News @ M-Media

Blog

  • ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    14212607_1775411436067464_5185977946921548733_n

    နိုင်ငံသား မွတ်စလင်မ်များ အနေဖြင့် စည်းကမ်းတကျ အမှိုက်ပစ်ရန်၊ သန့်သန့်ရှင်းရှင်းနေကြရန်နှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ဝိုင်းဝန်းကူညီကြဖို့ အတွက် မွတ်စလင်မ် ခေါင်းဆောင်များက တိုက်တွန်းနှိုးဆော် ထားပါတယ်။

  • ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    zidane

    – ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သော်လည်း အသင်း၏ ပုံစံအတွက် စိုးရိမ်မှုမရှိဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့်တစ်ပတ်က ဗီလာရီးယဲလ်နှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက်၊ စနေနေ့တွင်လည်း လက်စ်ပါးလ်မက်စ်အသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ၂ ဂိုးစီ ထပ်မံ သရေကျခဲ့သည်။

    ယနေ့မနက်တွင် ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသင်း၏ ထိုအမှတ်ဆုံးရှုံးမှုများအတွက် စိုးရိမ်သလားဟု မေးမြန်းရာ ဇီဒိန်းက

    “လုံးဝ မစိုးရိမ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တ်ာတို့ဟာ ပြိုင်ပွဲတွေကို ပြောင်းလဲကစားနေရတာပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်။ နောက်ထပ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ အောင်မြင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အသင်းက ပုံစံကောင်းမှာ ရှိနေတယ်။ ဘယ်သူမှ ၂ ပွဲမှာ ၄ မှတ် မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘောလုံးဆိုတာ ဒါမျိုးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    ဖိလစ်ပိုင်သမ္မတ၏ တရားလက်လွတ် သတ်ဖြတ်မှုများကို ကုလ စုံစမ်းမည်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    duterte-2

    – ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ အဂ်နက်စ် ကာလာမာ့ဒ်က မိမိအနေဖြင့် ဖိလစ်ပိုင်သို့ သွားရောက်ကာ သမ္မတ ဒူတာတေးက ရာဇ၀တ်ကောင်များအပေါ် ဆင်နွှဲနေသည့် စစ်ပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဆန္ဒရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က AFP သတင်းဌာနသို့ ပေးပို့သည့် အီးမေးလ်တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒရှိသော်လည်း မိမိ တွေ့ဆုံစကားပြောဆိုရန် စီစဉ်ထားသူများအတွက် လုံခြုံရေးအာမံချက် ရှိ၊ မရှိကိုလည်း ဆန်းစစ်နေသည်ဟု ဆိုသည်။

    မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုအပေါ် နှိမ်နင်းမည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရာဇ၀တ်ကောင် ၁ သိန်းကို သတ်ပစ်မည်ဟူသော ကတိဖြင့် ၂၀၁၆ ခုနှစ် မေလတွင် အာဏာရလာပြီးနောက် သမ္မတ ဒူတာတေးမှာ ကတိအတိုင်း ဆောင်ရွက်ခဲ့ပြီး ၎င်း၏ မူးယစ်နှိမ်နှင်းရေးအစီအစဉ်တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီးဖြစ်သည်။

    ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်မှုများကြောင့် ဝေဖန်မှုများကို အပြင်းအထန် ခံနေရသော်လည်း ဒူတာတေးက ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ ကျွမ်းကျင်သူများကို ၎င်း သမ္မတတာဝန်ယူပြီးချိန်မှစ၍ ထောင်ပေါင်းများစွာသော သုတ်သင်မှုများအပေါ် စုံစမ်းစစ်ဆေးခွင့်ပေးမည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ပြီး ၎င်းတို့နှင့် လူထုရှေ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးမည်ဟုလည်း စိန်ခေါ်ခဲ့သည်။

    ဖိလစ်ပိုင်အစိုးရက ဖိတ်ကြားခြင်း မရှိသေးသော်လည်း ကာလာမာ့ဒ်က မိမိအနေဖြင့် တရားလက်လွတ်သတ်ဖြတ်မှု၊ ဥပဒေမဲ့ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် တောင်းဆိုသွားမည်ဟု ဆိုသည်။

