News @ M-Media

Blog

  • မှတ်တမ်းသစ်ရခဲ့တဲ့ လက်စတာ၊ ရီးယဲလ်တို့ စိတ်ပျက်ခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    မှတ်တမ်းသစ်ရခဲ့တဲ့ လက်စတာ၊ ရီးယဲလ်တို့ စိတ်ပျက်ခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    cham

    – ဒီနေ့မနက်မှာ ချန်ပီယံလိဂ် အုပ်စုလေးခုရဲ့ ဒုတိယပွဲစဉ်တွေကို ကစားခဲ့ပြီး လက်စတာအသင်းက အင်္ဂလန်အသင်းတွေထဲမှာ မှတ်တမ်းသစ်ရရှိခဲ့ကာ ပရီးမီးယားလိဂ် နောက်တစ်သင်းဖြစ်တဲ့ စပါးကလည်း အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ကတာ့ ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် သရေသာ ရခဲ့ပါတယ်။

    အုပ်စု E
    ———-
    စီအက်စ်ကေအေ ၀-၁ စပါး
    မိုနာကို ၁-၁ လေဗာကူဆင်

    အဖွင့်ပွဲ အိမ်ကွင်းမှာ မိုနာဂိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပါးတို့ ဒီနေ့မနက်မှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး လိုအပ်တဲ့ အနိုင်ကို ရရှိခဲ့ပါတယ်။ အိမ်ရှင်ကို ဖိအားပေးနိုင်ခဲ့တဲ့ စပါး ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပြီး ၇၁ မိနစ်ကျမှ လမယ်လာရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဟွန်မင်ဆွန်က အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဟွန်မင်ဆွန်အတွက် နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးမြာက်လည်းဖြစ်ပါတယ်။

    လေဗာကူဆင်တို့ အသည်းကွဲခဲ့ရတဲ့ပွဲပါ။ ဂိုးသွင်းခွင့်အသာ ရခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ဟာနန်ဒက်ဇ်က ၇၃ မိနစ်မှာ သွင်းယူနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာမှ ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် အဖိုးတန် ၂ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ရှင်အတွက် သူရဲ့ကောင်းဖြစ်ခဲ့သူကတော့ ချေပဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူ ကမီလ် ဂျီလစ်ဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာ အသင်းအတွက် ၃ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပါတယ်။

    အုပ်စု F
    ———-
    ဒေါ့မွန် ၂-၂ ရီးယဲလ်
    စပို့တင်း ၂-၀ လီဂီယာ ၀ါဇာဝါ

    ရီးယဲလ်ကတော့ သရေသံသရာထဲက မထွက်နိုင်သေးပါဘူး။ စနေနေ့က လက်စ်ပါးလ်မက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဦဆောင်ဂိုးတွေ အရင်သွင်းခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ ကံကြမ္မာအတိုင်း ဒီနေ့မနက်မှာ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ခု ကျေနပ်ရမှာက ရော်နယ်ဒို ခြေစွမ်းပြပြီး ၁ ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပြီး သရေက နှစ်ဖက်စလုံးအတွက် မျှတတယ်လို့ ပြောလို့ရပါတယ်။

    စပို့တင်းရဲ့ လီဂီယာအသင်းအပေါ်အနိုင်ကတော့ သက်တောင့်သက်သာ ရခဲ့တာပါ။ ပထမပိုင်းမှာ မိနစ် ၄၀ မပြည့်ခင်မှာတင်ပဲ ၂ ဂိုးပြတ်ခဲ့ပြီး ဧည့်သည်အသင်းကတော့ ဂိုးပေါက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်ခွင့် တစ်ကြိမ်တောင် မရခဲ့ပါဘူး။

