် စစ်အုပ်ချုပ်ရေးနောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းတစ်ရပ်ရှိတယ်။ အခရာအကျဆုံးကတော့ စစ်တပ်(တပ်မတော်)ပဲဖြစ်ပါတယ်။
    တစ်ခါ အိန္ဒိယမှာ ကွန်ကရက်ပါတီက နှစ်ဖက်ခွဥပါယ်တံမျဉ်နဲ့ အင်အားကြီးထွားနေချိန် ပါကစ္စတန်ဖက်မှာတော့ ဂျင်းနားနဲ့သူ့အနီးကပ်လူများသာ ကြီးစိုးနေခဲ့တယ်။ ဒါကြောင့်လည်း အထူးသဖြင့် ဂျင်းနား ကွယ်လွန်သွားတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ပါကစ္စတန်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဘက်မညီမျှမှု အန္တရာယ်တစ်ရပ်ကို ကြုံတွေ့လာရတော့တယ်။
    ဘုရားသခင်ရဲ့ကောင်းခြီးပေးမှုလို့ ဆိုရတဲ့အထိ
    ————————————————
    ပါကစ္စတန်ရဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးက အကြောင်းမဲ့ ပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ ဥပမာဆိုရရင် ၁၉၅၀ ခုနှစ်များအတွင်း လာဟိုရ်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တယ်။ အရပ်သားအာဏာပိုင်များက မထိန်းချုပ်မထိန်းသိမ်းနိုင်ခဲ့ကြဘူး။ နောက်ဆုံးမှာတော့ စစ်တပ်ကို ဆင့်ခေါ်လိုက်ရတယ်။ စစ်တပ်က ဒီပြဿနာကို အချိန်တိုတိုအတွင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ထိန်းသိမ်းလိုက်တယ်။
    အဲ့ဒီနောက် စစ်ဦးစီးအရာရှိက တမူထူးခြားတဲ့ တောင်းဆိုချက်တစ်ခုပြုလုပ်ခဲ့တယ်။ မိမိရဲ့တပ်ဖွဲ့တွေ စစ်တန်းလျားကို မပြန်မီ ရက်အနည်းငယ် အချိန်ပေးဖို့တောင်းဆိုတယ်။ အဲ့ဒီရက်အနည်းငယ်အတွင်း စစ်တပ်က မြို့တော်သန့်ရှင်းရေးတွေ ပြုလုပ်တယ်၊ အများပြည်သူဆိုင်ရာအဆောက်အဦတွေကို ဆေးသုတ်ပေးတယ်၊ လမ်းများကို ပြုပြင်ပေးတယ်၊ တရားမ၀င်အဆောက်အဦများနဲ့ သစ်ပင်အမှိုက်များကို ရှင်းလင်းပေးကြတယ်။ ကာလအတန်ကြာ ကျောခိုင်းထားခံရတဲ့ လူထုဆိုင်ရာဝတ္တရားတွေကို ဆောင်ရွက်ပေးပြီးတဲ့နောက် စစ်တပ်ကလည်း ဘာအသံမှမထွက်ဘဲ ဆုတ်ခွာထွက်လာခဲ့ကြတယ်။ လာဟိုရ်မြို့ကြီးကလည်း တပ်မြို့တပ်နယ်လေးတစ်ခုအလား သန့်ရှင်းသပ်ရပ်စွာ ကျန်ရစ်ခဲ့တယ်။
    အရပ်သားအာဏာပိုင်တွေဖက်က နှစ်ပေါင်းများစွာ ပျက်ကွက်နေခဲ့မှုများကို စစ်တပ်က ရက်ပိုင်းအတွင်း စီမံဆောင်ရွက်ပြောင်းလဲပေးလိုက်နိုင်တဲ့အတွက် စစ်တပ်က လူထုရဲ့ အထင်ကြီးလေးစားမှုကို သိမ်းပိုက်ရယူသွားနိုင်ခဲ့တယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ် ပါကစ္စတန်ရဲ့ ပြည်တွင်းနိုင်ငံရေး ပရမ်းပတာအခြေအနေကို ဘုရင်ခံချုပ်က မာရှယ်လောထုတ်ပြီး တုန့်ပြန်တယ်၊ စစ်တပ်ကို ခေါ်ယူလိုက်တယ်။ ဒီသတင်းကို လူထုတို့ကလည်း လိုလိုလားလား ကြိုဆိုခဲ့ကြတယ်။ “ဘုရားသခင်ရဲ့ကောင်းခြီးပေးမှု” လို့တောင် လူထုအကြား ဆိုစမှတ်ပြုရတဲ့အထိ ဖြစ်ခဲ့တယ်။