    “တရားလက်လွတ် သတ်ဖြတ်မှုတွေကို စုံစမ်းဖို့ ကုလသမဂ္ဂကို ဖိတ်ကြားမယ်လို့ ဖိလစ်ပိုင်သမ္မတနဲ့ အစိုးရက မီဒီယာတွေကနေတဆင့် ဖိတ်ခေါ်တဲ့ကိစ္စကို ကျွန်မ ကြိုဆိုပါတယ်” ဟု သူမကဆိုပြီး ၎င်းနှင့် စကားပြောဆိုသူများမှာ လက်စားချေမခံရစေရန်အတွက်လည်း ဖိလစ်ပိုင်အစိုးရကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    “လိုအပ်တဲ့ အာမခံချက်တွေ တောင်းဆိုမှုနဲ့အတူ သွားမယ့်နေ့နဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဉ်အတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာပါ”

    ထို့ပြင် ၎င်း၏ တောင်းဆိုမှုများတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သူများအတွက် လုံခြုံရေး၊ လက်စားချေမခံရရေး စသည်တို့ ပါဝင်မည်ဟု ကာလာမာ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Bangkokpost

  • တရုတ်နိုင်ငံမှ အစ္စလာမ့်တက္ကသိုလ်တစ်ခု သင်ကြားမှုများကို တိုးမြှင့်မည်

    တရုတ်နိုင်ငံမှ အစ္စလာမ့်တက္ကသိုလ်တစ်ခု သင်ကြားမှုများကို တိုးမြှင့်မည်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    ug-3
    အွမ်ရူကီရှိ အစ္စလာမ့်တက္ကသိုလ်

    – တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ် မြို့တော် အွမ်ရူကီရှိ ‘အစ္စလာမ့်တက္ကသိုလ်’ မှာ ဓမ္မပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်အတွက် ၎င်းတို့၏ တက္ကသိုလ်ကို ချဲ့ထွင်ရန် ဆောင်ရွက်နေကြသည်။

    ကျောင်းသားများကတော့ တက္ကသိုလ်ကပေးအပ်သည့် ၀န်ဆောင်မှုများနှင့် သင်ကြားရေးအတွက် ကျေနပ်သည်ဟုဆိုသည်။ နိုင်ငံအနောက်မြောက်ပိုင်းတွင် တည်ရှိသည့် အဆိုပါ အစ္စလာမ့်တက္ကသိုလ်က တရုတ်နိုင်ငံတစ်ဝှမ်းတွင်ရှိသည့် အဆင့်မြင့် အစ္စလာမ့်ဓမ္မရေးရာ သင်ကြားမှုဌာန ၁၀ ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။

    ၁၉၈၇ ခုနှစ်ကတည်ဆောက်ခဲ့ပြီး လက်ရှိတွင် ကျောင်းသားပေါင်း ၂၈၀ တက်ရောက်နေကာ နိုင်ငံအတွင်း အစ္စလာမ့်ဓမ္မရေးရာ သင်ကြားမှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေလေသည်။

    Daily Sabah သတင်းစာနှင့် အင်တာဗျူးတွင် တက္ကသိုလ်၏ ဌာနမှူး Abudurehep Turmniaz က အွမ်ရူကီ၏ ဆင်ခြေဖုံးရှိ တက္ကသိုလ်များတည်ရှိရာနေရာတွင် အဆောင်သစ်ဆောက်လုပ်ခြင်းကို စတင်နေသည်ဟု ဆိုသည်။ ထိုအဆောင်သစ်သို့ တက္ကသိုလ် ပြောင်းရွှေ့သည့်အချိန်တွင် ကျောင်းသားပေါင်း ၁၀၀၀ အထိ တိုးမြှင့်သင်ကြားပေးသွားမည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    တက္ကသိုလ်သင်ရိုးညွှန်းတမ်း၏ ၇၀ ရာခိုင်နှုန်းမှာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်း၊ ဘာသာပြန်ဆိုခြင်း၊ အာရဘီဘာသာစကား သင်ကြားခြင်းတို့ အပါအ၀င် အစ္စလာမ့်ဓမ္မရေးရာများဖြစ်သည်။ ကျန် ၃၀ ရာခိုင်နှုန်းကတော့ ၀ီဂါတိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ မန်ဒရီယန် (တရုတ်ပြည်ကြီးဘာသာစကား)၊ ပထ၀ီနှင့် ကွန်ပျူတာတို့ ဖြစ်ကြသည်။