    အုပ်စု G
    ———-
    ကိုပင်ဟေဂင် ၄-၀ ကလပ် ဘရုဂျက်
    လက်စတာ ၁-၀ ပေါ်တို

    ဂိုးပေါက်ခြိမ်းခြောက်မှု ၁၁ ကြိမ်ရှိခဲ့တဲ့ ကိုပင်ဟေဂင်တို့ ၄ ဂိုးရခဲ့တာက သိပ်အံ့သြစရာမရှိပါဘူး။ ဒါတောင် ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပါသေးတယ်။ အဖွင့်ပွဲမှာ လက်စတာကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ဘရုဂျက်ကတော့ အိမ်ရှင်ကို လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။

    တိုက်စစ်မှူသစ် အစ္စလာမ် စလီမာနီရဲ့ ပထမပိုင်း ၂၅ မိနစ် ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လက်စတာတို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲ ချန်ပီယံလိဂ် ပထမဆုံးရာသီမှာ ပထမဆုံး ၂ ပွဲဆက်အနိုင်ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ ပေါ်တိုက အသာရခဲ့တာဖြစ်ပြီး အပိုင်ကန်သွင်းချက်တွေ တိုင်ထိထွက်တာ လက်စတာဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြ ကာကွယ်သွားနိုင်တာကြောင့် အိမ်ရှင်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။

    အုပ်စု H
    ———
    ဒိုင်နမို ဇာဂရဘ် ၀-၄ ဂျူဗင်တပ်စ်
    ဆီးဗီးလား ၁-၀ လိုင်ယွန်

    အဝေးကွင်းဖြစ်ပေမယ့် စီးရီးအေချန်ပီယံတို့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ထမပိုင်း ၂ ဂိုး ဒုတိယပိုင်း ၂ ဂိုးရခဲ့ကာ အုပ်စု H ကို ရာနှုန်းပြည့်အနိုင်နဲ့ ဦးဆောင်ခဲ့ပါတယ်။

    ဆီးဗီးလားနဲ့ လိုင်ယွန်တို့ရဲ့ပွဲကတော့ အပြန်အလှန်ရှိခဲ့ပြီး အဆုံးသတ်သေချာတဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးကိုတော့ ၀ီဆမ် ဘင် ယဒ်ဒါက ဒုတိယပိုင်း ၅၂ မိနစ်မှာ သွင်းပေးခဲ့တာဖြစ်ပြီး ၆၉ မိနစ်မှာရတဲ့ ပင်နယ်တီကို ဗီယက်တိုက ၀င်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ၁ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

  • ကလင်တန်နဲ့ ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲမှာ ဘာတွေပြောခဲ့သလဲ

    ကလင်တန်နဲ့ ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲမှာ ဘာတွေပြောခဲ့သလဲ

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    debate

    – လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံရမယ့် အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်နဲ့ ရီပက်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်တို့ဟာ ယမန်နေ့မှာ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ပြီး လူမျိုးရေးခွဲခြားမှု၊ စီးပွားရေးနဲ့ နိုင်ငံခြားရေးရာ ပေါ်လစီတွေအကြောင်းကို အချေအတင် ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

    ကလင်တန်ကတော့ ထရမ့်ဟာ လူမျိုးရေးခွဲခြားသူ၊ တဏှာကျူးသူ၊ အခွန်ရှောင်သူလို့ စွပ်စွဲပြောဆိုခဲ့ပြီး သူဌေးကြီး ထရမ့်က ကလင်တန်ရဲ့ နိုင်ငံရေးသားမားဘ၀ကို ထိုးနှက်ခဲ့သလို အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန် သူ့ရဲ့ ဆောင်ရွက်မှုတွေအတွက် တာဝန်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    နယူးယောက်က Hofstra တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုအတွင်းမှာ ကြိုတင်လက်ဦးမှု အရနိုင်ဆုံး အချိန်ဖြစ်ပြီး နှစ်ဖက်စလုံးက တက်ရောက်လာတဲ့ ပရိသတ်တွေကလည်း စံချိန်တင် များပြားခဲ့ပါတယ်။

    သူတို့နှစ်ယောက် အခြေအတင် အပြောဆုံး ကိစ္စတွေထဲမှာ ထရမ့်က နှစ်တော်တော်ကြာ စောကဒကတက်ခဲ့တဲ့ သမ္မတ အိုဘားမားဟာ အမေရိကန်မှာမွေးတာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတဲ့ ကိစ္စလည်း ပါဝင်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်။