    နောက်နှစ်အနည်းငယ်အကြာ ဗိုလ်ချုပ် အိုင်ယုဗ်ခန်းရဲ့ သမ္မတသက်တမ်းအတွင်း ပါကစ္စတန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ထူးထူးခြားခြား မှတ်တိုင်စိုက်ထူနိုင်တဲ့ ကာလတစ်ရပ် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ရှောင်ဖယ်မရတဲ့ ဓမ္မတာအတိုင်း စစ်တပ်ကိုယ်၌က အကျင့်ပျက်ခြစားပြီး သြဇာမှေးမှိန်သွားတာပါပဲ။
    အိန္ဒိယစစ်တပ်အား ပြုပြင်ပြောင်းလဲခြင်း
    ——————————————–
    အိန္ဒိယစစ်တပ်လည်း ပါကစ္စတန်စစ်တပ်ရဲ့ အလားတူအစဉ်အလာအတိုင်း ပေါ်ပေါက်လာခဲ့တာပါပဲ။ ဗြိတိသျှလက်ထက် အိန္ဒိယစစ်တပ်ဟာ နိုင်ငံ့မူဝါဒရေးရာဇာတ်ရုပ်တစ်ခု အပါအ၀င် ဖြစ်တဲ့အထိ အလေးထားနေရာရခဲ့တယ်။ စစ်ဦးချုပ်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့အပြင် ဘုရင်ခံချုပ်ရဲ့နောက် ဒုတိယမြောက် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်မှာတော့ အနေအထား အပြောင်းအလဲ ဖြစ်သွားပါတယ်။
    အိန္ဒိယပြည်သစ်အနေနဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ ၀န်ကြီးချုပ်နေရူးက သုံးသပ်တယ်။ အဲ့ဒီနောက် အရပ်ဖက်အာဏာပိုင်ရဲ့ လက်အောက်ခံ အခိုင်အမာ ဖြစ်လာရေးအတွက် မူဝါဒတစ်ရပ်ကို စတင်ခဲ့တယ်။ ဒါဟာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးပြုလုပ်ဆောင်ရွက်မှုများထဲက တစ်ခုအပါအ၀င်ဖြစ်တယ်။ စစ်တပ်အကြီးအကဲကို ၀န်ကြီးချုပ်နေရာအစား တပ်မတော်နယ်ပယ်ထဲမှာ အဆင့်မြင့်မြင့် တာဝန်ယူစေခဲ့တယ်။ ဒါဟာ အသေးအဖွဲပင်ဖြစ်လင့်ကစား စဦးခြေလှမ်းတစ်ရပ်ဆိုတာ ထင်ရှားပါတယ်။
    ဆက်တိုက်ဆိုသလိုပဲ ဗြိတိသျှခေတ်က အတိုင်းထက်အလွန် ပေးကမ်းထားတဲ့ စစ်အရာရှိလစာများ အပါအ၀င် ဘတ်ဂျက်အသုံးစားရိတ် လျှော့ချ/ဖြတ်တောက်ရေးအစီအစဉ်များကိုလည်း ဆောင်ရွက်ခဲ့တယ်။
    အိန္ဒိယရဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး ကာရီယာပါ က အစိုးရရဲ့ စီးပွားရေးရာဆောင်ရွက်ချက်အပေါ် လူသိရှင်ကြား ဝေဖန်တဲ့အခါ မဆိုင်းမတွဘဲ ပြည်သူများရဲ့ ချောင်ထိုးခြင်းကို ခံလိုက်ရပါတော့တယ်။ အဲ့ဒီနောက် သူက မိမိနဲ့ မသက်ဆိုင်တဲ့အရေးအရာတွေမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ မှာကြားခဲ့ပါတယ်။