    “မန်ဒရီယန်ဟာ တရုတ်ရုံးသုံး ဘာသာစကားထဲက တစ်ခုဖြစ်ပါတယ်။ ၀ီဂါကတော့ ကျွန်တော်တို့ မိခင်ဘာသာစကားပေါ့။ ဒါ့ကြောင့် ဇင်ကျန်းဒေသတွင်းနဲ့ တရုတ်ပြည်ရဲ့ အခြားဒေသတွေက လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်သွယ်ရေး ရှိဖို့အတွက် ဒီဘာသာစကား ၂ ခုစလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု Abudurehep Turmniaz က ပြောကြားခဲ့သည်။

    ug-2
    တရုတ်အစိုးရ ထိပ်တန်းအရာရှိများ လာရောက်လည်ပတ်စဉ်

    အဆိုပါ အစ္စလာမ့်တက္ကသိုလ်တွင် ဇင်ကျန်းနယ်တစ်ဝိုက်မှ အသက် ၁၈ နှစ်မှ ၂၂ နှစ်အထိ ကျောင်းသားများကို လက်ခံပြီး တက္ကသိုလ်မှ ဘွဲ့ရသူ အများစုမှာ ၎င်းတို့၏ ဇာတိရပ်ရွာများတွင် ရှေ့ဆောင်အီမာမ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း၊ ဒေသတွင်း ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားရေးကျောင်းများတွင် ၀င်ရောက် သင်ပြပေးခြင်းတို့ ပြုလုပ်ကြသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒေသတွင်းက မွတ်စလင်တွေ ဟဂ်ျသွားဖို့လည်း ကျွန်တော်တို့ တက္ကသိုလ်က စီစဉ်ပေးပါတယ်။ အခုအချိန်အထိ ဇင်ကျန်းပြည်နယ်က လူပေါင်း ၁၀၀၀၀ ကျော်လောက်ကို ကျွန်တော်တို့ တက္ကသိုလ်ကနေတစ်ဆင့် ဟဂ်ျပြုဖို့ ပို့ပေးပြီးပါပြီ။ ကျွန်တော်လည်း ဒီနှစ် ဟဂ်ျပြုဖို့ သွားခဲ့ပြီး ပြန်ရောက်တာ မကြာသေးပါဘူး”

    ကျောင်းသား ၇၀ ကျော်ကိုလည်း နိုင်ငံရပ်ခြားတွင် အစ္စလာမ့်ရေးရာများ ဆက်လက်သင်ကြားရန်အတွက် အဆိုပါ တက္ကသိုလ်က ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

    တရုတ်နိုင်ငံ၏ တရားဝင်စာရင်းများအရ နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ သန်း ၃၀ ရှိသည်ဟု သိရပြီး ၎င်းတို့ထဲမှ တစ်ဝက်နီးပါးမှာ ဇင်ကျန်းပြည်နယ် ၀ီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နေထိုင်ကြသည်။ တရုတ်မွတ်စလင်များတွင် ၀ီဂါလူမျိုးမှာ အကြီးဆုံး တိုင်းရင်းသားအုပ်စုကြီးဖြစ်ပြီး ဇင်ကျန်းပြည်နယ်တွင် ၁၀ သန်းခန့်နေထိုင်ကြကာ နိုင်ငံတစ်ဝှမ်းတွင်လည်း တွေ့ရသည်။

    ဒုတိယအကြီးအဆုံး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားအုပ်စုက ကာဇက်ခ် (Kazakh) ဖြစ်ပြီး ဇင်ကျန်းပြည်နယ်တွင်ပင် ၂ သန်းခန့် ရှိသည်။ ဟွီမွတ်စလင်များကတော့ နောက်ထပ် အစ္စလာမ်ဘာသာဝင် အဓိက တိုင်းရင်းသားအုပ်စုဖြစ်ပြီး တရုတ်နိုင်ငံတစ်ဝှမ်းတွင် ပြန့်နှံ့ နေထိုင်ကြလေသည်။

    ဇင်ကျန်းပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၂၄၀၀၀ ခန့်ရှိနေပြီး အစ္စလာမ့်ဓမ္မပညာရှင် ၂၉၀၀၀ က မွတ်စလင်လူ့အဖွဲ့အစည်းအား သာသနာ့ရေးရာများကို လမ်းညွှန်ပေးသည်။

    ug-5
    ကျောင်းသားတစ်ဦး စာသင်ယူနေစဉ်

    အွမ်ရူကီရှိ အစ္စလာမ့်တက္ကသိုလ်၏ ဘေးတွင် ဗလီဝတ်ကျောင်းတော်တစ်လုံးရှိပြီး ကျောင်းသားများအားလုံးမှာ ထိုဗလီဝတ်ကျောင်းတော်တွင် နေ့စဉ် ၅ ကြိမ် ပုံမှန်ဝတ်ပြုရသည်။