    အိုဘားမားဟာ ဟာဝိုင်ယီမှာ မွေးခဲ့တယ်ဆိုတာ ၂၀၁၁ ခုနှစ်မှာ မွေးစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီပြဿနာ အဆုံးသတ်သွားပေမယ့် ဒီလအစောပိုင်းမှာ ထရမ့်က သူ့အနေနဲ့ အိုဘားမား အမေရိကန်မှာ မွေးခဲ့တယ်ဆိုတာ ယုံကြည်တယ်လို့ ထေ့ငေါ့ပြောကြားခဲ့ပါတယ်။

    ဟီလာရီက ဒီအချက်ကို ပြန်လည်ချေပခဲ့ပါတယ်။

    “သူ (ထရမ့်) က ကျွန်မတို့ရဲ့ ပထမဆုံး လူမည်းသမ္မတဟာ အမေရိကန်နိုင်ငံသား မဟုတ်ဘူးဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ မုသားကို အခြေခံပြီး နိုင်ငံရေးစင်မြင့်ကို တက်လာခဲ့တာပါ။ ဒီအတွက် အထောက်အထား လုံးဝ မရှိပါဘူး။ ဒါပေမယ့် သူကခံငြင်းလာတာ နှစ်ပေါင်းမနည်းတော့ဘူး” လို့ ကလင်တက ဆိုပါတယ်။

    ထရမ့်ကတော့ မရှော့ဘဲ အဲဒီသူရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်ကို ဆက်လက်စွဲကိုင်ထားခဲ့ပြီး ၂၀၀၈ မဲဆွယ်ပွဲမှာ အိုဘားမားကို ကလင်တန် ရှုံးနိမ့်မှုက ဒီ မွေးစားရင်းပြဿနာကို ဖြစ်စေခဲ့တယ်ဆိုပြီး ကလင်တန်ကို အပြစ်ဖို့ခဲ့ပြန်ပါတယ်။

    နောက်ပြီး ထရမ့်က ရာဇ၀တ်မှုတွေကို လျှော့ချဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သံသယရှိသူကို ချက်ခြင်း ရပ်တန့် ရှာဖွေနိုင်တဲ့ နည်းစနစ် (stop-and-frisk policing) ကို အသုံးပြုဖို့ ထောက်ခံခဲ့ပြီး ကလင်တန်ကတော့ ဒါဟာ အခြေခံဥပဒေနဲ့ မညီညွတ်သလို ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    နိုင်ငံခြားရေး ပေါ်လစီ

    ထရမ့်ကတော့ ကလင်တန်အနေနဲ့ သမ္မတဖြစ်လာရင် ပြည်တွင်းနဲ့ နိုင်ငံတကာ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကတိပေးထားပေမယ့် သူ့ရဲ့ နိုင်ငံရေးသမားဘ၀မှာ ဒါတွေကို ဖြေရှင်းနိုင်တဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့သူ ဖြစ်တယ်လို့ ထိုးနှက်ခဲ့ပါတယ်။

    “သူမမှာ အတွေ့အကြံရှိပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အတွေ့အကြံတော့မဟုတ်ပါဘူး” လို ထရမ့်က ဆိုပါတယ်။

    နောက်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ကလင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှု မျိုးစေ့ကို ချပေးခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

    “ဒီအရှုပ်ထုပ်ကို ခင်ဗျားက ပိုကြီးအောင်လုပ်ခဲ့တယ်” လို့ ကလင်တန်ကို ထရမ့်က ပြောခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေးအစီအစဉ်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့မှုကိုလည်း ထရမ့်က ကာကွယ်ခဲ့ပါတယ်။