    လက်နက်ကိုင်တပ်ဖွဲ့များနဲ့ အိန္ဒိယလူ့အဖွဲ့အစည်းပေါ်က သူတို့ရဲ့သြဇာလွှမ်းမိုးမှုကို စနစ်တကျ သိမ်းသွင်းပြုပြင်တဲ့ အစီအစဉ်တစ်ရပ် ဆောင်ရွက်ပြုလုပ်ခဲ့တယ်။ နှစ်များစွာလွန်မြောက်ပြီး ၁၉၅၈ ခုနှစ်ရောက်တော့ အိမ်နီးချင်း ပါကစ္စတန်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားလာတော့တယ်။ စစ်ဦးစီးဘ၀ကနေ လောလောလတ်လတ် အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာရီယာပါ အဖို့ အဲ့ဒါဟာ တိတ်တခိုး အမွှမ်းတင်စရာ ဖြစ်စဉ်တစ်ခုပေါ့။
    အသိအမှတ်ပြုမခံရတဲ့ အောင်မြင်မှုတစ်ရပ်
    ———————————————
    ၁၉၇၀ နှစ်များအရောက်မှာတော့ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များရဲ့ အာဏာသိမ်းလိုတဲ့ဗီဇဟာ ထည့်သွင်းအကောင်အထည်ဖော်လိုက်တဲ့ checks and balances အမြင်ကျယ်ကျယ် ချိန်ထိုးထိန်းညှိခြင်းစနစ်အောက်မှာ အကြွင်းမဲ့ တည်ငြိမ်သွားခဲ့တယ်။ ဒါဟာ နေရူးအစိုးရလက်ထက် ဒီမိုကရေစီစနစ်ကို တာရှည်ခံသွားစေတဲ့ အဓိက အောင်မြင်မှုများထဲက တစ်ခုဖြစ်တယ်လို့ သုံးသပ်နိုင်ပါလိမ့်မယ်။ တောင်အာရှဒေသအတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ တို့မှာ စစ်အာဏာသိမ်းမှု သို့မဟုတ် အာဏာသိမ်းကြိုးပမ်းမှုတွေကို သိသာထင်ရှားစွာ တွေ့ကြုံခဲ့ရသော်လည်း အိန္ဒိယတစ်နိုင်ငံတည်း လွတ်ကင်းနေခဲ့တယ်။ ဒီအဖြစ်က အထူးတလည် အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ အောင်မြင်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
    အဆုံးသတ် ထွက်ရှိလာတဲ့အဖြေကို ကြည့်ပါလေ။ ဗိုလ်ချုပ် V. K. Singh ရဲ့ လှုံ့ဆော်မှုအားဖြင့် (သူဦးဆောင်တဲ့)တပ်ဖွဲ့များက ဒေလီမြို့ကို တိတ်တဆိတ် ထွက်လာပြီးး စစ်အာဏာသိမ်းကြိုးပမ်းချက်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းစာများက အထိတ်တလန့်နဲ့ ဦးစားပေး ဖော်ပြရေးသားခဲ့ကြတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုတွေက ဒီသတင်းအပေါ် အဓိပ္ပာယ်မဲ့လုပ်ရပ်တစ်ခုအဖြစ်ပြောဆိုပြီး အလေးမထားကရုမစိုက်ဘဲ အားကစားစာမျက်နှာကိုသာ လှန်လျောကြည့်ရှုလိုက်ကြပါတော့တယ်။
    လူထုအားလုံးက ပြတ်သားညီညွတ်ကြရင် စစ်အာဏာရှင်စနစ် မရှင်သန်နိုင်ကြောင်း သင်ခန်းစာကောင်းတစ်ခု ဖြစ်စေပါတယ်။
    ××××××××××××××××××
    မြင့်မိုရ်မောင်မောင်
    (Anvar Alikhan ၏ Why India has never seen a military dictatorship ဆောင်းပါးကို မှီးပါသည်)