    “ကျွန်တော်တို့ ဒီမှာ အခမဲ့ ပညာသင်ကြားရတာပါ။ မုန့်ဖိုးပဲဖိုးကိုလည်း ကျောင်းကပေးပါတယ်။ ဒီမှာ ပညာသင်ရတာ ပျော်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကရိုင်းကျကျ ဖတ်တတ်ဖို့နဲ့ မှန်မှန်ကန်ကန် ဘာသာပြန်ဆိုတတ်ဖို့ ကျွန်တော် သင်ယူနေပါတယ်” ဟု အသက် ၂၀ အရွယ် ကျောင်းသား မဟ်မဒ် စလင်းက ပြောကြားခဲ့သည်။

    အခြားကျောင်းသားတစ်ဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် အဘ်ဒူလ် မူတာလစ်ကတော့ တက္ကသိုလ်မှ ဘွဲ့ရပြီးပါက ဇာတိမြို့သို့ပြန်ကာ ရှေ့ဆောင်အီမာမ် ပြုလုပ်မည်ဟု ဖွင့်ဟခဲ့လေသည်။

    Ref: IINA

  • ဂျပန်ကျွန်းများကိုဖြတ်၍ တရုတ်က စစ်လေယာဉ်များ ပျံသန်း

    ဂျပန်ကျွန်းများကိုဖြတ်၍ တရုတ်က စစ်လေယာဉ်များ ပျံသန်း

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    china-2

    – ပစိဖိတ်အနောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်ရန်အတွက် ဂျပန်ကျွန်းများကြား ရေလက်ကြားတစ်ခုကိုဖြတ်၍ ဗုံးကြဲလေယာဉ်နှင့် အခြား တိုက်လေယာဉ် ၄၀ ကျော်ကို စေလွှတ်ခဲ့သည်ဟု တရုတ်လေတပ်က ပြောကြားလိုက်သည်။

    အနောက်ပစိဖိတ်တွင် တာဝေး စစ်ရေးလေ့ကျင်မှုနှင့် အရှေ့တရုတ်ပင်လယ် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၌ ပြုလုပ်မည့် ကင်းလှည့်မှုများမှာ တရုတ်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် ဖြစ်သည်ဟု တရုတ်လေတပ် ပြောရေးဆိုခွင့်ရှိသူ ရှင်ကျင်ကီက တနင်္ဂနွေနေ့တွင် ပြောခဲ့ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    အရှေ့တရုတ်ပလယ်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးသတ်မှန်ဇုန်ကို ၂၀၁၃ ခုနှစ်က ဖော်ဆောင်ပြီး အဆိုပါ လေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် လေယာဉ်များအနေဖြင့် တရုတ်အာဏာပိုင်များထံ သတင်းပို့ရသည့်စနစ် ကျင့်သုံးခြင်းကို ဂျပန်နှင့် အမေရိကန်တို့က ရှုတ်ချမှုများ ပြုလုပ်ထားသည်။

    အရှေ့တရုတ်ပင်လယ်တွင် ကင်းလှည့်မှုများမှာ ‘လေယာဉ်မပျံသန်းရ ကာကွယ်ရေးဇုန်ကို ချဉ်းနင်းဝင်ရောက်လာသည့် ပြည်ပစစ်လေယာဉ်များကို အသေအချာစောင့်ကြည့်စီစစ်ရန်နှင့် ခြိမ်းခြောက်မှုများအပေါ် အရေးယူတုံ့ပြန်ရန်၊ အမျိုးသားလေကြောင်းပိုင်နက်ကို ကာကွယ်ရန်အတွက် ဖြစ်သည်’ ဟု ကြေငြာချက်က ဆိုသည်။

    ထို့ပြင် ဂျပန်ကျွန်းများဖြစ်သော မီယာကိုနှင့် အိုကီနာဝါတို့အား ခြားထားသော မီယာကိုရေလက်ကြားကို ဖြတ်သန်းခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လေယာဉ်များမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့အကြား ပိုင်နက်အငြင်းပွားမှုများနှင့်ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့အကြား မကျေမလည် ဖြစ်နေသည့်အချိန်တွင် တရုတ်၏ ယခုလုပ်ရပ် ပေါ်ထွက်လာခြင်းကြောင့် တင်းမာမှုမှာ ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်။

    Ref : Aljazeera