    “ခင်ဗျားဘာလုပ်ချင်တယ်ဆိုတာ ခင်ဗျားရဲ့ရန်သူကို ပြောပြမှာလား။ ခင်ဗျား လူလားမြောက်တဲ့အချိန် တစ်လျှောက်လုံး IS ကို တိုက်နေရမယ်ဆိုတာ သိပ် အံ့သြစရာတော့ မရှိပါဘူး” လို့ ထရမ့်က ပြာကြားခဲ့ပြီး ကလင်တန်ကတော့ အနည်းဆုံး ဒီအဖွဲ့ကို တိုက်ထုတ်ဖို့ စီမံကိန်း တစ်ခုတော့ ရှိရမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ၂၀၀၃ ခုနှစ် အီရတ်ကို မကျူးကျော်ခင်က အဲဒီစစ်ပွဲကို မိမိအနနဲ့ ဆန့်ကျင်ခဲ့တယ်လို့ ထရမ့်က ပြောထားပေမယ့် လက်တွေ့ အထောက်အထားတွေကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။

    ၂၀၁၁ ခုနှစ်မှာ အီရတ်နိုင်ငံကနေ အမရိကန်တပ်တွေ အများစုကို ဆုတ်ခွာခဲ့တဲ့အချိန်တုန်းက ကလင်တန်နဲ့ အိုဘားမားဟာ လုံခြုံရေးကို လစ်ဟာအောင် လုပ်လိုက်ပြီလို့ ထရမ့်ကိုယ်တိုင်က ပြောခဲ့ဖူးပြီး၊ တပ်တွေ တော်တော်များများ ဆက်ရှိမယ်ဆိုရင် IS အကြမ်းဖက်အဖွဲ့ လှုပ်ရှားလို့ရမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

    ကလင်တန်ကတော့ ထရမ့်ဟာ အီရတ်ကျူးကျော်မှုကို ထေက်ခံခဲ့သူဖြစ်ပြီး အမေရိတပ်တွေ အီရတ်ကထွက်ခွာဖို့ သဘောတူညီချက်ဟာ ရီပက်ဘလစ်ကန်ပါတီက သမ္မတဖြစ်ခဲ့သူ ဂျော့ ဘုရှ် ပြုလုပ်ခဲ့တာဖြစ်ပြီး အိုဘားမား မဟုတ်ဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    နျူလက်နက် အသုံးပြုမှုနဲ့ပတ်သက်လို့လည်း ထရမ့်က စကားနှစ်ခွ ပြောခဲ့ပြီး ပထမပိုင်းမှာ သူ့အနေနဲ့ နျူလက်နက်နဲ့ ‘အရင်ဆုံး တိုက်ခိုက်မှာမဟုတ်ဘူး’ လို့ ပြောပေမယ့်။ နောက်ပိုင်းမှာတော့ ‘လုံးဝတိုက်ခိုက်မှာမဟုတ်ဘူး’ လို့ ဆိုပြန်ပါတယ်။

    ကလင်တန်ကတော့ ထရမ့်ဟာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆောင်ရွက်ဖို့ သိပ်ကို နုလွန်းသေးပြီး နိုင်ငံကို နျူးကလီးယားပါဝင်တဲ့ စစ်ပွဲတွေအထိ ဆွဲခေါ်သွားနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    “Twitter လိုနေရာမျိုးကနေ လျှောက်အော်တတ်သူတစ်ယောက်ရဲ့လက်ကို နျူလက်နက်ရဲ့ ကုတ်နံပါတ်နားမှာ သွားထားလို့ မရပါဘူး” လို့ ကလင်တန်ကဆိုပါတယ်။

    ထရမ့်ကတော့ “ဒါနည်းက နည်နည်းဟောင်းသွားပြီဗျ” လို့ တုန့်ပြန်ခဲ့ပါတယ်။

    အခွန်နဲ့ အီးမေးလ်ကိစ္စ

    စီးပွားရေးမှာလည်း သူတို့နှစ်ယောက်ဟာ အခြေအအတင် ဆွေးနွေးခဲ့ကြပြီး ကလင်တန်က လူလတ်တန်းစားတွေအတွက် အတိုးနှုန်းကို လျှော့ချမယ်လို့ဆိုကာ ထရမ့်ကတော့ ကုမ္ပဏီတွေကို အမေရိကန်ပြင်ပ ထွက်ခွာသွားစေတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ အခွန်ပြေစာ မထုတ်ပြန်တာကို ကလင်တန်က ထောက်ပြပြီး သူလေလုံးထွားသလောက် ချမ်းသာလား၊ ပရဟိတ်လုပ်ငန်းတွေ လုပ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

    “သူ ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတယ်ရှင့်” လို့ ကလင်တန်ကဆိုပြီး လက်ရှိအချိန်မှာ စာရင်းစစ်နေတာမို့ ဒီပြစာကို ထုတ်ပြန်မှာမဟုတ်ဘူးလို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။ အခွန်ကျွမ်းကျင်သူတွေကတော့ စာရင်းစစ်မှုကြောင့် ထရမ့်ရဲ့ အခွန်ပြေစာ ထုတ်ပြန်မှုကို အဟန့်အတားဖြစ်စရာ မလိုဘူးလို့ ပြောကြာထားပါတယ်။

    ကလင်တန်က ဒါနဲ့တင် မကျေနပ်သေးပါဘူး။ ထရမ့်အနေနဲ့ အခွန်ပြေစာကို မပြတာဟာ သူကိုယ်တိုင် အခွန်မဆောင်လို့ဖြစ်မယ်ဆိုပြီး ထပ်လောင်း ဝေဖန်ခဲ့ပါတယ်။ ထရမ့်ကတော့ အဲဒီအချိန်မှာ ကြားဖြတ်ပြီး “ဒါက ကျွန်တော့်ကို စမတ်ဖြစ်အောင်လုပ်လိုက်ပြီ” လို့ ပြောဆိုခဲ့ပါတယ်။

    ထရမ့်ကလည်း ပွင့်လင်းမြင်သာရှိမှုနဲ့ပတ်သက်ပြီး ကလင်တန်ကို မေးခွန်းပြန်ထုတ်ခဲ့ကာ ဒီတစ်ခါမှာတော့ ကလင်တန် ဖျက်ပစ်ခဲ့တဲ့ အီးမေးလ် ၃၃၀၀၀ ကို ချပြရင် သူ့ရဲ့ အခွန်ပြေစာကိုလည်း ထုတ်ပြမယ်လို့ ဆိုပါတယ်။ နောက်ပြီး နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်မှာ ပုဂ္ဂလိက အီးမေလ်းဆာဗာကို အသုံးပြုတဲ့အတွက် ချီးကျူးတယ်လို့ အရွဲ့တိုက်ခဲ့ပါသေးတယ်။

    စကားစစ်ထိုးပွဲရဲ့ အဆုံးပိုငှ်းာတော့ ထရမ့်က ကလင်တန်ဟာ သမ္မတတစ်ယောက်အဖြစ် ကြံ့ကြံ့ခိုင်နိုင်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

    “သူ့မှာ ရုပ်ရည်မရှိသလို သက်လုံလည်း မရှိပါဘူး”

    အရင်ကလည်း ထရမ့်ဟာ ကလင်တန်နဲ့ပတ်သက်လို့ ဒီလိုပြောကြားခဲ့ဖူးပြီး ကလင်တန်ကို ထောက်ခံသူတွေကတော့ ထရမ့်ဟာ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းကို လိင်ပိုင်းဆိုင်ရာ သဘောတရားနဲ့ တိုက်ခိုက်တယ်လို့ဆိုကာ ဒေါသူပုန် ထားခဲ့ပါတယ်။

    ကလင်တန်ကလည်း အခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့ပြီး အရင်က ထရမ့်အနေနဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး စော်ကားပြောဆိုခဲ့မှုကို ထောက်ပြခဲ့ပါတယ်။

    “ဒီလူဟာ အမျိုးသမီးတွေကို ၀က်တွေ၊ ဘုတ်ထိုင်းတွေ၊ ခွေးတွေလို့ ချိုးချိုးနှိမ်နှိမ် ခေါ်ဝေါ်ခဲ့သူပါ” လို့ သူမက ဆိုပါတယ်။

    နောက်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ထရမ့်ကို စိန်ခေါ်ခဲ့ပါတယ်။

    “နိုင်ငံပေါင်း ၁၁၂ နိုင်ငံကိုသွားပြီး ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး၊ သဘောထားကွဲလွဲသူတွေ လွှတ်ပေးရး သေဘောတူညီချက်ရအောင် လုပ်ပြီးမှ၊ ဒါမှမဟုတ် အောက်လွှတ်တော် ကော်မတီအရှေ့မှာ ၁၁ နာရီလောက် အစီရင်ခံပြီးမှ သူ့အနေနဲ့ သက်လုံအကြောင်းပြောတာ ကောင်းပါလိမ့်မယ်”

    Quinnipiac တက္ကသိုလ်က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုမှာ ကလင်တန်ကို ထောက်ခံသူအရေအတွက်ဟာ ၄၇ ရာခိုင်နှုန်းရှိပြီး ထရမ့်ကို ထောက်ခံသူကတော့ ၄၆ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။

    “သိပ်ကောင်းတယ်လို့ ခံစားရပါတယ်” လို့ ဒီစစ်တမ်းနဲ့ပတ်သက်ပြီး ထရမ့်းက ယမန်နေ့ စကားစစ်ထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံရေးလေ့လာသူ ယာဆန် ဂျွန်ဆန်ကတော့ ဒီသီတင်းပတ်အဆုံးပိုင်း စစ်တမ်းကောက်ယူမှုရလဒ်မှာ ကလင်တန်ကို ထောက်ခံမှု ပိုများလာရင် သိပ်အံ့သြစရာ ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဟီလာရီဟာ သူလုပ်ဖို့လိုအပ်တဲ့အရာကို ထရမ့်ထက် ပိုကောင်းအောင် လုပ်ခဲ့ပါတယ်။ သူမက အဖြေတွေ ချပြခဲ့တယ်။ အမေရိကနဲ့ ကမ္ဘာ့အရေးကို ဘယ်လိုရှုမြင်လဲဆိုတာကို ပြောပြခဲ့တယ်။ သူ့ကို ထောက်ခံသူတွေအနေနဲ့ အင်မတန် ကျေနပ်နေကြပါတယ်” လို့ ဂျွန်ဆန်က မှတ်ချက်ပြုခဲ့ပါတယ်။

    သမ္မတလောင်း နှစ်ယောက်အနေနဲ့ စကားစစ်ထိုးပွဲကို ၃ ကြိမ်တိုင်တိုင် ပြုလုပ်ရမှာဖြစ်ပြီး အခုဟာ ပထမဆုံးအကြိမ်ဖြစ်ကာ အောက်တိုဘာ ၉ ရက်နဲ့ အောက်တိုဘာ ၁၉ ရက်တွေမှာ နောက်ထပ်နှစ်ကြိမ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    14212607_1775411436067464_5185977946921548733_n

    နိုင်ငံသား မွတ်စလင်မ်များ အနေဖြင့် စည်းကမ်းတကျ အမှိုက်ပစ်ရန်၊ သန့်သန့်ရှင်းရှင်းနေကြရန်နှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ဝိုင်းဝန်းကူညီကြဖို့ အတွက် မွတ်စလင်မ် ခေါင်းဆောင်များက တိုက်တွန်းနှိုးဆော် ထားပါတယ်။

  • ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    zidane

    – ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သော်လည်း အသင်း၏ ပုံစံအတွက် စိုးရိမ်မှုမရှိဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့်တစ်ပတ်က ဗီလာရီးယဲလ်နှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက်၊ စနေနေ့တွင်လည်း လက်စ်ပါးလ်မက်စ်အသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ၂ ဂိုးစီ ထပ်မံ သရေကျခဲ့သည်။

    ယနေ့မနက်တွင် ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသင်း၏ ထိုအမှတ်ဆုံးရှုံးမှုများအတွက် စိုးရိမ်သလားဟု မေးမြန်းရာ ဇီဒိန်းက

    “လုံးဝ မစိုးရိမ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တ်ာတို့ဟာ ပြိုင်ပွဲတွေကို ပြောင်းလဲကစားနေရတာပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်။ နောက်ထပ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ အောင်မြင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အသင်းက ပုံစံကောင်းမှာ ရှိနေတယ်။ ဘယ်သူမှ ၂ ပွဲမှာ ၄ မှတ် မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘောလုံးဆိုတာ ဒါမျိုးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    duterte-2

    – ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ အဂ်နက်စ် ကာလာမာ့ဒ်က မိမိအနေဖြင့် ဖိလစ်ပိုင်သို့ သွားရောက်ကာ သမ္မတ ဒူတာတေးက ရာဇ၀တ်ကောင်များအပေါ် ဆင်နွှဲနေသည့် စစ်ပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဆန္ဒရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က AFP သတင်းဌာနသို့ ပေးပို့သည့် အီးမေးလ်တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒရှိသော်လည်း မိမိ တွေ့ဆုံစကားပြောဆိုရန် စီစဉ်ထားသူများအတွက် လုံခြုံရေးအာမံချက် ရှိ၊ မရှိကိုလည်း ဆန်းစစ်နေသည်ဟု ဆိုသည်။

    မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုအပေါ် နှိမ်နင်းမည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရာဇ၀တ်ကောင် ၁ သိန်းကို သတ်ပစ်မည်ဟူသော ကတိဖြင့် ၂၀၁၆ ခုနှစ် မေလတွင် အာဏာရလာပြီးနောက် သမ္မတ ဒူတာတေးမှာ ကတိအတိုင်း ဆောင်ရွက်ခဲ့ပြီး ၎င်း၏ မူးယစ်နှိမ်နှင်းရေးအစီအစဉ်တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီးဖြစ်သည်။

    ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်မှုများကြောင့် ဝေဖန်မှုများကို အပြင်းအထန် ခံနေရသော်လည်း ဒူတာတေးက ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ ကျွမ်းကျင်သူများကို ၎င်း သမ္မတတာဝန်ယူပြီးချိန်မှစ၍ ထောင်ပေါင်းများစွာသော သုတ်သင်မှုများအပေါ် စုံစမ်းစစ်ဆေးခွင့်ပေးမည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ပြီး ၎င်းတို့နှင့် လူထုရှေ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးမည်ဟုလည်း စိန်ခေါ်ခဲ့သည်။

    ဖိလစ်ပိုင်အစိုးရက ဖိတ်ကြားခြင်း မရှိသေးသော်လည်း ကာလာမာ့ဒ်က မိမိအနေဖြင့် တရားလက်လွတ်သတ်ဖြတ်မှု၊ ဥပဒေမဲ့ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် တောင်းဆိုသွားမည်ဟု ဆိုသည်။

    “တရားလက်လွတ် သတ်ဖြတ်မှုတွေကို စုံစမ်းဖို့ ကုလသမဂ္ဂကို ဖိတ်ကြားမယ်လို့ ဖိလစ်ပိုင်သမ္မတနဲ့ အစိုးရက မီဒီယာတွေကနေတဆင့် ဖိတ်ခေါ်တဲ့ကိစ္စကို ကျွန်မ ကြိုဆိုပါတယ်” ဟု သူမကဆိုပြီး ၎င်းနှင့် စကားပြောဆိုသူများမှာ လက်စားချေမခံရစေရန်အတွက်လည်း ဖိလစ်ပိုင်အစိုးရကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    “လိုအပ်တဲ့ အာမခံချက်တွေ တောင်းဆိုမှုနဲ့အတူ သွားမယ့်နေ့နဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဉ်အတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာပါ”

    ထို့ပြင် ၎င်း၏ တောင်းဆိုမှုများတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သူများအတွက် လုံခြုံရေး၊ လက်စားချေမခံရရေး စသည်တို့ ပါဝင်မည်ဟု ကာလာမာ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Bangkokpost